Popular Posts!

Friday, September 12, 2014

ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေများ အရောင်းအ၀ယ် ရပ်ဆိုင်းလုနီးပါးအခြေအနေအထိ ၀ယ်လိုအား ထိုးကျသွား

 ပြည်သူလူထုတွေကို လုပ်စားလိမ်စားလိုက်ပြန်ပြီ..

Written by: 
ဆန်းထူးအောင်၊ ထက်သျိုင်း
တွံတေး-လှိုင်သာယာ ကားလမ်းမဘေးရှိ အိမ်ခြံမြေအကျိုးဆောင်များနှင့် လာရောက်စုံစမ်းသူများအား တွေ့ရစဉ်
ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေများမှာ အရောင်းအဝယ်ရပ်ဆိုင်းလုနီးပါးအခြေအနေအထိ ဝယ်လိုအား ထိုးကျသွားကြောင်း စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံများနှင့် အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
“ကုန်းရွာမှာ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့တဲ့ မြေဈေးက တစ်ဧကကို သိန်း ၄၅ဝ၊ ၅ဝဝ လောက်အထိဖြစ်ခဲ့တယ်။ပါးစပ်ပေါက်ဈေးကတော့ သိန်း ၆၅ဝ၊ ၇ဝဝ အထိရှိနေတယ်။ ကားလမ်းကျလောက်မယ်ထင်တဲ့နေရာက လယ်သုံးဧကလောက်ကို ရောင်းလိုက်တာ တစ်ဧကကို သိန်း ၈၅ဝ လောက်အထိ ရတယ်လို့ကြားတယ်။ လယ်တွေရောင်းလိုက်တဲ့ လယ်သမားတွေက ရတဲ့ငွေနဲ့ အိမ်တွေပြင်ကြတယ်။ အကြွေးတွေ ဆပ်ကြတယ်။တချို့က လယ်ရှစ်ဧကလောက် ရှိတယ်။ ကောလာဟလများတော့ တကယ်လို့ ကုမ္ပဏီက သိမ်းမယ်ဆိုရင်လည်း ခံရတော့မှာဆိုပြီးတော့ ကြောက်ကြောက်နဲ့ ရောင်းတာတွေလည်း ရှိတယ်”ဟု တွံတေးမြို့နယ် ကုန်းရွာမှ ရပ်မိရပ်ဖ ဦးစိုးသိန်းက ဆိုသည်။
“ဘိုးဘလယ်က ၁၁ ဧကလောက် ရှိတယ်။ သုံးဧကကို ရောင်းလိုက်တယ်။ကျန်တာကိုတော့ လယ်လုပ်ဖို့ ထားထားတယ်။ပွဲစားတွေကတစ်ဆင့် လာဝယ်ကြတယ်။ပိုင်ရှင်ကိုယ်တိုင် လာဝယ်တာတော့ မတွေ့ဘူး။ ပေါက်ဈေး ဘယ်လောက်ပေါက်တယ်ဆိုတာ မသိဘူး။ ကျွန်မကတော့ တစ်ဧကကို သိန်း ၅ဝဝ လောက်ရတယ်။ဒီဟာလေးကို အကုန်ရောင်းလိုက်ရင်လည်း လုပ်ကိုင်စားသောက်စရာရှိတော့မှာ မဟုတ်ဘူး။ ဒီရွာမှာရှိတဲ့ တောသူတောင်သားတွေကတော့ လယ်တွေ အကုန်မရောင်းကြဘူး။ လယ်လုပ်စားဖို့ ချန်ထားကြတယ်။ ကိုယ်ကလည်းမရှိတဲ့အခါကျတော့ နည်းနည်းပါးပါးသုံးဖို့ဆိုပြီး ရောင်းလိုက်တာပါ။ ပြီးခဲ့တဲ့လလောက်ကတော့ လာဝယ်တဲ့ သူတွေအရမ်းများတယ်။အခုရက်ပိုင်း လုံးဝမရှိတော့ဘူး”ဟု ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ အလတ်ချောင်းကျေးရွာအုပ်စုမှ တောင်သူဒေါ်ရီမြင့်က ပြောကြားသည်။
“ကျွန်တော်ကတော့ လယ်မြေတွေကို မရောင်းဘူး။ လယ်ဧက သုံးဆယ်လောက်ရှိတယ်။ ဒီလယ်တွေကို ရောင်းလိုက်ရင် လုပ်ကိုင်စားစရာမရှိတော့ဘူး။ ကျွန်တော်က မရောင်းဘူးငြင်းလိုက်တော့ လာမမေးတော့ဘူး။ လယ်တွေကို လိုက်ဝယ်တာကတော့ နှစ်နှစ်လောက်ရှိပြီ။ ဈေးကောင်းပေးတာကတော့ နှစ်လလောက်ပဲ ရှိသေးတယ်။ ဝယ်လက်တွေ မရှိတာကတော့ ၁ဝ ရက်ကျော်လောက်ရှိပြီ”ဟု စီမံကိန်းမြေအတွင်းရှိ တောင်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ မြို့သစ်စီမံကိန်းဧရိယာအတွင်း လယ်ယာဥယျာဉ်ခြံမြေအရောင်းအဝယ်မှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းနှင့်နှိုင်းယှဉ်ကြည့်ပါက နှစ်ဦး၊ သုံးဦးခန့်သာ လာရောက်စုံစမ်းမှုရှိခဲ့ကြောင်း၊ လယ်ကွက်အများစုမှာ ရောင်းပြီးသွားပြီးဖြစ်ကာ  ကျေးရွာ၊ရပ်ကွက်များရှိ အိမ်ခြံမြေအချို့ကို ကျပ်သိန်း ၃ဝဝ၊ ၄ဝဝ ဝန်းကျင်ဈေးပေးကာ လိုက်လံဝယ်မှုများရှိခဲ့ကြောင်း သိရသည်။ 
ထို့ပြင် ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ အေးရွာဝန်းကျင်နှင့် ကမ်းစပ်အနီးတစ်ဝိုက်တွင် တံတားသစ်ထိုးမည့်စီမံကိန်းကြောင့် စီမံကိန်းဧရိယာအနီးတစ်ဝိုက်ရှိ အိမ်များကို ဖျက်သိမ်းကာ ကုန်းရွာဝန်းကျင် နှစ်မိုင်ကျော်ကျော်ခန့်တွင် အစားထိုးနေရာချထားပေးမည့်သတင်း များလည်း ထွက်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
လှိုင်သာယာ-တွံတေးကားလမ်းမကြီးဘေးရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကလည်း “လယ်သမားတွေကတော့ ရောင်းချင်တာပေါ့။ ဝယ်လက်တွေက သိပ်မဆင်းတော့ဘူး။ အဝယ်မလိုက်တာ ရက် ၂ဝ လောက်ရှိပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းက တွံတေး-လှိုင်သာယာ ကားလမ်းမဘေးမှာဆိုရင် ကားတွေကို ပြည့်ကျပ်နေတာပဲ။ အခု လာစုံစမ်းတဲ့သူတွေ အနည်းအကျဉ်းပဲရှိတော့တယ်။ ဈေးမေးပြီး ပြန်သွားတဲ့သူတွေများတယ်”ဟု လက်ရှိဥယျာဉ်ခြံမြေအရောင်းအဝယ်များ နှင့်ပတ်သက်၍ ပြောကြားသည်။
“အရင်ရက်ပိုင်းကတော့ ကမ်းနားကြောတွေက တစ်ဧကကို ကျပ်သိန်း ၇ဝဝ၊  ၁ဝဝဝ နဲ့အရောင်းအဝယ်ဖြစ်ကြတယ်။ အတွင်းပိုင်းတွေကတော့ သိန်း ၄၅ဝ လောက်ပဲ။ ဦးကတော့ လယ် လေး၊ငါး ဧကပဲရှိပေမယ့် ဦးပိုင်တဲ့လယ်ကို ရောင်းလည်း မရောင်းဘူး။  လယ်လုပ်ရတာပဲ အားသာတယ်”ဟု  တွံတေးမြို့နယ် ကံရွာမှ ဒေသခံတောင်သူ ဦးထွန်းမြင့်က ဆိုသည်။
ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာအတွင်းရှိ လယ်မြေများအနက် ကြည့်မြင်တိုင်တစ်ဖက်ကမ်းနှင့် တွံတေးမြို့နယ်အတွင်းရှိ လယ်မြေများမှာ အရောင်းအဝယ်ပိုမိုများပြားပြီး ဆိပ်ကြီးခနောင်တိုအတွင်းရှိ လယ်မြေများမှာမူ အရောင်းအဝယ်နည်းပါးကြောင်း သိရသည်။ 
ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဩဂုတ် ၂၈ ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့သစ်စီမံကိန်းကို  တင်ဒါခေါ်ပြီးမှသာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။        
- See more at: http://www.news-eleven.com



ရိုလာကိုစတာစီးခွင့်ကြုံရတော့မယ့် မြန်မာ့မြေဈေး


ရန်ကုန်မြို့သစ် စီမံကိန်းကို ကြေညာခဲ့တဲ့ သြဂုတ် ၂၂ရက်ကနေ စက်တင်ဘာ ၂၆အထိ ရက်ပေါင်း ၃၅ရက်အတွင်း စီမံကိန်းဧရိယာ ဧက ၃သောင်းထဲက ဒေသခံတွေရဲ့လူမှုစီးပွားဘဝတွေ ကမောက်ကမဖြစ်ခဲ့ရပါတယ်။ မြေဈေးတွေ ရိုလာကိုစတာစီးတဲ့ဘဝ ရောက်တော့မလား။

ရန်ကုန်မြစ်တစ်ဖက်ကမ်း တွံတေးတူးမြောက်နဲ့ ပန်းလှိုင်မြစ်ကြားက ကြည့်မြင်တိုင် အေးရွာပတ်ဝန်းကျင်က လယ်မြေတွေကို ငွေထုပ်ပိုက်ပြီးဆင်းဝယ်ကြလို့ ကုန်သလောက်ဖြစ်ခဲ့ပါတယ်။ လူနေအိမ်တွေ၊ ခြံကွက်တွေ၊ ဆယ်ပေပတ်လည်အိမ်တွေကအစ ဈေးကောင်းပေးခဲ့လို့ စီမံကိန်းရပ်သွားတဲ့အခါ ဈေးကစားသူတွေ ပိုက်ဘောမိသွားသလို ဒေသခံတွေရဲ့အခြေအနေလည်း တည်ငြိမ်မှုပျက်ပြားသွားခဲ့တယ်လို့ ဦးအောင်သန်းက ပြောပြပါတယ်။

လမ်းမကြီးနံဘေး နေအိမ်တွေကို ဈေးကောင်းပေးလို့ ရောင်းလိုက်တဲ့သူတွေ လမ်းကြိုလမ်းကြားက အိမ်တွေကိုပြန်ဝယ်ပြီး ပိုတဲ့ငွေတွေ ဘယ်နေရာမှာသုံးရမှန်း မသိဘဲ တတိတိကုန်နေသလို အခြားမြို့နယ်တွေမှာ အိမ်ပြန်ဝယ်တဲ့သူတွေလည်း ရောင်းရတဲ့ငွေနဲ့သိပ်မကွာတာကြောင့် တစ်ချို့တွေ အိမ်ငှားဘဝ ရောက်သွားကြတယ်လို့ ကရုဏာသက်ပြီး သူက ပြောပါတယ်။

မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုကောင်းကောင်း၊ ပွင့်လင်းမြင်သာမှုရှိရှိ မရှိဘဲ ရုတ်တရက် ကောက်ခါငင်ခါ ထုတ်ပြန်လိုက်တဲ့ ရန်ကုန်အစိုးရကြောင့် အိမ်ခြံမြေဈေးကစားသူလည်း အကြီးအကျယ် ဒုက္ခရောက်ခဲ့ပါတယ်။

ဧရာဝတီတိုင်းကနေ ကြည့်မြင်တိုင် အေးရွာကို ၂ဝဝ၇မှာ ပြောင်းလာပြီး ငွေ ၇သောင်းနဲ့ဝယ်ခဲ့တဲ့ ၁ဝပေ ပတ်လည်အိမ်လေးကို ကျပ်သိန်းတစ်ရာအထိ ဈေးပေးခဲ့ပေမယ့် မရောင်းခဲ့တဲ့ ကိုစောဝင်းက အိမ်ရောင်းပြီး အခြားနေရာမှာပြန်ဝယ်လည်း အခုပေါက်ဈေးနဲ့ပဲရမှာမို့ အခြေအနေမကောင်းရင် ဝါးလုံးထိပ်တက်နေရမယ့် ဘဝမို့ ဆုံးဖြတ်ချက် မှန်ခဲ့ပုံရပါတယ်။

စီမံကိန်းရပ်ဆိုင်းလိုက်ပြီလို့ မြို့တော်ဝန် ဦးလှမြင့် ရန်ကုန်တိုင်းလွှတ်တော်မှာ ကြေညာပြီး ၂ရက် ၃ရက်လောက်အထိ တန့်နေတဲ့ စီမံကိန်းထဲက မြေဈေးဟာ အခုတော့ ပူပေါင်းပေါက်သလို ပေါက်သွားခဲ့ပါပြီ။ စီမံကိန်းကာလအတွင်း ကြက်ပျံမကျ စည်ကားနေတဲ့ လှိုင်သာယာ-တွံတေးကားလမ်းပေါ်က အိမ်ခြံမြေအကျိုးဆောင်တွေရဲ့ ဆိုင်းဘုတ်တွေ အခုတော့ ပြန်ဖြုတ်သိမ်းနေကြပါတယ်။

အခုတော့ စီမံကိန်းလည်း ထိုးရပ်လိုက်လို့ မြေကြီးတွေလက်ထဲမှာရောက်ပြီး ပိုက်ဘောမိသွားသူတွေ၊ သိန်းထောင်ချီ ဆုံးရှုံးနစ်နာသွားသူတွေအပြင် စရန်ငွေကြိုပေးထားသူတွေတောင် စရန်ငွေအဆုံးခံပြီး ရှေ့ဆက်မတိုးကြတော့ဘူးလို့ အိမ်ခြံမြေအကျိုးဆောင် ကိုဝင်းခိုင်က ပြောပါတယ်။

ငွေမည်းခဝါချရာ နံပါတ်တစ် ဈေးကွက်ဖြစ်နေတဲ့ အိမ်ခြံမြေရောင်းဝယ်ရေးဈေးကွက် စီမံကိန်းဧရိယာထဲကနေ ရန်ကုန်မြို့ကိုပါ ရိုက်ခတ်လာမယ်ဆိုရင်တော့ အိမ်ခြံမြေနဲ့မကင်းကြတဲ့ မြန်မာ့စီးပွားရေး ရိုလာကိုစတာစီးရသလို အခြေအနေနဲ့ ရင်ဆိုင်ရဖို့ အလားအလာတွေ ပေါ်လာနေပါတယ်။

Ref: kamayutmedia

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!