မြန်မာပြည် ပြန်လည်ထူထောင်ရေး ပညာရှင်များ အကြံပြုသော နည်းလမ်း (၁၆) သွယ်မှ
Friday, 06 April 2012 11:31 - Written by နေသွင် - မောက္ခပညာရေးမဂ္ဂဇင်း
Friday, 06 April 2012 11:31 - Written by နေသွင် - မောက္ခပညာရေးမဂ္ဂဇင်း
မိတ်ဆက်။ အနာဂတ် မြန်မာပြည်ကို ဘယ်ပုံဘယ်နည်းဖြင့် ပြန်လည် တည်ဆောက်မည်လဲ ဆိုသည့်အပေါ် မြန်မာနှင့်နိုင်ငံတကာမှ ပညာရှင်များနှင့် ဂျာနယ်လစ်များက ကျွမ်းကျင်ရာ နယ်ပယ်အလိုက် အကြံပြုထား သည်များကို ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းတွင် စုစည်းဖော်ပြထား
ပါသည်။
ပါသည်။
နှစ်ပေါင်းများစွာ ဖြေရှင်းမရခဲ့သော၊ မြန်မာပြည်၏ အရိုးရင့် စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပြသနာများအတွက် စဉ်းစားဆင်ခြင်ဖွယ်ရာ ကုထုံးများအဖြစ် ယူဆစရာရှိပါသည်။
ယခုဖော်ပြမည့် စာစုမှာ NED (National Endowment for Democracy.) အဖွဲ့က Asia and Global Programs ၏ အကြီးတန်းညွန်ကြားရေးမှူး Brian Joseph ၏ ပြည်ထောင်စု ပြသနာအပေါ် ရူ့မြင့်ချက်ဖြစ်ပါသည်၊ လောလောဆယ်တွင် မြန်မာ၊ ဗမာ အငြင်းပွားမှုတွေကို ခဏမေ့ထားပြီး ကုလသမဂ္ဂတွင် အစိုးရက တရားဝင်သတ်မှတ်ထားသော အမည်များကို အသုံးပြုသွားမည့်အကြောင်း၊ နိုင်ငံကို မြန်မာနိုင်ငံ၊ ဗမာကို မြန်မာပြည်ထဲက လူများစု တိုင်းရင်းသားအုပ်စုရဲ့ အမည်အဖြစ် သုံးစွဲသွားမည့်အကြောင်း ကြိုတင် မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။
မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကတော့ အချိန်ယူပြီး ခက်ခက်ခဲခဲ လုပ်ဆောင်ရဖို့ ရှိပါတယ်။ နေရာတိုင်းမှာ မရှိမဖြစ် အရင်းအနှီး ကြီးကြီးမားမား လိုအပ်ကြတာချည်းပါပဲ။ ဒါပေမယ့် တခြားအရာတွေ အားလုံးထက် ဦးစားပေးသင့်တဲ့ ကိစ္စတရပ်ကတော့ ပြည်ထောင်စုစစ်စစ် ကို တည်ဆောက်ဖို့ ဖြစ်ပါတယ်၊ နှစ်ပေါင်း ၅၀ လုံးလုံး စစ်တပ်က အကြမ်းဖက်နည်း၊ ဖိနှိပ်မှုနဲ့ နိုင်ငံရေးအရ နိုင်လိုမင်းထက်နည်းတွေကို သုံးပြီး တိုင်းပြည်နယ်မြေတွေ ကွဲပြားမသွားအောင် လုပ်ဆောင်ခဲ့ပါတယ်။
စစ်တပ်က အာဏာကို လက်လွှတ်ပြီး ဒီမိုကရေစီကို ခြေလှမ်းစတင်တဲ့ အခါမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဗမာ တိုင်းရင်းသားတွေ ကြားထဲမှာ နိုင်ငံရေးအရ ကွဲပြားနေမှုဟာ နောက်ထပ် အရေးတကြီးကိုင်တွယ်ရမယ့် ကိစ္စ ဖြစ်လာပါတယ်။
လက်ရှိအစိုးရ၊ စစ်တပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အရေးကြီးတဲ့ ဦးစားပေး ကိစ္စရပ်တရပ်ကတော့ အမျိုးသားညီညွတ်ရေးနဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ထိခိုက်ယုတ်လျှော့စေနိုင်တဲ့ ဖွဲ့စည်းတည်ရှိမှုမျိုး၊ နိုင်ငံရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းကြဖို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို မကိုင်တွယ်တတ်ရင် ရှေ့မှာ ပြိုင်ဆိုင်မှုတွေက ပိုပြီးပြင်းထန် လာနိုင်ပါတယ်။
တိုင်းပြည်ရဲ့ အခြေခံသဘောသဘာဝ (တခြားတိုင်းရင်းသားတွေလည်း တော်တော်များများလည်း ရှိနေတဲ့ ဗမာစကားပြောတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ တိုင်းပြည်လား သို့မဟုတ် ဗမာလူမျိုး ဖြစ်ရတာ တခြားလူမျိုးဖြစ်ရတာနဲ့ ဘယ်လိုမှ ခြားနားမှုမျိုးမရှိတဲ့ တန်းတူရည်တူ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ရာတိုင်းပြည်လား) ဆိုတာကို အနက်မဖွင့်နိုင်ရင် တိုင်းရင်းသားဒေသတွေမှာ နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဦးတည်စေရုံသာမက တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံတခု အဖြစ် အရှည်တည်တံ့နိုင်မှာလည်း မဟုတ်ပါဘူး။
ဒါကြောင့် မြန်မာပြည်မှာ အရင်ဦးဆုံး ဒီမိုကရေစီအတွက် အကျိုးမများသလို၊ တိုင်းရင်းသားအခွင့်အရေးတွေကိုလည်း အကာအကွယ်မပေးနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် (၂၀၀၈) ကို ပြန်လည်ရေးဆွဲဖို့အတွက် လေးလေးနက်နက် အားထုတ်ဖို့ လိုအပ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူတွေက မြန်မာပြည်မှာ တန်းတူညီမျှမှု၊ တိုင်းရင်းသားအခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့ (ဘာသာစကားနဲ့ ဘာသာတရားက အရေးအကြီးဆုံး ကိစ္စတွေထဲမှာ ပါဝင်ပါတယ်) ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံမျိုးရှိဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။
မူအားဖြင့်တော့ မြန်မာပြည်ကို တိုင်းရင်းသားတွေရဲ့ ပြည်ထောင်စုအဖြစ် ပြန်လည်ပုံသွန်းလောင်းကြတဲ့ ကိစ္စဟာ မြန်မာပြည်ထဲက ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့် ဘောင်ထဲကလို့ ဆိုနိုင်ပေမယ့် နိုင်ငံတကာအသိုက်အ၀န်းကလည်း အပြောင်းအလဲကို အရေးကြီးတဲ့ အခန်းကဏ္ဍကနေ အကူအညီပေးလို့ ရနိုင်ပါတယ်။ ဒီကိစ္စဟာ အဓိကကျပြီး၊ အရေးကြီး ကိစ္စဆိုတာကို နိုင်ငံရေးအင်အားစုတွေ အားလုံးက နားလည်လာအောင်၊ နောက်တချက်က ဒီကိစ္စကို အကျေအလည် ဆွေးနွေးဖလှယ်ကြတဲ့ကိစ္စမှာလည်းပဲ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ တခြားသူတွေနဲ့ တန်းတူရည်တူ ဆွေးနွေးဘက်တွေ ဖြစ်လာရေးလို ကိစ္စတွေမှာ နိုင်ငံတကာအသိုင်းအ၀န်းဘက်ကနေ သေချာအောင် ကူညီဆောင်ရွက် ပေးနိုင်ပါတယ်။
နိုင်ငံတကာအသိုက်အ၀ိုင်းအနေနဲ့ သံခင်းတမန်ခင်းနည်းအားဖြင့်လည်း မြန်မာအစိုးရနဲ့ ပိုပြီး နီးနီးကပ်ကပ်တိုင်တိုင်ပင်ပင် ဆက်ဆံရေးကို တိုးမြှင့်သင့်ပြီး၊ အထူးသဖြင့် ကချင်နဲ့ ရှမ်းပြည်နယ်တို့လို တိုင်းရင်းသားဒေသတွေက ဖြစ်နေဆဲ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့၊ တိတိကျကျ ရလဒ်တွေ ထွက်လာအောင် ဆောင်ရွက်သင့်ပါတယ်။
နိုင်ငံတကာအသိုက်အ၀န်းအနေနဲ့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တွေ၊ ဖွံဖြိုးခါစ လူမှုအဖွဲ့အစည်းတွေကို ဖွံ့ဖြိုးရေးအကူအညီတွေပေးရင်း ဘယ်အရာတွေက ဦးစားပေးဖြစ်သင့်တယ်၊ တိုင်းရင်းသားတွေနဲ့ လူများစုဗမာတွေ ကြားထဲက ကျန်းမာရေး၊ ပညာရေး၊ အခြေခံအဆောက်အဦ၊ ဆင်းရဲချမ်းသာကွာဟမှုလို ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အတူတကွ အလုပ်လုပ်ကြဖို့ လိုအပ်ပါတယ်။
ဒါပေမယ့် ဖွံ့ဖြိုးရေးကိစ္စဟာ ဘယ်လောက်တောင် အရေးကြီးတယ်ပဲဆိုဆို၊ နိုင်ငံကို ဖွဲ့စည်းတည်ဆောက်ပုံ (structure) နဲ့ နိုင်ငံရေးကိစ္စတွေရဲ့ ရှေ့ကနေ နွားရှေ့ထွန်ကျူး သလိုမျိုးကလည်း မှားယွင်းတဲ့ နားလည်ချက်ပဲ ဖြစ်ပါတယ်။
မြန်မာပြည်ကို တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ တိုင်းပြည် (multi-ethnic state) အဖြစ် အားထုတ်ကြရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတခုကတော့ တိုင်းပြည်ရဲ့ ပေါကြွယ်လှတဲ့ သဘာဝသံယံဇာတတွေကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့ စိန်ခေါ်မှုကို ကိုင်တွယ်တဲ့ကိစ္စ ဖြစ်ပါတယ်။
သံယံဇာတပေါကြွယ်လှတဲ့ တခြားနိုင်ငံတွေမှာလိုပဲ မြန်မာပြည်က သံယံဇာတကြွယ်ဝမှုကို သတိကြီးကြီး၊ ပညာသားပါပါ မကိုင်တွယ်နိုင်ရင် တိုင်းပြည်ညီညွတ်ရေးကို အထောက်အကူပစ္စည်းမဖြစ်ဘဲ၊ စိတ်ဝမ်းကွဲပြားမှုရဲ့ အကြောင်းရင်း ဖြစ်သွားနိုင်ပါတယ်။ ကျွန်းသစ်၊ ကျောက်မျက်ရတနာ၊ တွင်းထွက်၊ ဓာတ်ငွေ့ တို့ လို သဘာဝ သံယံဇာတတွေဟာ တိုင်းရင်းသားဒေသတွေမှာ တည်ရှိနေတဲ့ မြန်မာပြည်လို နိုင်ငံမျိုး အတွက် ဒီကိစ္စဟာ အထူးအရေးကြီးလှပါတယ်။
နိဂုံးချုပ်ရရင် နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးကြောင့် တိုင်းပြည်ဟာ ဆင်းရဲတွင်းနက်ခဲ့ရ၊ ပညာမဲ့၊ ညီညွတ်ရေး ပြိုကွဲခဲ့ရပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို အသွင်ကူးပြောင်းတဲ့အခါမှာ အထောက်အပံ့ဖြစ်ဖို့ တိုင်းရင်းသားပေါင်းစုံ နေထိုင်ရာ စစ်မှန်တဲ့ ပြည်ထောင်စုကြီးတခုဖြစ်ရေး ဆိုတဲ့ ခက်ခဲတဲ့ လုပ်ငန်းကနေ စကြဖို့ လိုအပ်ပါတယ်။
ဒီလို အားထုတ်ကြိုးပမ်းကြတဲ့ နေရာမှာလည်း ဗမာလူမျိုးလို့ ဆိုလိုက်တာနဲ့ ဗမာစကားပြောပြီး ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်တဲ့ လူမျိုးအုပ်စုတအုပ်စုတည်းကို ရည်ညွန်းကိုယ်စားပြုတာမဟုတ်ဘူးဆိုတာကို လက်ခံ အသိအမှတ်ပြုမှုနဲ့ပဲ စတင်ကြရမှာ ဖြစ်ပါတယ်။
နေသွင်-Maukka.org
ဆက်စပ်ဆောင်းပါးများ-
(၂)ဖောင်းပွနေသော စစ်အသုံးစရိတ်ကို လျှော့ချပါ
(၃)နိုင်ငံခြားကို မတင်ပို့နိုင်ရင် သေဖို့သာပြင်
မူရင်းဖတ်လိုသူများ အောက်ပါခေါင်းစဉ်များကို ကလစ်ကြည့်ပြီး ဖတ်ရှုနိုင်ပါတယ်။ ဆက်ပြီး ဘာသာပြန် ဖော်ပြသွားပါမယ်။
(၂)ဖောင်းပွနေသော စစ်အသုံးစရိတ်ကို လျှော့ချပါ
(၃)နိုင်ငံခြားကို မတင်ပို့နိုင်ရင် သေဖို့သာပြင်
မူရင်းဖတ်လိုသူများ အောက်ပါခေါင်းစဉ်များကို ကလစ်ကြည့်ပြီး ဖတ်ရှုနိုင်ပါတယ်။ ဆက်ပြီး ဘာသာပြန် ဖော်ပြသွားပါမယ်။
Tom Kramer and Martin Jelsma: Tackle Burma's drugs problem
Christina Fink: End the civil war
Ronald Findlay: Export or die
Francis Wade: Invite investment -- but with protections
Muang Wuntha: Support press freedom
Myat Htoo Razak: Health is wealth
Timothy Ryan: Let workers unionize freely
Sean Turnell: Cut the bloated military budget
Soe Thinn: Train Burma's new diplomats
Dr. Thein Lwin: Teach the children well
Tin Muang Muan Than: Unleash grassroots entrepreneurship
Andreas Valentin: Come visit, sustainably
David Steinberg: Promote the rule of law
Hanna Hindstrom: Make extractive industries more transparent
Ko Tar: Let the monks lead the way
No comments:
Post a Comment