Popular Posts!

Wednesday, July 16, 2014

(၄)ကြွင်းမဟာဘုတ် ဖွားများ၏ ယေဘူယျဝိသေသ လက္ခဏာများ


ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၄) ဖြစ်ပါက (၄)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ်ထဲမှ (၆၃၈)ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ် ရပါသည်။ အကယ်၍ ကိုယ်မွေးရက်မွေးလသည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီဖြစ်ပါက (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁) အတွင်း မွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။ 
(၄)ကြွင်းဖွားမှန်ရင် လူမှုဆက်ဆံရေး ကောင်းမယ်။ ပါးနပ်လိမ္မာမယ်။ အပေါင်း အသင်းဆန့်မယ်။ လူသိ အလွန်များတယ်။ ဘယ်လို လူမျိုးနဲ့မဆို ပေါင်းနိုင် သင်းနိုင်တယ်။ စကားပြောလည်း အလွန် လိမ္မာပါးနပ်မယ်။ လူကဲခပ် အလွန် ကောင်းတယ်။ လူကောင်းလူဆိုး ချက်ခြင်း သိနိုင်စွမ်းရှိတတ်တယ်။ ဖြောင်းဖြ ပြောဆိုတတ်တယ်။ ခပ်ရှင်းရှင်းပြောရရင်တော့ (၄)ကြွင်းဖွားတွေဟာ လူရည် လည်သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ မိဘ ဆရာ သမားတွေရဲ့ ဂုဏ်ကျေး ဇူးကို အထူးသိတတ်သူများလည်းဖြစ်တယ်။ လူကြီးသူမတွေကို ရိုသေကိုင်းရှိုင်းတတ်မယ်။
(၄)ကြွင်းဖွားတွေဟာ ငယ်စဉ်ကာလမှာ မိဘ၊ ဦးလေးအဒေါ်၊ အဖိုးအဖွားများရဲ့ အထူးချစ်ခင်မှု ၊ အလိုလိုက်မှုတွေကို အများဆုံး ခံကြရတတ်လေ့ရှိတယ်။ ကျန်တဲ့ အကြွင်းဖွားတွေရဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူတို့ရဲ့ ငယ်စဉ်ဘဝဟာ အဆင်ပြေ ချောမွေ့တာက ပိုများပါတယ်။ မိဘတွေ အိမ်ထောင်ရေး၊ စီးပွားရေးတွေ အဆင်ပြေနေချိန်မှာ မွေးဖွားလာတတ်ကြ တယ်။ ဒါမှ မဟုတ် သူတို့ မွေးဖွားပြီးချိန်ကစပြီး မိဘတွေ စီးပွားတတ်လာတတ်တယ်။
(၄)ကြွင်းဖွားတွေဟာ ငွေ၊ ဂုဏ်၊ အာဏာအခွင့်အရေးများကို မက်မော အထင်ကြီးလွယ်တယ်။ ချမ်းသာဖို့၊ အောင်မြင်ဖို့ အတွက်ဆိုရင် ဖြတ်လမ်းလိုက်တတ်တယ်။ ဘာမဆို လုပ်ရဲတဲ့ သတ္တိရှိတယ်။ (၄)ကြွင်းဖွားတွေဟာ အာဏာရှိသူများနှင့် အကျွမ်းတဝင်ဖြစ်လွယ်ပြီး အခွင့်အရေး များကိုလည်း ရအောင် ယူတတ်တယ်။ (၄)ကြွင်းဖွားအတော်များများဟာ လောဘ သက္ကာယ ကြီးမားတတ်ကြပြီး ကြီးပွားချမ်းသာလိုစိတ် ပြင်းထန်တတ် ကြတယ်။ ဘယ်လောက်ချမ်းသာချမ်းသာ ရောင့်ရဲ နိုင်တယ် မရှိအောင်ကို ဖြစ်တတ်တဲ့ (၄)ကြွင်းတွေလည်း တော်တော်များများတွေ့ရတတ်တယ်။
(၄)ကြွင်းဖွားတွေဟာ မိမိဘဝတိုးတက်အောင်မြင်ရေးအတွက် ကိုယ်ကျင့်တရားကို ဖောက်ဖျက်ဖို့ ဝန်မလေးသူများ ဖြစ်တတ် တယ်။ ကတိမတည်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း တွေကို (၄)ကြွင်းဖွားတွေမှာ အများဆုံးတွေ့ရတတ်တယ်။ သူများပိုင်ငွေ၊ ဥစ္စာပစ္စည်းတွေကို အလွဲသုံးစား ပြုလုပ် လွယ်တတ်တယ်။ သူတို့တစ်တွေ ဘဝပျက်ကြတာဟာ ဒီအချက်ကြောင့်ဘဲ ဆိုတာ တွေ့ရတယ်။ (၄)ကြွင်းဖွားတစ်ယောက်ဟာ နာမည်ပျက်သွားရင် ပြန်ပြီး နာလံထူဖို့ အလွန်ခဲယဉ်းတယ်။
ဒီအားနည်းချက်ကို စောင့်ထိန်းနိုင်တဲ့ (၄)ကြွင်းဖွားဖြစ်ရင်တော့ အလွန်ကြီးပွားတိုးတက်ပြီး ထိပ်တန်းရောက်အောင် အောင်မြင် တတ်တာဟာ အသေအချာပါဘဲ။ ဒါပေမဲ့ ဒီလို (၄)ကြွင်းသမားမျိုးကလည်း အလွန်ရှားလှပါတယ်။ ရှိတော့ရှိတယ် ရှားတယ်ပေါ့။
(၄)ကြွင်းဖွားတွေဟာ လူမှုဆက်ဆံရေး ကောင်းတယ်ဆိုပေမယ့် အပြင်ပန်းသာမန် ပေါင်းသင်းဆက်ဆံမှု အနေနဲ့တော့ ဟုတ်လိမ့်မယ်။ ဒါပေမဲ့ စီးပွားရေးပိုင်းမှာတော့ အတိုက်အခံ အလွန်များတတ်တယ်။ မိမိနဲ့ အစပိုင်းမှာ မိတ်ဆွေ၊ လုပ်ဖော် ကိုင်ဖက်ဖြစ်နေသူများသော်မှ နောက်ပိုင်းမှာ ရန်သူတွေ ဖြစ်လာတတ်တယ်။ အပေါင်းအသင်းများပေမဲ့ မိတ်ဆွေစစ် အလွန်ရှားတတ်တယ်။
(၄)ကြွင်းဖွားတွေဟာ လုပ်ငန်းအပေါ်မှာ စီမံခန့်ခွဲမှု ကောင်းတတ်ကြတယ်။ လုပ်ငန်းတစ်ခုကို အောင်မြင်အောင် လုပ်ကိုင် နိုင်စွမ်းရှိတတ်ကြတယ်။ မိမိကိုယ်တိုင် လုပ်ကိုင်ခြင်းထက် လက်အောက်ငယ်သားတွေကို ခိုင်းစေရာမှာ ပိုမိုကျွမ်းကျင် တတ်ကြ ပါတယ်။ စီးပွားရေး ဦးနှောက်ရှိတယ်။ လက်အောက်ငယ်သားတွေ အပေါ်မှာ ရက်ရောတယ်၊ ပေးကမ်း စွန့်ကြဲတတ်တယ်။ အခက်အခဲရှိရင် ကူညီတယ်။ ဒါကြောင့်  သူတို့မှာ သစ္စာရှိ တပည့်ကောင်းတွေ ရှိတတ်ကြတယ်။ သူတို့ ကိုယ်တိုင် ကလည်း အသုံးအစွဲ အလွန်ကြီးတယ်။ လက်ဖွာတယ်။ အကောင်းစား ပစ္စည်းတွေကိုသာ သုံးစွဲတတ်လေ့ရှိတယ်။ ပကာသန ကို မက်မောလွယ်တယ်။ လောကကြီးမှာ အသိပညာ၊ အတတ်ပညာ ဆည်းပူးခြင်း၊ လူ့လောက အကျိုးကို သည်ပိုး ခြင်းများထက် ကောင်းကောင်းနေ၊ ကောင်းကောင်းဝတ်၊ ကောင်းကောင်း စားသောက်ရခြင်းကို ပိုမိုခုံမင်တတ်တယ်။ တစ်ကိုယ်ကောင်း ဆန်သည်ဟုလည်း ဆိုနိုင်တယ်။ (၄)ကြွင်းဖွားတွေဟာ အပြင်ပန်းအနေနဲ့ ဆက်ဆံရေးကောင်းပြီး၊ ရက်ရောသဘောကောင်း သူတွေလို့ ထင်ရပေမဲ့ တကယ့်အရေးမှာ အနစ်နာ မခံနိုင်သူက ပိုများပါတယ်။
(၄)ကြွင်းဖွားတွေဟာ အိမ်ထောင်ရေးမှာလည်း ရှုတ်ထွေးပွေလီလှပါတယ်။ ဘဝမှာ ရုတ်တရက် အိမ်ထောင်ကျတတ်တယ်။ တရားမဝင် အိမ်ထောင်ကျခြင်းမျိုးကို (၄)ကြွင်းဖွားတွေ မှာ အများဆုံးတွေ့ရတတ်တယ်။ အိမ်ထောင်ရေး ကိစ္စကို လေးလေး နက်နက် တန်ဖိုးမထားတတ်ကြပါ။ မိမိ အိမ်ထောင်ဘက်ကို အလွန်ချစ်မြတ်နိုးသည့် (၄)ကြွင်းဖွားများပင် လိင်ကိစ္စ ရှုတ်ထွေးမှု များကို မစွန့်လွှတ်နိုင်ကြတာကို တွေ့ရပါတယ်။
(၄)ကြွင်းဖွား မိန်းကလေးများကျပြန်တော့ အိမ်ထောင်ရေး အထူးကံဆိုးသူများလို့ ဆိုရပါမယ်။ မိမိအိမ်ထောင်ဘက်ဟာ အိမ်ထောင့်တာဝန် မကျေပွန်သူများ၊ လိင်ကိစ္စဖောက်ပြန် ရှုတ်ထွေးသူများ ဖြစ်တတ်တာကို အများဆုံး တွေ့ကြုံရတတ် ပါတယ်။ နောက်ဆုံးမှာ အိမ်ထောင်ဘက်ဖြစ်သူကို အရွဲ့တိုက်ကာ မိမိကိုယ်တိုင်လည်း အိမ်ထောင်ရေး ဖောက်ပြန်မှု များကို ကျူးလွန် မိတတ်တာကို သတိပြုကြပါ။
(၄)ကြွင်းဖွားတွေဟာ မိမိသားသမီးများအပေါ်မှာ အလွန်ချစ်ခင်မြတ်နိုးကြသူများဖြစ်တတ်ကြတယ်။ တာဝန်လည်း ကျေပွန် တတ်ကြတယ်။ အချစ်ကြီးတယ်။ အလိုလိုက်မှုများတယ်။ ဒါပေမဲ့ နည်းလမ်းစနစ်တကျ လမ်းညွှန်တတ်တာမဟုတ်လို့ သူတို့ ကလေးတွေဟာ ငယ်စဉ်ကာလမှာ ဆိုးသွမ်းတတ်ကြတယ်။ ဒါပေမဲ့ (၄)ကြွင်းဖွားတွေဟာ အသက်ကြီးလာရင် သားသမီး တွေရဲ့ ကျေးဇူးသိတတ်မှုကို အထူးခံစားရတတ်တယ်။ သားသမီးကံ ကောင်းတယ်လို့ ဆိုရမယ်။
(၄)ကြွင်းဖွားတွေဟာ ဘဝ နိမ့်မြင့်တက်ကျ အလွန်များတတ်ကြပါတယ်။ တည်ငြိမ်အေးချမ်းသော ဘဝအခြေအနေမျိုးမှာ ပုံမှန် မရှိတတ်ကြပါဘူး။ (၄)ကြွင်းမှန်ရင် ဘဝမှာ လောကဓံ တရားတွေကို အနည်းနဲ့အများ ခံစားကြရပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ တစ်တွေဟာ အခက်အခဲမျိုးစုံကို ကျော်ဖြတ် နိုင်စွမ်းရှိကြပါတယ်။
(၄)ကြွင်းဖွားတွေ အထူးသတိပြုရမဲ့ ရောဂါတွေကတော့ သွေးနှင့် ပတ်သက်သော ရောဂါများ၊ နှလုံးရောဂါ၊ သွေးတိုးခြင်း၊ ဦးခေါင်းကိုက်ခြင်း၊လေဖြတ်ခြင်း၊ အမျိုးသမီးများတွင် သားပျက်ခြင်း၊ သားသမီး အဖတ်မတင်ခြင်း၊ သားအိမ်ရောဂါဖြစ်လွယ်ပြီး ခွဲစိတ်ကုသခံရခြင်း၊ များ ခံရတတ်ပါတယ်။ မတော်တဆထိခိုက်မှုများလည်း ဖြစ်လွယ်တတ်ပါတယ်။
(၄)ကြွင်းဖွားတွေအနေနဲ့ ဘဝမှာ အောင်မြင်လိုရင် လောဘစိတ်ကို လျော့ခြင်း၊ ကတိတည်ကြည်ခြင်း၊ အပေါ်ယံ ပကာသနများအပေါ် တပ်မက်မှုကို လျှော့ခြင်း၊ တစ်ကိုယ်ကောင်းစိတ် မမွေးခြင်း၊ အပြောနဲ့ အလုပ် ညီစေခြင်း၊ လိင်ကိစ္စ အပျော်အပါးများ လျော့နည်းစေခြင်း၊ မိမိအိမ်ထောင်ဘက်အပေါ် သစ္စာထားခြင်း၊ အခြားသူများ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်း ရသည့် အနေအထားတွင် အလွဲသုံးစား မပြုမိအောင် အထူးသတိထားခြင်းများ လိုက်နာကျင့်ကြံသင့်သည်။ အပေါ်ယံ ဆက်ဆံရေး ကောင်းမွန်မှုထက် လက်တွေ့ပါသော ကူညီမှု၊ စွန့်ကြဲပေးကမ်းမှုများကို ပြုလုပ်ပေးရမယ်။ အတွေးအခေါ် မြင့်မား စေမည့် စာအုပ်များကို ဖတ်ရှုလေ့လာသင့်ပါတယ်။ အထူးသဖြင့် ကတိတစ်ခု ပေးမိလျှင် မပျက်အောင် ထိန်းသိမ်း နိုင်မယ်ဆိုရင် ဘဝဟာ အောင်မြင်မှုတွေများများ ရရှိလာပါလိမ့်မယ်။
ကမ္ဘာကျော်တဲ့ (၄)ကြွင်းဖွားတွေရဲ့ စာရင်းကတော့ – အမေရိကန် သန်းကြွယ်သူဌေးကြီးဂျွန်ပီးယားပွန့်မော်ဂန် (Jr) ၊ ရေနံ သူဌေးကြီး ဂျွန်ဒီ ရောက်ဖဲလား၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျား ၊ မြန်မာနိုင်ငံရှိ ဂျပန်များကို တိုက်ထုတ်ရာမှာ အဓိကကျခဲ့သူ ဗြိတိသျှ ဗိုလ်ချုပ် အော်ဒီ ၀င်းဂိတ် ၊ ပူလစ်ဇာ ဆုကို တီထွင်ခဲ့သူ ဂျိုးဇက် ပူလစ်ဇာ ၊ ဟောလီးဝုဒ် မင်းသားတွေ ဖြစ်ကြတဲ့ မင်းသားကြီးမာလွန်ဘရန်ဒို ၊ မင်းသားကြီး လီးမာဗင် ၊ မိုက်ကယ် ဒေါက်ဂလပ်စ်၊ မော်ဂန် ဖရီးမင်း၊ ရော်ဘင် ၀ီလီယံ ၊ ဒတ်စတင် ဟော့ဖ်မန်း ၊ ကြေးနန်းကို တီထွင်ခဲ့သူ မာကိုနီ ၊ လကမ္ဘာ ပေါ်ကို ပထမဆုံး ခြေချနိုင်ခဲ့သူ နေးလ် အမ်စထရောင်း ၊ ဆီးရီးယား သမ္မတ ဟာဖစ် အာဆတ် ၊ ဘိုးရင်း လေယာဉ်ပျံ ကုမ္ပဏီ ကို တည်ထောင်ခဲ့သူ ၀ီလီယံ ဘိုးရင်း ၊ သိပ္ပံပညာရှင်မဒမ် မာရီ ကျူရီ ၊ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး ပထမဆုံး ရုရှားနိုင်ငံ သမ္မတ ဘောရစ် ယဲ့လ်ဆင် ၊ ကမ္ဘာကျော် Pop ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် ၊ ဟောလီးဝုဒ်မင်းသားဂျူဒ်လော ၊ ဂျိမ်းစ်ဘွန်းမင်းသားကြီး ရှောင်ကွန်နရီ ၊ ဟောလီးဝုဒ် မင်းသမီးချော ဘရွတ်ခ် ရှီးလ် ၊ ကင်မရွန်း ဒဇ် ၊ မော်ဒယ် စင်ဒီ ကရောဖို့ဒ် ၊ ဘောလုံးစတားတွေ ဖြစ်တဲ့မိုက်ကယ် အိုဝင် ၊ အန်ဒရီ ဘိုရိုနင် ၊ အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခိုမေနီ ၊ ဂီတပညာရှင်ကြီး မိုးဇက် ၊ လက်ဘနွန် ၀န်ကြီးချုပ် ရာဖစ်ဟာရီရီ ၊ အိန္ဒိယ ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီ ၊ ကမ္ဘာကျော် စစ်ဗိုလ်ချုပ်ကြီး နပိုလီယံ ဘိုနာပတ် ၊ ခရိုက်စလာ မော်တော်ကား ကော်ပိုရေးရှင်းကြီး တည်ထောင်သူ ဝေါ်လ်တာ ခရိုက်စလာ ၊ ဗြိတိသျှ နန်းရင်းဝန်ကြီး ဘင်ဂျမင် ဒစ္စရေလီ ၊ ကြိုးပေးကွပ်မျက်ခံရတဲ့ အီရတ်သမ္မတဟောင်း ဆက်ဒမ် ဟူစိန် ၊ ကွန်မြူနစ်ဝါဒရဲ့ ဖခင်ကြီး ကားလ်မက်စ် ၊ ဆိုဗီယက်ယူနီယံရဲ့ နောက်ဆုံးခေါင်းဆောင်မီခေးလ် ဂေါ်ဗာချော့ဗ် ၊ အာရေဗျ စစ်သူရဲကောင်း လော့ရင့်စ် (T.E Lawrence) ၊ စင်္ကာပူနိုင်ငံရဲ့ ဖခင်ကြီး လီကွမ်ယူး ၊ အင်္ဂလန်နိုင်ငံကို နာဇီတို့ လက်အောက်မကျရောက်အောင် ကြံ့ကြံ့ခံ ကာကွယ်ခဲ့သူ ၀န်ကြီးချုပ် ဆာဝန်စတင် ချာချီ ၊ ကမ္ဘာကျော် တီထွင်ပညာရှင်ကြီးသောမတ်စ် အက်ဒီဆင် ၊ တယ်လီဖုန်းဆက်သွယ်မှုကို စတင် တည်ထောင်ခဲ့သူဂရေဟမ်ဘဲလ် ၊ စာရေးဆရာကြီး ချားလ်ဒစ်ကင်း ၊ Rock အဆိုကျော် ရော့ဒ် စတီးဝပ် ၊ အဆိုကျော် မက်ဒေါနား တို့ ဖြစ်ကြပါတယ်။
.
Credit -ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

Ref:http://hlamyo.blogspot.sg/

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!