Pages

Friday, August 4, 2017

မိမိကိုယ် ပြောင်းလဲကြည့်လိုက်စမ်းပါ!

ပြောင်းလဲကြည့်ပါ..


လူတစ်ယောက်ဆင်းရဲခြင်း ချမ်းသာခြင်းဟာ သူတို့ရဲ့ ပညာအရည်အချင်း အသက်အရွယ် အသားအရောင်ပေါ် လုံးဝ မမူတည်ပါဘူး။ သူတို့ဘဝကိုသူတို့ ဘယ်လိုအနေအထားမျိုးမှာ လက်ခံထားသလဲ ဘယ်လို ရှုမြင်သလဲဆိုတဲ့ အရာပေါ် မှာပဲ မူတည်ပါတယ်။

ကျွန်တော်ကိုယ်တိုင် ဆင်းရဲတဲ့ဘဝအခြေအနေကို ဖြတ်သန်းခဲ့ဖူးပါတယ်။ ကျွန်တော် အိမ်ထောင်စကျစမှာ အရမ်းခက်ခဲတဲ့ ဘဝအခြေအနေနဲ့ ရင်ဆိုင်ခဲ့ဖူးတယ်၊ ကိုယ့်ဘဝကိုယ်ကျောင်းခဲ့ရသူ ကျောထောက်နောက်ခံလည်းမရှိသူဆိုတော့ ဘဝသစ်စတဲ့အချိန်မှာ သုညပေါ့။

Image may contain: 1 person

အဲဒီအခြေအနေမှာ ကျွန်တော့်အတွေးထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော် ချမ်းသာနိုင်မယ့် လူတစ်ယောက်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ချမ်းသာခြင်းနဲ့ ကိုယ်နဲ့ဘာမှမဆိုင်ဘူးလို့ပဲတွေးခဲ့တယ်။ ရထားတဲ့
ဘဝလေးကိုပဲ ရောင့်ရဲကျေနပ်နိုင်ဖို့ စကားလုံးတွေ အတွေးတွေများစွာနဲ့ ကာကွယ်ခဲ့တယ်။

အဲဒီတုန်းက ကျွန်တော်ခံယူထားတဲ့ အမှန်တရား တချို့က ချမ်းသာခြင်းက အရေးမကြီးဘူး။

ဆင်းရဲသားဖြစ်ဖြစ် သူဌေးဖြစ်ဖြစ် တစ်နေ့ကို ထမင်း ၃နပ်ထက်ပို မစားနိုင်ပါဘူး။ 

ချမ်းသာသူဖြစ်ဖြစ် ဆင်းရဲသူဖြစ်ဖြစ် သေသွားရင် သူတို့ပိုင်ဆိုင်မှုတွေ အကုန်ထားခဲ့ရမယ်။

ပိုက်ဆံရှိမှပျော်တာမဟုတ်ပါဘူး ပျော်အောင်နေတတ်ရင်ပျော်ပါတယ်.. 
စသဖြင့် ကိုယ့်ရဲ့ ဘဝကို Comfort Zone ထဲမှာ နေတတ်အောင် ကိုယ့်ကိုကိုယ် ဇွတ်မှိတ်ပြီး အားပေး
စကားတွေ ပြောနေခဲ့တယ်။ ရထားတဲ့ဘဝကိုပဲ ကျေနပ်ဖို့ ဆင်ခြေအမျိုးမျိုးပေးခဲ့တယ်။


တကယ့်အစစ်အမှန်မှာတော့ ကျွန်တော့်ကိုယ်ကျွန်တော် ညာနေတာပါ။ ငွေမရှိတဲ့ဘဝမှာ ကျွန်တော်မပျော်ပါဘူး။ ကျွန်တော်ချစ်တဲ့သူတွေ လိုချင်တဲ့အရာတွေ တောင်းဆိုလို့ ကျွန်တော်မပေးနိုင်ချိန်မှာ ကျွန်တော်မပျော်ပါဘူး။ သူများမိသားစုတွေ အလည်အပတ်ခရီး ထွက်နေချိန်မှာ ကိုယ့်မိသားစုကို ဘယ်မှမပို့ပေးနိုင်လို့ ကျွန်တော်မပျော်ပါဘူး။ သူများမိသားစုတွေ စားသောက်ဆိုင် ကောင်းကောင်းမှာ စားနေချိန် ကိုယ့်မိသားစု စားချင်တာကို မကျွေးနိုင်လို့ ကျွန်တော်မပျော်ပါဘူး။ သူတို့တွေ နေထိုင်မကောင်းဖြစ်နေချိန်မှာ 
အထူးကုဆေးခန်းမှာ မပြနိုင်လို့ ကျွန်တော်မပျော်ပါဘူး။

ကျွန်တော်တို့လို ဆင်းရဲတဲ့သူ တော်တော်များများ တွေးကြတာက ဘယ်လောက်ချမ်းသာချမ်းသာ သေသွားရင် စည်းစိမ်တွေအကုန်ထားခဲ့ရမယ်ပေါ့။ ဒါပေမယ့် နောက်ဘဝကို ယူသွားလို့ရမှန်း ကျွန်တော်တို့
မသိကြဘူး။ ကျွန်တော်တို့ ချမ်းသာလာရင် အလှူအတန်းတွေလုပ်မယ် မရှိဆင်းရဲသားတွေကို ကူညီမယ် ပရဟိတလုပ်ငန်းတွေလုပ်မယ်ဆိုရင် နောင်ဘဝဒီထက်ပိုချမ်းသာနိုင်ပါသေးတယ်။ မရှိလို့မလှူနိုင် မလှူနိုင် တော့ပိုမရှိလေ။ ရှိတော့ ပိုလှူနိုင် ပိုလှူနိုင်တော့ ပိုရှိလေ ဒါ သီအိုရီအမှန်ပါပဲ။ ဒါကြောင့်များများလှူနိုင်ဖို့ ကျွန်တော်တို့ ချမ်းသာအောင်ကြိုးစားရမယ်။ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းမွန်တဲ့အရာတွေဖြည့်ဆည်း   ပေးနိုင်ဖို့ ကျွန်တော်တို့ကိုယ်တိုင်ချမ်းသာနေဖို့ လိုတယ်။

လူတိုင်း တစ်နေ့ ထမင်း ၃နပ်ထက်ပိုမစားနိုင်ပါဘူးလို့ တွေးနေခဲ့တဲ့အတွက် ထမင်းစားဖို့အတွက်ပဲ ကျွန်တော်တို့ အလုပ်လုပ်နေခဲ့ရတယ်။ တကယ်တော့ ကျွန်တော်တို့ မွေးဖွားလာတာ ထမင်းစားဖို့ တစ်ခုတည်း တွက် မဟုတ်ပါဘူး။ အခြားသောလုပ်စရာတွေ ပေးဆပ်စရာတွေ အများကြီးရှိပါသေးတယ်။

ကျွန်တော့်ဘဝမှာ မှားယွင်းစွာ လက်ခံခဲ့တဲ့ အတွေးအခေါ် အားလုံးကို လုံးဝပြောင်းလဲပေးလိုက်တဲ့ အရာကတော့ T-F-A-R ဆိုတဲ့ စကားလုံး လေးလုံးပါပဲ။ Thought လို့ခေါ်တဲ့အတွေးရယ် Feeling လို့ ခေါ်တဲ့ 
စိတ်ခံစားမှုရယ် Action လို့ခေါ်တဲ့ လုပ်ဆောင်ချက်ရယ် Result လို့ ခေါ်တဲ့ ရလာဒ်ရယ်။

ဒီစကားလုံး ၄လုံးက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာကို Start your business with WHY လို့ခေါ်တဲ့ Seminar တစ်ခုမှာ သိခွင့်ရခဲ့တယ်။ အဲဒီနေ့မှ ငါဘာကြောင့် မအောင်မြင်ရတာလဲဆိုတဲ့ အဖြေကို ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။

အဲဒီနေ့ကစလို့ ကျွန်တော့်အတွေးတွေကို ကျွန်တော်ပြောင်းလဲလိုက်တယ်။ ကျွန်တော်လိုချင်တဲ့ဘဝအမှန်ကို ကျွန်တော်ရဲရဲတွေးတယ်။ ကျွန်တော့်စိတ်ခံစားချက်တွေ ကောင်းမွန်အောင်တည်ဆောက်တယ်။ 
အဆိုးပြောတဲ့သူ အထင်သေးတဲ့သူတွေကို တတ်နိုင်သလောက်ရှောင်တယ်။ 
ကိုယ့်အင်အားကို ယုတ်လျော့စေမယ့် အနုတ်စကားတွေ စာတွေကိုမဖတ်တော့ဘူး။ facebook ပေါ်က ဝေဖန်တဲ့စာတွေ အကျိုးမရှိတဲ့စာတွေကို တတ်နိုင်သလောက် ကျော်ပစ်တယ်။ 
အရမ်းအဆိုးပြောတဲ့ ပြစ်တင်ပြောဆိုငြီးတွားတတ်တဲ့ မိတ်ဆွေတွေကို block လိုက်တယ်။ သူတို့နဲ့စကား
မပြောမိအောင်ရှောင်တယ်။

အနုတ်လက္ခဏာစွမ်းအားဖြစ်ဖြစ် အပေါင်းလက္ခဏာစွမ်းအားဖြစ်ဖြစ် ကူးစက်ရောဂါလိုပဲ ကူးစက်တတ်လို့ တတ်နိုင်သလောက် အနှုတ်လက္ခဏာသမားတွေကိုရှောင်တယ်။ ဒါဟာ သူတို့ကို မုန်းလို့မဟုတ်ပါဘူး။ 
ကျွန်တော့်ရဲ့ စိတ်ခံစားမှုကို အနှုတ်ဘက်မရောက်အောင် ထိန်းသိမ်းလိုက်တာပါ။ ကျွန်တော့်ရဲ့ ဘဝကို အဆိုးသံသရာထဲက လွတ်ချင်လို့ပါ။

ပြီးတော့ ခွန်အားဖြစ်စေမယ့်စာတွေ Facebook မှာရော အပြင်မှာရောရှာဖတ်တယ်။ အတွေးအခေါ် ပြောင်းလဲပေးမယ့် ဟောပြောပွဲတွေ သင်တန်းတွေ တက်ရောက်တယ် နားထောင်တယ်။ ဗီဒီယိုဖိုင်တွေကြည့်
တယ်။ ချမ်းသာတဲ့သူတွေ ရေးတဲ့စာတွေဖတ်တယ်။ သူတို့ဘဝဖြတ်သန်းပုံတွေ လေ့လာတယ်။ 
လူတယောက်အောင်မြင်ဖို့ Positive Energy အပေါင်းလက္ခဏာ စွမ်းအားကလည်း အဓိကကျပါတယ်။

ဒီလို လေ့လာရင်း လေ့လာရင်း တဖြည်းဖြည်း သိလာတာက ဆင်းရဲခြင်း ချမ်းသာခြင်းမှာ မျိုးရိုးမရှိဘူးဆိုတာပါပဲ။ ဒီနေ့ကမ္ဘာပေါ်မှာရော မြန်မာနိုင်ငံမှာပါ ချမ်းသာနေကြတဲ့သူ တော်တော်များများက မျိုးရိုးကြောင့် မဟုတ်ဘူးဆိုတာ တွေ့လာတယ်။ ဥပမာ ဘေလ်ဂိတ်၊ မက်ဇူဂါဘတ်၊ ဂျက်မား၊ ကမ္ဘောဇဘဏ်ပိုင်ရှင်၊   အောင်သမာဓိရွှေဆိုင်ပိုင်ရှင်စသဖြင့် အားလုံးနီးပါးသော သူဌေးတွေက နောက်ခံမျိုးရိုးကြောင့် မဟုတ်ပဲ အတွေးအခေါ် နဲ့ လုပ်ရပ်တွေကြောင့် ဆိုတာ ကွက်ကွက်ကွင်းကွင်း သိလာခဲ့တယ်။ 
ဒါကြောင့်ယုံကြည်မှုလည်း ပိုခိုင်မာလာတယ်။ 

ယုံကြည်မှုခိုင်မာလာတာနဲ့အမျှ လုပ်ဆောင်မှုတိုင်းကလည်း အင်အားတွေပြည့်လာတယ်။


ချမ်းသာတဲ့သူတွေ အောင်မြင်တဲ့သူတွေ ပေးတဲ့ အကြံအတိုင်းလုပ်ဆောင်တယ်။ တိုတိုပြောရရင် ချမ်းသာသူလိုတွေး ချမ်းသာသူတွေလိုလုပ်ရင် ချမ်းသာမှာဖြစ်သလို ဆင်းရဲသားလိုတွေး ဆင်းရဲသားလို လုပ်ရင် 
ဆင်းရဲမှာပါပဲ။

ကျွန်တော်တို့ဘဝတလျှောက်လုံး အပြင်ကမ္ဘာမှာရှိတဲ့ Result လို့ခေါ်တဲ့ ရလာဒ်ကိုပဲ ကျွန်တော်တို့ အသည်းအသန် ရှာဖွေနေကြတယ်။ တကယ်တမ်း အဓိက တရားခံက ကျွန်တော်တို့ အတွင်းကမ္ဘာမှာရှိတဲ့ Thought လို့ခေါ်တဲ့အတွေးနဲ့ Feeling လို့ခေါ်တဲ့ စိတ်ခံစားမှုကို ပြောင်းလဲဖို့ မသိပဲဖြစ်နေကြတာပါ။ 
ဒါကြောင့် ဒုက္ခနဲ့ကြုံလာရင် တလောကလုံးကို ကျွန်တော်တို့ပြစ်တင်ဖို့ ဝန်မလေးတာပေါ့။

နိုင်ငံချမ်းသာတာဆင်းရဲတာ ပတ်ဝန်းကျင်ကဘယ်လိုကြောင့် မျိုးရိုးကဘာဖြစ်လို့ နည်းပညာကလိုအပ်လို့ အလုပ်အကိုင်ရှားပါးလို့ စသော ပြင်ပအကြောင်းအရာတွေကို အပြစ်တင်တာ ခဏရပ်ပြီး အတွင်းကို အရင်   ပြင်ကြည့်ပါ။ နေ့စဉ်နေ့စဉ် ယုံယုံကြည်ကြည် လုပ်ဆောင်ကြည့်ပါ။ သေချာတာကတော့ သင့်ဘဝ ခုထက်ပိုကောင်းမွန်လာမှာပါ။ သင့်ဘဝကောင်းမွန်လာရင် သင့် ပတ်ဝန်းကျင်ကလူတွေကိုလည်း သင်သိသလို ပြန်လည်မျှဝေပေးပါ။ ဒါဆို သင့်ပတ်ဝန်းကျင်လည်း ကောင်းမွန်လာမှာပါ။ သင့်ပတ်ဝန်းကျင် ကောင်းမွန်လာရင် သင့်နိုင်ငံလည်းကောင်းလာမှာပါ။ လောလောဆယ်သင့်နိုင်ငံ ကောင်းလာမှာ မကောင်းလာမှာ
ထက် သင့်ရဲ့အတွေးနဲ့ စိတ်ခံစားမှုကို ကောင်းမွန်အောင် အရင်တည်ဆောက်ကြည့်ရအောင်။ 
အားလုံးကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။

ကျးဇူးတင်ပါတယ်....

ကိုလတ် KO LATT - Successmore FB 

No comments:

Post a Comment