Popular Posts!
Tuesday, April 15, 2014
စင်ကာပူအမျိုးသား ကျွမ်းကျင်မှုစံနှုန်း (National Competency Standard)
အမျိုးသား ကျွမ်းကျင်မှုစံနှုန်း (National Competency Standard)
(၁) သက်ကြီး နှင့် စဉ်ဆက်မပြတ်ပညာရေး (Adult and Continuing Education)
နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာတွင် အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များ မရှိမဖြစ်လိုအပ်ကြောင်း ယုံမှားသံသယရှိစရာမလိုပါ။ သို့ဆိုလျှင် နိုင်ငံတည်ဆောက်ရေးအတွက် ထိုလူသားအရင်းအမြစ်များရအောင် ပျိုးထောင်ယူရပေမည်။
ကျွမ်းကျင်တတ်မြောက်သူများ ဖြစ်လာရန် ပညာရေးသည် အဓိကအရေးပါ၏။ ပညာရေးတွင် နှစ်မျိုးရှိ၏။ တစ်မျိုးမှာ ပုံမှန် ကျောင်းသင်ပညာရေး (normal education) နှင့် နောက်တစ်မျိုးမှာ လုပ်ငန်းခွင်ဝင်ရောက်နေသူများအား အရည်အသွေးမြှင့်တင်ပေးမည့် သက်ကြီးပညာရေး (adult education) နှင့် စဉ်ဆက်မပြတ်ပညာရေး (continuous education) ဖြစ်၏။
            လူအရင်းအမြစ် ပြုစုပျိုးထောင်ရာတွင် ဤပညာရေးနှစ်မျိုးလုံး အရေးကြီး၏။ ကျောင်းသင်ပညာရေးမှာ လူတိုင်းသိပြီးဖြစ်သည့် မူလတန်းမှသည် ဘွဲ့ရ၊ ဘွဲ့လွန်ထိ ပုံမှန်သင်သွားသော ပညာရေးဖြစ်သည်။
လုပ်ငန်းခွင်ဝင်နေသူများအား လေ့ကျင့်သင်ကြားပေးခြင်းမှာ သက်ကြီးပညာရေး ဖြစ်၏။ မြန်မာနိုင်ငံတွင် ကျောင်းဆရာ ဆရာမများအား လေ့ကျင့်သင်ကြားပေးသည့် ဆရာအတတ်သင်သိပ္ပံ၊ ၀န်ထမ်းများအား လေ့ကျင့်သင်ကြားပေးသည့် ဗဟိုဝန်ထမ်း တက္ကသိုလ်တို့သည် သက်ကြီးပညာရေး သင်တန်းကျောင်းများဖြစ်၏။ ဆရာအတတ်သင်သိပ္ပံသို့ ကျွန်တော်မတက်ခဲ့ဖူးသဖြင့် မသိပါ။ သို့သော် ဗဟိုဝန်ထမ်းတက္ကသိုလ်ကိုမူ ၁၉၉၁ ခုနှစ်က တစ်ကြိမ်၊ ၁၉၉၃ ခုနှစ်က တစ်ကြိမ်။ နှစ်ကြိမ်တက်ခဲ့ဖူးသဖြင့် သူတို့ သင်ပုံသင်နည်း ကို သိပါသည်။ ဆရာအတတ်သင်သိပံ္ပတွင်လည်း သိပ်ထူးမည်မဟုတ်ပါ။ အတူတူပင်ဖြစ်ဖို့များပါသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်၌ သင်ပုံမှာ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်များတွင်သင်သကဲ့သို့ ဆရာများက တစ်ယောက်ပြီး တစ်ယောက်လာကာ ပို့ချသွားခြင်းဖြစ်ပါသည်။ ဆရာအတတ်သင်သိပံ္ပတွင်လည်း ဤအတိုင်းဖြစ်ဘို့များ၏။ အကယ်၍သာ ယခုတိုင် ဤနည်းအတိုင်းဆက်သင်နေသေးသည်ဆိုပါက ဤသင်ကြားနည်းသည် သက်ကြီးသင်တန်းသားများအတွက် ပြည့်စုံခြင်းမရှိသေးပါဟု ဆိုချင်ပါသည်။ ဤသင်တန်းများမှာ လုပ်ငန်းခွင်အတွင်းမှ လူကြီးများအား လေ့ကျင့်သင်ကြားပေးသော သင်တန်းများဖြစ်၏။ မိဘထံမှ ပိုက်ဆံတောင်းသုံး နေသော ဘာမှအပူအပင်မရှိသည့် ကျောင်းသား၊ သူငယ်များအား သင်ကြားပေးနေခြင်းမဟုတ် ဆိုသည်ကို သတိထားရ ပါမည်။ သို့သော်လည်း ပြောင်းလဲတိုးတက်လာသော အခြေအနေများအရ ထိုတက္ကသိုလ်သို့ နိုင်ငံခြားတက္ကသိုလ်ကြီးများမှ သင်တန်းများ လာရောက်ပို့ချခြင်း၊ တက္ကသိုလ်ဆရာဆရာမများကို နိုင်ငံခြားတိုင်းပြည်များသို့စေလွှတ်ကာ လေ့လာစေခိုင်းခြင်းများ ရှိလိမ့်မည်ဟု ယူဆရ ပါသည်။
ပြင်ပအရပ်ထဲတွင်လည်း သူ့နည်းသူ့ဟန်နှင့် ပို့ချနေကြသော စက်ပြင်သင်တန်း၊ ရေဒီယိုပြင်သင်တန်း၊ ဆံပင်ညှပ်သင်တန်း၊ ပုံဆွဲသင်တန်း စသဖြင့် သက်မွေးဝမ်းကျောင်းသင်တန်း အသီးသီးရှိပါသည်။ ဤသင်တန်းများမှာလည်း သက်ကြီးပညာရေးပင် ဖြစ်၏။ ထိုသင်တန်းအားလုံးမှာ ကိုယ့်နည်းကိုယ့်ဟန်နှင့် အဆင်ပြေသလို သင်ကြားပေးနေကြတာသာ ဖြစ်ပါသည်။ မည်သည့်စံနှုန်းစံထားမှမရှိ။ သို့ဆိုလျှင် ထိုသင်တန်းမှဆင်းလာသူများမှာ တကယ်တတ်မတတ် မည်ကဲ့သို့ တိုင်းတာနိုင်ပါမည်နည်း။ ထိုသင်တန်းမှ ပို့ချမှုများသည် မည်မျှထိရောက်သည်ကို မည်သူတို့ ဆန်းစစ်ကြည်ပါသနည်း။
ယခုဆောင်းပါးမှာ Compentency Standard အကြောင်းရေးမည်ဖြစ်၍ သက်ကြီးသင်တန်းများ၌ သင်ကြားရမည့် နည်းစနစ်များ ကို ချန်ခဲ့ပါမည်။ နောင် ဆောင်းပါးသီးသန့်ရေးပါမည်။
(၂) ကျွမ်းကျင်လိမ္မာသူ (Competent Person)
            ရေပိုက်သွယ်တန်းသူ၊ လျှပ်စစ်မီးကြိုးသွယ်တန်းသူ၊ စက်ပြင်သူ၊ အလှပြင်သူ၊ ဆံပင်ညှပ်သူ၊ မုန့်ဖုတ်သူ၊ ဂဟေဆော်သူ၊ သင်တန်းပို့ချသူ၊ ဟောပြောသူ စသည့် နှုတ်မှုလက်မှု အတတ်ပညာရှင်အားလုံးတွင် သူတို့ သိသင့်သိထိုက်၊ တတ်သင့်တတ်ထိုက်သည့် အရာများရှိ၏။ သူသိသင့်သည်ကိုသိမှ၊ တတ်သင့်သည်ကိုတတ်မှ တကယ့် အရည်အသွေး ပြည့်ဝသော အတတ်ပညာရှင် ဖြစ်မည်။ သူများလုပ်တာ ကြည့်ရုံ၊ မှတ်ရုံမျှဖြင့် တကယ်တတ်သည့်သူ မဖြစ်နိုင်ပါ။ အဘယ်ကဲ့သို့ကွာသနည်းဆိုလျှင် ဆရာဝန်နှင့် ဒေါက်တာရမ်းကု ကွာသကဲ့သို့ ကွာပါသည်။
            မည်သည့်အလုပ်ကိုလုပ်သူသည် မည်သည်တို့ကို တတ်ထားရမည်ဟု သတ်မှတ်ထားခြင်းသည် Competency Standard ဖြစ်၏။ ဤစံနှုန်းသည် သူတစ်ယောက်၊ ငါတစ်ပေါက် ဖြစ်နေလို့မရ။ တစ်နိုင်ငံလုံး တပြေးညီဖြစ်နေရမည်။ ထို့ကြောင့် ဤစံနှုန်းကို National Competency Standard ဟု ခေါ်၏။ ဆိုလိုသည်မှာ စက်ပြင်ဆရာမှန်လျှင် ရန်ကုန်က စက်ပြင်ဆရာ၊ မန္တလေးက စက်ပြင်ဆရာ၊ မော်လမြိုင်က စက်ပြင်ဆရာ၊ တောင်ကြီးက စက်ပြင်ဆရာ၊ မည်သည့်စက်ပြင်ဆရာဖြစ်စေ စက်ပြင်ဆရာတစ်ဦး သိ၊ တတ်ထားရမည်တို့ကို တတ်၊ သိ၊ နားလည်ထားရမည် ဖြစ်၏။ ဤကဲ့သို့ တကယ်တတ်၊ သိထားမှ ထိုသူကို competent person ဟု ခေါ်သည်။
            Competent Person ကို KSA ဟူသော အရည်အသွေးသုံးရပ်ဖြင့် သတ်မှတ်သည်။
K – Knowledge = သိခြင်း
S – Skill = တတ်ခြင်း
A – Attitude (Attribute) = စေတနာပါခြင်း (အရည်အသွေးပြည့်ဝခြင်း)
            Knowledge ဟူသည် စာတွေ့ (သဘောတရား)။ Skill ဟူသည် လက်တွေ့ (ကျွမ်းကျင်မှု)။ Attitude ဟူသည် မိမိအလုပ်အပေါ် စေတနာထားခြင်း၊ မှန်မှန်ကန်ကန်လုပ်ကိုင်ပေးသည့် စိတ်နေသဘောထား၊ ရိုးသားမှု ဖြစ်၏။
            လမ်းစဉ်ပါတီခေတ်က “သဘောတရားမပါသော လက်တွေ့သည် အကန်းနှင့်တူ၍၊ လက်တွေ့မပါသော သဘောတရားသည် အကျိုးနှင့်တူသည်” ဟု ဆောင်ပုဒ်ရှိခဲ့၏။ အလွန်မှန်လှသောစကား ဖြစ်လေသည်။
            ဥပမာပြရလျှင် စက်ပြင်ဆရာတစ်ဦးသည် Four stroke cycle, two stroke cycle များအကြောင်းနားလည်ထားရမည်။ Fuel injection system အကြောင်း၊ Ignition system အကြောင်း သိထားရမည်။ သို့မှ အင်ဂျင်ပျက်၍ ပြင်သည့်အခါ သူ့အပိုင်းနှင့်သူ စနစ်တကျ အပြစ်ရှာတတ်မည်။ တကယ်ပျက်နေသည့်အပိုင်းကို သေသေချာချာသိကာ အမှန်တကယ် ပြင်နိုင်မည်ဖြစ်သည်။
            သို့တိုင် ပါးစပ်ကချည်း ဆီပေးစနစ် (fuel system) အကြောင်း ပြောနေလို့မဖြစ်သေး။ ပုံဆွဲပြီး ရှင်းပြတတ်ရုံနှင့် တတ်သည် မခေါ်နိုင်သေး။ ကာဘရိုက်တာကို ကိုယ်တိုင်ဖြုတ်၊ ကိုယ်တိုင်တပ်၊ ကိုယ်တိုင်ချေးဆေးတတ်မှ တကယ်တတ်သည်ဟု ခေါ်နိုင်သည်။
            ထိုကဲ့သို့ပင် ချောဆီပို့စနစ် (lubricating system) တွင်လည်း ချောဆီပို့စနစ်တစ်ခုတည်း သိရုံမျှမဟုတ်မူ၍ ချောဆီအမျိုးအစား များ၊ မည်သည့်ရာသီတွင် မည်သည့်ချောဆီကို သုံးရသည်။ မြန်မာနိုင်ငံတွင် မည်သည့်ချောဆီကို သုံးလျှင် အဆင်ပြေသည် စသည်တို့ကိုပါ ရွေးချယ်တတ်ရမည်။ ချောဆီပန့်ကို ကိုယ်တိုင် ဖြုတ်၊ တပ် တတ်ရမည်။ 
            ထို့အတူ စက်ချုပ်သမတစ်ဦးသည်လည်း ဖျင်စကိုညှပ်တတ်ရုံ၊ စက်နင်းတတ်ရုံမျှဖြင့် မပြီး။ ချည်ထည်၏ သဘောတရား၊ ပိုးထည်၊ နိုင်လွန်ထည်တို့၏ သဘောသဘာဝကို သိရသည်။ အပ်ချုပ်စက်တစ်လုံး၏ တည်ဆောက်ပုံကို နားလည်ရသည်။ ချည်ကျော်တွေများနေလျှင် ကိုယ့်ဘာသာကိုယ် ချိန်ညှိတတ်ရမည်။
            ဤကဲ့သို့ အသိပညာရှင်၊ အတတ်ပညာရှင်တစ်ဦး သိ၊ တတ်ထားရမည့်အရာများကို စာဖြင့်ချရေးကာ စံနှုန်းတစ်ခုပြုလျှက် တစ်နိုင်ငံလုံးလိုက်နာ သုံးစွဲစေခြင်းကို အမျိုးသားကျွမ်းကျင်မှုစံနှုန်း (National Competency Standard) ဟု ခေါ်၏။
(၃) အမျိုးသား ကျွမ်းကျင်မှုစံနှုန်း (National Competency Standard)
            ကျွမ်းကျင်မှုစံနှုန်းဆိုသည်မှာ လုပ်ငန်းတစ်ခုကို လုပ်တတ်ရုံမျှသာမကပဲ ထိုလုပ်ငန်းနှင့်ပတ်သက်သည့် အပြောအဆို ကျွမ်းကျင်မှု၊ လိုအပ်သော အတွက်အချက်များကို တွက်တတ်မှု၊ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်မှု စသည်အားလုံးပါသည်။
            နိုင်ငံတစ်နိုင်ငံတွင် မိမိနိုင်ငံ၏ လုပ်ငန်းလိုအပ်ချက် အနေအထားအလိုက် အမျိုးသားကျွမ်းကျင်မှုစံနှုန်းကို ရေးဆွဲချမှတ်ထားရန် လိုပါသည်။ သင်တန်းကျောင်းများ၊ သင်တန်းများတွင် (သင်တန်းကျောင်း ကြီးငယ်မဟူ၊ ပုဂ္ဂလိကသင်တန်း၊ အစိုးရသင်တန်းဖြစ်စေ) သင်တန်းများပို့ချသောအခါ ထို အမျိုးသားကျွမ်းကျင်မှုစံနှုန်းကို လက်ကိုင်ထားကာ ထိုစံနှုန်း လိုအပ်ချက်များပြည့်မီအောင် သင်ကြားပေး ရမည်။
            သင်တန်းပြီးဆုံးသောအခါ သင်တန်းသားများကို ကျွမ်းကျင်မှုအကဲဖြတ်စစ်ဆေးခြင်း (Assessment) လုပ်ရပါသည်။ လက်တွေ့လည်း လုပ်တတ်သည်၊ စာတွေ့ဗဟုသုတလည်း ပြည့်စုံပြီဆိုမှ ထိုသူကို ကျွမ်းကျင်သူ (competent person) အဖြစ် သတ်မှတ်သည်။ မည်သည့်လုပ်ငန်းကိုမဆို ထို ကျွမ်းကျင်သူ (competent person) အားသာလုပ်ရန် ခွင့်ပြုရပါမည်။ သို့မှသာ အရည်အသွေးပြည့်မီသော ထုတ်ကုန် (product)၊ ၀န်ဆောင်မှု (service) များကို ရရှိမည်ဖြစ်ပါသည်။
            အမျိုးသား ကျွမ်းကျင်မှုစံနှုန်း (National Competency Standard) ရေးဆွဲရာတွင် အောက်ပါ နယ် (၅) ခုကို မလွဲမသွေ ထည့်သွင်းစဉ်းစားရမည်။
(၄) ကျွမ်းကျင်မှုအတွက် နယ် ၅ မျိုး (5 Dimensions of Competency In Action)
ကျွမ်းကျင်မှုတွင် အောက်ပါအတိုင်း နယ် (၅) ခုရှိသည်။ ဤသည်ကို လူနာထံမှ သွေးဖောက်ရသော သူနာပြုတစ်ဦး၏ ဥပမာ ဖြင့်ရှင်းပြပါမည်။
လုပ်ငန်းကျွမ်းကျင်မှု
(Task Skills)
သူနာပြုသည် သွေးဖောက်ရန်အတွက် သွေးဖောက်သည့်ကိရိယာကို နိုင်နိုင်နင်းနင်း ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သည်။
လုပ်ငန်းစီမံခန့်ခွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှု
(Task Management Skills)
သွေးဖောက်ခြင်းကိုသာမက အပ်ကို မည်သို့ထားရမည်၊ မည်ကဲ့သို့ စွန့်ပစ်ရမည် ကိုလည်း သိသည်။
အရေးပေါ်စီမံခြင်းဆိုင်ရာ ကျွမ်းကျင်မှု
(Contingency Management Skills)
သွေးဖောက်စဉ် သွေးထုတ်သည့်အပ်နှင့်ပိုက် ကောင်းကောင်းအလုပ်မလုပ်ပါက မည်ကဲ့သို့လုပ်ရမည်ကို သိသည်။
တာဝန်ဝတ္တရားဆိုင်ရာ ကျွမ်းကျင်မှု
(Role and Job Environment Skills)
အကယ်၍ သွေးဖောက်နေစဉ် လူနာမူးမေ့သွားပါက အခြားလုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်ကာ မည်သို့လုပ်ရမည်ကို သိသည်။
ကျွမ်းကျင်မှုကို လွှဲပြောင်းအသုံးချတတ်မှု
(Transfer Skills)
လူကြီးများအား သွေးဖောက်နည်းကို သင်ကြားထားသော်လည်း ထိုအသိပညာကို ကလေးငယ်များအား သွေးဖောက်ရာတွင်လည်း အသုံးချတတ်သည်။
(၅) အမျိုးသား ကျွမ်းကျင်မှုစံနှုန်း (National Competency Standard) နမူနာ
            အမျိုးသား ကျွမ်းကျင်မှုစံနှုန်း (National Competency Standard) အကြောင်း ထင်သာမြင်သာရှိစေရန် စင်ကာပူမှ နမူနာတစ်ခုကို အကျဉ်းရုံး၍ ထုတ်နုတ်ဖော်ပြလိုက်ပါသည်။
လုပ်ငန်းအမျိုးအစား                         - အစားအစာနှင့် အဖျော်ယမကာ
ကျွမ်းကျင်မှုအမျိုးအစား                     - အစားအစာနှင့် အဖျော်ယမကာကုန်ထုတ်လုပ်မှု လုပ်ငန်း
ကျွမ်းကျင်မှုဘာသာရပ်                      - အစားအစာနှင့် အဖျော်ယမကာများကို အန္တရာယ်ကင်းစွာကိုင်တွယ်ခြင်းနှင့် အစီအစဉ်များ
သင်တန်းချိန်နာရီပေါင်း                      - ၁၂ နာရီ
သင်တန်းရည်ရွယ်ချက်                      - တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းတတ်စေရန်
                                                - အစားအသောက်များ ပြင်ဆင်ရန်သုံးသည့် ကိရိယာများကို ကိုင်တွယ်အသုံးချတတ်စေရန်
                                                - အစားအသောက်များကို ဘေးကင်းစွာ ချက်ပြုတ်တတ်စေရန်
                                                - အစားအသောက်များကို ဘေးကင်းစွာ ပြင်ဆင်တတ်စေရန်
                                                - အစားအသောက်များကို ဘေးကင်းစွာ သိုလှောင်တတ်စေရန်
            - အစားအသောက်များသိုလှောင်သည့်နေရာ၊ ချက်ပြုတ် ပြင်ဆင်သည့်နေရာ၊
  တည်ခင်းကျွေးမွေးသည့်နေရာများကို ကောင်းစွာထိန်းသိမ်းတတ်စေရန်
ကျွမ်းကျင်မှုနယ်
မသိမဖြစ် သိထားရမည့် ဗဟုသုတများ
၁။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းခြင်း
Ø ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှိုစသည့်ပိုးမွှားများအကြောင်း
Ø အစာကြောင့်ဖြစ်တတ်သောရောဂါများ (ဥပမာ- တိုက်ဖွိုက်၊ ၀မ်းကိုက်ခြင်း)
Ø အစားအသောက်ကြောင့်ဖြစ်သော ရောဂါများ ပျံ့ပွားပုံ
Ø တစ်ကိုယ်ရည်မသန့်ရှင်းမှုကောင်းလျှင် အစားအသောက်ကြောင့်ဖြစ်သော ရောဂါများကို ကာကွယ်နိုင်ပုံ
Ø ဆိုင်မသန့်ရှင်းပါက အမှတ်လျှော့သည့်စနစ် (PDS – Points Demerit System)
၂။ အစားအသောက်များ ပြင်ဆင် ရန်သုံးသည့် အိုးခွက်ပန်းကန် များ၊ ကိရိယာများကို ကိုင်တွယ် အသုံးချခြင်း
Ø ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှိုစသည့်ပိုးမွှားများအကြောင်း
Ø အစာကြောင့်ဖြစ်တတ်သောရောဂါများ
Ø အစားအသောက်ကို ကူးစက်ညစ်ထေးခြင်း အဓိပ္ပာယ်
Ø အညစ်အထေးများ တစ်ခုမှတစ်ခုသို့ ပျံ့ပွားပုံ (cross contamination)
Ø အစားအသောက်ကို ကူးစက်ညစ်ထေးသည့် အရာများ (food cantaminants)
Ø (ဥပမာ - ပိုးသတ်ဆေး၊ သတ္တု၊ မီသိုင်းအယ်လ်ကိုဟော စသည်)
Ø အစားအသောက်ထဲတွင် ပိုးမွှားများပျံ့ပွားခြင်းနှင့် အပူချိန်ဆက်စပ်နေပုံ
Ø အစားအသောက်များ ဆေးကြောသန့်စင်ရာတွင် သန့်ရှင်းသောရေ၊ ဆပ်ပြာတို့ အသုံးပြုရန် အရေးကြီးပုံ
Ø မသန့်ရှင်းသော စဥ့်နီတုံး၊ ဒါး၊ ပန်းကန်ခွက်ယောက်များ၏ အန္တရာယ်
Ø မသန့်ရှင်းပါက အမှတ်လျှော့သည့်စနစ် (PDS – Points Demerit System)
၃။ အစားအသောက်များကို ဘေးကင်းစွာ ချက်ပြုတ်ခြင်း
Ø ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှိုစသည့်ပိုးမွှားများအကြောင်း
Ø အစာကြောင့်ဖြစ်တတ်သောရောဂါများ
Ø အညစ်အထေးများ တစ်ခုမှတစ်ခုသို့ ပျံ့ပွားပုံ (cross contamination)
Ø အစားအသောက်ကို ကူးစက်ညစ်ထေးသည့် အရာများ (food cantaminants)
Ø (ဥပမာ - ပိုးသတ်ဆေး၊ သတ္တု၊ မီသိုင်းအယ်လ်ကိုဟော စသည်)
Ø အစားအသောက်ထဲတွင် ပိုးမွှားများပျံ့ပွားခြင်းနှင့် အပူချိန်ဆက်စပ်နေပုံ
Ø အစားအသောက်များ ဆေးကြောသန့်စင်ရာတွင် သန့်ရှင်းသောရေ၊ ဆပ်ပြာတို့ အသုံးပြုရန် အရေးကြီးပုံ
Ø အစားအသောက်များချက်ပြုတ်ရာ၌ သန့်ရှင်းသောရေကို အသုံးပြုရန် အရေးကြီးပုံ
Ø အဆိပ်သင့်တတ်သော အသီးအနှံ၊ အသားငါးများ (ဥပမာ - မှို၊ ဖားပြုတ်) အား သိထားခြင်း
Ø မသန့်ရှင်းပါက အမှတ်လျှော့သည့်စနစ် (PDS – Points Demerit System)
၎။ အစားအသောက်များကို ဘေးကင်းစွာ ပြင်ဆင်ခြင်း
Ø ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှိုစသည့်ပိုးမွှားများအကြောင်း
Ø အစာကြောင့်ဖြစ်တတ်သောရောဂါများ (ဥပမာ- တိုက်ဖွိုက်၊ ၀မ်းကိုက်ခြင်း)
Ø အစားအသောက်ကြောင့်ဖြစ်သော ရောဂါများ ပျံ့ပွားပုံ
Ø အညစ်အထေးများ အစားအသောက်တစ်ခုမှတစ်ခုသို့ တစ်ခုမှတစ်ခုသို့ ပျံ့ပွားပုံ
Ø အညစ်အထေးများ အစားအသောက်တစ်ခုမှတစ်ခုသို့ မပျံ့ပွားရန် ကာကွယ်ရေး အရေးကြီးပုံ
Ø ချက်ပြုတ်ပြီး အစားအသောက်များကို သတ္တုဖြင့် ပြုလုပ်ထားသော ထုပ်ပိုးပစ္စည်းများ၊ သတ္တချိတ်များ မသုံးရန် အရေးကြီးပုံ
Ø အစားအသောက် သယ်ယူပို့ဆောင်ပေးသောယာဉ်အား အခြားပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အသုံးမပြုရန် အရေးကြီးပုံ
Ø အချို့အစားအသောက်များသည် အဘယ်ကြောင့် အလွန်အန္တရာယ်ရှိသနည်း
Ø အန္တရာယ်ရှိသောအစားအသောက်များကို ကိုင်တွယ်ရာတွင် ထည့်သွင်း စဉ်းစားရမည့်အချက်များ
Ø မသန့်ရှင်းပါက အမှတ်လျှော့သည့်စနစ် (PDS – Points Demerit System)
၅။ အစားအသောက်များကို ဘေးကင်းစွာ သိုလှောင်ခြင်း
Ø  ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှိုစသည့်ပိုးမွှားများအကြောင်း
Ø  အစာကြောင့်ဖြစ်တတ်သောရောဂါများ (ဥပမာ- တိုက်ဖွိုက်၊ ၀မ်းကိုက်ခြင်း)
Ø  အစားအသောက်ကြောင့်ဖြစ်သော ရောဂါများ ပျံ့ပွားပုံ
Ø  အညစ်အထေးများ အစားအသောက်တစ်ခုမှတစ်ခုသို့ တစ်ခုမှတစ်ခုသို့ ပျံ့ပွားပုံ
Ø  အစားအသောက်များကို သင့်တော်သောအပူချိန်တွင် သိုလှောင်ထားရန် အရေးကြီးပုံ
Ø  အစားအသောက်သိုလှောင်သည့်နေရာကို သင့်တော်အောင်ပြုပြင်စီမံခြင်း အရေးကြီးပုံ
Ø  အစားအသောက်သိုလှောင်သည့်နေရာ၊ ပြုပြင်သည့်၊ ချက်ပြုတ်သည့်နေရာများသည် အိမ်သာ၊ ရေချိုးခန်း၊ ဓာတုပစ္စည်းများထားသည့်နေရာ၊ သန့်ရှင်းရေးပစ္စည်းများ သိမ်းထား သည့်နေရာ၊ အမှိုက်ပုံ စသည်တို့မှ ဝေးနိုင်သမျှဝေးဝေး ထားရန် အရေးကြီးပုံ
Ø  ဦးစွာရောက်လာသည့် အစားအသောက်ကို ဦးစွာထုတ်သုံးသည့်စနစ် အရေးကြီးပုံ
Ø  မသန့်ရှင်းပါက အမှတ်လျှော့သည့်စနစ် (PDS – Points Demerit System)
၆။ အစားအသောက်ပြင်ဆင် ချက်ပြုတ်သည့်နေရာ၊ တည်ခင်း ဧည့်ခံသည့်နေရာ နှင့် သိုလှောင် သည့်နေရာများကို အသင့်တော်ဆုံး အနေအထားတွင် ထိန်းထားခြင်း
Ø ဘက်တီးရီးယား၊ ဗိုင်းရပ်၊ မှိုစသည့်ပိုးမွှားများအကြောင်း
Ø အစာကြောင့်ဖြစ်တတ်သောရောဂါများ (ဥပမာ- တိုက်ဖွိုက်၊ ၀မ်းကိုက်ခြင်း)
Ø အစားအသောက်ကြောင့်ဖြစ်သော ရောဂါများ ပျံ့ပွားပုံ
Ø အညစ်အထေးများ အစားအသောက်တစ်ခုမှတစ်ခုသို့ တစ်ခုမှတစ်ခုသို့ ပျံ့ပွားပုံ
Ø ပုရွက်ဆိတ်၊ ပိုးဟပ်၊ ယင်၊ ကြွက်စသော အကောင်ပလောင်များ အစားအသောက်များဆီ မလာနိုင်အောင် ကာကွယ်ရေး အရေးကြီးပုံ
Ø အင်းဆက်ပိုးမွှားများနှင့် ကြွက်များ လာရောက်စားသောက်ကြသည့် သင်္ကေတ၊ အမှတ်လက္ခဏာများ
Ø အစားအသောက်ကြောင့်ဖြစ်သော ရောဂါများပျံ့ပွားပုံ
Ø မသန့်ရှင်းပါက အမှတ်လျှော့သည့်စနစ် (PDS – Points Demerit System)
မှတ်ချက်။             ။ သိထားရမည့် ဗဟုသုတများကို Underpinning Knowledge (UK) ဟု ခေါ်ပါသည်။ ဤသည်တို့ကို သင်တန်းသား များ တကယ်သိမသိဆိုသည်ကို မေးခွန်းများကို ဖြေဆိုစေခြင်းဖြင့်လည်းကောင်း၊ နှုတ်မေးခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်ပါသည်။
လက်တွေ့ဆောင်ရွက်မှု မှတ်ကျောက်များ (Performance Criteria (PC))
၁။ ကျွမ်းကျင်မှုနယ် (CE - Competency Element) - တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းခြင်း
လက်တွေ့ဆောင်ရွက်မှု မှတ်ကျောက်များ
ပါဝင်သည့် အကြောင်းအရာများ
၁၊ ၁။ တစ်ကိုယ်ရေသန့်ရှင်းမှု
- အိမ်သာတက်ပြီးတိုင်း၊ နားချိန်မှပြန်လာတိုင်းတွင် လက်ကို ဆပ်ပြာ၊
  ရေနွေးတို့သုံးလျှက် စင်ကြယ်သန့်ရှင်းစွာ ဆေးကြောခြင်း
- လက်သည်းများကို ညှပ်ထားခြင်း၊ လက်သည်း ဆိုးဆေးများ မဆိုးခြင်း၊
  သန့်ရှင်းစွာထားခြင်း
- သန့်ရှင်းစင်ကြယ်သော အ၀တ်အစားများ၊ အပေါ်ဝတ်အင်္ကျီများ
- ဆံပင်များကို သပ်ယပ်စွာထုံးနှောင်ထားခြင်း၊ နောက်လှန်ဖြီးခါ ဆံညှပ်
  များဖြင့် ထိုးထားခြင်း၊ ဆံပင်အုပ်ဆောင်းများဖြင့် ဖုံးထားခြင်း
- ဒါးရှရာ၊ အနာများကို ရေစိုခံပလာစတာများ ဖြင့်စည်းနှောင်ထားခြင်း၊
  တစ်ခါသုံးလက်အိတ်များသုံးခြင်း
၁၊ ၂။ ကျန်းမာရေးကောင်းမှ အလုပ်လုပ်ခြင်း
- တိုက်ဖွိုက်ရောဂါကို ၃ နှစ်တစ်ကြိမ်စစ်ဆေးခြင်း
- အသက် ၄၅ နှစ်ကျော်လျှင် ၃ နှစ်တစ်ကြိမ် တီဘီရောဂါရှိမရှိ စစ်ဆေးခြင်း
- ဖျားနာနေစဉ်၊ ၀မ်းလျှောနေစဉ် ချက်ပြုတ်ခြင်း၊ အစားအသောက်
  ပြင်ဆင်ခြင်းမှ ရှောင်ကြဉ်ခြင်း
- ဖျားနာလျှင် ဆရာဝန်ထံ အမြန်ပြခြင်း
၁၊ ၃။ ညစ်ပတ်သော၊ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိသော အပြုအမူ
       များကို ရှောင်ကြဉ်ခြင်း
- ဆေးလိပ်သောက်ခြင်း၊ တံတွေးထွေးခြင်း၊ နှာခေါင်းနှိုက်ခြင်း
- နားအတွင်း လက်ဖြင့်နှိုက်ခြင်း
- ဆံပင်သပ်ခြင်း၊ ခေါင်းဖြီးခြင်း
- အစားအသောက်များအနီး နှာချေခြင်း၊ ချောင်းဆိုးခြင်း
- ချွေးများကို လက်ဖြင့်သုတ်ခြင်း
- အစားအသောက်များအတွင်း ပြုတ်ကျနိုင်သည့် လက်စွပ်၊ လက်ကောက်
  စသည့် လက်ဝတ်ရတနာများ ၀တ်ဆင်ခြင်း
- လက်ညှိုးဖြင့်နှိုက်၍သော်လည်းကောင်း၊ ယောက်မကို လက်ဖြင့်သပ်ပြီး
  သော်လည်းကောင်း ဟင်းမြီးခြင်း
အသုံးပြုရမည့် ကိရိယာများ
Ø  ဆပ်ပြာ၊ လက်ဆေးခွက်၊ လက်ဆေးဇလုံ
Ø  ဆံပင်အုပ်ဆောင်း၊ ဆံညှပ်များ
Ø  အေပၚ၀တ္အက်ႌ (apron)
Ø  ရေစိုခံပလာစတာများ
ဥပဒေစည်းမျဉ်းများ
Ø  Environmental Public Health Act
Ø  Environmental Public Health (Food Hygiene) Regulations
Ø  National Environment Agency Licensing requirements, including grading and demerit points systems
Ø  Ministry of Manpower occupational safety and health
လုပ်ကိုင်ရမည့်အစီအစဉ်
Ø လုပ်ငန်းခွင် တစ်ကိုယ်ရည်သန့်ရှင်းမှု
Ø အ၀တ်အစား
Ø ကူးစက်တတ်သော တီဘီရောဂါရှိမရှိ စစ်ဆေးခြင်း
ပါဝင်ပတ်သက်နေသူများ
Ø ကြီးကြပ်ရေးမှူးများ
Ø လုပ်ဖော်ကိုင်ဖက်များ
Ø ဖောက်သည်များ
ကြိမ်နှုန်း
မကြာခဏ
၂။ ကျွမ်းကျင်မှုနယ် (CE - Competency Element) - အစားအသောက်များ ပြင်ဆင်ရန်သုံးသည့် ကိရိယာများကို ကိုင်တွယ်အသုံးချခြင်း
၂၊ ၁။ ချက်ပြုတ်သည့် အိုးခွက်များ၊ ယောက်မ၊ဒါး၊ စဥ့်နီတုံး၊ ငြုပ်ဆုံ၊ အစားအသောက်များ ထည့်သည့် ပန်းကန်ခွက်ယောက်များ အစရှိ သည်တို့ကို ဆပ်ပြာ၊ ရေပူများသုံးလျှက် သေချာစွာ ဆေးကြောခြင်း
- ဟင်းသီးဟင်းရွက်၊ သားငါးအကြွင်းအကျန်များကို ဦးစွာသန့်ရှင်းခြင်း၊
- ရေဖြင့်အကြမ်းဆေးခြင်း၊ ဆပ်ပြာရေဖြင့် စိမ်ထားခြင်း၊
- အိုးခွက်ပန်းကန်များကို ရေသန့်ဖြင့် သေချာစွာဆေးကြောခြင်း၊
  အခြောက်ခံခြင်း
၂၊ ၂။ ချက်ပြုတ်သည့် အိုးခွက်များ၊ ယောက်မ၊ ဒါး၊ စဥ့်နီတုံး၊ ငြုပ်ဆုံ၊ အစားအသောက်ထည့်သည့် ပန်းကန်ခွက်ယောက် အစရှိသည်တို့ကို အသုံးပြုပြီးပြီးချင်း အချိန်မဆိုင်းဘဲ ချက်ချင်းဆေးကြောခြင်း
- ချက်ပြုတ်သော အိုး၊ ပန်းကန်ခွက်ယောက်စသည်တို့ကို ညသိပ်မထားဘဲ သုံးပြီးပြီးချင်း ဆေးကြောခြင်း
- စဥ့်နီတုံးနှင့် ဒါးတို့ကို အသားငါး စသည်တို့ကို တစ်ခါခုတ်ပြီးတိုင်း တစ်ခါဆေးခြင်း
၂၊ ၃။ ချက်ပြုတ်သော အိုးခွက်ပန်းကန်များကို ပန်းကန်စင်များ၊ ကြောင်အိမ်၊ ဘီရိုများထဲတွင် လုံခြုံစွာ သိမ်းဆည်းခြင်း
၂၊ ၄။ ချက်ပြုတ်ရာတွင် ကောင်းမွန်သော၊ အပြစ်အနာအဆာမရှိသော အိုးခွက်ပန်းကန်များကိုသာသုံးခြင်း
- ကွဲနေသောအိုးများ၊ ပန်းကန်များ၊ စဥ့်နီတုံးများကို လွှင့်ပစ်ခြင်း၊ အရိုးကျိုးနေသောဒါးများကို ပြင်ဆင်ခြင်း
- တစ်ခါသုံး ခွက်၊ ပန်းကန်၊ ဇွန်းများကို ပြန်မသုံးဘဲ သုံးပြီးသည်နှင့် လွှင့်ပစ်ခြင်း
၂၊ ၅။ လက်သုတ်ပုဝါများကို ခွဲခြားသုံးခြင်း
- အစားအသောက်ချက်ပြုတ်ရာတွင်သုံးသည့် ပုဝါ
- စားပွဲများသုတ်သည့် ပုဝါ
- လက်သုတ်သည့် လက်သုတ်ပုဝါ
၂၊ ၆။ ပန်းကန်ခွက်ယောက်များသုတ်သည့်ပုဝါ၊ စားပွဲခင်း၊ ပုဝါ၊ လက်သုတ်ပုဝါများကို ပုံမှန်လျှော်ဖွပ်ခြင်း
အသုံးပြုရမည့် ကိရိယာများ
Ø  ပန်းကန်ဆေးဆပ်ပြာ၊ လက်ဆေးဆပ်ပြာ
Ø  ပုဝါ၊ လက်သုတ်ပုဝါများ
Ø  ပန်ကန်ဆေးအင်တုံ
Ø  အိုးခွက်ပန်းကန်များတင်သည့်စင်၊ ကြောင်အိမ်၊ ဘီရို
ဥပဒေစည်းမျဉ်းများ
Ø  Environmental Public Health Act
Ø  Environmental Public Health (Food Hygiene) Regulations
Ø  National Environment Agency Licensing requirements, including grading and demerit points systems
Ø  Ministry of Manpower occupational safety and health
လုပ်ကိုင်ရမည့်အစီအစဉ်
Ø ပန်းကန်ခွက်ယောက်များဆေးခြင်း၊ လက်သုတ်ပုဝါ၊ ပုဝါများလျှော်ဖွပ်ခြင်း
Ø ဒါးများ၊ စဥ့်နီတုံးများအသုံးပြုပုံ
Ø ပျက်စီးနေသော၊ မကောင်းတော့သော အိုး၊ ပန်းကန် ခွက်ယောက်၊ ဒါးများကို ပစ်ခြင်း၊ ပြင်ဆင်ခြင်း
ပါဝင်ပတ်သက်နေသူများ
Ø ကြီးကြပ်ရေးမှူးများ
Ø လုပ်ဖော်ကိုင်ဖက်များ
ကြိမ်နှုန်း
မကြာခဏ
၃။ ကျွမ်းကျင်မှုနယ် (CE - Competency Element) - အစားအသောက်များကို ဘေးကင်းစွာ ချက်ပြုတ်ခြင်း
၃၊ ၁။ သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးကောင်းသော ဟင်းချက် ပစ္စည်းများကို သုံးပါ။
- သင့်တော်သော အပူချိန်တွင် သိုလှောင်ထားသော ပစ္စည်းများ
- ရက်မလွန်သေးသောပစ္စည်းများ၊ ဆိုင်ပေါ်၌သိုလှောင်ထားချိန် မကြာသေးသော ပစ္စည်းများ
- မှိုတက်ခြင်း၊ ပိုးစားခြင်းတို့ကင်းသော ပစ္စည်းများ
၃၊ ၂။ ချက်ပြုတ်ရာတွင် သောက်၍ရသောရေကိုသာ သုံးခြင်း
၃၊ ၃။ ခဲနေသော အစားအသောက်များအား အရည်ဖျော်ခြင်း
- ရေခဲသေတ္တာအတွင်း၌ အရည်ပျော်စေခြင်း (အခန်းအပူချိန်၌ မဟုတ်)
- မချက်ပြုတ်မီ လုံးဝအရည်ပျော်သွားစေခြင်း
- ပျော်ကျလာသော ရေများအား သေချာစွာခံယူစွန့်ပစ်ခြင်း
၃၊ ၄။ အစားအသောက်များကို မချက်ပြုတ်မီ သေချာစွာဆေးကြောခြင်း
- ရေလောင်း၍ဆေးခြင်း
- ရေဇလုံအတွင်း နှစ်၍ဆေးခြင်း
- အခွံနွှာခြင်း နှင့် အခွံနွှာပြီးနောက် သေချာစွာဆေးခြင်း
၃၊ ၅။ ချက်ပြုတ်ရန် ဟင်းချက်ပစ္စည်းများကို ချက်ပြုတ်ရန်သတ်မှတ်ထား သောနေရာတွင်သာ ပြင်ဆင်ခြင်း
- ကြမ်းပေါ်တွင် လုပ်ကိုင်ခြင်းကို ရှောင်ကြဉ်ခြင်း
- အိမ်သာ၊ ရေမြောင်းစသည့်အနီးအနားတို့တွင် မလုပ်ကိုင်ခြင်း
၃၊ ၆။ ပိုးမွှားများ မကူးစက်နိုင်စေရန် သားစိမ်း၊ ငါးစိမ်းများခုတ်သည့် စဥ့်နီတုံးနှင့် ချက်ပြုတ်ပြီးသား ဟင်းလျာများလှီးသည့် စဥ့်နီတုံးကို ခွဲခြားထားပါ။
၃၊ ၇။ အသားကြိတ်စက်များကို စာကပ်ပြီး သီးခြားခွဲထားပါ။
၃၊ ၈။ အစားအစာကို သေချာစွာ ကျက်အောင် ချက်ပြုတ်ပါ။
- ချက်ပြုတ်ရာတွင် လိုအပ်သော အပူချိန်ရပါစေ။
- ကောင်းစွာကျက်ရန်လိုအပ်သော အချိန်အပြည့်အ၀ ချက်ပါ။
၃၊ ၉။ ဟင်းများကို ကောင်းစွာ ပြန်နွှေးခြင်း
- အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ်ဖြင့် အနည်းဆုံး ၂ မိနစ်ကြာအောင် နွှေးပါ။
- အစားအသောက်တစ်ခုတည်းကို တစ်ရက်အတွင်း အကြိမ်ကြိမ် ပြန်နွှေးခြင်း မလုပ်ပါနှင့်။ သို့မဟုတ် အကြိမ်ကြိမ်ပြန်နွှေးပြီး ၂ ရက်၊ ၃ ရက် ကြာအောင် သိမ်းဆည်းထားခြင်းမျိုး မလုပ်ပါနှင့်။
၃၊ ၁၀။ အန္တရာယ်များသည့်အစားအသောက်များကို သေချာစွာကိုင်တွယ် ချက်ပြုတ်ပါ။
- အခွံပါသောပင်လယ်စာများ၊ ယောက်သွား၊ ခရု၊ ပြည်ကြီးငါး၊ ကျောက်ပုစွန် စသည်
- ကြက်သားအစိမ်းနှင့် ကြက်ဥများ
- အသားစိမ်းများနှင့် အသားအခြေခံ စားသောက်ကုန်များ
- အစိမ်းစား သို့မဟုတ် မကျက်တကျက်အစားအသောက်များ၊ ဥပမာ - ဆလပ်ရွက်၊ သခွားသီး၊ နို့၊ ကြက်ဥအကာကျက် စသည်
အသုံးပြုရမည့် ကိရိယာများ
Ø  လက်အိတ်များ
Ø  သာမိုမီတာ
Ø  ဒါး၊ စဥ့်နီတုံး၊ အခွံနွှာဒါး စသည်
Ø  ရေခဲသေတ္တာ၊ မီးဖို၊ မွှေစက်၊ ငြုပ်ဆုံ၊ ငြုပ်ကျည်ပွေ့၊ အသားကြိတ်စက် စသည်
ဥပဒေစည်းမျဉ်းများ
Ø  Environmental Public Health Act
Ø  Environmental Public Health (Food Hygiene) Regulations
Ø  National Environment Agency Licensing requirements, including grading and demerit points systems
Ø  Ministry of Manpower occupational safety and health
လုပ်ကိုင်ရမည့်အစီအစဉ်
Ø အစားအသောက်ဆေးကြောခြင်း
Ø ရေခဲအရည်ဖျော်ခြင်း
Ø အသားကြိတ်ခြင်း
Ø ထမင်းဟင်းချက်သည့်အပူချိန် ညှိခြင်း
Ø အန္တရာယ်များသည့် အစာများကို ချက်ပြုတ်ခြင်း
ပါဝင်ပတ်သက်နေသူများ
Ø ကြီးကြပ်ရေးမှူးများ
Ø လုပ်ဖော်ကိုင်ဖက်များ
ကြိမ်နှုန်း
မကြာခဏ
၎။ ကျွမ်းကျင်မှုနယ် (CE - Competency Element) -အစားအသောက်များကို ဘေးကင်းစွာ ပြင်ဆင်ခြင်း
၎၊ ၁။ အသင့်စားနိုင်သောအစားအသောက်များ၊ ချက်ပြုတ်ပြီး အစားအစာ များကို ကိုင်တွယ်၊ ပြင်ဆင်ရာတွင် တစ်ခါသုံးလက်အိတ်များ သုံးပါ။
- လက်အိတ်များ စုတ်ပြဲ၊ ညစ်ပတ်နေလျှင် အသစ်လဲပါ။
- သားစိမ်း၊ ငါးစိမ်းကိုင်သောလက်အိတ်နှင့် ချက်ပြုတ်ပြီးအစားအသောက် များကိုင်သော လက်အိတ်ကို ခွဲထားပါ။
၎၊ ၂။ အစားအသောက်များပြင်ဆင်ရာတွင် ဘေးမကင်းသည့် အပြုအမူ များကို ရှောင်ပါ။ ဥပမာ -
- ပလတ်စတစ်အိတ်များဖွင့်ရန် အိတ်ကို လေဖြင့်မှုတ်ခြင်း၊ လက်ကို တံတွေးဆွတ်ပြီး ပွတ်ခြင်း
- လက်အိတ်မပါဘဲ အစားအသောက်များကို ကိုင်တွယ်ခြင်း
- အစားအသောက်များပြင်နေစဉ် ပိုက်ဆံကိုင်တွယ်ခြင်း
- အစားအသောက်များကို မဖုံးအုပ်ဘဲထားသဖြင့် ယင်နားခြင်း၊ ပုရွက်ဆိတ် များတက်ခြင်း၊ ပိုးဟပ်များလာခြင်း၊ ဖုံတက်ခြင်း၊ ကြမ်းပြင်ပေါ် ဖိတ်စဉ် ကျခြင်း
- အသစ်ရောက်လာသော ဟင်းသီးဟင်းရွက်များကို လက်ကျန် ဟင်းသီး ဟင်းရွက်များနှင့် ရောထားခြင်း
၎၊ ၃။ အစားအသောက်များ သယ်ခြင်း၊ ပြင်ဆင်ခြင်းအတွက် ပန်းကန်၊ ဇွန်း၊ ဗန်း၊ ဖန်ခွက် စသည်တို့ကို သုံးပါ။
- ခွက်များကို လက်ဖြင့်မကိုင်ဘဲ ညှပ်ဖြင့်ကိုင်တွယ်ခြင်း
- ဖန်ခွက်များသယ်ရန် ဗန်းများသုံးခြင်း
- အစားအသောက်များ ပေးခြင်း၊ ယူခြင်း၊ ပြင်ခြင်းတို့အတွက် ဇွန်း၊ ခက်ရင်း၊ ဒါးများသုံးခြင်း
၎၊ ၄။ အန္တရာယ်များသည့်အစားအသောက်များကို သေချာစွာပြင်ဆင်ပါ။
- အခွံပါသောပင်လယ်စာများ၊ ယောက်သွား၊ ခရု၊ ပြည်ကြီးငါး၊ ကျောက်ပုစွန် စသည်
- ကြက်သားအစိမ်းနှင့် ကြက်ဥများ
- အသားစိမ်းများနှင့် အသားအခြေခံ စားသောက်ကုန်များ
- အစိမ်းစား သို့မဟုတ် မကျက်တကျက်အစားအသောက်များ၊ ဥပမာ - ဆလပ်ရွက်၊ သခွားသီး၊ နို့၊ ကြက်ဥအကာကျက် စသည်
၎၊ ၅။ အစားအသောက်များကို သေချာစွာ ထုပ်ပိုးပါ။
- သန့်ရှင်းပြီး အရည်အသွေးကောင်းသော ထုပ်ပိုးပစ္စည်းများကို သုံးပါ။
- အစားအသောက်များကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ရမည် ဆိုလျှင် နှုတ်ခမ်းပါသည့်အဖုံး (အလွယ်တကူ ကျွတ်မထွက်နိုင်) ပါသော ဘူးများ သုံးပါ။
- အစားအသောက်များထုပ်ပိုးရာတွင် သံဝါယာကြိုး၊ တွယ်ချိတ်၊ အပ် စသော သတ္တုပစ္စည်းများ မသုံးပါနှင့်။
- အစားအသောက်များ သိုလှောင်တော့မည်ဆိုလျှင် အိုး၊ ပန်းကန်ခွက် ယောက်များအတွင်းမှ ပန်းကန်ထဲသို့လှယ်ထည့်ပါ။
၎၊ ၆။ အစားအသောက်များကို တည်ခင်းပြသရာတွင် လုံခြုံပါစေ။
- အစားအသောက်များ ခင်းကျင်းပြသရာတွင် အဖုံးအကာပါသော မှန်ဘီရို သုံးပါ။
- အစားအသောက်များကို တာရှည် (တစ်နေ့လုံး) ပြသထားရမည်ဆိုလျှင် သတ်မှတ်ထားသော အပူချိန်တစ်ခုတွင် ထိန်းသိမ်းထားပါ။
၎၊ ၇။ အစားအသောက်များကို တစ်နေရာမှ တစ်နေရာသို့သယ်ယူရာတွင် အန္တရာယ်ကင်းစေရန် သေချာစွာထုပ်ပိုးပါ။
- သယ်ယူပို့ဆောင်မည့်ယာဉ်တွင် အစားအသောက်များသယ်ယူရန် စင်များ၊ သေတ္တာများ သေချာစွာပါရှိပါစေ။
- အစားအသောက်ထည့်သည့် ဘူးများတွင် ကျွတ်မထွက်နိုင်သော ရေလုံ သည့်အဖုံးများ ပါပါစေ။
- အစားအသောက်သယ်မည့်ယာဉ်ကို သန့်ရှင်းစွာထားပါ။
- အစားအသောက်သယ်မည့်ယာဉ်ကို အစားအသောက်များသယ်ရန် အတွက်သာ သုံးပါ။ အခြားပစ္စည်းများ မသယ်ရ။
အသုံးပြုရမည့် ကိရိယာများ
Ø  လက်အိတ်
Ø  ယောက်ချိုဇွန်း၊ ယောက်မ၊ ညှပ် စသည့်ပစ္စည်းများ
Ø  အစားအသောက် ထုပ်ပိုးပစ္စည်းများ
Ø  သားရေကွင်း၊ ပလတ်စတစ်ကြိုး စသည့် ချည်နှောင် သည့် ပစ္စည်းများ
Ø  အစားအသောက်ထည့်သည့် ဘူးများ၊ ဥပမာ - စက္ကူ ဘူး၊ ပလတ်စတစ်ဘူး စသည်
ဥပဒေစည်းမျဉ်းများ
Ø  Environmental Public Health Act
Ø  Environmental Public Health (Food Hygiene) Regulations
Ø  National Environment Agency Licensing requirements, including grading and demerit points systems
Ø  Ministry of Manpower occupational safety and health
လုပ်ကိုင်ရမည့်အစီအစဉ်
Ø ဆန်ကို ကိုင်တွယ်ချက်ပြုတ်ခြင်း
Ø အန္တရာယ်ရှိသောပစ္စည်းများကို ကိုင်တွယ် ချက်ပြုတ်ခြင်း
ပါဝင်ပတ်သက်နေသူများ
Ø ကြီးကြပ်ရေးမှူးများ
Ø လုပ်ဖော်ကိုင်ဖက်များ
Ø ဖောက်သည်များ
ကြိမ်နှုန်း
မကြာခဏ
၅။ အစားအသောက်များကို ဘေးကင်းစွာ သိုလှောင်ခြင်း
၅၊ ၁။ သားစိမ်း၊ ငါးစိမ်း၊ ဟင်းသီးဟင်းရွက်များကို သင့်တော်သော ပုံး၊ သေတ္တာများအတွင်း ထည့်သွင်းသိမ်းဆည်းပါ။
- ထုပ်ပိုးပစ္စည်းများသည် သန့်ရှင်းပြီး အရည်အသွေးကောင်းပါစေ။
- အသားငါးများထည့်သည့် ဘူး၊ ခွက်များတွင် နှုတ်ခမ်းပါသော အဖုံး ရှိပါစေ။
- ချက်ပြုတ်မည့် အိုးခွက်များနှင့် သားစိမ်းငါးစိမ်းများ မသိုလှောင်ရ။
၅၊ ၂။ အစားအသောက်များကို သင့်တော်သော အပူချိန်တွင်ထားပါ။
- အပူပေးခြင်းအတွက် အပူချိန်သည် ၆၀ ဒီဂရီစင်တီဂရိတ် အထက်တွင် ရှိရမည်။
- အေးခဲထားမည့် အပူချိန်သည် ၄ ဒီဂရီစင်တီဂရိတ်ထက် မပိုရ။
၅၊ ၃။ အစားအသောက်များကို သင့်တော်သော အပူချိန်တွင် ထားပါ။
- ခဲထားရန်လိုသည့်အသားငါးများ = - ၁၂ ဒီဂရီစင်တီဂရိတ်ထက် မပိုရ။
- ရေခဲမုန့် = - ၂ ဒီဂရီစင်တီဂရိတ်ထက် မပိုရ။
- အေးခဲထားရန်လိုသည့် အသားငါးစိမ်းများ = ၀ မှ ၄ ဒီဂရီစင်တီဂရိတ်။
- ရေခဲပျော်ရန်ထားသည့် အသားငါးများ = ၀ မှ ၄ ဒီဂရီစင်တီဂရိတ်။
- နို့နှင့် နို့ထွက်ပစ္စည်းများ = ၇ ဒီဂရီစင်တီဂရိတ်ထက် မပိုရ။
- အသီးအရွက်များကို လတ်ဆတ်နေစေရန် အပူချိန်ကို ချိန်ညှိထားပါ။
၅၊ ၄။ အသားငါးများကို ပုပ်သိုးမသွားစေရန် အအေးခန်းထဲတွင်ထားပါ။
- ချိန်ထားသောအပူချိန်ကို စစ်ဆေးပါ။
- ချက်ပြုတ်ပြီးသားအစားအစာများကို အပေါ်စင်တွင် မချက်ရသေးသော အစားအစာများကို အောက်ဘက်ရှိစင်တွင် ထားပါ။
- အစားအသောက်များကိုအေးခဲထားစဉ် တစ်ခုနှင့်တစ်ခု ဆင့်မထားပါနှင့်။
- အမျိုးအစားမတူသော အသားငါးများကို သီးခြားစီ ခွဲထားပါ။
၅၊ ၅။ အသားများကို ကြာရှည်ခံရန် အေးခဲထားပါ။ (freezed)
- ချိန်ထားသောအပူချိန်ကို စစ်ဆေးပါ။
- အအေးခန်းအဖုံး၊ တံခါးများကို သေချာစွာပိတ်ပါ။
- ပစ္စည်းများကို တစ်ခုနှင့်တစ်ခု ထပ်မထားပါနှင့်။
- အသားများကို အတုံးငယ်များတုံးပြီးမှ အအေးခံပါ။
၅၊ ၆။ ကုန်ခြောက်များကို ဘေးကင်းစွာသိုလှောင်ပါ။
- ပစ္စည်းတင်သည့်စင်သည် ကြမ်းပြင်မှ အနည်းဆုံး ၁ ပေ မြင့်ရမည်။
- ပြတင်းပေါက်ဘောင်များပေါ်တွင် ချက်ပြုတ်ပစ္စည်းများ တင်မထားရ။
- ချက်ပြုတ်ပစ္စည်းများကို ရေပိုက်၊ မိလ္လာပိုက်များအောက်တွင် မထားရ။
- ချက်ပြုတ်ပစ္စည်းများကို ထုတ်သည့်အခါ ညှပ်များသုံးပြီး ဆွဲထုတ်ပါ။
- ဖိတ်စဉ်ကျသည်များကို ချက်ချင်းဆေးကြောရှင်းလင်းပါ။
- ဘူးများ၏အဖုံးများကို တင်းကြပ်စွာပိတ်နေပါစေ။
- ချက်ပြုတ်ပစ္စည်းများနှင့် သန့်ရှင်းရေးပစ္စည်းများ၊ ခြင်ဆေးဘူးများ၊ ကြွက်ဆေးများ စသည်တို့ကို ရောမထားပါနှင့်။ သီးသန့်ခွဲထားပါ။
- အိမ်သာခန်း၊ စတိုခန်း၊ မော်တာခန်းစသည်တို့တွင် ချက်ပြုတ် ပစ္စည်းများကို သိုလှောင်မထားပါနှင့်။
၅၊ ၇။ FIFO စည်းမျဉ်းကို လိုက်နာပါ။ (FIFO = First In First Out) (အရင်ရောက်တဲ့ပစ္စည်းကို အရင်သုံး)
- ယခင်လက်ကျန်ပစ္စည်းများကို ဦးစွာသုံးပြီး နောက်မှရောက်လာသည့် ပစ္စည်းများကို နောက်မှသုံးနိုင်ရန် စီစဉ်ထားပါ။
- ပစ္စည်းများပေါ်တွင် ၀ယ်ယူသည့်ရက်စွဲကို မှတ်ထားပါ။
အသုံးပြုရမည့် ကိရိယာများ
Ø  သာမိုမီတာ
Ø  ရေခဲသေတ္တာ၊ ချေလာ၊ အေးခဲစက်၊ နွှေးစက် စသည်
Ø  စင်များ၊ ထမင်းဘူးများ၊ တံဆိပ်များ
Ø  ယောက်ချိုဇွန်းများ၊ ဇွန်းကြီးများ
Ø  အစားအသောက် ထုပ်ပိုးပစ္စည်းများ
ဥပဒေစည်းမျဉ်းများ
Ø  Environmental Public Health Act
Ø  Environmental Public Health (Food Hygiene) Regulations
Ø  National Environment Agency Licensing requirements, including grading and demerit points systems
Ø  Ministry of Manpower occupational safety and health
လုပ်ကိုင်ရမည့်အစီအစဉ်
Ø အစားအသောက်များက သိုလှောင်နည်း
ပါဝင်ပတ်သက်နေသူများ
Ø ကြီးကြပ်ရေးမှူးများ
Ø လုပ်ဖော်ကိုင်ဖက်များ
ကြိမ်နှုန်း
မကြာခဏ
၆။ ကျွမ်းကျင်မှုနယ် (CE - Competency Element) -အစားအသောက်များသိုလှောင်သည့်နေရာ၊ ချက်ပြုတ် ပြင်ဆင်သည့်နေရာ၊ တည်ခင်း ကျွေးမွေးသည့်နေရာများကို ကောင်းစွာ ထိန်းသိမ်းခြင်း
၆၊ ၁။ ကြမ်းပြင်အား သန့်ရှင်းခြောက်သွေ့စွာထားပါ။
- သန့်ရှင်းခြောက်သွေ့သော ဖျာများသုံးပါ။
၆၊ ၂။ ရေမြောင်းများအား အမြဲသန့်ရှင်းစွာထားပါ။
- ရေဆိုးထွက်ပေါက်များအား ဇကာများဖြင့် ဖုံးအုပ်ထားပါ။
- ရေမြောင်းများအား ကြွက်များ၊ ပိုးဟပ်များမ၀င်နိုင်အောင် ကာကွယ်ထားပါ။
၆၊ ၃။ အစားအသောက် ချက်ပြုတ်ရာ၊ သိုလှောင်ရာနေရာများကို ကြွက် များ၊ ပိုးဟပ်များ၊ ပုရွက်ဆိတ်များ မ၀င်နိုင်စေရန် အကာအကွယ် အတား အဆီးများ ပြုလုပ်ထားပါ။
- မလိုအပ်သော ပုံးများ၊ ခွက်များ၊ အိတ်များကို လွှင့်ပစ်ပါ။
- ပိုးမွှားများ၊ ကြွက်များခိုအောင်းမနေနိုင်စေရန် တံခါးများချောင်နေခြင်း၊ နံရံနှင့်ကြမ်းခင်းများ ပေါက်နေခြင်း စသည်တို့ကို ပြင်ဆင်ပါ။
- ရေထွက်ပေါက်၊ ရေမြောင်းစသည်တို့ကို ဖုံးအုပ်ထားပါ။
- သေတ္တာများ၊ ပုံးများ၊ သတင်းစာစက္ကူအထပ်များကို အစားအသောက် များနှင့် ရောမထားပါနှင့်။
- အစားအသောက်ပြင်ဆင်ရာနေရာတွင် မဆေးကြောပဲထားသော ညစ်ပတ်နေသည့် အိုးခွက်ပန်းကန်များ၊ အင်တုံများ၊ ဒါးများ၊ ကပ်ကြေးများ၊ ယောက်မများ၊ စဥ့်နီတုံးများ၊ ငြုပ်ဆုံများ စသည့် ဟင်းချက်ပစ္စည်းများကို မထားပါနှင့်။
၆၊ ၄။ ဟင်းချက်ပစ္စည်း (ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန် စသည်) ထားသိုသည့် နေရာကို ခြောက်သွေ့သန့်ရှင်းစွာ ထားပါ။
- ထားသိုသည့်နေရာကို အမြဲလှဲကျင်း၊ သန့်ရှင်းပါ။ ရေပတ်တိုက်ပါ။
- စင်များ၊ ကြောင်အိမ်၊ ဘီရိုများကို အမြဲတိုက်ချွတ်နေပါ။
- ရေခဲခန်း၊ အအေးခန်းအတွင်း ၀င်ဝကို အမြဲရေပတ်တိုက်ပါ။
- အစားအသောက်များပြထားသော စင်ကို အမြဲတိုက်ချွတ်နေပါ။
- အစားအသောက်များ သယ်ယူပို့ဆောင်သောယာဉ်ကို အမြဲရေဆေးခြင်း၊ သန့်ရှင်းခြင်း၊ လေစုပ်စက်ဖြင့် စုပ်ယူခြင်းတို့ လုပ်ပါ။
၆၊ ၅။ အမှိုက်များကို သိမ်းဆည်းပါ။
- အမှိုက်များကို အမှိုက်အိတ်နှင့်ထည့်ပါ။
- အမှိုက်တောင်း၊ အမှိုက်ပုံးများကို အမြဲ အဖုံးဖုံးထားပါ။
- အမှိုက်တောင်း/ပုံးများနှင့် ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။ ခြေဖြင့်နင်းဖွင့်ရသော အဖုံးပါသည့် အမှိုက်ပုံးကို သုံးပါ။
- အမှိုက်ပုံးကို အမြဲသွန်ပါ။ အမှိုက်များလျှံကျမနေပါစေနှင့်။
အသုံးပြုရမည့် ကိရိယာများ
Ø  တံမြက်စည်း၊ ရေပတ်တိုက်တံများ
Ø  ဆပ်ပြာမှုန့်
Ø  အမှိုက်တောင်း၊ အမှိုက်အိတ်
Ø  ရေသန့်ပစ္စည်းများ
ဥပဒေစည်းမျဉ်းများ
Ø  Environmental Public Health Act
Ø  Environmental Public Health (Food Hygiene) Regulations
Ø  National Environment Agency Licensing requirements, including grading and demerit points systems
Ø  Ministry of Manpower occupational safety and health
လုပ်ကိုင်ရမည့်အစီအစဉ်
Ø သန့်ရှင်းရေး
Ø ပိုးကောင်မွှားကောင်များအား ထိန်းသိမ်းခြင်း
ပါဝင်ပတ်သက်နေသူများ
Ø ကြီးကြပ်ရေးမှူးများ
Ø လုပ်ဖော်ကိုင်ဖက်များ
ကြိမ်နှုန်း
မကြာခဏ
            လက်တွေ့ဆောင်ရွက်မှု မှတ်ကျောက်များ (Performance Criteria - PC) ကို လက်တွေ့ဆောင်ရွက်စေခြင်းဖြင့် အကဲဖြတ် ပါသည်။ ဤသို့အကဲဖြတ်ရာတွင် လက်တွေ့ဆောင်ရွက်ပြမှု (Practical Performance, Role Play), လုပ်ငန်းခွင်အတွင်း ကွင်းဆင်း လေ့လာမှု (Field Observation) စသည်တို့ ပြုလုပ်ခိုင်းကာ အကဲဖြတ်၏။
နိဂုံး
            အထက်ဖော်ပြပါ စင်ကာပူနိုင်ငံမှ National Competency Standard for “Follow Food and Beverage Safety and Hygiene Policies and Procedures” ကို ကြည့်လျှင် အလွန်ပြည့်စုံစွာ ရေးဆွဲထားသည်ကို တွေ့နိုင်ပါသည်။ ဤကဲ့သို့ ပြည့်စုံစွာရေးဆွဲထားခြင်းဖြင့် ဤသင်တန်းမှဆင်းလာသူအား ကောင်းမွန်စွာ တတ်ကျွမ်းနားလည်ပြီးသူဟု ယူဆ၍ ရပါသည်။ သို့သော် လက်တွေ့အကောင်အထည်ဖော်မှု၊ လိုက်နာမှုရှိမရှိကိုလည်း စစ်ဆေးနေရန် လိုသေး၏။
            စင်ကာပူတွင် အစားအသောက်ရောင်းချခြင်းကို ကြီးကြပ်သူမှာ NEA (National Environment Agency) ဖြစ်၏။ စားသောက်ဆိုင်၏ သန့်ရှင်းမှုကို အမှတ်ပေးစနစ်ဖြင့် သတ်မှတ်သည်။ အမှတ် ၄၀ မှ ၄၉ မှတ်ထိကို အဆင့် D ။ အမှတ် ၅၀ မှ ၆၉ မှတ်ထိကို အဆင့် C ။  အမှတ် ၇၀ မှ ၈၄ မှတ်ထိကို အဆင့် B ။  အမှတ် ၈၅ နှင့်အထက်ကို အဆင့် A ဟု သတ်မှတ်သည်။ ထိုအဆင့်များကို ဆိုင်ရှေ့ တွင် ကပ်ထားရသည်။
            သတ်မှတ်ထားသော စည်းကမ်းနှင့်မညီလျှင် အမှတ်လျှော့သည်။ အသေးစားချိုးဖောက်မှု - ၂ မှတ်။ အလတ်စားချိုးဖောက်မှု - ၄ မှတ်။ အကြီးစားချိုးဖောက်မှု - ၆ မှတ်။ တစ်နှစ်အတွင်း ၁၂ မှတ်အလျှော့ခံရလျှင် လိုင်စင်ကို ၂ ပတ်မှ ၄ ပတ်ထိ ဆိုင်းငံ့ထားနိုင်သည်။ သို့မဟုတ် လိုင်စင်ကို ရုပ်သိမ်းနိုင်သည်။
အစားအသောက်လုပ်ငန်းသာမက အခြားသော လုပ်ငန်းများကိုလည်း ထို National Competency Standard ဖြင့် သတ်မှတ် ထား၏။ လုပ်ငန်းတစ်ခုလုပ်ရာတွင် ထိုသင်တန်းတက်ပြီးသား competent person များကို လုပ်ကိုင်စေသည်။ ဤသို့ဖြင့် အရည်အသွေး ပြည့်ထုတ်ကုန်နှင့် ၀န်ဆောင်မှုများရလာသည်။ ဤသို့ဖြင့် တိုင်းပြည်၏ အဆင့်အတန်းကို မြှင့်နိုင်သည်။
            သြစတေးလျနိုင်ငံ၌ဆိုလျှင် ရေးဆွဲထားသော competency standard များမှာ အလွန်များပြားလှပါသည်။ ရာဂဏန်းတော်တော် များများရှိမည်ထင်ပါသည်။ ဂဟေဆော်ခြင်းတစ်မျိုးတည်းပင်လျှင် အမျိုးပေါင်း ၁၀၀ ကျော်ရှိ၏။ အောက်တွင် နမူနာအချို့ကို ဖော်ပြထားပါ သည်။
မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဗီယက်နမ်တို့တွင်လည်း National Competency Standard ရေးဆွဲ ကျင့်သုံးရန် ကြိုးစားလျှက်ရှိသည်ကို တွေ့ရပါသည်။ သို့တိုင် National Competency Standard မှာ ကဏ္ဍပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံအလိုက် အလွန်ကျယ်ပြန့်လှသည်ဖြစ်ရာ အပြည့်အစုံရေးဆွဲနိုင်ခြင်းမရှိသေးသည်ကို တွေ့ရပါသည်။
            ထို့ကြောင့် မြန်မာနိုင်ငံမှ ထုတ်ကုန်နှင့် ၀န်ဆောင်မှုအရည်အသွေးများကို ကမ္ဘာ့စံနှုန်းများနှင့် ရင်ဘောင်တန်းနိုင်စေရန် မြန်မာ့ အမျိုးသားကျွမ်းကျင်မှုစံနှုန်း (National Competency Standard) ကို ရေးဆွဲချမှတ် ကျင့်သုံးရန် အချိန်တန်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ရပါသတည်း။
အေးငြိမ်း (လေးမျက်နှာ)
ရည်ညွှန်းကိုးကား စာအုပ်စာတမ်းများ
၁။ WSQ (Singapore) - Interpretation Of WSQ Competency Standards for Training and Assessment
၃။ https://www.wshc.sg
No comments:
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!