Popular Posts!

Saturday, July 13, 2013

ပြည့်တန်ဆာ ဆိုတာ တရားဝင် ဖြစ်သင့်ပါသလား!

 
10 JULY 2013 | BY THE VOICE JOURNAL
 
ပြည့်တန်ဆာ ဆိုတာ ကမ္ဘာနဲ့ချီပြီး တည်ရှိခဲ့တဲ့ လူသားရဲ့ အစောဆုံး လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ပြည့်တန်ဆာ ဆန့်ကျင်ရေး ဥပဒေတွေ ကိုလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်ကတည်းက ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ လုပ်ငန်းဟာ တိမ်ကော ပျောက်ကွယ်သွားပါသလားဆိုတာ သုံးသပ် သင့်ပါတယ်။ ပြည့်တန်ဆာ အလုပ်ကို ငွေရလွယ်တဲ့ အလုပ်လို့ လက်ခံပြီး ပေးသူနဲ့ ယူသူ သဘောတူမျှ လုပ်နေကြရင် ဒီအလုပ်ကို အမြစ်ပြုတ်အောင် လုပ်ဖို့တော့ မလွယ်ပါဘူး။ ဝန်ဆောင်မှု တစ်ခုအနေနဲ့ သဘောထားပြီး လုပ်ကိုင် ဆောင်ရွက်နေကြတဲ့ အခြားလုပ်ငန်းတွေလို ပြုသူနဲ့ အပြုခံ ကြားမှာ ငွေဆိုတာနဲ့ တန်ဖိုးဖြတ်တာကို လက်ခံနေကြသမျှ ဒီလုပ်ငန်း သံသရာက ပြတ်မှာလည်း မဟုတ်ဘူး။
လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်လောက်က ဆိုဗီယက်ရုရှားမှာ ကျောင်းဆရာမ တစ်ယောက်ကို ပိုက်ဆံယူပြီး ကာမ ရောင်းစားမှုနဲ့ ရဲက ဖမ်းတော့ အဲဒီဆရာမက “I sell my own property.” လို့ ပြန်ပြောပါတယ်။ ဟုတ်ပါတယ်။ ဆိုဗီယက် ရုရှားခေတ်က ကိုယ်ပိုင်တဲ့ဥစ္စာကို ကိုယ်ရောင်းစားတာ ပြစ်မှု မမြောက်ပါ ဘူး။ အဲဒီ ဆရာမ ပြောလိုက်တဲ့ စကားလေးဟာလည်း ကမ္ဘာ့ သတင်းမီဒီယာ လောကကို ပျံ့နှံ့သွားပါ တော့တယ်။ နိုင်ငံတကာမှာ အလုပ်သမားတွေအတွက် သမဂ္ဂတွေ ထူထောင်နေ ကြတော့ ပြည့်တန်ဆာတွေ ကလည်း သူတို့ အခွင့်အရေးကို ကာကွယ်ပေး ဖို့ ပြည့်တန်ဆာသမဂ္ဂ ထူထောင်ခွင့်ရရေး တိုက်ပွဲဝင် နေကြတယ်လို့လည်း ကြားရပါတယ်။ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ထူထောင်ခွင့် ပြုထား တဲ့ နိုင်ငံတွေမှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်အလိုက် ပြည့်တန်ဆာတွေကို တရားဝင် ခွင့်ပြုတာတွေရှိကြောင်း သိရတယ်။ နီဗားဒါး ပြည်နယ် ကျေးလက်ဒေသတွေမှာ တရားဝင် ထူထောင်ခွင့် ပြုထား တဲ့ ပြည့်တန်ဆာ အိမ် ၂၈ ခု ရှိတယ်လို့ ဆိုပါတယ်။ သူတို့လည်း တင်းကျပ်တဲ့ စည်းကမ်း ဥပဒေတွေကို လိုက်နာကြရပြီး အစိုးရရဲ့ စစ်ဆေးမှုတွေကို အထပ်ထပ်ခံကာ ဖွင့်လှစ်ကြရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ပြည့်တန်ဆာ လုပ်ငန်းဟာ ထုထည် ကြီးမားတဲ့ လုပ်ငန်းကြီး တစ်ခုအနေနဲ့ တရားဝင် ရပ်တည်နေတယ်လို့လည်း ဆိုနိုင်ပါတယ်။ ပြည့်တန်ဆာ လုပ်ငန်းဆိုတာ ပတ်ဝန်းကျင် လောကမှာ ကင်းနိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ မိန်းမတစ်ယောက်ဟာ ယောက်ျား တစ်ယောက် ထံကနေ ပိုက်ဆံယူပြီး လိင်ကိစ္စကို ခွင့်ပြုရင် ပြည့်တန်ဆာလို့ သတ်မှတ်ပါ သလား။
ဒီလို ပြောလိုက်ရင် တွေးစရာ၊ ဆွေးနွေးစရာတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။ ငွေကြေးအတွက် အသက်ကြီးသူတွေကို လက်ထပ်ရတာ၊ မချစ်မနှစ်သက်သူ တွေနဲ့ အတူ နေရတာတွေကိုရော ဘာလို့ သတ်မှတ်နိုင်ပါသလဲ။ အသက် ၁၈ နှစ် သမီးက အသက် ၆၀ ကျော် အဘိုးကြီး တစ်ယောက်ကို လက်ထပ်တယ်ဆိုတာ ဘာကြောင့်လို့ ပြောနိုင် ပါသလဲ။ ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာတွေကိုလည်း အများကြီး ထည့်သွင်း စဉ်းစားရပါလိမ့်မယ်။ ပြည့်တန်ဆာ လုပ်ငန်းကို ခွင့်ပြုလိုက်ရင် ကောင်းတာတွေရော ဆိုးတာတွေပါ အများကြီး ထောက်ပြ စရာ အကြောင်းတွေ ရှိနိုင်ပါတယ်။
- အဓမ္မကျင့်မှုတွေ လျော့နည်းသွားနိုင်တယ်။
- လိင်ပိုင်းဆိုင်ရာကတစ်ဆင့် ဖြစ်ပွားတတ်တဲ့ ရောဂါတွေဟာ တရားမဝင် ပြည့်တန်ဆာ လုပ်ငန်းကို ခွင့်ပြုခြင်းကြောင့် ပိုပြီး ဖြစ်ပွားနိုင်တယ်။
- လူကုန်ကူးမှုတွေကို တိုက်ဖျက်နေမယ့်အစား ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုလိုက် တာဟာ အဲဒီလုပ်ငန်းကိုလည်း လျော့နည်း သွားစေနိုင်တယ်။
- တရားဝင်ခွင့်ပြုရင် အခွန်လည်း ရနိုင်တယ်။
- လိင်ဆက်ဆံခြင်းကို ကျန်းမာရေးအတွက် ကောင်းစေတယ်လို့ လက်ခံထားတဲ့ အယူအဆတွေ ရှိတယ်။
- အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီး များလာမယ်။
- ကိုယ်ဝန် ဖျက်ချခြင်းကို တရားဝင် ခွင့်ပြုလိုက်ရင် ပြည့်တန်ဆာလုပ်ငန်း ရှိလာမှာတောင် မဟုတ်ဘူး။ ငါ့ခန္ဓာ ငါဘာလုပ်လုပ်ဆိုတဲ့ အယူအဆအတွက် ခွင့်ပြုမှာလား၊ ပိတ်ပင်မှာလား ဆိုတာ စဉ်းစားစရာ ဖြစ်တယ်။
- လူတွေက ဥပဒေမှာ မည်သို့ ဆိုထားစေကာမူ သိပ်ဂရုစိုက်ကြတာ မဟုတ်ဘူး။ မူးယစ်ဆေး သုံးစွဲခြင်းဟာ မကောင်းမှန်း သိရက်နဲ့ သုံးနေကြတာပဲ။ မူးယစ်ဆေးကြောင့် ဘဝပျက်တာသိသာတော့ ဂရုစိုက်ပြီး တားဆီး ကန့်ကွက်နေကြတယ်။ ပြည့်တန်ဆာ လုပ်တာကိုတော့ သာမန်လို့ သဘောထား နေကြတာမျိုးတွေ ရှိနေတယ်။
- လိင်မှုဆိုင်ရာ ပြစ်မှုတွေဟာ အခြားပြစ်မှုတွေနဲ့ ယှဉ်ရင် သိပ်ပြီးနည်းတယ်။
- တရားမဝင်လုပ်တော့ ရဲတွေနဲ့ လူမိုက်တွေ လိုင်းကြေးရပြီး အစိုးရက တစ်ပြားမှ မရဘူး။ တရားဝင် ခွင့်ပြုလိုက်ရင် ရဲတွေ စားပေါက်ပိတ်ပြီး အစိုးရ အခွန်တိုးလာမယ် စတဲ့ ဝေဖန် အကြံပြုချက် တွေ အများအပြား ရှိပါတယ်။ မကောင်းတဲ့၊ ဆန့်ကျင်တဲ့ဘက်ကနေ ကန့်ကွက်သံတွေကို ကြည့်ရင်လည်း
- HIV/AIDS ရောဂါတွေ ပျံ့ပွားလိမ့်မယ်။
- အခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလည်း ရှိတာပဲ။
- အမျိုးသမီးတွေမှာ ကိုယ်ဘာလုပ်ချင်တယ်၊ မလုပ်ချင်ဘူးဆိုတာ ရွေးချယ်ခွင့် ရှိရမယ်။
- အမျိုးသမီးတွေ ကိုယ်ခန္ဓာကို ရောင်းစားတယ်ဆိုတာ မှားတယ်။ ဒါလုပ်စားတဲ့သူကို လေးစားမှု မရှိတော့ဘူး။
- ပြည့်တန်ဆာ လုပ်စားတာ ရှက်စရာကောင်းတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်။
- ယောက်ျားကောင်းတွေဟာ မိန်းမတွေကို ငွေနဲ့ မဝယ်ဘူး။
- မိန်းမတွေ အသက်ကြီးလာရင် ပြည့်တန်ဆာ လုပ်စားလို့ မရတော့ဘူး။ - သေရာပါ ဝေဒနာတွေ ရသွားနိုင်တယ်။ - မုဒိမ်းမှုတွေ ပိုများလာနိုင်တယ်။ - မိန်းမတွေသာ မဟုတ်ဘူး၊ အရွယ်မရောက်သေးတဲ့ ကလေးတွေ အတွက်ပါ စိုးရိမ်စရာ ဖြစ်တယ်။ - လူ့ဘောင် အသိုင်းအဝိုင်းကိုလည်း ထိခိုက်နိုင်တယ်။ - အမျိုးသမီးတွေကို မူးယစ်ဆေးနဲ့ အရက်စွဲတာတွေ ဖြစ်စေနိုင်တယ်။
- ကျန်းမာရေး ပြဿနာတွေနဲ့ အများကြီး ရင်ဆိုင်ရလိမ့်မယ်။
- အသက်ကြီးလာလို့ လူမသုံးရင် အငတ်ဘေး၊ အိုနာဘေးတွေ ရင်ဆိုင်ရပြီး ဒုက္ခရောက် လိမ့်မယ်။ အလုပ် ရှာရင်လည်း ဘယ်သူကမှ တလေးတစားနဲ့ အလုပ်ပေးချင်မှာ မဟုတ်ဘူး။ ဘက်နှစ်ဖက် အမြင်တွေကတော့ ပြောရရင် ဆုံးနိုင်မှာတောင် မဟုတ်ပါဘူး။ ပြည့်တန်ဆာ လုပ်ငန်းကို လက်ခံသင့်၊ လက်မခံသင့်ဆိုတာ ကိုယ့် လူမှု အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်နဲ့ အများကြီး သက်ဆိုင် ပါတယ်။ မြန်မာနိုင်ငံမှာ အင်္ဂလိပ် ကိုလိုနီခေတ်နဲ့ ဂျပန်ခေတ်တွေမှာ တရားဝင် ပြည့်တန်ဆာတန်းတွေကို ထူထောင်ခွင့် ပေးခဲ့တာတွေ ရှိပါတယ်။
အဲဒီခေတ်က HIV/AIDS မရှိသေးတော့ ကာလသား ရောဂါနဲ့ စောစီး စွာ သေကြရတာတွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒီခေတ်တွေက လည်း ပြည့်တန်ဆာလုပ်ငန်းကို ဆန့်ကျင်ခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ မထိန်းနိုင် တဲ့အတွက် နောက်ပိုင်းမှာ ဥပဒေနဲ့ ထိန်းခဲ့ရတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံ ရာဇသတ်ကြီးပုဒ်မ ၃၇၅ မှာ မုဒိမ်းမှုဆိုတာ မိန်းမက အလိုမတူ ဘဲ ငြင်းဆန်ရင်၊ မိန်းမက ခွင့်မပြုရင်၊ မိန်းမက ခွင့်ပြုပေမယ့် ကြောက်လန့်အောင် ခြိမ်းခြောက်လို့ ခွင့်ပြုရတယ်ဆိုရင်၊ မိန်းမက ခွင့်ပြုပေမယ့် အဲဒီမိန်းမဟာ အခြား လင်ရှိမယား ဖြစ်နေရင်၊ ခွင့်ပြုသည် ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ အသက် ၁၄ နှစ်အောက် ဖြစ်နေရင် မုဒိမ်းမှု မြောက်တယ်လို့ သိရပါတယ်။ ဒါဆိုရင် ဆန့်ကျင်ဘက် ပြန်စဉ်းစား ကြည့်ရပါလိမ့်မယ်။
 
မိန်းမက အလိုတူတယ်၊ မငြင်းဆန်ဘူး။ ခွင့်ပြုတယ်။ ခြိမ်းခြောက်တာလည်း မခံရဘူး၊ လင်ရှိ မယားလည်း မဟုတ်ဘူး၊ အသက်လည်း ၁၄ နှစ်ကျော်နေပြီဆိုရင် ဘယ်လိုဖြစ်မလဲ။ ကျွန်တော် ဥပဒေသမား မဟုတ်တဲ့အတွက် မပြောတတ်ပါဘူး။ ဥပဒေသမားတွေက ပိုပြီး ဆွေးနွေးနိုင်မယ် ထင်ပါတယ်။ ငွေ လက်ခံပြီး ကျူးလွန်နေတဲ့ အခြား ကိစ္စပေါင်းများစွာတွေ ထဲက ပြည့်တန်ဆာ ရှိသင့် မရှိသင့်၊ တရားဝင် ခွင့်ပြုသင့် မပြုသင့် ဆိုတာ ဆွေးနွေးစရာကိစ္စ ဖြစ်နေဦးမှာပါပဲ။ ခုလည်း လွှတ်တော်မှာ ဆွေးနွေး စရာ အခြား အကြောင်းကိစ္စ မရှိလို့လား၊ အမျိုးသားရေး အန္တရာယ် ဖြစ်လောက်အောင် ကြောက်ရွံ့ နေရလို့လားတော့ မသိပါဘူး။ အရေးတယူ စဉ်းစား ဆွေးနွေးကြမယ်ဆိုတာ ကြားလိုက်ရတော့ စိတ်ကူးပေါက်ပြီး ရေးလိုက်ရတာပါ။ မှားတာရှိရင် ခွင့်လွှတ်ကြပါဗျာ။

Ref:yoyarlay

- Posted using BlogPress from my iPhone5

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!