Popular Posts!

Saturday, July 26, 2014

မုန့်ဟင်းခါး

မုန့်ဟင်းခါး ချက်နည်းလေးကို ဒေါ်ချောစုမှကူးယူထားတာပါ...
မိမိကိုယ်တိုင် ချက်စားချင်ရင် ရအောင်လို့ပါ....သူများချက်တာတွေချည်း စားနေရတာ အာမတွေ့ဖြစ်နေလို့ပါ....

(ဝေဖန်ချင်းကင်းဝေးအောင် မြို့ မပါတဲ့ မုန့်ဟင်းခါးပါ)

အရင် ဒီချက်နည်းကို ထားဝယ်မုန့်ဟင်းခါးဆိုပြီး တင်ဖူးပါတယ်။ ထုံးစံအတိုင်း မြို့နာမည်ပါတာနဲ့ မစားဖူးဘူးလား၊ ချက်နည်းမှားနေတယ်၊ ဒါလေးတောင် မသိဘူးလားဆိုတဲ့ ဝေဖန်ချင်း၊ ရိထေ့ချင်းများမှ ကင်းဝေးအောင် မြို့နာမည်ကို ဖြုတ်ထားပါတယ်။ ထားဝယ်သူ မေမေ ချက်ကျွေးတတ်တဲ့ ထားဝယ်မုန့်ဟင်းခါးကို အခြေခံပြီး ကျွန်မနည်းနဲ့ ကျွန်မတို့ အိမ်သားတွေ အကြိုက်ချက်ထားတဲ့ မုန့်ဟင်းခါးဖြစ်တာမို့ မဟုတ်ဘူး၊ မမှန်ဘူးလို့ ထင်ရင် မိမိနှစ်သက်ရာ နည်းနဲ့ ချက်နိုင်ပါတယ်ရှင်။

***... မုန့်ဟင်းခါးချက်ဖို့ လိုအပ်တာလေးတွေ…

ငါးခူ – ၂ ကောင် (၁ ကီလိုခန့်)
ပါးပါးသေးသေး လှီးထားသော ဂေါက်သီးအရွယ် ကြက်သွန်နီ – ၅ လုံး
ပါးပါးသေးသေး လှီးထားသော ကြက်သွန်ဖြူ အတက်ကြီး – ၅ တက်
၂ ပိုင်းစီ ဖြတ်ကာ ထုထားသော စပါးလင် – ၃ ပင်
ပဲရာဇာ (ပဲနီလေး) – ထမင်းစားဇွန်း ၇ ဇွန်း (7 tbsp) (ပဲနီလေး က နူးလွယ်ကာ ပိုချိုသဖြင့် ကုလားပဲ အစား သုံးခြင်းဖြစ်ပါတယ်။)
ဆန်လှော်မှုန့် – ထမင်းစားဇွန်း ၂ ဇွန်း (2 tbsp)
ပါးပါးလှီးထားသော ငှက်ပျောအူ – အဖတ် ၂၀ ခန့် (မြေကြီးထဲ မြှုပ်နေသည့် ငှက်ပျောခေါင်း ထည့်နိုင်လျှင် ပိုကောင်းပါတယ်။)
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (1 tsp)
ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း (2 tsp)
အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၄ ဇွန်း (4 tsp)
အရသာမှုန့် (chicken powder) – ထမင်းစားဇွန်း ၁ ဇွန်း (1 tbsp)
စိမ်းစားငါးပိ – ထမင်းစားဇွန်း ၁ ဇွန်း (1 tbsp)
ငါးငံပြာရည် – ဟင်းချက်ဇွန်းကြီး ၄ ဇွန်း
ဆီ – ဟင်းချက်ဇွန်းကြီး ၃ ဇွန်း

ဆား ဖြင့် ပွတ်ဆေးထားသော ငါးခူ ၂ ကောင် ကို ပွက်ပွက်ဆူနေသော ရေနွေး (13 cup(3250ml)) ထဲ ½ tsp နနွင်း၊ 2 tsp ဆား၊ ထုထားသောစပါးလင် ၂ ပင် နှင့်အတူ ရောထဲ့ပြုတ်ပါ။ မဝေကျစေရန် အိုးအဖုံးကို အနည်းငယ်ဟထားပါ။

၁၅ မိနစ်ခန့်ပြုတ်ပြီးနောက် ဆယ်ထုတ်ပြီး အအေးခံကာ အရိုးနွှင်ထားပါ။

ပဲရာဇာ (ပဲနီလေး) ကိုနူးအောင်ပြုတ်ကာ ချေထားပါ။

ဆန်လှော်မှုန့်ကို ရေအေး (150 ml) ဖြင့်ဖျော်ထားပါ။

ငှက်ပျောအူကို အပေါ်မှ မာနေသည့် အဖတ်များကိုခွာပစ်ပြီး အတွင်းမှ နုသောအဖတ်များကို အနဲငယ်ပါးပါးလှီးကာ ½ tsp နနွင်း ထည့်ဖျော် ထားသည့် ရေထဲစိမ်ပါ။

ဒယ်အိုးထဲမှ ဆီပူလာလျှင် လှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ထည့်ကာ ဆီသတ်(မွှေကြော်)ပါ။

ကြက်သွန်များကျက်ခါနီးလျှင် ½ tsp နနွင်းမှုန့်၊ 4 tsp ရောင်တင်မှုန့် ကိုထည့်ကာ ၄၊၅ ချက် မွှေကြော်ပြီးသည်နှင့်….

ငါးငံပြာရည် နှင့် စိမ်းစားငါးပိ ကိုထည့်ပါ။

ငါးပိကြေအောင် တစ်မိနစ်ခန့် ဖိချေမွှေပြီးလျှင် ၂ ပိုင်းဖြတ်ကာ ထုထားသော ကျန်သည့် စပါးလင် ၁ ပင်ကို ထည့်ပါ။

အရိုးနွှင်ထားသော ငါး နှင့် အရသာမှုန့် ကိုထည့်ကာ ၃ မိနစ်ခန့် .မွှေကြော်ပေးပြီး မီးပိတ်ထားပါ။

ငါးဆီသတ်ချက်နေသောအချိန်တွင် အခြားမီးဖို တစ်ခုတွင် ငါးပြုတ်ရည်များကိုဆူအောင်တည်ထားပါ။

ဆူလာလျှင် ချေထားသော ပဲများထည့်ပါ။ ဆူအောင်ခဏပြန်ထားပါ။

ဆူလျှင် ဆီသတ်ထားသောငါးထည့်ပါ။ ဆူအောင်ထပ်ထားပါ။

ဆူလျှင် ဆန်လှော် မှုန်.ရည် ထည့်ကာ ၁ မိနစ်ခန့် မွှေပေးပြီး၊ ကြက်ဥပြုတ် (မိမိထည့်လိုသောအရေအတွက်)ကို ဓါးဖြင့် ၃၊၄ ချက်မွှန်းပြီး အလုံးလိုက်ထည့်ပါ။ (သို့မဟုတ်) ပါးပါးလှီးပြီးထည့်ပါ။

ထို့နောက် အဖုံးတစ်ဝက်လောက်ဟကာ ၁၅ မိနစ်ခန့် ဆက်တည်ထားပြီးလျှင် မုန့်တီဖတ်၊ နံနံပင် နှင့် အခြားမိမိနှစ်သက်ရာများထည့်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Ref:Chaw Su's Food Friends




No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!