Popular Posts!

Thursday, April 19, 2012

မလေးရှားရှိ အိမ်ဖော်၊ အိမ်အကူအလုပ်သမများ ဥပဒေရေးရာနှင့်ပတ်သက်၍ အလှမ်းကွာဝေးမှု (Orn Eak’s Case)

နွားကျောင်းသား (Friend Ever)
ဧပြီ ၁၈၊ ၂၀၁၂
(ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများအနေဖြင့် မလေးရှား အလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မလာရောက်ကြစေရေးအတွက် တဖက်တလမ်းမှ အထောက်အကူဖြစ်စေနိုင်ရန်ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြနေခြင်းဖြစ်သည်။ ဤအ ကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလိုသုံးနိုင်သည်။)
Orn Eak’s Case (28-Years Old) Maid from Cambodia
အိမ်ဖော်၊ အိမ်အကူအလုပ်သမတို့သည် အိမ်တအိမ်တည်းတွင် နေ့စဉ်ရက်ဆက် လုပ်ကိုင်နေရသောကြောင့်လည်းကောင်း၊ ပြင်ပပတ်ဝန်း ကျင်နှင့် ဆက်သွယ်ချိန်မရ။ ဆက်သွယ်ခွင့်မရကြ၍လည်းကောင်း၊ သူတို့သည် အိမ်ရှင်၏မတရားမှုကို ကြုံတွေ့ခံစားရသော်လည်း မိမိ ကိုယ်ကိုကာကွယ်နိုင်သော ဥပဒေအခွင့်အရေးများနှင့် အလှမ်းကွာဝေးခြင်း၊ မသိရှိခြင်း စသည်တို့ ဖြစ်ကြရသည်။ ၂၀၁၀ ခုနှစ်တွင် မလေး ရှားနိုင်ငံတွင် မလေးနိုင်ငံသား အိမ်ရှင်တို့၏ မတရားပြုမှုများကြောင့် အိမ်ဖော်၊ အိမ်အကူအလုပ်သမများစွာ ဒုက္ခရောက်၊ ဒဏ်ရာရ (အချို့မှာ သေရာပါဒဏ်ရာ) အသတ်ခံခဲ့ရသော်လည်း၊ အမျိုးသမီးများအခွင့်အရေးကို ကာကွယ်တိုက်ခိုက်ပေးနေသော WAO သို့ အမှုအနည်းငယ်သာ ရောက်ရှိခဲ့သည်။ (WAO Annual Report 2010)
အမှုများတွင် လုပ်ခလစာကိုအချိန်မှန်မရခြင်းနှင့် လပေါင်းများစွာလစာ မပေးပဲထားခြင်းတို့သည် အများဆုံးဖြစ်သည်။ နိုင်ငံကူးလက်မှတ်နှင့် စာရွက် စာတမ်းများ ထိန်းသိမ်းထားခြင်း (ပေးသင့်ချိန်ရောက်သော်လည်း မပေးခြင်း)၊ အစာရေစာ ချို့တဲ့စွာကျွေးမွေးခြင်း စသည်တို့ဖြစ်သည် ဟု WAO မှလေ့လာတွေ့ရှိရသည်။ ၂၀၁၀ နှစ်စပိုင်းတွင် WAO သို့ ဖိလစ်ပိုင်နှင့် ဗီယက်နမ်မှလာရောက်လုပ်ကိုင်နေသော အိမ်အကူနှစ်ဦး ဆက်သွယ်လာခဲ့ သည်။ လစာမပေးခြင်း၊ ရိုက်နှက်ခံရခြင်းများကြောင့် နိုင်ငံပြန်ရန် စရိတ်နှင့် စာရွက်စာတမ်းမရှိ (အိမ်ရှင်မှ ထိန်းသိမ်းထား၍) သောကြောင့်ဖြစ်သည်။ ထို့ကြောင့် WAO သည် သက်ဆိုင်ရာဌာနများနှင့်ဆက်သွယ်ဆောင်ရွက်ရာ ဖိလစ်ပိုင်သံရုံးသည် ယင်းနိုင်ငံသူ အတွက်ထိရောက်စွာ ပူးပေါင်းကူညီမှုပေးသဖြင့် လက်ကျန်လစာနှင့် စာရွက်စာတမ်းများပြန်လည်ရရှိ၍ နိုင်ငံသို့ပြန်နိုင်ခဲ့သည်။ ဗီယက် နမ်သူလေးမှာမူ ကံဆိုးစွာပင်အဆင်မပြေဖြစ်၍ WAO ရုံးတွင် နှစ်ပတ်နီးပါးနေထိုင်ခဲ့ရပြီး၊ မည်သို့မျှအဆင်မပြေသည့်အတွက် ပြန်ရန်လမ်း စရိတ်အတွက် အလုပ်သစ်လုပ်ကိုင်ရန်စီစဉ်ပေးခဲ့ရပြီး၊ လမ်းစရိတ်ပြည့်သောအခါ၊ WAO အကူညီဖြင့် စာရွက်စာတမ်းများပြုလုပ်ကာ နိုင်ငံ ပြန်ပို့ခဲ့ရသည်။ (WAO Annual Report 2010)
ကမ္ဘောဒီးယားနိုင်ငံသူ Orn Eak (အသက် ၂၈ နှစ်) သည် (၂) နှစ်ကျော် မလေးရှားအိမ်ရှင်၏ မတရားမှုများကိုခံစား၍ အိမ်အကူအလုပ်ကို လုပ်ခဲ့ရသည်။ သူသည် အသက် (၅) နှစ်အရွယ်ကလေး Ho Bora ၏မိခင်ဖြစ်ပြီး မိသားစုနှင့် မိမိကလေးအတွက် အိမ်အကူအလုပ်ကို မလေးရှားတွင် လာရောက်လုပ်ကိုင်ခြင်းဖြစ်ပါသည်။ သူမသည် မကြာခဏပင် ရိုက်နှက်ခံရပီး၊ အစာမကျွေးဘဲ အငတ်ထားခံခဲ့ရကြောင်း ပြောပါသည်။ အိမ်ထဲကို မြွေတစ်ကောင်ဝင်ရောက်ခိုအောင်းနေ၍ အိမ်ရှင်မှ အသုံးမကျဆိုကာ ရိုက်နှက်မောင်းထုတ်ခံခဲ့ရသည်။ သူမသည် အမြဲအပြစ်တင်ခံခဲ့ရသည်။ အိမ်ရှင်၏မိခင်သေဆုံးသည်ကိုပင် သူမအပြစ်ဟုဆိုကာ ရိုက်နှက်ကြသည်။ သူမကိုယ်ခန္ဓာတွင် အိမ်ရှင်ကြောင့် ဒဏ်ရာများ၊ အနာရွတ် များစွာရှိသည်။ ကမ္ဘောဒီးယားနိုင်ငံ Kompong Thom ခရိုင်မှ၊ သူမသည် ၂၀၁၀ မှစ၍ မလေးရှားတွင် အိမ် အကူ အလုပ်ကို လုပ်ကိုင်ခဲ့သည်။ အလုပ်စသည့်အချိန်မှစ၍ ပိတ်ရက်မရှိ ဆက်တိုက်လုပ်ကိုင်ခဲ့ရသည်။ မကြာခဏအရိုက်ခံရခြင်း၊ အစာငတ်ထား ခြင်း စသည်တို့ကြုံခဲ့ရသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ရှိသောသူမ၏ အမေ Ee Tha (အသက် ၅၅) ကပြောသည်မှာ ယင်း၏သမီးသည် မလေးရှားတွင် အိမ်အကူအလုပ် ကို (၂) နှစ် လုပ်ကိုင်ခဲ့သော်လည်း လုပ်ခလစာအနေနှင့် နှစ်ကြိမ်သာ ရရှိခဲ့သည်ဟုပြောသည်။ နှစ်ကြိမ်စုစုပေါင်း US$ 270 သာရခဲ့သည်။ ကန်ထရိုက်စာချုပ်နှင့် လုပ်ရိုးလုပ်စဉ်အတိုင်းဆိုလျှင် Orn Eak ၏လစာမှ ပါမစ်ကြေး၊ လဲဗီ (levy) ကြေးနှုတ်ပြီးသည့်အပြင် ကျန်သင့်သည်မှာ တစ်လ $US 180 ကျန်ရပါမည်။ သို့သော် (၂) နှစ်ကျော်လုပ်ခဲ့ပြီး US$ 270 သာရခဲ့သည်။
အလုပ်ရှင်၏ နှိပ်စက်မှုများစွာခံခဲ့ရပြီး၊ သူမသည် ကမ္ဘောဒီးယားသို့ ပြန်ရောက်ခဲ့သည်။ ရောက်ရောက်ခြင်း သူမသည် အလုပ်သမားအေဂျင်စီ သို့သွား၍ သူမအတွေ့အကြုံကိုတင်ပြခဲ့သည်။ အိမ်ရှင်ယောက်ျားနှင့် သူ့မိတ်ဆွေ (၅) ယောက်က ရိုက်နှက်ကန်ကျောက်ပြီး မောင်းထုတ် ကြကြောင်းနှင့် အသေးစိတ်ပြောပြခဲ့သည်။ ဒဏ်ရာများကိုလည်း ပြခဲ့သည်။ မကြာမီသူမကို သူမအမေက Phnom Penh သို့ လာရောက်ကြို ခဲ့သည်။ “ကျမသမီးကိုတွေ့တဲ့အခါ တကိုယ်လုံးမှာ ဒဏ်ရာတွေနဲ့ ကုတ်ရာ၊ ခြစ်ရာတွေနဲ့ ကျမ အလွန်ရင်နင့်ခံစားရပါတယ်။” ဟုပြောဆိုခဲ့ သည်။ သူမအမေသည် အလုပ်သမားအေဂျင်စီရုံးတွင် သမီးလုပ်ခကိုမရမခြင်း မပြန်ဟုဆိုသည့်အတွက် အလုပ်သမားအေဂျင့်များမှ (၂) နှစ် ကျော်အလုပ်လုပ်ခဲ့သည်ကို US$ 1200 ပေးခဲ့သည်။ သူမရမည့်လစာစုစုပေါင်း သုံးပုံတစ်ပုံမျှပင် မရှိပါ။
သူမကို လူမှုကူညီရေးအဖွဲ့မှ လာရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ လူအခွင့်အရေးအဖွဲ့များ၏အဆိုအရ ၂၀၁၁ ခုနှစ် အတွင်း၊ ကမ္ဘောဒီးယားနိုင်ငံသူ အိမ်အကူအလုပ်သမ (၁၁) ဦးသည် မလေးရှားအိမ်ရှင်တို့၏သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ (ကမ္ဘောဒီးယား နိုင်ငံသူအရေအတွက်)
မလေးရှား အတိုက်ခံပါတီ MP မှ Charles Santiago ကမလေးရှားအစိုးရနှင့် ရဲများကို လူ့အခွင့်အရေးချိုးဖောက်သူများ၊ တရားမျှတမှု မရှိ သူများ၊ စသည်ဖြင့်ပြောဆိုခဲ့ပြီး၊ အိမ်ဖော်အိမ်အကူသေဆုံးမှုများကို စုံစမ်းစစ်ဆေးမှုများထိရောက်စွာမလုပ်၊ အရေးမယူသည့်အတွက် ပြစ် တင်ခဲ့သည်။
စောင့်ကြည့်ရုံသာ စောင့်ကြည့်သော “လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့” (Human Rights Watch) မှပြောသည်မှာ အိမ်အကူတို့သည် တစ်ရက် တစ်ရက် အချိန်ကြာရှည်စွာလုပ်ရခြင်း၊ နားရက်မရှိခြင်း၊ အစာချို့တဲ့ခြင်း၊ လစာမရခြင်း စသည်တို့ကြုံတွေ့နေရ၍ ပြုပြင်သင့် ကြောင်း ပြောပါသည်။
အိမ်ဖော်အိမ်အကူများအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် အခြားများစွာသောအမှုများကြောင့် ကမ္ဘောဒီးယားသည် မလေးရှားသို့ အိမ် ဖော်ပို့ခြင်းကို ပိတ်ခဲ့သည်။ ထို့သို့ပိတ်သည့်အတွက် ကမ္ဘောဒီးယားအစိုးရအဖွဲ့သည် အလုပ်သမားအေဂျင်စီများနှင့် အတိုက်ခံပြဿနာ များစွာတက်ခဲ့ရသည်။ သို့သော် သူ့နိုင်ငံသူများကို ကာကွယ်သောအစိုးရနှင့် သူ့အဖွဲ့သည် ဖြေရှင်းနိုင်ခဲ့ပါသည်။
ယခုလက်ရှိ မလေးရှားသည် အိမ်ဖော်ရရှိရေးအတွက် အင်ဒိုနီးရှားအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီး၊ မကြာခင်အချိန်အတွင်း အင်ဒိုနီးရှား မှ အိမ်ဖော်နှင့် အိမ်အကူများရောက်လာဖွယ်ရှိပါသည်။ ထို့်ကြောင့် ကျွန်ုပ်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေနှင့် မလေးရှားသို့ မြန် မာအစိုးရက မိမိနိုင်ငံသူများကို အိမ်ဖော်ကျွန်လုပ်ရန်စီစဉ်နေမှုကို အပြင်းအထန်ကန့်ကွက်ကြပါရန်နှင့် ဤကိစ္စ လုံးဝပျက်စီးသွားရန်ထိ ကြိုးပမ်းသွားကြရန် လေးစားစွာတိုက်တွန်းလိုက်ရပါသည်။
Ref: WAO Annual Report 2010
Cambodia News
Phnom Penh Post
အညွှန်း – http://mgpala.blogspot.com/2012/04/orn-eaks-case.html

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!