Popular Posts!

Friday, May 22, 2015

ဦးနေ၀င်းအတင်းပြောတဲ့ ၀င်ဒီ


Windi copy

တပေလောက်ရှိသော ကုလားလေးနေသွားဖူးသဖြင့် တပေကုလားရွာဟု ခေါ်ဆိုလေသည်။ ဒီလိုစာမျိုး သိပံ္ပမောင်ဝစာတွေထဲ ဖတ်ရလေ့ရှိပြီး အခု ဦးနေ၀င်း အတင်းချထားတဲ့ ရှင်ရင်ရွှေထီးစာအုပ်မှာလည်း အလားတူအရေးအသားနဲ့ စထားတာ တွေ့လိုက်ရပါတယ်။
စာရေးသူ ၀င်ဒီလောရုံက သူ့ရဲ့ ရှင်ရင်ရွှေထီးစာအုပ်ကို ၂၀၁၂ ခုနှစ်အတွင်း သူ ရန်ကုန်ပြန်ရောက်တဲ့ အခန်းနဲ့ဖွင့်ထားပြီး အဲ့ဒီအခန်းတနေရာမှာ “လင်္ကျာဘက်သို့ လှည့်လိုက်လျှင် ကျောက်တံတားသို့ရောက်မည်။ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားသောတံတားရှိ၍ ဤမြို့နယ်ကို ကျောက်တံတားဟု အမည်ပေးထာ၏” လို့ ခပ်တည်တည်ရေးထားပါတယ်။

ဝင်ဒီလောရုံနဲ့ခင်ပွန်းဖြစ်သူတို့ ရန်ကုန်ရောက်နေတုန်း တိုက်တိုက်ဆိုင်ဆိုင် မင်္ဂလာတောင်ညွန့်ပေါက်ကွဲမှု ဖြစ်ပါတယ်။ ညအချိန်မတော် ၀ုန်းကနဲပေါက်ကွဲ သံကြောင့် ဗုံးပေါက်တာလား ငလျင်လှုပ်တာလား မသိ ဆိုတာနဲ့ စာရေးသူက ရှင်ရင်ရွှေထီးစာအုပ်ကို စိတ်ဝင်စားဘွယ် ဖွင့်လိုက်ပါတယ်။
ငါတို့စာပေစာအုပ်တိုက်က ၂၀၁၅ ခုနှစ်၊ မတ်လမှာ ပထမအကြိမ် အုပ်ရေ ၁၀၀၀၊ ရောင်းဈေး ၂၅၀၀ ကျပ်နဲ့ ဖြန့်ချိရောင်းချခဲ့တဲ့ ရှင်ရင်ရွှေထီးစာအုပ်ဟာ မူရင်း စာရေးသူ ၀င်ဒီလောရုံက အင်္ဂလိပ်လိုရေးသားထားတာဖြစ်ပြီး ဟိန်းလတ်က မြန်မာဘာသာပြန်ပေးထားတဲ့ ဘာသာပြန်စာအုပ်ဖြစ်ပါတယ်။
ဘာသာပြန်သူ ဟိန်းလတ်ရဲ့အမှာစာအရ ၀င်ဒီလောရုံ အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်လေးအုပ်ထဲက Golden parasol ဆိုတဲ့ စာအုပ်ကို ရွေးချယ်ပြန်ဆို ထားတာဖြစ်ပြီး သတင်းစာဆရာ နေးရှင်းဦးလောရုံရဲ့ ဘ၀ဖြတ်သန်းမှုတွေပါလို့ ဒီစာအုပ်ကို ရွေးပြီး ဘာသာပြန်ဖြစ်တာလို့ ဆိုထားပါတယ်။ မြန်မာပြည်သမိုင်းကြောင်းထဲ ဘယ်စာအုပ်မှာမှ မပါတဲ့ ကွက်ပျောက်သမိုင်းအချက်တချို့ ပါတယ်လို့လည်း ဘာသာပြန်သူက ညွှန်းထားပါသေးတယ်။
မာတိကာ မပါတဲ့ ရှင်ရင်ရွှေထီးစာအုပ်မှာ အဖွင့်နိဒါန်း၊ အပိုင်းတစ် အတွင်းရေး၊ အပိုင်းနှစ် ပြင်ပနဲ့ အခန်းသုံး အိမ်အပြန်ဆိုပြီး အခန်းသုံးခန်းခွဲခြားရေးသား တင်ပြထားပါတယ်။
အခန်းတစ်အတွင်းရေးအခန်းက အရှည်လျားဆုံးဖြစ်ပြီး ဒီအခန်းမှာ ဦးလောရုံ မွေးဖွားကြီးပြင်းသည်မှ နေးရှင်းသတင်းစာပိုင်ရှင်ဖြစ်လာသည်ထိနဲ့ ထောင်ကပြန်ထွက်လာချိန်ထိ ဖြတ်သန်းမှုတွေ ချယ်မှုန်းရေးသားထားပါတယ်။

အခန်းနှစ် ပြည်ပကတော့ ဦးလောရုံမြန်မာပြည်ကထွက်လာပြီး ပြည်ပြေးဘ၀ဖြတ်သန်းပုံ၊ အမေရိကားရောက်ပြီး သေဆုံးချိန်ထိ ဖြတ်သန်း မှုတွေဖော်ပြပါရှိပြီး၊ အခန်းသုံးကတော့ ဦးလောရုံရဲ့သမီး စာရေးသူဝင်ဒီလောရုံရဲ့ မြန်မာပြည်နဲ့တရုတ်မြန်မာနယ်စပ်ဖြတ်သန်းပြီး ဖခင်ဖြစ်သူရဲ့ ဆွေမျိုးသားချင်းရှာပုံတော်ဖွင့်ပုံတွေ ရေးသားတင်ဆက်ထားတာ ဖြစ်ပါတယ်။
ရှင်ရင်ရွှေထီးစာအုပ်မှာ မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးနေ၀င်း စတဲ့ သက်ရှိဇာတ်ကောင်တွေ အမြောက်အမြားပါ ၀င်နေပြီး ဒီထဲ ဦးလောရုံနဲ့ ဦးနေ၀င်းတို့ ဆက်ဆံရေးကဏ္ဍကို စာရေးသူက အလေးထားဖော်ပြရေးသားထားတာ တွေ့မြင်ဖတ်ရှုရပါတယ်။

Windi
ဝင်ဒီလောရုံဟာ သူ့ဖခင် နေးရှင်း ဦးလောရုံထားရစ်အပ်နှံခဲ့တဲ့ မှတ်တမ်းကို အခြေခံ အသုံးပြုပြီး ဒီစာအုပ်ကို ရေးသားထားတာ ဖြစ်တာမို့ ဒီစာအုပ်ထဲပါတဲ့ ဦးနေ၀င်းအတင်းတွေက ဦးလောရုံမှတ်တမ်းတွေက ဆင်းသက် ထွက်ကျလာတာလည်း ဖြစ်ပါတယ်။
နေးရှင်းဦးလောရုံဟာ အထူးသဖြင့် ဦးနေ၀င်းရဲ့ဇနီးဖြစ်သူ ဒေါ်ခင်မေသန်းနဲ့ ကျွမ်းဝင်ရင်းနှီးသူတဦးဖြစ်ပြီး စာအုပ်ထဲပါတဲ့ အတင်းတခုအရတော့ ဒေါ်ခင်မေသန်းနဲ့ ဦးလောရုံ ကျွမ်းဝင်ရင်းနှီးမှုကြောင့်ပဲ ဦးနေ၀င်းက ဦးလောရုံကို ထောင်သွင်းအကျဉ်းချခဲ့တာပါ။
ဒီအကြောင်း အခန်းနှစ်ပြီးခါနီးတနေရာမှာ ရေးသားဖော်ပြထားတာ ကောက်နုတ်ပြချင်ပါတယ်။ ဦးနေ၀င်းရဲ့ဇနီး ဒေါ်ခင်မေသန်းကို ဦးလောရုံက ကေတီ လို့ခေါ်ပြီး ဒီအခန်းမရောက်မီတနေရာမှာ ကေတီဟာ ဦးနေ၀င်းနဲ့ပေါင်းနေတုန်း နောက်လူတယောက်နဲ့ ရှုပ်နေတာကို ဦးလောရုံသိထားသလို ဦးနေ၀င်းကလည်း သိထားလို့ သူ့ဇနီးနဲ့ ပြောဆိုဆက်ဆံခြင်းမလုပ်ဖို့ တားမြစ်ထားတဲ့ကြားက ဦးနေ၀င်းလုပ်တဲ့ ပါတီပွဲတခုကို ဦးလောရုံသွားတက်ရင်း နှစ်ယောက်သား ပြဿ နာတက်ကြပုံအခန်း ဖြစ်ပါတယ်။

တီးဝိုင်းတခုက ဖျော်ဖြေနေ၏။ မြက်ခင်းပြင်တနေရာတွင် နေ၀င်း ထိုင်နေ၏။ တဘက်တွင် ကေတီ၊ သူ့ဘေးမှာက ဗိုလ်မှူးကြီးကတော်တွေ ၀ိုင်းနေ၏။ ကေတီက ဖေ့ဖေ့ကို လက်ဝှေ့ယမ်းပြကာ သူ့နားကို လာခိုင်း၏။ ဖေဖေက သတိပြုမိသည်။ နေ၀င်းကလည်း သူ့ကို တချိန်တည်းတွင် မြင်သွားဟန်တူ၏။ ဖေဖေက ကေတီနားကိုသွား၏၊ သူအနား ပိုရောက်လာလေလေ ဗိုလ်မှူးကြီးကတော်တွေက နေရာဖယ်ပေးလေလေ၊ နောက်ဆုံး ကေတီ၏ဘေးသို့ ဖေဖေ ရောက်သွား၏။
“ရှင်လာတာ ၀မ်းသာလိုက်တာ၊ ကျမကို ပစ်မထားပါနဲ့ရှင်၊ ရှင်ဘာကြောင့် လာသလဲဆိုတာ ကျမသိတယ်၊ ကျမ ဘယ်တော့မှ မမေ့ဘူး”
သူတို့ လက်ချင်းအုပ်ဆုပ်ကိုင်ထားလိုက်ကြ၏။ နေ၀င်းက အနားရောက်လာသည်၊ ကေတီက သူ့ကို ကြည့်ကာ လူအုပ်ကြားထဲ ၀င်သွား၏။

နေ၀င်းက ဒေါသကြောင့် တုန်ယင်နေ၏။

“ခင်ဗျား ဘယ်လောက်သတ္တိရှိလို့လဲ၊ ခင်ဗျားကို သူနဲ့ စကားမပြောရဘူးလို့ ပြောထားပြီးသားပဲ”

…………………………………………………………………………………………………….။
နောက်ထပ် ၃ ညအကြာတွင် ဖေဖေအဖမ်းခံခဲ့ရ၏။

————————————————————————။။။————————

ရှင်ရင်ရွှေထီးရဲ့ အခန်းနှစ်အဆုံးနားမှာလည်း အလားတူ ဦးနေ၀င်းအတင်းတခု တွေ့ရပါတယ်။

ယခု ကျမရှေ့တွင် ဖေဖေ၏အမှတ်ရစရာများစာအုပ်ထဲမှ နောက်ဆုံးအခန်း ရှိနေ၏။ ခေါင်းစဉ်က ရဲဘော်နေ၀င်း၏စိတ် တဲ့။
ဗိုလ်ချုပ်နေ၀င်းဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတခုခုရှိတယ်ဆိုတာ ယုံမှား သံသယနဲနဲလေးတောင်မှ ရှိစရာအကြောင်း မရှိဘူးဟု ရေးခဲ့၏။
ဖေဖေက သူ၏ ကိုယ်ပိုင်ရေးအတပတိ နောက်ဆုံးစာမျက်နှာတွင် ဖော်ပြထား၏။

‘အားလုံးကိုသိရင် အားလုံးကို ခွှင့်လွှတ်ရတာပဲလို့ ပြောကြတယ်၊ ကျနော် နေ၀င်းအကြောင်း တကယ်တမ်း အကုန်မသိပါဘူး၊ ဒါပေမယ့် သူ့ရဲ့ စိတ်အခြေအနေကိုတော့ လုံလုံလောက်လောက်ကို သိပါတယ်၊ သူ ကျနော့်ကို ဒုက္ခတွေ ဘာကြောင့်ပေးတယ်ဆိုတာလဲ ကျနော်နားလည်ပါတယ်။ နေ၀င်းကြောင့် ပိုပြီး ဒုက္ခရောက်ခဲ့သူတွေ သူ့လက်ထက်မှာ ပိုပြီး တရား မမျှမတ ခံရသူတွေ အများကြီးရှိတယ်၊
————————————————————-.။။။…………………………………..
ဘာပဲပြောပြော စာအုပ်အညွှန်းရေးထားသလို လွတ်လပ်ရေးရပြီးကာစ ကာလတွင် သြဇာကြီးမားတဲ့ နေးရှင်းသတင်းစာတည်ထောင်သူ၊ ၁၉၆၂ခုနှစ် စစ်တပ်အာဏာသိမ်းမှုအပြီး အကျဉ်းချခံခဲ့ရသူ၊ ထောင်ကထွက်လာပြီးတဲ့နောက် စစ်အစိုးရကို တော်လှန်ခဲ့သူ၊ ထိုင်းမှာ အခြေစိုက်တဲ့ အဝေးရောက် ဦးနုအစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့သူ၊ အင်္ဂလိပ်၊ ဂျပန်ခေတ်ပုံရိပ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဗိုလင်္ကျာ၊ ဦးသန့်တို့နဲ့ တွေ့ဆုံလှုပ်ရှားခဲ့ပုံတွေ၊ ဦးနေ၀င်းရဲ့ ဇာတ်ရှုပ်တွေအကြောင်း ရေးသားဖော်ပြထားတာမို့ ဖတ်ဖို့သင့်တဲ့ စာတအုပ်ပါပဲ။

ဘာသာပြန်သူပြောတဲ့ သမိုင်းကွက်ပျောက်တွေ ပါရှိတယ်ဆိုတာကတော့ ဦးနေ၀င်းအတင်းတွေ ဖြစ်မလားပါပဲ။
ကိုရွှေအောင်

Ref:http://burmese.dvb.no/archives/92861

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!