Popular Posts!

Thursday, April 10, 2014

ကျောတစ်နေရာစာ မျှော်လင့်ချက်..

မည်မျှပင် ဆင်းရဲနေပါစေ။ အိမ်လေးတစ်လုံးနှင့် ကားလေးတစ်စီး ပိုင်ချင်သည့် အိပ်မက်လေးတော့ လူတိုင်းတွင် ရှိကြသည်။

ကျွန်တော် ရန်ကုန်မြို့မှာ အိမ်စငှားတော့ ၂၀၀၈ ခုနှစ်။ ၅၁ လမ်းမှာ ဖြစ်သည်။ ငါးလွှာကို ငွေငါးသောင်း ပေးရသည်။ ထိုစဉ်က ၅၁ လမ်းတွင် ရှိသည့် တိုက်ခန်းတစ်ခန်း၏ တန်ဖိုးသည် သိန်းနှစ်ရာအောက်တွင်သာ ရှိသည်။

“အဆင့်မြှင့် ပြင်ဆင်ပြီး တိုက်ခန်းတစ်ခန်းရဲ့ ဈေးနှုန်းက သိန်းသုံးရာမပြည့်။ ယခု ခြောက်နှစ်လောက် အကြာမှာ ရန်ကုန်မြို့ရဲ့ တိုက်ခန်းမြေရာ ဈေးနှုန်းတွေ ကြောက်ခမန်းလိလိ ထိုးတက်သွားသည်။

ဈေးတွေ ဘာကြောင့်တက် ...

ရန်ကုန်မြို့ရဲ့ အိမ်၊ ခြံ၊ မြေဈေးတွေ တက်ရသည့် အကြောင်းအရင်း များစွာရှိသည်။ တိုင်းပြည်စီးပွား ဖွံ့ဖြိုးလာမည့် အရိပ်အခြေလေး ရှိနေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စတင် ဝင်ရောက်လာခြင်း အစရှိသည့် အကြောင်းအရင်းများစွာ ရှိသည်။ ထိုထဲမှာ အဓိကအကျဆုံး အကြောင်းရင်းကတော့ အဆမတန် တစ်ရှိန်တိုး ထိုးတက်သွားခြင်းသည် ဈေးကစားသူများကြောင့် ဖြစ်သည်။

မြိုးမြိုးမြက်မြက်..

ဈေးကစားသူများကြောင့် အိမ်၊ ခြံ၊ မြေဈေး တစ်မုဟုတ်ချင်း တစ်ရှိန်ထိုး တက်လာတော့ ငွေပိုရှိသူများက အခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကို မလုပ်ကိုင်ကြတော့ဘဲ အိမ်ဝယ်ရောင်း လုပ်ငန်းဆီသို့ ပြုံတိုးဝင်လာသည်။ ပွဲစားနှင့် ကန်ထရိုက်က ပါးစပ်ထဲရှိသည့် ဈေးကို ဖောက်သည်။ မည်သို့ပဲ ဈေးကြီးသည် ဖြစ်နေပါစေ လေးငါးခြောက်လ အကြာမှာ ကျိန်းသေပေါက် ၃၀ ရာနှုန်း မြတ်မည်။ ကံကောင်းလျှင် နှစ်ဆမြတ်မည်။ ထို့ကြောင့် ငွေပိုရှိသူများက ဝယ်ထားမမှား စကားပုံကို လက်စွဲကိုင်၍ ဝယ်ယူကြသည်။ တိုက်ဝယ်ရောင်းလုပ်နိုင်သူ လူတန်းစားများက မြိုးမြိုးမြက်မြက်လေး ရကြသည်။

မျက်ရည်မျက်ခွက်

လွန်ခဲ့သည့်လက ရန်ကုန်မြို့ အစွန်အဖျားဘက်တွေကို လျှောက်သွားရင် မြေပေါက်ဈေးများကို စုံစမ်းကြည့်မိသည်။ ပေနှစ်ဆယ် ပေသုံးဆယ် တစ်ကွက်ကို သိန်းခုနစ်ဆယ်ဟု ဆိုသည်။ ပိုင်ဆိုင်မှု အထောက်အထားကို မေးမြန်းကြည့်တော့ ဘိုးဘွားပိုင်ဟု ဆိုသည်။ အထောက်အထား ဘာပြနိုင်သလဲလို့ မေးတော့ အရင်ပိုင်ရှင်နှင့် အရောင်းအဝယ် လုပ်ထားသည့် စာချုပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ ပြနိုင်သည်ဟု ဆိုသည်။ သေချာစုံစမ်းကြည့်တော့ ထိုမြေကွက်များသည် မကြာသေးမီ နှစ်ပိုင်းကမှ ကျူးကျော်နေထိုင်သူများ ပိုင်သည့် ကျူးကျော်မြေများ ဖြစ်ကြသည်။

ကျူးကျော်နေထိုင်သူများက သိန်းဂဏန်းလောက်ဖြင့် ရောင်းထုတ်သွားခြင်း ဖြစ်သည်။ မြေဝယ်ရောင်းလုပ်သူများက လက်ပြောင်းလက်လွဲ အရောင်းအဝယ် လုပ်ရင်း သိန်းဆယ်ကြီးဂဏန်းအထိ တက်လာခြင်း ဖြစ်သည်။ ပွဲစားများကတော့ ဒီနေရာနှင့် မနီးမဝေးမှာ ဘယ်လိုစီမံကိန်း ရှိသည်၊ ဘာရှိသည် ဝယ်ထားမမှား စကားလုံးနှင့် အမိအရ ဝယ်ထားဖို့ တိုက်တွန်းကြသည်။ ရန်ကုန်မြို့တွင် ကျူးကျော်နေထိုင်သူများ ခေတ်အဆက်ဆက်က ရှိခဲ့သည်။ သေချာသည်ကတော့ ဒီနေ့ခေတ်လောက်တော့ များပြားလိမ့်မည် မဟုတ်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က ကျူးကျော်နေထိုင်သူ လူတန်းစားများသည် အခြေမဲ့အနေမဲ့ အိမ်ငှားခ ပေးရန် မတတ်နိုင်သူများသာ နေကြသည်။

ယနေ့ခေတ်တွင်တော့ ကျူးကျော်သူများထဲတွင် အလုပ်အကိုင် ရှိသူများ အတန်အသင့် ချောင်လည်သူများပါ ပါလာကြသည်။ အချို့လည်း ရိုးသားသား နေစရာမရှိ အိမ်လခ မပေးနိုင်၍ ကျူးကြသည်။ အချို့လည်း မြေဈေးကောင်းလာတော့ ဖျက်ခံရသည့်တိုင် အစိုးရ အစားထိုးပေးသည့် နေရာရလျှင် နည်းသလားဆိုပြီး ကျူးကြသည်။

သူကျူးကိုယ်ကျူး လူတိုင်းကျူးကျော် ဖြစ်လာကြတော့ ကျူးကျော်တွေ ဖောင်းပွလာပြီး အစိုးရက ဖျက်တော့ အမှန်တကယ် နေစရာမရှိသူများ မျက်ရည်မျက်ခွက်နှင့် ဒုက္ခပင်လယ်ဝေရသည်။

ဆင်းရဲမွဲတေမှုကို တိုက်ဖျက်မှာတဲ့လား ဦးသိန်းစိန်အစိုးရ တက်တက်လာချင်း အရင်ဆုံး ကြွေးကြော်ခဲ့သည့် စကားနှစ်ခု ရှိသည်။ အပြောင်းအလဲနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဟူ၍ ဖြစ်သည်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်နိုင်မည့် နည်းလမ်းများကို ဖိုရမ်ကြီးတစ်ခု ကျင်းပပြီး ပညာရှင်ပေါင်းစုံနှင့် အကြိတ်အနယ် ဆွေးနွေးခဲ့သည်။

ရန်ကုန်မြို့တွင် ကုမ္ပဏီဝန်ထမ်းများ အရောင်းစာရေးများ အများဆုံး နေထိုင်ကြသည်။ ကုမ္ပဏီများက ပေးနိုင်သည့် ဝန်ထမ်းတစ်ယောက်၏ ပျမ်းမျှခြင်း လစာမှာ သုံးသိန်းဝန်းကျင်သာ ရှိသည်။ အရောင်းဝန်ထမ်း တစ်ယောက်ကို ဆိုင်တစ်ဆိုင်က ပေးနိုင်သော ပျမ်းမျှခြင်း လစာမှာ တစ်သိန်းခွဲ ဝန်းကျင်တွင်သာ ရှိသည်။ ဤပမာဏရလျှင်ပဲ လစာကောင်းသည်ဟု ပြော၍ရသည်။

သို့ရာတွင် ပေးရသည့် အိမ်လခက အောက်ထစ်ဆုံး တစ်သိန်း ရှိသည်။ လူပျိုလူလွတ် ဆိုလျှင် အဆောင်နေ၍ ရနိုင်သေးသည်။ မိသားစု ရှိသူများမှာတော့ မလွှဲမရှောင်သာ အိမ်ငှားကြရသည်။ ကိုယ့်ချွေးနှဲစာရဲ့ တစ်ဝက်လောက်က အိမ်ငှားခထဲသို့ ဝင်သွားကြသည်။ ကျန်သည့် တစ်ဝက်ဖြင့် မိသားစု စားရေးသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးကို ဖြေရှင်းရသည်။

အသေးစား၊ အလတ်စား စီးပွားရေးတွေ ဖွံ့ဖြိုးလာနိုင်ရဲ့လား

သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်တွင် နောက်ထပ်ဖော်ဆောင်ဖို့ မကြာခဏ ကြွေးကြော် ကြေညာသည့် စီမံကိန်းကတော့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သည်။

အမှန်တကယ် ဈေးရောင်းနိုင်သည့် ဆိုင်ခန်းတစ်ခန်း၏ အခန်းငှားခသည် သိန်းဆယ်ဂဏန်း အထက်မှာပဲ ရှိကြသည်။ စားသောက်ကုန်၊ လူသုံးကုန် ဘာပဲရောင်းရောင်း ကိုယ်မြတ်သည့် အမြတ်သည် ဆိုင်ခန်းခ ပေးပြီးလျှင် ကိုယ့်အတွက် မကျန်။ ဆိုင်ခန်းပိုင်ရှင်ကိုသာ လုပ်ကျွေးရသလို ဖြစ်နေသည်။ ဆိုင်ခန်းဝယ်ဖို့ ဆိုလျှင်တော့ သိန်းထောင်ချီ ပေးရလိမ့်မည်။

လယ်တွေဈေးတက် လယ်မပိုင်သူတွေ သွေးတက်

ရန်ကုန်တွင် မြေဈေးတက်သည့် ဂယက်က ရန်ကုန်တွင်သာ ဖြစ်နေခြင်းမဟုတ် သုံးနှစ်လောက် အတွင်းတွင် မြန်မာတစ်နိုင်ငံလုံးသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။ ဈေးကစားသူများက အိမ်ဈေးတွင်သာ ကစား နေခြင်းမဟုတ် လယ်မြေဈေးများကိုပါ ဟိုစီမံကိန်း ရှိတာလိုလို ဒီစီမံကိန်း ရှိတာလိုလို ကောလာဟလမျိုးစုံ လွှင့်ပြီး အရောင်းအဝယ် လုပ်ကြသည်။ လွန်ခဲ့သည့် လေးနှစ်က ဆယ်သိန်းမပြည့်သော လယ်မြေများသည် ယခုအခါ သိန်းရာဂဏန်းတွေ ဖြစ်ကုန်ကြသည်။

ကျေးလက်သဘောအရ လယ်မပိုင်သူများသည် စာရင်းငှား အလုပ်ဖြင့် လည်းကောင်း၊ စပါးပေးဖြင့် လယ်ငှား၍ လည်းကောင်း လယ်လုပ်ကြသည်။ အလုပ်ကြိုးစားရင် ကြိုးစားသလို လေးငါးခြောက်နှစ်လောက် ကြိုးစားလိုက်ရင် ကိုယ်ပိုင်လယ်လေးတွေ ဝယ်နိုင်ကြသည်။ ယခုကဲ့သို့ အဆမတန် တက်သွားသည့်ဈေးနှင့် သားစဉ်မြေးဆက် လယ်ကျွန်ခံသည့်တိုင် ကိုယ်ပိုင်လယ်လေးတစ်ကွက် ပိုင်ဖို့ အိပ်မက်က အဝေးကြီးကို ရောက်သွားကြပြီ ဖြစ်သည်။

ယခင်က လယ်မပိုင်သော်ငြား ရွာနှင့် အနီးတစ်ဝိုက်တွင် ခုတ်ထွင် ရှင်းလင်းပြီး ကိုယ်ပိုင်စိုက်ပျိုးမြေများ ဖော်နိုင်ကြသည်။ ယခုခေတ် မြေဈေးတွေ ကောင်းလာတော့ ထိုမြေများသည် သစ်တောပိုင်မြေ၊ စစ်တပ်ပိုင်မြေနှင့် အဆိုးဆုံးက ကိုယ်တိုင်လည်းလုပ်မစား ရော်ဘာစိုက်မှာလိုလို သစ်မွှေးစိုက်မှာလိုလို ကျွန်းစိုက်မှာလိုလိုနှင့် ခြံခတ်ထား ပြီး အမြတ်ရလျှင် ရောင်းစားဖို့ မြေကြိုဦးထားသည့် ကုမ္ပဏီပိုင်မြေများ ပေါ်လာကြသည်။ အမှန်တကယ် လုပ်စားမည့် တောင်သူများအတွက် မြေမရှိတော့ပေ။

ဤသို့ တစ်လလျှင် ၁၀ ရာခိုင်နှုန်းလောက် ပျမ်းမျှတက်နေသည့် ဤအိမ်၊ ခြံ၊ မြေဈေးနှုန်းများနှင့် လုပ်စားစရာ လယ်မြေမရှိ ဖြစ်သော တောင်သူများကို ကယ်တင်ဖို့ ဆင်းရဲမွဲတေမှု တိုက်ဖျက်မည်ဟု ကြေညာထားသော သမ္မတကြီး၏စကား အမှန်တကယ် တိုက်ဖျက်နိုင်မှာလားဟူ၍ မေးခွန်းထုတ်စရာပဲ ဖြစ်လာတော့သည်။

ပဲဈေးကစား ထောင်ကျမည်၊ မြေဈေးကစား အရေးယူမည့် လူမရှိ

ပဲလောကတွင် လေရောင်းလေဝယ် ရှိသည်။ ပဲတန်ချိန်ကို လေနဲ့ ရောင်းသည်၊ လေနဲ့ဝယ်သည်၊ မြတ်သူကစားသည်။ သိန်းထောင်ချီရှုံးပြီး မဆပ်နိုင်၍ ထွက်ပြေးသော သာဓကများ ရှိခဲ့သည်။ ထိုဖြစ်ရပ်များကြောင့် ပဲဈေးကွက်အတွင်း ဈေးနှုန်း မတည်ငြိမ်မှုများ ဖြစ်ပြီး ပဲလောကကို အကြီးအကျယ် ထိခိုက်စေသည်။ ထို့ကြောင့် ပဲဈေးကစားသူများကို အစိုးရက အရေးယူလိုဟန်တူသည်။

၂၀၀၆ ခုနှစ်ခန့်က ရန်ကုန်မြို့မှာ ရွှေဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ရွှေဈေးတွေ မတည်မငြိမ် ဖြစ်ခဲ့သည်။ ထိုရက်ပိုင်းက မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် တစ်နေ့လျှင် ရွှေ ၁၀ ပိဿာကို မန္တလေးမြို့မှ မှာယူရောင်းချခဲ့ရသည်။ သိမ်ဖြူလမ်း ပြန်ကြားရေး ဝန်ကြီးဌာန ရုံးမှာ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်လည်း ရွှေဈေးကြောင့် ပြည်ပျက်သည့် အဖြစ်မခံနိုင်ဟု ပြောကြားခဲ့သည်။ ရွှေဈေးကစားသည့် ရွှေကုန်သည် အချို့ကိုလည်း သတိပေး အရေးယူတာမျိုး လုပ်ခဲ့ကြသည်။

ယခုနေ ရန်ကုန်မြို့ အပြင်ထွက်သွားလျှင် အခြားဘာသာ စကားများနှင့် ရောနှောထားသည့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း ဆိုင်းဘုတ်များ၊ ကြော်ငြာများစွာကို တွေ့ရှိရမည် ဖြစ်သည်။ ထိုနေရာတွင် မြန်မာစကားပင် ကောင်းစွာ မတတ်ဘဲ ပွဲစားများနှင့် မြေအရောင်းအဝယ် လုပ်နေသူများလည်း ခြေချင်းလိမ်နေကြသည်။ ဝယ်လိုက် ရောင်းလိုက်ဖြင့် ဈေးတွေသာ တက်တက်သွားသည်။ ထိုမြေနေရာများကတော့ ကွင်းပြင်က တက်မလာသလို တကယ်နေမည့်သူများလည်း မဝယ်နိုင်တော့သည့် အခြေအနေ ရောက်ရှိသွားသည်။ သို့ရာတွင် အစိုးရဘက်က ထိထိရောက်ရောက် ဖမ်းဆီးအရေးယူသည့် သာဓက ထင်ထင်ရှားရှားမရှိ။

တန်ဖိုးမျှ အိမ်ရာလား တန်ဖိုးများ အိမ်ရာလား ...

ပြီးခဲ့သည့် သုံးလခန့်က ရန်ကုန်တစ်မြို့လုံးရှိ တိုက်ခန်းဈေး ၃၀ ရာခိုင်နှုန်းက ရုတ်တရက် ထိုးတက်သွားသည်။ အဓိက အကြောင်းရင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အကောင်အထည်ဖော်မည့် ဗိုလ်ဗထူးတန်ဖိုးမျှ အိမ်ရာဈေးကြောင့် ဖြစ်သည်။ မြို့တော် စည်ပင်အနေနှင့် မည်မျှပင် ကောင်းအောင်လုပ်ဖို့ ရည်ရွယ်ထားသည် ဟု ပြောပြော မြို့အပြင်က တန်ဖိုးနည်းအိမ်ရာ၏ တိုက်ခန်းဈေးမှာတောင် သိန်းနှစ်ရာကျော်၊ သိန်းသုံးရာကျော် ဈေးဖွင့်သည့်အခါ ရန်ကုန်တစ်မြို့ရှိ အခြားတိုက်ခန်းများ၏ ဈေးနှုန်းမှာလည်း ထိုဈေးနှင့် အပြိုင်လိုက်၍ တက်သွားပေတော့သည်။ ယခုအချိန်၌ သင်္ဃန်းကျွန်းလောက်တွင် ဆောက်နေသည့် ၁၈ ပေ မျက်နှာတိုက်ခန်း၏ ငါးလွှာကြိုပွိုင့်ဈေးတောင် တန်ဖိုးမျှ အိမ်ရာနှင့်အပြိုင် သိန်းနှစ်ရာကျော်က စဖွင့်ကြတော့သည်။

လွှတ်တော်နှင့် သမ္မတကြီး လက်ပိုက်ကြည့်နေတော့မည်လော ...

အစိုးရအနေနှင့် တန်ဖိုးနည်းအိမ်ရာ တန်ဖိုးမျှအိမ်ရာ အစရှိဖြင့် အကောင်အထည် ဖော်နေသည်ဟု အကြောင်းပြစရာ ရှိသော်လည်း။ ဆင့်ခံတွင်းနှမ်းပက် ရောင်းလိုအားနှင့် ဝယ်လိုအား မမျှသည့် စီမံကိန်းများ၊ ဈေးကို ထင်သလို ကစားပြီး တက်နေကြသည့် မြေဈေး အိမ်ဈေးများ၊ အဲဒီဒဏ်တွေကြောင့် ကျောချစရာ တစ်နေရာအတွက် ခေါင်းကိုက်နေရတဲ့ ပြည်သူအများစုရဲ့ အဖြစ်ကို ဆင်းရဲမွဲတွေမှုကို အမှန်တကယ် တိုက်ဖျက်လိုပါတယ်လို့ ကြွေးကြော်ထားသည့် သမ္မတကြီးနှင့် ဒီမိုကရေစီအစစ် ရနေပြီဟု ကြွေးကြော်နေသော လွှတ်တော်တို့ ဤမြေ ဈေးဂယက်ကို လက်ပိုက်ကြည့်နေကြတော့မည်လားဟု မေးပါရစေ။

အချိန်မီ မကုစားနိုင်ပါက လူထုပေါက်ကွဲမှု ဖြစ်လာနိုင်

သာမန်အားဖြင့် ကြည့်လျှင်တော့ စီးပွားရေးကောင်းလာလို့ အိမ်မြေဈေးတွေလည်း တက်လာတာပေါ့ဟု ပြောစရာ ရှိသည်။ သို့ရာတွင် တက်သွားသည့် အဆလောက် အခြေခံနှင့် လူလတ်တန်းစား ဝင်ငွေများ တက်လာခြင်း မရှိပေ။ ဤနှုန်းအတိုင်းသာ ဆက်လက်တက်သွားပါက လာမည့်နှစ်တွင် တိုက်ခန်းတစ်ခန်း၏ ပျမ်းမျှအငှား ဈေးနှုန်းသည် သုံးသိန်းဝန်းကျင်ခန့် ဖြစ်သွားပြီး တိုက်ခန်းတစ်ခန်း၏ ပျမ်းမျှပေါက်ဈေးသည် သိန်းငါးရာအထက်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုအခါတွင် အခြေခံလူတန်းစားများအတွက် အကြီးအကျယ် အကြပ်ရိုက်လာပြီး လူထုပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

အချိန်မီချုပ် အစုတ်သက်သာ

ယခုအချိန်တွင် နိုင်ငံတော် အစိုးရအနေနှင့် ထိန်းထိန်းသိမ်းသိမ်း ၀ဝင်ရောက်ဆောင်ရွက်မည် ဆိုလျှင် အချိန်မီပါသေးသည်။ လူထုပေါက်ကွဲမှု ဖြစ်လာမှ ဝင်ရောက်ထိန်းသိမ်းလျှင် အညွန့်တက်စနိုင်ငံ အညွန့်ကျိုးသွားပြီး အညွန့်ပြန်တက်လာဖို့ နောက်ထပ် ဆယ်စုနှစ်နှစ်ခုလောက် စောင့်ရပေဦးမည်။






Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!