Popular Posts!

Tuesday, October 14, 2014

တရုတ်၊ ဂျပန်၊ စင်ကာပူနှင့် နယူးယောက်အလွန်တွင် ရန်ကုန်ရှိသည်။ အခြားတော့မဟုတ်၊ ကမ္ဘာ့ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းဇယားထိပ်တွင် ဖြစ်သည်။ - See more at: http://www.thevoicemyanmar.com/index.php/business/item/3330-nyy#sthash.AFSC8BR0.dpuf


စီးပွားရေး အင်အားကြီးနိုင်ငံများ ဖြစ်သော အမေရိကန် ပြည်ထောင်စု၏ နယူးယောက်မြို့တော် အပါအဝင် တရုတ်၊ ဂျပန်၊ စင်ကာပူတို့၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းများထက် ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံများတွင် ပါဝင်သော မြန်မာနိုင်ငံ ရန်ကုန်မြို့တော်၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းများက သာလွန်နေခြင်းက ကြားရသူ ကြုံရသူတိုင်းအတွက် အံ့အားသင့်စရာ။

“ကမ္ဘာ့နိုင်ငံတွေရဲ့ အလယ်မှာလည်း New York လို မြို့ကြီးတွေ၊ ဂျပန်နိုင်ငံရဲ့ အိမ်၊ ခြံ၊ မြေဈေးနှုန်းတွေထက် ကြီးမြင့်နေတာတွေကြောင့် ကျွန်တော်တို့ နိုင်ငံဟာ အပြောပဲ ခံနေရတာတွေက ရှက်ဖို့ကောင်းတယ်။ အခုမြေဈေး ကြီးမြင့်နေတာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက လန့်ပြီး ပြေးကြတယ်။ ဝိုင်းပြီး ရှုတ်ချကြတယ်” ဟု ရန်ကုန်အိမ်၊ ခြံ၊ မြေ ဈေးနှုန်း ကြီးမြင့်နေမှုအပေါ် အလိုမကျ ဆိုလာသူက တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင် ဖြစ်သည်။

အမေရိကန်၏ နာမည်ကျော် အိမ်၊ ခြံ၊ မြေ ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် Zillow ၏ ထုတ်ပြန်ချက်အရ နယူးယောက်မြို့၏ အိမ်ခြံမြေ ဈေးကွက်၌ တစ်ပေပတ်လည် အမြင့်ဆုံး ဈေးနှုန်းသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၂၅၂ ဒေါ်လာရှိခဲ့ရာမှ ယခု ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၉၇ ဒေါ်လာ (ကျပ်ငါးသိန်းနီးပါး) ခန့်အထိ မြင့်တက်လာသည်ကို တွေ့ရသည်။ အမေရိကန် နယူးယောက် မြို့တော်၏ အိမ်၊ ခြံ၊ မြေဈေး နှစ်ဆနီးပါး မြင့်တက်လာမှုက ရန်ကုန်မြို့တော်အတွက် စာမဖွဲ့လောက်သည့် ပမာဏ။ ဈေးနှုန်းနှစ်ဆ မြင့်လာသည့်တိုင် မဟာရန်ကုန်မြို့၏ ဈေးနှုန်းအောက် ထက်ဝက်ကျော်ခန့် လျော့နည်းနေသေးသည်။

ကမ္ဘာ့ အိမ်၊ ခြံ၊ မြေဈေးနှုန်းနှင့် ကုန်ဈေးနှုန်း မြင့်တက်မှု ဇယားထိပ်တွင် မြန်မာနိုင်ငံက အမြဲရပ်လျက်။
မြန်မာနိုင်ငံ စီးပွားရေးမြို့တော် ရန်ကုန်၏ ဈေးအမြင့်ဆုံး အပိုင်းတွင် ပါဝင်သည့် ဗဟန်းမြို့နယ် ပြည်လမ်းမကြီး တစ်လျှောက်ရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းသည် တစ်ပေပတ်လည်လျှင် ကျပ်ဆယ်သိန်းကျော် ဝန်းကျင်တွင် ဈေးပေါက်လျက် ရှိသည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ ဈေးနှုန်းများထက် ကြီးမြင့်နေသော ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေဈေးကွက်က ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ဝင်မလာစေရန် တင်းတင်းစေ့ထားသည့် တံခါးတစ်ချပ်နှယ်။ ကမ္ဘာ့အလယ်တွင် ဝိုင်းဝန်းရှုတ်ချ ခံသဖွယ် အိမ်၊ ခြံ၊ မြေဈေးနှုန်း ကြီးမြင့်နေမှုကို ထိန်းသိမ်းရန် အလို့ငှာ သို့တည်းမဟုတ် အခွန်ငွေ တိုးမြှင့်ရစေရန် အလို့ငှာ နှစ်စဉ်လို အိမ်၊ ခြံ၊ မြေအခွန် စံနှုန်းများ ပြောင်းလဲသတ်မှတ်ခဲ့သည်။

အခွန်စံနှုန်း ပြောင်းလဲရုံဖြင့် အလုပ်ဖြစ်၏လော။

“ကျွန်တော်တို့ ဒီလို စံနှုန်းသတ်မှတ် ထုတ်ပြန် ပေးလိုက်ခြင်းကလည်း တစ်နည်းအားဖြင့် ဈေးနှုန်းကို ထိန်းချုပ်လိုက်တာပါပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။
အမှန်တကယ်ပင် အခွန်စံနှုန်းက ရန်ကုန်မြို့တော်၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းကို ထိန်းချုပ်နိုင်မည်လော။ သိပ်တော့မသေချာ။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းက အိမ်၊ ခြံ၊ မြေအခွန်စံနှုန်းများ ထုတ်ပြန်အပြီး နောက်ပိုင်းတွင်လည်း ရန်ကုန်မြို့တော်၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းများက တက်မြဲတက်ခဲ့သည်။ အရောင်းအဝယ်သည်လည်း သွက်မြဲသွက်ခဲ့သည်။

“စံနှုန်း သတ်မှတ်ချက်ကြောင့် ဈေးကွက် အရောင်းအဝယ်ကို သက်ရောက်စေပေမယ့် ကြီးမြင့်နေတဲ့ ဈေးနှုန်းကိုတော့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ အခြေခံ အဆောက်အဦ လိုအပ်ချက်တွေ မပြည့်စုံသမျှ အိမ်၊ ခြံ၊ မြေဈေးနှုန်းကို ဘယ်တော့မှ ထိန်းချုပ်လို့ရမှာ မဟုတ်ဘူး။ ဈေးကတော့ ထပ်မြင့်နေဦးမှာပဲ” ဟု သုံးသပ်လာသူက လှိုင်သာယာမြို့နယ် အခြေစိုက် အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးနေမျိုးအောင် ဖြစ်သည်။

၂၀၁၃ ခုနှစ် အိမ်၊ ခြံ၊ မြေစံနှုန်းသည် ရုတ်တရက် သတ်မှတ်ခဲ့ခြင်း ဖြစ်၍ ရောင်းသူဝယ်သူတို့ ဈေးကွက် စောင့်ကြည့်ချိန် မရခဲ့။ သို့သော်ဈေးကွက် အရောင်းအဝယ်တို့က မကျ။ ဈေးနှုန်းတို့သည်လည်း စီမံကိန်း အသံဟစ်ကာ တက်ကောင်းဆဲ။ ပထမအကြိမ် အိမ်၊ ခြံ၊ မြေအခွန် စံနှုန်းကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန် ကြေညာပေးခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ စံနှုန်း သတ်မှတ်နှုန်းချက် အသက်ဝင်ခဲ့သည်။

ပထမအကြိမ် အခွန်စံနှုန်း သတ်မှတ်စဉ်က တစ်ပေပတ်လည်လျှင် အနိမ့်ဆုံး ကျပ် ၃,၅၀၀၀ မှ ၃၂၅,၀၀၀ ကျော် သတ်မှတ်ခဲ့သည့် ဗဟန်းမြို့နယ်၏ စံနှုန်း သတ်မှတ်ချက်သည် အမြင့်ဆုံးဖြစ်ပြီး အနည်းဆုံးအဖြစ် ခရမ်းမြို့နယ်တွင် မြေတစ်ပေပတ်လည်လျှင် ၂၀၀ ကျပ်မှ ၁,၁၀၀ ကြားသာ သတ်မှတ်ခဲ့သည်။ စက်မှုဇုန် သတ်မှတ်ချက်တွင် လှိုင်သာယာ စက်မှုဇုန် စံနှုန်းများမှာ တစ်ဧကမြေ တစ်ကွက်လျှင် ကျပ်သိန်း ၁,၄၅၀ မှ ၂,၀၀၀ ဖြင့် အများဆုံး သတ်မှတ်ထားပြီး အနည်းဆုံး အနေဖြင့် ဒဂုံဆိပ်ကမ်း စက်မှုဇုန်ဖြစ်၍ တစ်ဧကလျှင် ကျပ်သိန်း ၂၇၀ မှ ၇၀၀ အထိ သတ်မှတ်ခဲ့ကြောင်း ပြည်တွင်းအခွန်းများ ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီနှစ်မှာတော့ မနှစ်တုန်းက သတ်မှတ်ချက်တွေထဲမှာ ပြင်ပပေါက်ဈေးထက် နည်းနေတဲ့ သတ်မှတ်ချက်တွေ အားလုံးကို တိုးမြှင့် သတ်မှတ်ထားပါတယ်။ အဓိက နည်းနေတယ်ထင်တဲ့ မြို့သစ်စံနှုန်း သတ်မှတ်ချက်တွေ အားလုံးကို တိုးမြှင့် သတ်မှတ်ထားပါတယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန (နေပြည်တော်) မှ အကြီးတန်း အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားသည်။

ပထမဆုံးအကြိမ် အိမ်၊ ခြံ၊ မြေ အခွန်စံနှုန်း စတင်သတ်မှတ်ချိန်မှ ယခု ၂၀၁၄ ခုနှစ် အောက်တိုဘာလ ပထမပတ်ခန့်အထိ ရန်ကုန်အိမ်၊ ခြံ၊ မြေဈေးကွက် အနေအထားက စံနှုန်းတန်ဖိုး သတ်မှတ် ချက်နည်းသည့် မြို့စွန်မြို့နယ်များနှင့် စီမံကိန်း အသံကြားရာ နေရာများ၌ အရောင်းအဝယ် သွက်ခဲ့ပြီး အိမ်၊ ခြံ၊ မြေ သမိုင်းတစ်လျှောက် ဈေးကွက် ကောင်းခဲ့သည့် မြို့တွင်း ဧရိယာများတွင် အလုပ်ဖြစ်မှု နည်းခဲ့သည်ဟု ရန်ကုန် အိမ်၊ ခြံ၊ မြေဈေးကွက် အတွင်းမှ သိရသည်။

အခွန်စံနှုန်း သတ်မှတ်ချက်သည်လည်း ဈေးကွက် အရောင်းအဝယ်အပေါ် အကျိုးသက်ရောက်မှု ရှိသည်ကို ၂၀၁၃ အိမ်၊ ခြံ၊ မြေစံနှုန်းက သက်သေထူလျက် ရှိသည်။ ပထမအကြိမ် အခွန်စံနှုန်း သတ်မှတ်ချက်သည် ရန်ကုန်အိမ်၊ ခြံ၊ မြေဈေးနှုန်းကိုမူ ပြောင်းလဲမှု မပြုနိုင်ခဲ့။
သို့သော် . . . ။
ဒုတိယမြောက် သတ်မှတ်မည့် ၂၀၁၄ အခွန်စံနှုန်းသစ်ကိုမူ ထပ်ဆင့်တိုးမြှင့်မည် ဆိုသည့် သတင်းများကြောင့် လတ်တလောတွင် ဈေးကွက် အရောင်းအဝယ်တို့က ငြိမ်သက်လျက်ရှိပြီး စောင့်ကြည့်သူက များနေသည်။

“ဒီလိုစံနှုန်း သတ်မှတ်ခြင်းနဲ့တော့ အလုပ်ဖြစ်နိုင်မယ် မထင်ပါဘူး” ဟု ယတိပြတ် ထောက်ပြလာသူက စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကို ဖြစ်သည်။ ကမ္ဘာ့ဈေးထက် မြင့်နေသော ရန်ကုန် အိမ်၊ ခြံ၊ မြေဈေးကွက်ကို အမှန်တကယ် ပြောင်းလဲလိုပါက ပြည်တွင်း၌ အများပိုင် ကုမ္ပဏီကြီးများ ရာနှင့်ချီ၍ ပေါ်ပေါက်လာစေပြီး အစုရှယ်ယာ ဈေးကွက်များ ဖြစ်ပေါ်လာမှသာ ပြောင်းလဲနိုင်မည်ဟု ၎င်းကဆိုသည်။ “ဒါတောင် အဲ့ဒီဈေးကွက်ကို အနည်းငယ်ပဲ ပြောင်းလဲစေမှာပါ။ အဲဒီလိုမျိုးပေါ် ပေါက်လာမယ် ဆိုရင်တောင် နည်းနည်းပဲ ပြောင်းလဲနိုင်မှာပါ။ အများကြီး ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး” ဟု ဒေါက်တာ အောင်ကိုကိုက သုံးသပ်သည်။

အများပိုင် ကုမ္ပဏီကြီးများ တည်ထောင် အစုရှယ်ဈေးကွက်များ ပေါ်ထွန်းလာသည့်တိုင် အနည်းငယ်မျှသာ ပြောင်းလဲနိုင်မည့် ရန်ကုန်မြို့တော်၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်း ကြီးမြင့်မှု ပြဿနာကို ဥပဒေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်လျှင် ရသည်ဟု ဆိုလာသူက တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင် ဖြစ်သည်။

“အများအကျိုးစီးပွား ပျက်စီးစေမှုနဲ့ ငွေကြေး ခဝါချပြီး (မမှန်မကန် ငွေတွေနဲ့) ဝယ်ယူတဲ့သူတွေကို သတ်မှတ်ထားတဲ့ ဥပဒေအရ သူတို့ရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းလို့ရတယ်။ ပြီးတော့ ထောင်ဒဏ် အနေနဲ့ ခုနစ်နှစ်ကနေ ၁၀ နှစ်အထိ ချလို့ရတယ်။ ဥပဒေအတိုင်း ထိထိရောက်ရောက် လုပ်ဖို့ပဲလိုတယ်။ တကယ်လုပ်ချင်ရင် နည်းဥပဒေထုတ်ပြီး လုပ်လိုက်လို့ရတယ်” ဟု ၎င်းက ထောက်ပြသည်။
သို့သော် -
ဥပဒေသည် ဥပဒေအတိုင်း၊ စည်းကမ်းသည် စည်းကမ်းအတိုင်း စာရွက်များပေါ်၌ ရှိနေခြင်းကိုမူ ဦးသန်းမောင် အားမလိုအားမရ ဖြစ်ခဲ့ရသည်။ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင် အပါအဝင် ပြည်သူအများစုက အလုပ်ဖြစ်သော အိမ်၊ ခြံ၊ မြေ ဥပဒေကို အလိုရှိကြသည်က အမှန်။

ဝင်ငွေ ရလမ်းတွေကို သေချာစိစစ်ဖို့ လိုတယ်။ ရာဖြတ်ရုံးက တာဝန်ရှိသူတွေကသာ မှန်မှန်ကန်ကန် စိစစ်နိုင်မယ်ဆိုရင် အိမ်၊ ခြံ၊ မြေဈေးကွက်ကို အသုံးချပြီး ငွေကြေးခဝါချတာတွေ၊ ငွေဖြူ၊ ငွေမည်း ပြောင်းတာတွေက လျော့ကျသွားမှာပါ” ဟု ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဦးမော်သန်းက ငွေကြေးခဝါချမှု၊ ငွေဖြူငွေမည်း ပြောင်းလဲမှုများနှင့် ဆက်နွှယ် မြင့်တက်နေသည့် ရန်ကုန်အိမ်၊ ခြံ၊ မြေဈေးနှုန်း အနေအထားကို ထောက်ပြလာသည်။

မြို့တွင်းသာမက မြို့ပြင်များ၌ပါ လူများစု အလွယ်တကူ သွားလာနေထိုင်နိုင်ရန် တိုက်ခန်း၊ အိမ်ရာများ ဖော်ဆောင်ပေးသလို အခြေခံ အဆောက်အဦ ကောင်းပြီး အလုပ်အကိုင် အခွင့်အလမ်းသာသည့် မြို့သစ် စီမံကိန်းများကို ဖော်ဆောင်ပေးနိုင်ပါက ရန်ကုန်မြို့၏ အိမ်၊ ခြံ၊ မြေဈေးနှုန်း ကြီးမြင့်နေမှုကို တစ်နည်းတစ်ဖုံ ထိန်းသိမ်းလာနိုင်မည်ဟု ၎င်းကသုံးသပ်သည်။

“မြို့သစ်စီမံကိန်းတွေ လုပ်တဲ့အခါမှာ အစိုးရပိုင်းက လက်သိပ်ထိုးပြီး တိုးတိုးတိတ်တိတ် ကျိတ်ပြီး အရင်လုပ်ပြီးမှ ပြည်သူကို ဖွင့်ချပြတာက ပွင့်လင်းမြင်သာမှု မရှိဘူး။ အဲ့လိုဆိုရင်တော့ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး” ဟု ဦးမော်သန်းက စီမံကိန်းများ အရင်းပြု၍ အိမ်၊ ခြံ၊ မြေဈေးနှုန်း ပြောင်းလဲနေမှုအပေါ် ထောက်ပြလာသည်။

ဥပဒေ၊ မူဝါဒ၊ အိမ်ရာ လိုအပ်ချက်၊ ဈေးကွက် ထိန်းသိမ်းမှု၊ ငွေဖြူငွေမည်း ပြဿနာ စသည်ဖြင့် ဘက်စုံထောင့်စုံက ဟာကွက် ဖြစ်နေသော ရန်ကုန်အိမ်၊ ခြံ၊ မြေဈေးကွက်က ကိုယ်ကျိုးရှာ စီးပွားရေးသမားအတွက် စိတ်ကြိုက် ကစားနိုင်သည့် ကစားကွင်းကြီးနှယ်။
ငွေမည်းသည်လည်း ငွေဖြူဖန်တီးနိုင်သည်။ သို့တည်းမဟုတ် စစ်တိုက်စရာ မလိုဘဲလည်း ငွေပြ၍ မြေသိမ်းနိုင်သည်သာ။ “၁၉၇၈ ဥပဒေအရ နိုင်ငံခြားသားတွေ ကိုယ်ပိုင်အိမ် ဝယ်ခွင့်မရှိတာကို နှစ်ပေါက်တစ်ပေါက် ရိုက်ပြီး ရောင်းဝယ်ကြတယ်။ နိုင်ငံသားတွေကို နာမည်ခံပြီး ဝယ်နေကြတဲ့အတွက် ဈေးနှုန်းတွေ ကြီးမြင့်နေရတာပါ။ ဈေးနှုန်း ကြီးမြင့်တာတွေက ပြဿနာလို့ ဆိုနေပေမယ့် ဒါတွေက တိတိကျကျ အရေးမယူခဲ့တဲ့ အတွက်ကြောင့် အခုပြဿနာတွေ ဖြစ်လာရတာ” ဟု ဦးသန်းမောင်က ဆိုသည်။
ဤသို့ဆိုလျှင် . . . ။
မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေနှင့် ဆက်နွှယ်သည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်း များသည်လည်း စာရွက်များပေါ်၌သာ အိပ်မောကျနေဟန် ရှိသည်။ ဥပဒေသည် ဥပဒေအတိုင်း တည်ရှိနေခြင်း၏ အကျိုးဆက်များက စိုးရိမ်ဖွယ်ရာပင်။
“ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့ နိုင်ငံကို လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက တိုးတက်လာမလား တိုးတက်လာမလားနဲ့ စောင့်ကြည့်နေကြတာ။ ဘာမှ တိုးတက်မလာခဲ့ဘဲ အိမ်၊ ခြံ၊ မြေ ဈေးတွေသာ မြင့်သထက် မြင့်လာခဲ့တယ်” ဟု ဦးသန်းမောင်က မချိတင်ကဲ ဆိုသည်။

စီးပွားရေးမြို့တော် ရန်ကုန် အပါအဝင် မြန်မာနိုင်ငံ အထင်ကရမြို့တော်များ၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းများသည် ပြည်သူအများစု လက်လှမ်းမီ နေထိုင်နိုင်သည့် ဈေးနှုန်းတစ်ရပ်၌ တည်ရှိနေရေး အတွက်ဆိုလျှင် ပြည်တွင်း ငွေကြေး စီးဆင်းမှု ပုံမှန်လည်ပတ်စေပြီး လာဘ်ပေးလာဘ်ယူ အပါအဝင် တရားမဝင် ငွေကြေးခဝါချ အရောင်းအဝယ် ပြုမှုများကို ထိန်းချုပ်နိုင်ရမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဈေးကွက်များကိုပါ ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။
အထက်ဖော်ပြပါ အချက်သုံးချက်ကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်မည် ဆိုပါက မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းကို အထိုက်အလျောက် ဆွဲချနိုင်မည် ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်နိုင်မှု မရှိပါက အထွေထွေ ကုန်ကျစရိတ်များအနက် နေထိုင်စရိတ်မှာ အဆမတန်ကြီး မြင့်လာနိုင်သည်ဟု ၎င်းကဆိုသည်။

“ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ၊ အစုရှယ်ယာ ဈေးကွက်တွေ မဖော်ဆောင်နိုင်ဘူး ဆိုရင်တော့ လူတွေအတွက် အထွေထွေ ကုန်ကျစရိတ် ဆိုတဲ့နေရာမှာ နေစရိတ်က အရမ်းကြီး မြင့်နေလိမ့်မယ်။ အဲဒီလို ဖြစ်နေလား မဖြစ်နေဘူးလားဆိုတာ ခင်ဗျား ပတ်ဝန်းကျင်မှာပဲ လေ့လာကြည့်လိုက်ရင် သိမှာပါ။ လူဆယ်ယောက်မှာ ဘယ်နှယောက်လောက်က နေစရိတ်အတွက်နဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်ဆိုတာ ခင်ဗျားတွေ့မှာပေါ့” ဟု ဒေါက်တာအောင်ကိုကိုက ထောက်ပြလာသည်။

မှန်သည်။ ရန်ကုန်မြို့တော် အတွင်း၌ နေထိုင်ရေးအတွက် ညည်းညူ နေကြသူများက ဒုနှင့်ဒေး။ လက်ညိုးထိုးမလွဲ။
တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်ကမူ နယူးယောက်မြို့ထက် ကျော်လွန် ကြီးမြင့်နေသော ရန်ကုန်မြို့တော်၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းများကို အမှန်တကယ်ပင် ကျသွားစေလိုလျင် ဥပဒေများအတိုင်း ဆောင်ရွက်ရမည်ဟု တွင်တွင်ဆိုလေပြီ။

၎င်းကတော့ အိမ်၊ ခြံ၊ မြေဈေးနှုန်းကို ထိန်းချုပ်ရာ၌ ဥပဒေများ အသက်ဝင် ရေးသည်သာ အခရာဟု ဆိုသည်။ “တကယ်တော့ သူတို့က အဲဒီလို ဥပဒေအတိုင်း လုပ်လိုက်ရင် ဟိုမိသားစု ပါလာမှာ ဒီမိသားစု ပါလာမှာ သူ့မိတ်ဆွေ ငါ့မိတ်ဆွေနဲ့ ဟိုလုပ်ငန်း ထိခိုက်မှာ ဒီလုပ်ငန်း ထိခိုက်မှာတွေနဲ့ဆိုပြီး တိတိကျကျ မလုပ်ခဲ့လို့ ဒီလိုဖြစ်ရတာပါ။ အောက်ခြေက ပြည်သူတွေ အတွက်ကတော့ နင်းပြားက နင်းပြားပဲ ဖြစ်နေတာပါပဲ” ဟု ဦးသန်းမောင်က ထုတ်ဖော် ပြောဆိုလာသည်။

မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်း စစ်တမ်းအရ ရန်ကုန်မြို့တော်သည် နှစ်စဉ်အိမ်ရာ လိုအပ်ချက် သောင်းနှင့်ချီ ရှိနေသည်။ သို့တိုင်အောင် ယင်းအိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်သည့် ပမာဏက သုံးပုံတစ်ပုံခန့်သာ။ တစ်နှစ်ထက်တစ်နှစ် တိုးလာနေသော အိမ်ထောင်စုများ၊ တစ်နှစ်ထက်တစ်နှစ် တက်လာနေသော အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများဖြင့် ရန်ကုန်မြို့တော်၏ အနာဂတ်က ရင်လေးစရာ။

ယင်းသို့ဆိုလျှင် -
ရန်ကုန်မြို့တော်ကြီး များမကြာမီ အိမ်ခြေရာမဲ့ ပြဿနာများနှင့် ရင်ဆိုင်လာရမည်က အသေချာ။
ဥပဒေသည် ဥပဒေအတိုင်း၊ စံနှုန်းများသည် စံနှုန်းများအတိုင်း၊ စည်းကမ်းသည် စည်းကမ်းအတိုင်း စာရွက်များ ပေါ်၌တွင်သာ ရှိနေသရွေ့ တစ်နည်း မူထက် လူက အလေးသာနေသေးသရွေ့ ရန်ကုန်မြို့တော်၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းများသည် နယူး ယောက်ကိုလွန်ကာ ကမ္ဘာကိုပင် ဖောက်ထွက် သွားနိုင်ဦးမည်သာ။
ဟိန်းမြတ်စိုး



Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!