Popular Posts!

Thursday, December 19, 2013

မန္တလေးစက်မှုဇုန် အသေးစားလုပ်ငန်း ၅၀၀ ခန့် လုပ်ငန်းရပ်နား


 ဒီပုံအတိုင်းဆိုရင် ဘယ်လိုလုပ်ပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်ပါမလဲ ? 
အတော်ကို စိတ်လေးရမဲ့ မြန်မာ ရှေ့ရေးအနာဂါတ်ဘဲ......
ဈေးကွက်စီးပွားရေးဆိုပါမှာ.....ခေတ်နှင့်အညီ အမှီလိုက်နိုင်အောင် အသိပညာလေးတွေ ဖွင့် ထားကျပါအုံး ရွှေဆိုတဲ့ ဗမာလူကြီးလေးတွေ.....ခုတမျိုး တော်ကြာတမျိုး မတည်ငြိမ်တဲ့ ဥပဒေတွေထုတ်ပြီး
လက်ဝါးကြီးအုပ်တတဲ့ ခေတ်ကုန်နေပါပြီ.....


ကိုယ်ပစ္စည်းက အရည်အသွေး မှီ ပြီးဈေးနှုံး သင့်ရင် လက်ခံမှာပေါ့....
အရင်ခေတ်လို import ပိတ်ခိုင်းပြီး လက်ဝါးကြီးအုပ်လုပ်စားချင်သေးပုံရတယ်...... 
မ ယှဉ်ပြိုင်နိုင် ရင်နားလိုက်တော့...... current exchange rate နဲ့တွက်ကြည့်ရင်..... ဒီမှာအားလုံးဈေးကြီးနေတယ်.....



မန္တလေးစက်မှုဇုန် အသေးစားလုပ်ငန်း ၅၀၀ ခန့် လုပ်ငန်းရပ်နား

မန္တလေး၊ ဒီဇင်ဘာ ၁၇

ပြည်ပမှ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လျက်ရှိသည့် ကုန်ပစ္စည်း အမျိုးမျိုးကြောင့် ပြည်တွင်းစက်မှုဇုန် လုပ်ငန်းရှင်များ ဈေးကွက် ယှဉ်ပြိုင်နိုင်ခြင်း မရှိသဖြင့် အသေးစား စက်မှုလုပ်ငန်းများ၂၀၁၂ ခုနှစ်မှ စတင်ကာ လုပ်ငန်းများ ရပ်ဆိုင်းလာခဲ့ရာ မန္တလေး စက်မှုဇုန်တွင် ယခုနှစ် ဒီဇင်ဘာလ အထိ လုပ်ငန်းပေါင်း ၅၀၀ နီးပါးအထိ ရပ်နားမှု ရှိလာကြောင်း အဆိုပါ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ တာဝန်ရှိသူထံမှ သိရသည်။

"အခုလောလောဆယ် ၅၀ ရာခိုင်နှုန်းလောက် ရပ်ဆိုင်းသွားတယ်။ အဓိကတော့ ငွေကြေးပေါ့ဗျာ။ အရင်းအနှီး ခေတ်မီ စက်ကိရိယာ မရှိတာရယ်၊ ဈေးကွက်မှာ တစ်ဖက်နိုင်ငံက ကုန်ပစ္စည်းတွေ အရည်အသွေး မမီပေမယ့် ဈေးသက်သာတော့ လူတွေက ဈေးသက်သာတာကို သုံးကြတယ်။ အသေးစား တွေမှာကတော့ လူအင်အားတွေနဲ့ လုပ်ရတာ ဖြစ်တော့ ဈေးကွက်မှာ ဈေးနှုန်းနဲ့ ပတ်သက်ရင် သူတို့ကို ယှဉ်လို့မရဘူး" ဟု ယင်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုသည်။

အိမ်နီးချင်းနိုင်ငံ များမှ အရည်အသွေး မပြည့်မီသော စက်ကိရိယာများနှင့် လူသုံး ကုန်ပစ္စည်းများ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လာခြင်း၊ အသေးစားလုပ်ငန်းရှင် များအတွက် ဈေးကွက်ဝေစု မရှိခြင်းနှင့် လုပ်ငန်းရှင်များ အတွက် ချေးငွေမရရှိခြင်း စသော အကြောင်းများကြောင့် ယင်းကဲ့သို့ မန္တလေးစက်မှုဇုန် အတွင်းရှိ အသေးစား လုပ်ငန်းများ ရပ်ဆိုင်းသွားရခြင်း ဖြစ်ကြောင်း အဆိုပါ စက်မှုလုပ်ငန်းရှင် များထံမှ သိရသည်။

"ကျွန်တော်က အရင်က ဘီစကွတ်မုန့်လေးတွေ ထုတ်တယ်၊ အခုတော့ အပြင်က လာတဲ့မုန့်တွေနဲ့ ဈေးကွက်အတွင်းမှာ ယှဉ်မရောင်းနိုင်ဘူး။ သူတို့ရောင်းတဲ့ ဈေးနဲ့ မရောင်းနိုင်ဘူး။ လုပ်သားခတွေ ရှိသေးတယ်။ အခုစက်ရုံကို ကုန်သိုလှောင်ရုံ ငှားစားတယ်။ အဝေးပြေးဂိတ်နဲ့လည်း နီးတော့ အဆင်ပြေပါတယ်" ဟု မန္တလေး စက်မှုဇုန်ရှိ ပိတ်သိမ်းလိုက်သော အသေးစား မုန့်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အစိုးရအနေနှင့် အမှန်တကယ် လုပ်ကိုင်နေသော ပြည်တွင်း အသေးစား၊ အလတ်စား လုပ်ငန်းရှင်များကို ထိရောက်စွာ ချေးငွေထုတ်ပေးနိုင်ခြင်း မရှိဘဲ ဌာနနှင့် နီးစပ်သူများကိုသာ ငွေချေးနေခြင်း တို့ကြောင့် အသေးစား လုပ်ငန်းရှင်များ ကွယ်ပျောက် သွားရခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အလတ်စားနှင့် အသေးစား လုပ်ငန်းရှင်များအတွက် စက်မှုလက်မှု ဖွံ့ဖြိုးရေး ဗဟိုဌာနက ငွေထုတ်ချေးမည်ဟု ဆိုသော်လည်း မန္တလေးစက်မှုဇုန် အတွင်း ချေးငွေရရှိသူ တစ်ဦးမျှမရှိကြောင်း မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားသည်။

"ကျွန်မတို့ဘဏ် အနေနဲ့ကတော့ SME ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှ စီစဉ်ဆောင်ရွက်ပေးတာ မရှိပါဘူး၊ အဲ့ဒီကိစ္စကို ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းမှာ ရှိတဲ့ အသေးစားနဲ့အလတ်စား စက်မှုလက်မှု ဖွံ့ဖြိုးရေး ဗဟိုဌာနကသာ တိုက်ရိုက်ကွပ်ကဲ လုပ်ဆောင်ပါတယ်" ဟု Small and Medium Industrial Development Bank (SMIDB) မှ အကြီးတန်းအရာရှိ တစ်ဦးက ဆိုသည်။

အသေးစား၊ အလတ်စား လုပ်ငန်းရှင် များကို ငွေထုတ်ချေးမည်ဟု ဆိုသော်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ 
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ၏ စည်းမျဉ်းများအရ စက်မှုဇုန် အတွင်း 
လုပ်ကိုင်နေသည့် လုပ်ငန်းရှင် များကိုသာ ထုတ်ယူချေးခွင့် ပြုမည်ဟု ဆိုသဖြင့် ဇုန်အတွင်း မပါဝင်သော အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ ငွေချေးယူရန် မဖြစ်နိုင်ကြောင်း မန္တလေး စက်မှုဇုန် ပြင်ပရှိ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ ထံမှ သိရှိရသည်။

မန္တလေးစက်မှုဇုန်ကို ၁၉၉၁ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး အကြီးစား လုပ်ငန်း ၈၇ ခု၊ အလတ်စား ၁၂၆ ခု၊ အငယ်စား ၁၁၇ ခုဖြင့် စတင် လည်ပတ်ခဲ့ကာ ထပ်မံ၍ လုပ်ငန်းရှင်ဦးရေ တိုးလာရာ အကြီးစား ၄၀၃ ခု၊ အလတ်စား ၃၁၃ ခု၊ အသေးစား ၁၁၁၇ ခု ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် စတင်ပြီး အသေးစားလုပ်ငန်း ၄၇၁ ခုလျော့နည်း သွားပြီး ၆၄၆ ခုသာ ရှိတော့ကြောင်းနှင့် အလတ်စားနှင့် အကြီးစား များမှာလည်း အငယ်စား လုပ်ငန်းရှင်များမှ တိုးတက်ပြီး ဖြစ်လာသည် မဟုတ်ဘဲ လုပ်ငန်းရှင်များ လာရောက်သောကြောင့်သာ အလတ်စား အကြီးစားများ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း ယင်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ စာရင်းဇယားများ အရ သိရသည်။
Ref; thevoiceweekly

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!