Popular Posts!

Thursday, April 12, 2012

(၂)ဖောင်းပွနေသော စစ်အသုံးစရိတ်ကို လျှော့ချပါ

မြန်မာပြည် ပြန်လည်ထူထောင်ရေး ပညာရှင်များ အကြံပြုသော နည်းလမ်း (၁၆) သွယ်မှ
ယခုဖော်ပြမည့် စာစုမှာ မြန်မာပြည် ပြန်လည်ထူထောင်ရေးအတွက် သြစတြေးလျနိုင်ငံ၊ Macquarie University မှ စီးပွားရေးပါမောက္ခ Sean Turnell ၏ မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲရေး အကြံပြုချက် ဖြစ်ပါသည်။
မြန်မာအစိုးရ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းမှာ ရင်ဆိုင်နေရတဲ့ အန္တရာယ်တရပ်ကတော့ မျှော်လင့်ချက်တွေ မြင့်မားနေသလောက် တကယ့်အဖြစ်မှန်မှာ အဲဒါရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ တိုင်းပြည်စီးပွားရေးက အင်အားကုန် လက်ပမ်းကျနေတဲ့ ပြသနာ ဖြစ်ပါတယ်။
စစ်တပ်က နှစ်ပေါင်း ၅၀ အုပ်ချုပ်ခဲ့တဲ့ ကာလမှာ မြန်မာပြည်ဟာလည်း အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး တိုင်းပြည် အဖြစ်ကို ရောက်ခဲ့ရပါတယ်။ ဒါကြောင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုဟာလည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလိုပဲ အရေးကြီး လုပ်ဆောင်ရမယ့် ကိစ္စဖြစ်လာရတာပါ။
ဒါဖြင့်ရင် မြန်မာပြည်က လက်ရှိအခြေအနေတွေ ပြောင်းပြန်လှန်ပစ်ဖို့ဆိုရင် စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ ဘာတွေ လုပ်ဖို့ လိုအပ်မလဲလို့ မေးစရာရှိပါတယ်။
ထုနဲ့ထည်နဲ့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့အထဲမှာ ပထမဆုံး လိုအပ်ချက်ကတော့ စစ်တပ် အသုံးစရိတ်ကို လျှော့ချဖို့ပါပဲ။ လောလောဆယ်မှာ အစိုးရအသုံးစရိတ်ရဲ့ လေးပုံတပုံဟာ ဧရာမတပ်မတော်ကြီးအတွက် အသုံးပြုနေရပါတယ်။ တပ်မတော်အတွက် လိုအပ်တဲ့ ခေတ်မှီစစ်လက်နက်ပစ္စည်းတွေကို တရုတ်နဲ့ ရုရှားတို့ ဆီကနေ ၀ယ်ယူနေရပါတယ်။ မြန်မာပြည်အတွက် တကယ့်တကယ်မှာ ပြည်ပရန် အန္တရာယ်ဆိုတာ မရှိတဲ့အတွက် အဓိကအားဖြင့်တော့ ပြည်တွင်းက အမြင်မတူသူတွေအတွက် ရည်ရွယ်တာသက်သက်ပါပဲ။
စစ်တပ်အသုံးစရိတ်ကို လျှော့ချလိုက်ခြင်းအားဖြင့် တိုင်းပြည်မှာ အရေးတကြီးလိုအပ်နေတဲ့ ကဏ္ဍတွေမှာ (ဥပမာ ကျန်းမာရေး၊ ပညာရေးကဏ္ဍမှာ) အသုံးပြုဖို့ ဘတ်ဂျက်တွေ ပိုထွက်လာနိုင်ပါတယ်။ လောလောဆယ် လူသားအရင်းအမြစ်အတွက် အရေးကြီးတဲ့ ဒီကဏ္ဍတွေမှာ အသုံးပြုတာဟာ တခြားဘယ်နိုင်ငံနဲ့ ယှဉ်ယှဉ် နည်းပါးနေပါတယ်။ မြန်မာပြည်လိုမျိုး ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍနှစ်ရပ်ပေါင်းက စစ်အသုံးစရိတ်ထက် နည်းတဲ့နိုင်ငံမျိုး ကမ္ဘာပေါ်မှာ သိပ်များများစားစား မရှိပါဘူး။
မကြာသေးခင် နှစ်များအတွင်းမှာ မြန်မာပြည်ရဲ့ ဓာတ်ငွေ့တင်ပို့မှုဟာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်၊ ဓာတ်ငွေ့က ရတဲ့ ဘဏ္ဍာငွေတွေဟာ တကယ်တမ်းကျတော့ စစ်မှန်တဲ့ နိုင်ငံတည်ဆောက်ရေး (nation-building) အတွက် အသုံးချသင့်ပါတယ်။ ဒါပေမယ့် အရင်အစိုးရလက်ထက်မှာ ဓာတ်ငွေ့က ရတဲ့ငွေတွေဟာ စစ်တပ်နဲ့ ခေါင်းဆောင်ပိုင်းအတွက် အထူးသီးသန့်အသုံးစရိတ် (တချို့လည်း ပြည်ပမှာ ဘဏ်စာရင်းဖွင့်ထား) ဖြစ်သွားရပါတယ်။
ဒါကြောင့် အစိုးရသစ်က လုပ်ဖို့လိုတဲ့ကိစ္စက အထွေထွေဘတ်ဂျက်မှာ တာဝန်ခံမှုရှိတဲ့ အစီအစဉ်တွေ လိုအပ်သလိုမျိုးပဲ၊ နိုင်ငံခြားဝင်ငွေကိုလည်း ထင်သာမြင်သာရှိလာအောင် အသေအချာ လုပ်ဖို့ပဲ ဖြစ်ပါတယ်။
လောလောဆယ်အထိ မြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍမှာ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးခေတ်က လုပ်ရိုးလုပ်စဉ် အကြွင်းအကျန်၊ အကန့်အသတ်တွေက အုံနဲ့ကျင်းနဲ့ အခြေတကျရှိနေတုန်းပါပဲ။ တိုင်းပြည်ကို တကယ် တိုးတက်စေချင်တယ်ဆိုရင် ဒါတွေကို ဖျက်သိမ်းပစ်ဖို့ လိုပါတယ်၊ တချို့အကန့်အသတ်တွေကို ချက်ချင်းဆိုသလို အနှေးနဲ့အမြန် ဖယ်ရှားပစ်နိုင်ပြီး ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ အထူးတလယ် အားထုတ်စရာမလိုဘဲ အောင်မြင်နိုင်တဲ့ ကိစ္စတွေ ရှိနေပါတယ်။
ဥပမာအနေနဲ့ နိုင်ငံခြားပို့ကုန်တွေအပေါ် လိုင်စင်တွေနဲ့ အခွန်တင်းကျပ်ထားတဲ့ ကိစ္စမျိုး၊ လယ်သမားတွေအပေါ် ဘဏ်ချေးငွေ ကန့်သတ်ထားတာမျိုး၊ တယ်လီကွန်မြူနကေးရှင်း ကုမ္မဏီတွေအပေါ် အကန့်အသတ် (ဒီလို အကန့်အသတ်ကြောင့် မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ မိုဘိုင်းဖုန်းဈေးအမြင့်ဆုံး နိုင်ငံတွေစာရင်းမှာ ပါဝင်နေပါတယ်၊ တကယ့်တကယ်မှာ အင်မတန် ရိုးစင်းတဲ့ ဒီပစ္စည်းကလေးဟာ လူနေမှုအဆင့်အတန်းမြင့်မားလာရေးအတွက် အထောက်အပံ့ပေး နိုင်စွမ်းပါတယ်) နဲ့ ရှုပ်ထွေးပွေလီပြီး လာဘ်ပေးလာဘ်ယူမှုတွေကို ဖြစ်စေတဲ့ လုပ်ငန်းလိုင်စင်ချပေးတဲ့ ကိစ္စမျိုးတွေကို ရိုးရိုးရှင်းရှင်းလုပ် လိုက်တာမျိုး လိုအပ်ပါတယ်။
ဒီအတောအတွင်းမှာပဲ လယ်လုပ်သူ လယ်ပိုင်ခွင့် (အခုအထိတော့ စိုက်ပျိုးမြေတွေကို အစိုးရက ပိုင်ပါတယ်) ကို ပြောင်းလဲပေးလိုက်မယ် ဆိုရင် စိုက်ပျိုးရေးထုတ်ကုန်လည်း တိုးတက်လာစရာ အကြောင်း ရှိပါတယ်။ စီးပွားရေးမှာလည်း မလုံခြုံစိတ်မချခဲ့ရတဲ့ အခြေအနေကနေ လုံခြုံစိတ်ချရတဲ့ အခြေအနေတရပ်ကို ပြောင်းသွားနိုင်ပါတယ်။
မြန်မာအစိုးရသစ်က ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ကတိက၀တ်တွေကို ပေးထားပေမယ့် စီးပွားရေး အဆောက်အဦမှာတော့ အထက်ကဆိုခဲ့တဲ့ အားနည်းချက်တွေက နိုင်ငံရေး တိုးတက်မှုတွေရဲ့ အနောက်မှာ ပုံပျက်ပန်းပျက် နောက်ကျ ကျန်နေတုန်းပါပဲ။
ဒါကြောင့် စောစောက တင်ပြခဲ့တဲ့ ကိစ္စရပ်တွေမှာ ပြုပြင်နိုင်မယ်၊ တချိန်တည်းမှာ ဘက်စုံထောင့်စုံမှာ တရားဥပဒေ စိုးမိုးမှုလည်း ရှိလာမယ်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်လည်း အာမခံချက်ရှိလာမယ်ဆိုရင် မြန်မာပြည်ဟာ တချိန်တုန်းကလို ပြည့်စုံကြွယ်ဝတဲ့ နိုင်ငံတနိုင်အဖြစ်ကို ပြန်ရောက်လာ နိုင်ပါတယ်၊
ရည်ညွန်း၊ ၊ Sean Turnell: Cut the bloated military budget
နေသွင်-maukka.org

ဆက်စပ်သောဆောင်းပါးများ-

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!