Popular Posts!

Friday, February 8, 2013

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို မြေဈေးက ခြိမ်းခြောက်နေ

မေစစ်ပိုင်
 သီလဝါစက်မှုဇုန်အနီး မြေဈေးကြီးနေသဖြင့် လမ်း တံတားများ တည်ဆောက်ရန် ခက်ခဲမည်ကို ဂျပန်အရာရှိများက စိုးရိမ်နေသည် (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အသေးစိတ်ကို ထုတ်ပြန် ကြေညာပြီး နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်တို့ကို ဆွဲဆောင်နေသည့် တချိန်တည်းမှပင် မြင့်မားနေသော မြေဈေးကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတို့က စိတ်ဝင်တစား အံ့အားသင့်စွာဖြင့် အနီးကပ် စောင့် ကြည့် နေကြသည်။
 
ရန်ကုန်အိမ် မြေဈေးကွက်တွင် ရုံးခန်း အငှား ဈေးမှာ တနှစ်အတွင်း ၃ ဆ ခုန်တက် သွားပြီး ယခုအခါ တစ်မီတာ ပတ်လည်ကို အမေရိကန်ဒေါ်လာ ၁၅၀ (မြန်မာကျပ်ငွေ ၁၂၇,၅၀၀) ဈေးပေါက်နေပြီး မြေဈေးမှာလည်း စီးပွားရေးဗဟိုချက်ဖြစ်သည့်နေရာများတွင် တစ်မီတာပတ်လည် ဒေါ်လာ ၄,၀၀၀ (ကျပ် ၃,၄၀၀,၀၀၀) ရှိနေသည်။
 
ထို့ကြောင့် ဖေဖော်ဝါရီ ၃ရက် နေပြည်တော် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက မြန်မာ နိုင်ငံမြေဈေးသည် ကမ္ဘာ့နိုင်ငံများရှိ မြေဈေးအကြီးဆုံးနိုင်ငံဖြစ်သည့် နယူးယောက်မြို့ပြီးနောက် ဒုတိယဈေးအကြီးဆုံး ဖြစ်နေသည်ဟု ပြောသည်။ ” မြန်မာမှာက ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ခက်ခဲနေတာတွေရှိတယ်၊ မြေဈေးတွေကကြီးနေတဲ့အပြင် မြေနေရာတွေကလည်း ရှားပါးနေတယ်၊ နယူးယောက်ပြီးရင် မြန်မာက မြေဈေးအကြီးဆုံး ဖြစ်နေတယ်” ဟု ဦးစိုးသိန်းက ဆိုသည်။ ဇန်နဝါရီ ၂၂ ရက်က ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ် ခဲ့သည့် Myanmar Industrial Zones& Real Estate Development Forum တွင် ကိုရီးယားလုပ်ငန်းရှင်များက မြန်မာ့စီးပွားရေးတိုးတက်လာနိုင်သည်ဟု ခန့်မှန်းထားသဖြင့် ရင်းနှီးမြှုပ်နှံမှုများအပြင် အခြေချနေထိုင် ကြရန် စဉ်းစားနေကြကြောင်း၊သို့သော်မြေဈေးသည် အဆမတန်မြင့်နေသောကြောင့် တွက်ခြေကိုက် မကိုက် ပြန်လည်တွက်ချက်နေရကြောင်း ဆိုသည်။
 
ဇန်နဝါရီ ၉ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင်ပြုလုပ်သည့် သီလဝါအထူးဇုန်အကောင် အထည်ဖော်မှုရှင်းလင်းပွဲတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်ကမူ မြန်မာနိုင်ငံ၏ မြေဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းများထက်များနေသောကြောင့် သင့်တင့်သည့်နှုန်းထားတခုစီစဉ်သွားမည်ဟုပြောကြားသည်။ သို့သော်မြေဈေးနှုန်းများကို အစိုးရအနေဖြင့် ထိန်းချုပ်သွားရန်မဖြစ်နိုင်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်သည်။ ဝယ်လိုအားများပြီး ရောင်းလိုအားများပါက ဈေးမြင့်လာနိုင်သည့်အတွက် မြေဈေးကွက်ကို ထိန်းချုပ်၍ မရနိုင်ကြောင်း၊ ဈေးလျှော့ချခြင်း၊ ထိန်းချုပ်ခြင်းများလုပ်ရန်မဖြစ်နိုင်ကြောင်း၊ အစိုးရဘက်က စက်မှုဇုန်များဖော်ထုတ်ခြင်း၊မြေလွတ် မြေရိုင်းများရှာဖွေခြင်းဖြင့်သာ မြေဈေးမြင့်ခြင်းကိုထိန်းချုပ်နိုင် မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က အကြံပြုသည်။ “
 
တခြားနိုင်ငံတွေမှာ မြေဈေးသက်သာပြီး ဒီမှာဈေးများနေရင် ရင်းနှီးမြုပ်နှံသူတွေလာဖို့ ခက်တော့ ဒါကို စိတ်ပူနေရတယ်၊ သင့်တော်တဲ့နှုန်းဆိုပြီး သတ်မှတ်လို့တော့ ရမှာမဟုတ်ဘူး၊ ဈေးချလို့လည်း မရသလို ထိန်းဖို့လည်း မဖြစ်နိုင်ဘူး” ဟု ဆိုသည်။ မြန်မာ့အရင်းအမြစ် ဖွံ့ဖြိုးမှုစင်တာမှ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက အစိုးရအနေဖြင့်ကာလအတန်ကြာ စီးပွားရေးလုပ်ငန်းအများစုကို အကန့်အသတ်များဖြင့် ထိန်းချုပ်ခဲ့သောကြောင့် ကန့်သတ်ချက် နည်းသော အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းများ တွင် စီးပွားရေးသမားများ ဈေးဝင်ကစားပြီး အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာခဲ့သည်ဟု သုံးသပ်သည်။ ထို့ကြောင့် တခြားလုပ်ငန်းတွင်ထိန်းချုပ်မှုများကိုလျှော့ချလိုက်ပါကဈေးကစားသူများသည် ယင်းလုပ်ငန်း များတွင်ပါဝင်လာနိုင်ပြီး အိမ်ခြံမြေဈေးအနည်းငယ်တည်ငြိမ်နိုင်သည်ဟုဆိုသည်။
 
တောက်လျှောက်တက်နေသော မြေဈေးအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စိုးရိမ်နေသည်မှာ မြေပိုင်ခွင့် အငြင်းပွားမှုဖြစ်သည်။ လတ်တလော ဂျပန်ကစက်မှုဇုံလုပ်ရန် ရာထားထားသော သီလဝါရှိ လယ်ယာမြေအချို့မှာ စစ်တပ်က လယ်သမားများထံမှ ယခင်က အဓမ္မသိမ်းယူထားခဲ့ခြင်း ဖြစ်ကြောင်း၊ နယ်မြေခံ အာဏာပိုင်တို့က ဂျပန်တို့ကို လျော်ကြေးပေးရန် တိုက်တွန်းသော်လည်း ဂျပန်ကုမ္ပဏီများက အစိုးရတာဝန်သာဖြစ်၍ လက်ဝင်မလျှိုလိုကြောင်း ရိုက်တာသတင်းတပုဒ်တွင် ရေးသားထားသည်။ သီလဝါစက်မှုဇုန်အနီး မြေတစ်ဧကလျှင် ဒေါ်လာ တစ်သောင်းမှ နှစ်သောင်း (ကျပ် ၈,၅၀၀,၀၀၀ မှ ၁၇,၀၀၀,၀၀၀) ဈေးပေါက်နေသဖြင့် လမ်းတံတားနှင့် အခြား အခြေခံအဆောက်အဦများ တည်ဆောက်ရန် အလွန်ခက်ခဲမည်ကို ဂျပန်အရာရှိများက စိုးရိမ်နေသည်။

 

အထူးစီးပွားရေးဇုန်ဥပဒေ ပြင်ဆင်ရေးဆွဲ

ဇန်နဝါရီလ ၉ ရက်နေ့က ဆွေးနွေးပွဲတွင် ရှင်းလင်း ပြောကြားနေသော သီလ၀ါ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး ကော်မတီ ဥက္ကဌ ဦးဆက်အောင် (ဓာတ်ပုံ – ဇွဲထက်/ဧရာဝတီ)
 
၂၀၁၁ ဇန်နဝါရီလက အတည်ပြု ပြဌာန်းခဲ့သော မြန်မာနိုင်ငံ အထူး စီးပွားရေးဇုန် ဥပဒေ (The Union of Myanmar Special Economic Zone Law) ကို အသစ်ပြင်ဆင်ရေးဆွဲပြီး လွှတ်တော်တွင် တင်ပြသွားမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာနဒုတိယဝန်ကြီးဦးဆက် အောင်က ပြောသည်။
“လက်ရှိအခြေအနေတွေနဲ့ ကိုက်ညီ အောင်လို့ SEZ (Special Economic Zone) Law ကို အသစ်ပြင်ပြီးတော့ နိုင်ငံတကာ စံညွှန်းမီအောင် ဆွဲထားတယ်။ ပြန်ပြင်တာထက် အသစ်အတိုင်း ရေးဆွဲထားတာပါ။ ဥပဒေပြင်ဆင်ချက်အသစ်ကို လွှတ်တော်မှာ တင်ပြမယ်” ဟု ဒု ဝန်ကြီး ဦးဆက်အောင်က ဆိုသည်။
အဆိုပါ ပြန်လည်ပြင်ဆင်ထားသည့် အထူးစီးပွားရေးဇုန် ဥပဒေတွင် ဇုန်များ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များဟုမခွဲခြားဘဲတပြေးညီဆောင်ရွက်ခွင့်ပေးသွားမည် ဖြစ်ကြောင်း၊ အထူးဇုန်တခုဖော်ထုတ်တိုင်း ဥပဒေတခုပြဌာန်းခြင်းမဖြစ်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
စတော့ရှယ်ယာဈေးကွက်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းဈေးကွက်၊ စက်မှုလုပ်ငန်း၊ ကျွမ်းကျင် လုပ်သားများ ပေါ်ထွက်လာနိုင်ရန်အတွက်လည်း နိုင်ငံတကာရှိ အထူးစီးပွားရေးဇုန် ဥပဒေများကို လေ့လာ၍ ရေးဆွဲထားသည်ဟု ဒုဝန်ကြီး ဦးဆက်အောင်က ပြောသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဌ ဦးမောင်မောင်လေးက “ဥပဒေဆိုတာက တသမတ်တည်းတော့ မသွားဘူး။ အမြဲတော့ ပြင်ဆင်နေရမှာပါပဲ။ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေအတွက်တော့ ပြုပြင်ပြောင်းလဲ လာနိုင်မယ်လို့တော့မြင်တယ်။ လူတိုင်းကိုတော့ ကျေနပ်နိုင်အောင်တော့ ဖြစ်မှာမဟုတ်ဘူး၊ နိုင်ငံတကာစံချိန်စံညွန်းကိုမှီးပြီးအမှားတွေကို ထပ်မမှား အောင်တော့ ပြင်ဆင်ရမှာပေါ့” ဟု ဆိုသည်။
အထူးစီးပွားရေးဇုန် ဥပဒေကို ပြင်ဆင်သတ်မှတ်ပါက လူထုအကျိုးစီးပွားနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ရှေးဟောင်း အမွေအနှစ်ဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ စသည့် အချက်အလက်များ ပါဝင်သင့်ကြောင်း၊ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များကို တပြေးညီသတ်မှတ်လုပ်ကိုင်ခွင့် ပေးလိုက်ခြင်း သည်ရင်းနှီးမြှုပ်နှံမှုများအတွက်အခွင့်အလမ်းကောင်းဖြစ်နိုင်သော်လည်း ယင်းအချက် အလက်များနှင့် မကိုက်ညီဘဲ ရေးဆွဲထားမည်ဆိုပါက အထူးဇုန်အတွင်း ပြဿနာများ ဖြစ်လာနိုင်ကြောင်း စီးပွားရေး ဥပဒေလမ်းညွှန်ပညာရှင် ဦးတင်သန်းဦးက သုံးသပ်သည်။
လက်ရှိပြဌာန်းထားသော အထူးစီးပွားရေးဇုန် ဥပဒေသည် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် အချက်အလက်များကိုသာ ဦးစားပေးရေးဆွဲထားပြီး လုပ်သားကိစ္စ၊ အလုပ်အကိုင်အခွင့်အလမ်းကိစ္စနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အချက်အလက်များကို ဦးစားပေးစဉ်းစားထားမှု အားနည်းနေကြောင်း သိရသည်။
ဦးတင်သန်းဦးက “လက်ရှိ အထူးစီးပွားရေးဇုန် ဥပဒေကို သတ်မှတ်ပြဌာန်းတုန်းက သေချာရေးဆွဲမှု မရှိခဲ့တာက ဇုန်တွေမှာ ပြဿနာတွေကို ဖြစ်စေခဲ့တာပဲ။ လူထုစီးပွားဖွံ့ဖြိုးမှု မရှိနိုင်ဘူးဆိုရင်တော့ အရင်ကဖြစ်ဖူးတဲ့ ပြဿနာမျိုးတွေ ထပ်ဖြစ်လာနိုင်တယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဥပဒေ (The Union of Myanmar Special Economic Zone Law) ကို ၂၀၁၁ခုနှစ် ဇန်န၀ါရီလတွင် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒတွင် စက်ရုံလည်ပတ်နေစဉ် စမ်းသက်ကာလ ၅နှစ်အတွင်း အခွန်ကင်းလွတ်ခွင့်နှင့် ဖြေလျှော့မှုများပါရှိသည်။
၂၀၁၁ ဇန်နဝါရီလတွင် ပြဌာန်းခဲ့သော အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါ အထူးစီးပွားရေး စက်မှုဇုန်၌ စက်ရုံလည်ပတ်နေစဉ် စမ်းသပ်ကာလ ၅ နှစ်အတွင်း အခွန်ကင်းလွတ်ခွင့်နှင့် ဖြေလျှော့မှုများ ပါရှိသဖြင့် ကျန်စက်မှုဇုန်များရှိ စက်ရုံများ ပိတ်ရဖွယ်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
“SEZ ရဲ့ သဘာဝအရ အခွင့်ထူးတွေ ပေးတယ်။ ကျနော်မြင်တယ်၊ SEZ ကသာ အခွင့်အရေးရရင် ကျန်တဲ့စက်မှုဇုန်တွေ အကုန်ပိတ်ပြီး အဲဒီမှာသွားရင်းကြမှာပဲ” ဟု International Business Promotion Center မှ ဘဏ္ဍာရေးမှူး ဦးအေးသောင်းက ဧရာဝတီသို့ ပြောသည်။
သီလ၀ါအထူးစီးပွားရေးဇုန်ကို မြန်မာနှင့်ဂျပန်အကျိုးတူပူးပေါင်း၍ သန်လျှင်မြို့နယ် သီလ၀ါ ဆိပ်ကမ်းအနီး မြေဧက ဟက်တာ ၂၄၀၀ ပေါ်တွင် ၂၀၁၅ ခုနှစ်အပြီး တည်ဆောက်သွားမည် ဖြစ်သည်။
တည်ထောင်ပြီး စက်မှုဇုန်များသည် ရေ၊ မီး လုံလောက်စွာမရရှိခြင်းနှင့် အခွန်ကင်းလွတ်ခွင့်များ မရရှိခဲ့သည့်အတွက် လုပ်ငန်းရှင်တချို့ အခက်အခဲများ ရှိကြောင်း သိရသည်။
သို့သော် ဒုဝန်ကြီးဦးဆက်အောင်က “”တိုးတက်မှုတခု လုပ်လိုက်တိုင်း၊ လုပ်လိုက်တိုင်းမှာ Complaint ဆိုတာ ရှိလာမှာဘဲ။ အဲဒီ Complaint က အများပြည်သူ အကျိုးတွက်လား လက်တဆုပ်စာရဲ့ အကျိုးတွက်လားကြည့်ရမယ်။ SEZအခွင့်အရေးပိုပေးသလို ရှိသမျှနေရာတိုင်းမှာ အဲဒီအခွင့်အရေးပေးပါလို့ တောင်းလို့မရဘူး” ဟု ပြောသည်။
လက်ရှိ စက်မှုဇုန်များသည် အထူးစီးပွားရေးဇုန်ကဲ့သို့ ရှိသင့်သော သတ်မှတ်ချက်များနှင့် ပြည့်စုံပါက အထူးစီးပွားရေးဇုန်အဖြစ်ပြောင်းလဲသတ်မှတ်နိုင်သည်ဆိုသောအချက်ကိုလွှတ်တော်တွင် တင်ပြဆွေးနွေး သွားရန် ရှိကြောင်း သိရသည်။
“လွန်ခဲ့တဲ့ ၁၅ နှစ်က လုပ်လာတဲ့အချိန်က ဒီလို ပေါ်လစီ မငြိမ်တာတို့၊ နိုင်ငံတော်က ပြတ်သားတဲ့ မူဝါ ဒလမ်းစဉ်းတွေ မရှိတာတို့ကြောင့် ၁၅ နှစ်လုံးလုံး မှုန်ဝါ၀ါးပဲဖြစ်တယ်၊ ဦးဆောင်လမ်းပြမှု မရှိခဲ့ဘူး။ နိုင်ငံတကာ အထိအတွေ့၊ အစိုးရရဲ့ အထောက်အပံ့ ဘာမှမရခဲ့ဘူး” ဟု ဒဂုံအရှေ့စက်မှုဇုန်တွင် ပြည်တွင်ကားထုတ်လုပ်ရေး စက်ရုံ တည်ထောင်ထားသူ ဦးမင်းသူက ပြောသည်။
Ref:burmairrawaddy.org

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!