Popular Posts!

Tuesday, October 14, 2014

စင်ကာပူမှာ အလုပ် (သို့) အလုပ်အသစ် ဘယ်လို ရှာကြမလဲ .


ဒီစတေးတပ်ကို (စင်ကာပူ နိုင်ငံသား နဲ့ PR အတွက် အဓိက ရေးတာ မဟုတ်ဘဲ) ၊ မြန်မာနိုင်ငံကနေ စင်ကာပူမှာ အလုပ်လာရှာနေသူများ ၊ အလုပ်လာရှာဖို့ အစီအစဉ် ရှိသူများ နဲ့ စင်ကာပူမှာ လက်ရှိ (EP, S Pass) အလုပ်လုပ်ခွင့် ပါမစ်နဲ့ လုပ်ကိုင်နေသူများ ၊ အလုပ်လုပ်နေပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အလုပ်သစ် ရှာနေသူများအတွက် ရေးသားပါတယ်။

ဒီစတေးတပ်ကို အလုပ်ရဖို့ ရာခိုင်နှုန်းပြည့် အားကိုးလို့ မရဘဲ ၊ ပြောင်းလဲနေတဲ့ စင်ကာပူ အလုပ် ကြော်ငြာ အခြေအနေနဲ့ စင်ကာပူ အစိုးရရဲ့ ပါမစ် အသစ်လျှောက်ထားရတဲ့ အခြေအနေတွေကို အနည်းငယ် reference လုပ်နိုင်အောင် တင်ပြခြင်းသာ ဖြစ်ပါတယ်။ စဉ်းစားစရာ နဲ့ စမ်းလုပ်ကြည့်စရာ နည်းလမ်းတခုကို တင်ပြခြင်းသာ ဖြစ်ပါတယ်။

ဒီစတေးတပ်မှာ အလုပ်ရှာနေသူများအတွက် အလုပ်ကြော်ငြာတွေကို ဖြတ်လမ်းကနေ လေ့လာနည်း နဲ့ အလုပ်လျှောက်ဖို့ လိပ်စာ ရယူနည်းတွေကိုလည်း တင်ပြပါမယ်။ ဒီနည်းတွေက ယခု အချိန်တော့ မှန်ပါတယ်။

ဒီစတေးတပ်ကို အပိုင်း (၄) ပိုင်း ခွဲရေးပါမယ်။

အပိုင်း (၁) – အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားရာမှာ အသစ်တိုးလာတဲ့ အပိုင်းများ

အပိုင်း (၂) - ပြောင်းလဲသွားတဲ့ အလုပ်ကြော်ငြာ နဲ့ အလုပ်လုပ်ခွင့်ပါမစ် ဆက်စပ်မှု

အပိုင်း (၃) - အစိုးရ အလုပ်ကြော်ငြာရဲ့ ကန့်သတ်ချက်နဲ့ ၊ ဖြတ်လမ်းနည်းနဲ့ အလုပ်ဘယ်လို ရှာမလဲ

အပိုင်း (၄) - ပါမစ် သက်တမ်းတိုးဖို့ ၊ ရေရှည် အလုပ်လုပ်ခွင့်ပါမစ် ရနိုင်ဖို့ ဘာတွေ ပြင်ဆင်ထားသင့်သလဲ

အထက်ပါ အပိုင်း ၄ ပိုင်းကို ကျနော် သိသလောက် ရေးသားမှာ ဖြစ်တဲအတွက် ( ကျနော် မသိတာတွေလည်း အများကြီး ရှိနိုင်လို့ ) မပြည့်စုံနိုင်ပါဘူး။ ဒါကြောင့် ကျနော် တင်ပြတာတွေကို စဉ်းစားစရာ နည်းလမ်းတခု အနေနဲ့သာ ယူပြီး ၊ နောက်ထပ် တခြားနည်းလမ်းတွေနဲ့လည်း အလုပ်ရဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အပိုင်း (၁) - အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားရာမှာ အသစ်တိုးလာတဲ့ အပိုင်းများ……

စင်ကာပူမှာ အလည်ဗီဇာနဲ့ အလုပ်လာရှာပြီး ၊ အလုပ်ရရင် ကုမ်ပဏီကနေ အစိုးရဆီ အလုပ်ပါမစ်လျှောက်ထားရပါတယ်။ အဲ့ဒီပုံစံကို Employment Pass / S Pass Application Form (Form 8) လို့ ခေါ်ပါတယ်။ ပုံစံ ၈ ပေါ့။

ပုံစံ ၈ ကို ဒီနေရာကနေ ဒေါင်းယူ လေ့လာနိုင်ပါတယ်။ (http://www.mom.gov.sg/Documents/services-forms/passes/EP_SPass_Form8.pdf)

ပုံစံ ၈ မှာ အပိုင်း ၉ ပိုင်းပါပါတယ်။ အပိုင်း ၁ ၊ ၂ ၊ ၃ ၊ ၉ က လျှောက်ထားပေးတဲ့ ကုမ်ပဏီ နဲ့ ဆိုင်ပြီး အပိုင်း ၄၊ ၅ ၊ ၆ ၊ ၇ ၊ ၈ က အလုပ်လုပ်မယ့်သူနဲ့ ဆိုင်ပါတယ်။

အပိုင်း ၉ ပိုင်းစလုံးမှာ မကြာခင်ကမှ အသစ်ဖြည့်တဲ့ အပိုင်း ၊ အလုပ်ရှာနေသူများအတွက် အရေးကြီးတဲ့ အပိုင်းက Part 2, အပိုင်းခွဲ 2D: Job Advertisement Information ဖြစ်ပါမယ်။

ကျန်တာတွေက ဟိုးအရင်ကနဲ့ သိပ်မကွာပါဘူး။ သည်အပိုင်းကို မကြာသေးတဲ့ လ ပိုင်းလောက်ကမှ ဖြည့်ထားတယ်လို့ သိရပါတယ်။

ဒီစတေးတပ်မှာ ကျန်တဲ့ အပိုင်းတွေထက် အဲ့သည် ကြော်ငာအပိုင်းကို အဓိက ဆွေးနွေးပါမယ်။ ပုံစံ ၈ ရဲ့ PART 2 D အပိုင်းမှာ Job posting ID လို့ ခေါ်တဲ့ အလုပ်ကြော်ငြာ နံပတ် ၊ ကြော်ငြာသည့်နေ့ ၊ ကြော်ငြာ ရပ်သည့်နေ့ ၊ စင်ကာပူနိုင်ငံသားများကို အင်တာဗျူးခြင်း ရှိ မရှိ မေးမြန်းထားတဲ့ အပိုင်းတွေ ဖြည့်ရပါမယ်။

ပြောရရင် အလုပ်ကြော်ငြာတဲ့ ရက်ကနေ ၁၄ ရက် ( ၂ ပတ်) အတွင်း စင်ကာပူနိုင်ငံသားတွေကို ဦးစားပေးတဲ့ အနေနဲ့ ၊ ၁၄ ရက်အတွင်းမှာ ကြော်ငြာထားတဲ့ အလုပ်အတွက် နိုင်ငံခြားသားကို လျှောက်ပေးလို့ မရပါဘူး။ ကြော်ငြာပြီး ၁၄ ရက်ကျော်မှ နိုင်ငံခြားသားကို ခန့်ဖို့ အလုပ်ပါမစ် တင်လို့ရပါမယ်။
ကြော်ငြာပြီး ၁၄ ရက်အတွင်း လိမ်ညာတင်မှာစိုးလို့ ၊ အလုပ်လုပ်ခွင့် လျှောက်တဲ့ ပါမစ်မှာ ကြော်ငြာနံပတ် နဲ့ ကြော်ငြာသည့်နေ့ကို ထည့်ပေးရပါတယ်။ သည်အပိုင်းက အသစ် ထည့်ထားတဲ့ အပိုင်းပါပဲ။

xxxxxxxxxxxxxxxxxxxxxxxxxxxxx

အပိုင်း (၂) - ပြောင်းလဲသွားတဲ့ အလုပ်ကြော်ငြာ နဲ့ အလုပ်လုပ်ခွင့်ပါမစ် ဆက်စပ်မှု…….

စင်ကာပူနိုင်ငံသားတွေကို အလုပ်အတွက် ၁၄ ရက် ဦးစားပေးဖို့ နဲ့ နိုင်ငံခြားသားတွေကို ၁၄ ရက်ကျော်မှ စဉ်းစားဖို့ သတ်မှတ်ထားတာကို ထိရောက်စေဖို့ အစိုးရက အလုပ်ကြော်ငြာ ၀က်ဆိုဒ်တခု ဖွင့်ပြီး ထိန်းလိုက်ပါတယ်။

စင်ကာပူ အလုပ်သမားရေးရာ ၀န်ကြီးဌာနကနေ အလုပ် ကြော်ငြာဝက်ဆိုဒ် အသစ် တခု ဖွင့်ပါတယ်။ စင်ကာပူမှာ အလုပ်ကြော်ငြာ မှန်သမျှ အဲသည် ၀က်ဆိုဒ်မှာ ကြော်ငြာမှ ကြော်ငြာ နံပတ် Job ID ရပါမယ်။ အဲသည်မှာ ကြော်ငြာသည့်နေ့ ၊ ရက်စွဲလည်း ပါတယ်။

အစိုးရ ၀က်ဆိုဒ်ကပေးတဲ့ ကြော်ငြာနံပတ် နဲ့ ကြော်ငြာသည့်နေ့ကို နိုင်ငံခြားသားအတွက် အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားရာမှာ ဖြည့်ရပါမယ်။ ဒါကြောင့် ကုမ်ပဏီတွေကနေ ၁၄ ရက် မတိုင်ခင် လိမ်ညာပြီး ပါမစ် မလျှောက်နိုင်တော့ပါဘူး။

ဒါကြောင့် ခေါ်တဲ့ အလုပ်မှန်သမျှကို အဲသည် ၀က်ဆိုဒ်မှာ မြင်နိုင်ပါတယ်။ အလုပ်ရှာသူများအတွက် ကောင်းပါတယ်။ ၀က်ဆိုဒ် တခုတည်းကနေ အလုပ်ကြော်ငြာ အားလုံးကို မြင်ရပါမယ်။

အရင်က စင်ကာပူမှာ အလုပ်ရှာရင် အင်တာနက်ကနေ job streets, jobdb, job central , ….. စတဲ့ ၀က်ဆိုဒ် ကြော်ငြာနဲ့ သတင်းစာကနေ ရှာရပါတယ်။

ဒါပေမယ့် အခု ပြောင်းသွားတဲ့ အခြေအနေအရ အရင်သိထားကြတဲ့ ၀က်ဆိုဒ်ကြော်ငြာတွေထက် အစိုးရ၀က်ဆိုဒ်က ပို အဓိက ကျသွားပါတယ်။ အစိုးရ ၀က်ဆိုဒ်က အပြည့်စုံဆုံး ဖြစ်သွားပြီး ကျန်တဲ့ ၀က်ဆိုဒ်တွေကို မကြည့်ရင်တောင် ရသွားပါတယ်။ သတင်းစာမှာလည်း အလုပ်ကြော်ငြာ နည်းသွားပါတယ်။

ဒါကြောင့် အခု စင်ကာပူမှာ အလုပ်ရှာရင် အစိုးရ ကြော်ငြာဝက်ဆိုဒ် တခုတည်းကို ကြည့်တာနဲ့တင် ပြီးနိုင်ပါတယ်။ ၀က်ဆိုဒ်လိပ်စာက www.jobsbank.gov.sg ဖြစ်ပါတယ်။

ဥပမာ တခု ရှာကြည့်ရအောင်။ www.jobsbank.gov.sg လိပ်စာကို ဖွင့်ပြီး ပေါ်လာတဲ့ စာမျက်နှာမှာ Search for a job ဆိုတဲ့ဘေးက ကွက်လပ်ထဲ site engineer လို့ ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။ (ပုံ ၁ ကို ကြည့်ပါရန်)

drafter, Quantity Surveyor, project manager စတာတွေကို ရိုက်ထည့်ပြီး ရှာရင် သက်ဆိုင်ရာ ကြော်ငြာတွေ အများကြီး ကျလာပါမယ်။

ကျနော်က site engineer ကြော်ငြာတခုကို ဖွင့်ကြည့်လိုက်တာ ပုံ ၂ ကို ရပါတယ်။ (ပုံ ၂ ကို သေချာကြည့်ပါရန် ၊ ပုံ ၂ ကို အောက်မှာ ဆွေးနွေးပါမယ်)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အပိုင်း (၃) - အစိုးရ အလုပ်ကြော်ငြာရဲ့ ကန့်သတ်ချက်နဲ့ ၊ ဖြတ်လမ်းနည်းနဲ့ အလုပ်ဘယ်လို ရှာမလဲ….

အစိုးရ အလုပ်ကြော်ငြာ ၀က်ဆိုဒ်မှာ ကန့်သတ်ထားတာ ရှိပါတယ်။ ၀က်ဆိုဒ်က စင်ကာပူနိုင်ငံသားနဲ့ အမြဲတမ်း နေထိုင်ခွင့် PR ရသူတွေကို ဦးစားပေးပါတယ်။

ပုံ ၂ မှာ Apply Job ဆိုတဲ့ ခလုပ်လေးကို စင်ကာပူနိုင်ငံသားနဲ့ PR သမားတွေကပဲ နှိပ်ပြီး Singpass နံပတ်နဲ့ ၀က်ဆိုဒ်ထဲကနေ တရားဝင် အလုပ်လျှောက်နိုင်ပါတယ်။ နိုင်ငံခြားသားတွေက ကြော်ငြာကို မြင်ရုံမြင်ရပြီး ၊ အဲသည် ၀က်ဆိုဒ်ကနေ အလုပ် မလျှောက်နိုင်ပါဘူး။ ဒါက ကန့်သတ်ချက်ပါ။

ဒီလိုဆိုရင် အဲသည့် ကန့်သတ်ချက်ကို လိမ်မာပါးနပ်စွာ ကျော်ဖြတ်ပြီး ၊ ဖြတ်လမ်းနည်းနဲ့ ဘယ်လို အလုပ်လျှောက်နိုင်မလဲ …။

ကျနော် ရှာတွေ့ထားတဲ့ ၊ ကျနော်တို့လို နိုင်ငံခြားသား အလုပ်ရှာသူတွေအတွက် နည်း ၂ နည်း ရှိပါတယ်။

ပထမနည်း - ကြော်ငြာမှာပါတဲ့ အီးမေးလိပ်စာကို တိုက်ရိုက် ကိုယ့်ဘာသာ ပို့ခြင်း ။ ၀က်ဆိုဒ်ကြော်ငြာက စင်ကာပူနိုင်ငံသားနဲ့ PR တွေအတွက် ဦးစားပေးထားတယ်ဆိုပေမယ့် “ဟ” ထားတာလေးတွေ ရှိပါတယ်။ (ပုံ ၂ က ၀ိုင်းထားတဲ့ အနီရောင် အ၀ိုင်းတခုမှာ ) Contact Information အောက်မှာ အီးမေး လိပ်စာ ပါပါတယ်။ အဲ့သည် အီးမေးကို လျှောက်လိုက်ပေါ့။ ခေါ်တာ မခေါ်တာ အသာထား ၊ ကိုယ့် cv ရောက်သွားမှာ အမှန်ပဲ။

ကုမ်ပဏီက နိုင်ငံခြားသားတွေကိုလည်း စဉ်းစားမယ်ဆိုရင် ကိုယ့် cv လည်း စဉ်းစားတဲ့အထဲ ပါမှာပဲ။ ဆက်သွယ်ဖို့ အီးမေးလိပ်စာ ဖော်ပြထားတယ် ဆိုကတည်းက လျှောက်လို့ရမယ်လို့ သဘောပေါက်ရမယ် ထင်ပါတယ်။

ဒုတိယနည်း - တချို့ကြော်ငြာတွေမှာ ဆက်သွယ်ရမယ့် အီးမေးလိပ်စာ မပါပါဘူး။ ဒါဆိုရင် မရောက်ရောက်အောင် ဘယ်လို လုပ်မလဲ။

(အနီဝိုင်းတခုမှ ) Address of workplace မှာ လိပ်စာ ပါပါတယ်။ အဲသည့်လိပ်စာကို ကော်ပီကူးပြီး google မှာ ထည့် ၊ ပြီးရင် google ကနေ ကုမ်ပဏီ နာမည် ၊ လိပ်စာ ၊ အီးမေးလိပ်စာတွေကို ရှာနိုင်ပါမယ်။ ဘယ်လိုမှ မရရင်တော့ လက်လျှော့လိုက်ပါတော့။ နိုင်ငံခြားသားတွေအတွက် “မ ဟ” ထားဘူးလို့သာ မှတ်လိုက်ပါတော့။ လျှောက်လည်း မရဖို့ များမှာပါပဲ။

စင်ကာပူမှာ အလုပ်ရှာရင် အင်တာနက်ကို ကျွမ်းကျင် ပါးနပ်စွာ သုံးတတ်ဖို့တော့ လိုပါမယ်။ လိုချင်တဲ့ အချက်အလက်ကို အင်တာနက်ကနေ ရှာနိုင်ရမယ်။

တကယ်က စင်ကာပူမှာ မှတ်ပုံတင်ထားတဲ့ ကုမ်ပဏီတိုင်းရဲ့ ဆက်သွယ်ရမယ့် အီးမေးလိပ်စာတွေ အင်တာနက်မှာ ရှိပါတယ်။ လျှောက်လို့ အင်တာဗျူး ခေါ်တာ မခေါ်တာက တပိုင်းပါ။

အထက်ပါ အစိုးရ ၀က်ဆိုဒ် တနေရာတည်းကနေ နိုင်ငံခြားသားတွေ အလုပ်ရှာနိုင်မယ့် နည်း ၂ နည်းကို ကျွမ်းကျင်စွာ (ပါးနပ်စွာ) သုံးပြီး အလုပ်ရှာနိုင်ပါမယ်။ ဒါဟာ အခုချိန်အတွက် အမှန်ကန်ဆုံး ဖြစ်မယ် ထင်ပါတယ်။

ခြုံပြောရရင် ခုချိန် စင်ကာပူမှာ အလုပ်ရှာရင် ဒီ ၀က်ဆိုဒ်ကို ကြည့်မှကို ဖြစ်မယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အပိုင်း (၄) - ပါမစ် သက်တမ်းတိုးဖို့ ၊ ရေရှည် အလုပ်လုပ်ခွင့်ပါမစ် ရနိုင်ဖို့ ဘာတွေ ပြင်ဆင်ထားသင့်သလဲ….

သည်အပိုင်းက ကျနော် တဦးတည်းရဲ့ အမြင်နဲ့ ပြောတဲ့ recommendation ဖြစ်ပါတယ်။ မှန်မမှန် သင့်မသင့် ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်ပါတယ်။

သည်အပိုင်းက လက်ရှိ EP, S pass တွေနဲ့ အလုပ်လုပ်နေသူတွေအတွက် ဖြစ်ပါတယ်။ လက်ရှိ လုပ်နေသူတွေဟာ ပါမစ် သက်တမ်းတိုးတာဖြစ်ဖြစ် ၊ အလုပ်သစ် ပြောင်းရင် ဖြစ်ဖြစ် ပုံစံ ၈ ကို ပြန်တင်ရပါတယ်။ ပါမစ် အသစ်လျှောက်တာနဲ့ အတူတူပါပဲ။

စင်ကာပူက life long learning ကို ဦးစားပေးတယ်လို့ မြင်ပါတယ်။ ဒါကြောင့် အလုပ်လုပ်ရင်း ဒီပလိုမာ လက်မှတ်တွေ ရယူထားသင့်တယ်။ ၂ နှစ်ကြာလို့ သက်တမ်းတိုးလည်း စင်ကာပူ အသိအမှတ် လက်မှတ်တွေ မပြနိုင် ၊ ဘယ် အသင်းအဖွဲ့ကို မှ မန်ဘာ မ၀င်ထားရင် ပါမစ်လျှောက်လွှာက တုံးတိတိ ဖြစ်နေပါမယ်။

ပါမစ်လျှောက်လွှာ ပုံစံ ၈ ရဲ့ PART 5 ကို ဆွေးနွေးပါမယ်။

PART 5 – FOREIGN EMPLOYEE’S EDUCATION / MEMBERSHIP DETAILS ဆိုတဲ့အပိုင်းမှာ 5A , 5B ဆိုပြီး ၂ ပိုင်း ရှိပါတယ်။

5A: Education Details (1) Awarding Body /Institution/ University awarded the qualification မှာ (1,2) ကွက်လပ် ၂ ခု ရှိပါတယ်။ မြန်မာပြည်က BE ဘွဲ့ရ အနေနဲ့ ပထမ ကွက်လပ် (1) မှာ BE ဘွဲ့ကို ဖြည့်နိုင်ပါတယ်။ ဒုတိယ ကွက်လပ်မှာ ဖြည့်စရာ ဘွဲ့ ၊ ဒီပလိုမာ မရှိရင် သည်အတိုင်း ကွက်လပ်ထားရမှာပါ။ အကယ်လို့ စင်ကာပူမှာ အလုပ်လုပ်ရင်း ဒီပလိုမာ တခုခု ရထားခဲ့ရင် ၊ ဒုတိယ ကွက်လပ်မှာ ဖြည့်နိုင်တာပေါ့။

pass approve ဖြစ်ဖို့ ဒီပလိုမာ ၊ ဒီဂရီ တွေကို သေချာစဉ်းစားတယ်ဆိုတာ PART 5 အောက်မှာ ယခုလို သေချာရေးထားပါတယ်။

(Please fill in the two highest qualifications that were awarded to the foreign employee. Please note that qualification is a key criterion in the assessment of the foreign employee’s eligibility for a work pass and should be provided where applicable)

ဒါကြောင့် မြန်မာပြည်က ဘွဲ့တခုတည်းထက်စာရင် ၊ စင်ကာပူ ဒီပလိုမာ တခု ဖြည့်နိုင်သူက သာနိုင်မယ် ထင်ပါတယ်။ ဒီပလိုမာ ၁ ခုပဲ ယူထားသင့်တယ်။ (၂ ခုလည်း ယူစရာ မလိုပါ။ ဘာလို့လဲဆိုတော့ ၂ ခု ယူထားလည်း ဖြည့်စရာ ကွက်လပ်က တခုတည်းမို့လို့ပါ)

5B: Societies/Organisations Membership မှာလည်း (1, 2) ကွက်လပ် ၂ ခု ရှိပါတယ်။ ဒါက မန်ဘာဝင်ထားတဲ့ အဖွဲ့အစည်းတွေကို ဖြည့်ရတာပါ။ ကောင်းတာက ဖြည့်ရမယ့် ကွက်လပ်က ၂ ခုမို့လို့ အဖွဲ့အစည်း ၂ ခုကို ၀င်ထားပါ။ အင်ဂျင်နီယာ အသင်းလိုမျိုးဆို မဆိုးဘူး။ မန်ဘာနံပတ် ရတဲ့ အဖွဲ့ကို ပိုဝင်သင့်တယ် ထင်တာပဲ။

အထက်က ကွက်လပ်တွေ ဖြည့်ရင် သေချာပေါက် pass approve ဖြစ်မှာလားလို့ မေးရင် ၊ မသေချာပါဘူး။ pass approve ဖြစ်ဖို့ တခြား အကြောင်းတွေ အများကြီး ရှိပါသေးတယ်။ ဥပမာ - ကိုတာ မရှိရင် approve မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် ကိုတာ လိုမျိုးက ကျနော်တို့ မတတ်နိုင်ပေမယ့် ၊ ရှေ့ဆက် အလုပ်လုပ်နိုင်အောင် ကိုယ့် တတ်နိုင်တာလေးတွေ ပြင်ဆင်ရမှာက ကိုယ့်တာဝန်ပါပဲ။ မဟုတ်ရင် သက်တမ်းတိုးခါနီး ၊ approve မဖြစ်ရင်တော့ ပြန်ရတော့မယ်လို့ စိုးရိမ်နေရပါမယ်။

xxxxxxxxxxxxxxxxxxxxxxx

ဒီစတေးတပ်ကို ပြန်ပြီး ချုပ်ရရင်

၁။ စင်ကာပူမှာ အလုပ်ရှာချင်ရင် www.jobsbank.gov.sg ကနေ လိမ်မာပါးနပ်စွာ ရှာပါ။

၂။ ရေရှည် အလုပ်လုပ်နိုင်ဖို့ ၊ သက်တမ်းတိုးတဲ့အခါ အဆင်ပြေဖို့ မြန်မာပြည်ဘွဲ့သာမက စင်ကာပူ ဒီပလိုမာ တခုခုကို ယူထားပါ ( ၂ ခု မလို)

၃။ စင်ကာပူက အသင်းအဖွဲ့ တခုခုမှာ မန်ဘာဝင်ထားပါ။

ကျေးဇူးတင်ပါတယ်။

Ref:myanmar civil engineer

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!