Pages

Saturday, February 8, 2014

အခွန်မဆောင်သူများကို လာမည့် ဘဏ္ဍာနှစ်မှစတင် အရေးယူမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်း အခွန်မဆောင်သူ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကို အခွန်ပေးဆောင်ရန် ခေါ်ယူတွေ့ဆုံခြင်းများ ပြုလုပ်လျက် ရှိပြီး လာမည့် ဘဏ္ဍာနှစ် (၂၀၁၄-၂၀၁၅) မှစတင်၍ အခွန်ဥပဒေများနှင့်အညီ ကြပ်မတ် အရေးယူမည် ဖြစ်ကြောင်း အဆိုပါ ဘုတ်အဖွဲ့ထံမှ သိရသည်။
“အခွန်မဆောင်တဲ့ သူတွေကို ပထမ၊ ဒုတိယ၊ တတိယအကြိမ်အထိတွေ့ပြီး သတိပေးသွားမယ်။ အဲဒါကိုမှ မပေးဘူးဆိုရင် အရေးယူမယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အခွန် မပေးဆောင်သူများကို လာမည့် ဘဏ္ဍာနှစ်မှစတင်၍ စာရင်းအတိအကျ ကောက်ခံပြီး အခွန်ဥပဒေများဖြင့် အတိအကျ အရေးယူမည် ဖြစ်ကြောင်း အခွန်ဘုတ်အဖွဲ့ထံမှ သိရသည်။

ယင်းသို့ အခွန်မဆောင်သူများကို အခွန်ဥပဒေများအရ တစ်ဖတ်သက် စည်းကြပ်ခြင်း၊ အခွန်မဆောင်သူ၏ ဆိုင်အနီးမှ မည်သို့ အခွန်မဆောင်ခြင်းကို သတင်းယူခြင်းနှင့် ၎င်းပိုင် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ဝရမ်းကပ်၍ လေလံတင်ခြင်း များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။
“စီးပွားရေးလုပ်တယ် ဆိုရင်တော့ အခွန်ပေးဆောင်ရမယ်။ နိုင်ငံသားမှန်ရင် အခွန်ပေးဆောင်ရပါမယ်။ ဒါပေမဲ့ မျှတတဲ့ အခွန်တော့ ဖြစ်ဖို့လိုပါတယ်” ဟု စီးပွားရေး မူဝါဒပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ ပြည်ပလေကြောင်းလိုင်းများ၊ ပြည်တွင်း အရက်ချက် လုပ်ငန်းရှင်များ၊ အဆင့်မြင့်ဈေးများ၊ ဘုရင့်နောင်နှင့် စော်ဘွားကြီးကုန်းရှိ ပွဲရုံ လုပ်ငန်းရှင်များကို ယခုဘဏ္ဍာနှစ်အတွင်း အခွန်လစဉ် ပေးဆောင်ရန်၊ ဝင်ငွေကြေညာလွှာ အချိန်မီတင်ရန်၊ အခွန်မပေးသူများ အခွန်ပြန်လည် ပေးဆောင်ရန်တို့အတွက် ခေါ်ယူတွေ့ဆုံပြီး ဖြစ်ကြောင်း အဆိုပါ ဘုတ်အဖွဲ့ထံမှ သိရသည်။

၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားချက်အရ တစ်လလျှင် လစာကျပ် တစ်သိန်းနှစ်သောင်းနှင့် အထက်ရရှိသူများသည် အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
ယင်းသို့ ပေးဆောင်ရာတွင် အိမ်ထောင်ရှင်များအနေဖြင့် တစ်လလျှင် ကျပ် ၁၈၀၀ နှင့် အိမ်ထောင်မရှိသူ လူလွတ်များမှာ ကျပ်နှစ်ထောင်ခန့် ပေးဆောင်ရမည် ဖြစ်ကြောင်း အခွန်နှုန်းထား သတ်မှတ်ချက်အရ သိရသည်။
Ref;thevoiceweekly

No comments:

Post a Comment