Popular Posts!

Monday, December 30, 2013

ထိပ်ဖျားမှ အိမ်ခြံမြေတန်ခိုးနှင့် မြို့သစ်တွေ တိုးလာဦးမည့် ရန်ကုန်


”ပြည်သူတွေက တိုက်ခန်း တစ်ခန်း ဝယ်ဖို့ဆိုတာ သက်တမ်း တစ်ခု လောက် အထိ ရှာဖွေမှ ဝယ်နိုင်မယ့် အနေအထားတွေဖြစ်နေတယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ရန်ကုန်၏ အိမ်ခြံမြေ ဈေး နှုန်းမြင့်တက်နေမှုနှင့် ပြည်သူများ၏  အနေအထားကို သုံးသပ်ပြသည်။

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ပိုင် မြေများပေါ်တွင် ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည် ဖော်ပေးခဲ့သည့် တဲပေါ်မှ တိုက်ပေါ်တင် အိမ်ရာစီမံကိန်း ရှစ်ခုရှိခဲ့သည်။ လက်ရှိ အခြေအနေတွင် အဆိုပါ စီမံကိန်းများ လုပ်ပေးနိုင်ခြင်း မရှိတော့ကြောင်း ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး ဆဋ္ဌမပုံမှန် အစည်း အဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။
၎င်းကပင် နိုဝင်ဘာ ၂၅ ရက်က မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်တွင် ပြုလုပ်ခဲ့သော ရန်ကုန် ဆိပ်ကမ်း ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်း အဝေးတွင် ရန်ကုန်မြို့၏ နှစ်စဉ်လူဦးရေ တိုးတက်မှုနှုန်းမှာ တစ်နှစ်လျှင် အခန်းပေါင်း ၂၆ဝဝဝ လိုအပ်နေပြီး အိမ်ရာခန်း ဖော်ထုတ်နိုင်မှုမှာ တစ်နှစ်လျှင် အခန်းပေါင်း ၇၂ဝဝအထိသာ ဖော်ထုတ်နိုင်သဖြင့် မြို့စွန်နေရာများ၌ အိမ်ရာဇုန်များ တည်ဆောက်သွားရန် လို အပ်ကြောင်း  ပြောကြား ခဲ့သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကော်မတီပိုင် မြေကွက်များပေါ်တွင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဆောက်လုပ်ပေးလျက် ရှိသည်။
ရန်ကုန်သည် စီးပွားရေးမြို့တော် ဖြစ်သည်နှင့်အညီ နေထိုင်သူဦးရေမှာ လည်း နှစ်စဉ်တိုးတက်နေသည်။ ၂ဝ၁၂ ခုနှစ်တွင် ရန်ကုန်မြို့၏ လူဦးရေမှာ ၅ဒသမ ၁၄သန်းရှိပြီး ယခုနှစ်တွင် လူဦးရေခြောက်သန်း ရှိလာခဲ့သည်။ လူဦးရေနှင့် အိမ်ရာပိုင်ဆိုင်မှုတွင် ဝယ်လိုအားနှင့် ရောင်းလိုအားမမျှသည့် အတွက် ရန်ကုန်အိမ်ခြံမြေအရောင်း ရောအငှားပါ ဈေးနှုန်းများနှစ်စဉ်မြင့် တက်နေရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။
၎င်းအသင်းမှ အတွင်းရေးမှူး  ဒေါ်မို့မို့အောင်က ယင်းကဲ့သို့ အိမ်ခြံမြေဈေးများ မြင့်တက်နေမှုကို ကာကွယ် ရန် အတွက် အထပ်မြင့် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်သင့်သည် ဟု ဆိုသည်။
၎င်းကပင် ဆက်လက်၍ လက်ရှိအိမ်တစ်ရာကို တစ်ထပ်တင်လိုက်ပါက အိမ်နှစ်ရာရရှိလာမည်။ သုံးထပ်ဆောက်ပါက သုံးရာရလာမည်။ လေးထပ်ဆောက်ပါက လေးရာရလာမည် ဖြစ်သောကြောင့် အထပ်မြင့် များ ဆောက်လုပ်သင့်သည်ဟု ဆိုသည်။
ယခုနှစ်တွင် ရန်ကုန်၏  အိမ်ခြံမြေ အရောင်းဈေး မြင့်တက်လာမှုသည် ၂ဝ၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၅ နှင့် ၄ဝ ရာခိုင်နှုန်းအထိ မြင့်တက်နေသည် ဟု အိမ်ခြံမြေ အကျိုးဆောင် အချို့က ဆိုသည်။
ထိုသို့ ရန်ကုန်၏ ဈေးမြင့်တက်မှုများတွင် ရန်ကုန်၏ ဈေးအမြင့်ဆုံးနေရာများ ဖြစ်သော ရွှေတောင်ကြား၊ ပြည်လမ်း၊ အင်းလျားလမ်း၊ ဦးဝိစာရလမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ရွှေဂုံတိုင် စသည့် နေရာများသာမက ထောင် ဂဏန်း၊ ရာဂဏန်းဈေးနှုန်းများတွင် ဒဂုံ ဆိပ်ကမ်းနေရာများသည် ယခုနှစ် အတွင်း ဈေးကောင်းနေသည်ဟု အထက်ပါ ပုဂ္ဂိုလ်များက ပြောသည်။
ယခုနှစ်အတွက် အရောင်းအဝယ်သွက်ခဲ့သော နေရာများမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ ဒလ၊ သန်လျင် သီလဝါဆိပ်ကမ်း၊ ဒဂုံ ဆိပ်ကမ်း စသည့် နေရာများဖြစ်ပြီး ပါမစ်မြေများမှာ သြဂုတ်၊ စက်တင်ဘာ လနှင့် အောက်တိုဘာလ များတွင် အရောင်းအဝယ်အကောင်း ဆုံး အနေအထားတွင်ရှိခဲ့သည်ဟု ဒေါ်မို့မို့အောင် က ပြောသည်။
၎င်းကပင် အဆိုပါ ကာလအလွန်တွင် ဝယ်ခွန် သတ်မှတ်ချက် အပြောင်းအလဲကို မျှော်ကာ အရောင်းအဝယ် အေးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
၂ဝ၁၂ သြဂုတ်လ အတွင်းက သတ်မှတ်ခဲ့သည့် အိမ်ခြံမြေ ဝယ်ခွန်မှာ ၃ဝ ရာခိုင်နှုန်းဖြစ်ကာ တံဆိပ်ခေါင်းခွန် အပြင် ၇ ရာခိုင်နှုန်း ထမ်းဆောင်နေရသောကြောင့် စုစုပေါင်း အိမ်ခြံမြေဝယ်ခွန်မှာ ၃၇ ရာခိုင်နှုန်းဖြစ်သည်။ ယခင် ၂ဝဝ၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အိမ်ခြံမြေ ဝယ်ခွန်မှာ မိမိဝယ်ယူသော အိမ်ခြံမြေတန်ဖိုး၏ ၁၅ ရာခိုင်နှုန်းဖြစ်သည်။
၂ဝ၁၃ ခုနှစ် သြဂုတ်လ ၂၂ ရက် တွင် နေပြည်တော် သတင်းစာရှင်းလင်းပွဲ၌ ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက အိမ်ခြံမြေ ဈေးနှုန်း ကျချင်သည့်အတွက်ကြောင့် ယင်းကဲ့သို့ အစိုးရမှ ၃၇ ရာခိုင်နှုန်း အခွန် အကောက် စနစ်ဖြင့် ထိန်းခြင်း ဖြစ်သည်ဟု ဆိုခဲ့ကြောင်းအိမ်ခြံမြေဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။
”အိမ်ခြံမြေ ဈေးနှုန်းကျဖို့ အခွန်အကောက်တစ်ခုတည်းနဲ့ ထိန်းတာထက် စာရင် ဘက်စုံထိန်းရမှာပါ။ အခွန်အကောက်မြှင့်လိုက်တာနဲ့ အိမ်ခြံမြေဈေးနှုန်းက ကျသွားမယ်လို့ ပြောလို့ မရပါ ဘူး”ဟု ၄င်းက သုံးသပ်ခဲ့သည်။
ယခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ကာလ တန်ဖိုးစိစစ် သတ်မှတ်ပေးရေးအဖွဲ့မှ မြို့နယ်အလိုက် တစ်ပေပတ်လည်ဈေးနှုန်းများ သတ်မှတ်၍ အဆိုပါ သတ်မှတ်ချက်အတိုင်း အခွန်ဆောင်စေခဲ့ရာ ပါမစ်မြေ အများစု အခွန်ဆောင်လာကြသည်ဟု သိရသည်။
ယခုနှစ်အတွင်း အမေရိကန်၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားစသည့် နိုင်ငံများမှလည်း ၄င်းတို့နိုင်ငံများရှိ ကွန်ဒို အရောင်းဈေးကွက်များအတွက် လာရောက် မိတ်ဆက် ရောင်းချမှုများ ရှိ ခဲ့သည်။
ရန်ကုန်သည် စီးပွားရေးမြို့တော် ဖြစ်သည်နှင့် အညီ အိမ်ခြံမြေ အရောင်းဈေးကွက်နှစ်စဉ် မြင့်တက်နေသကဲ့သို့ အငှားဈေးကွက်မှာလည်း ငှားလိုသူများ ‘အော်’ ရသည်အထိ ဈေးနှုန်း အတက်ဘက်တွင် ရပ် တည် နေကြောင်း အိမ်ခြံမြေ အကျိုးဆောင် အချို့က သုံး သပ်ကြသည်။
ယင်းသို့ အငှားဈေးကွက် မြင့်တက်နေမှုသည်လည်း ယခုနှစ်တွင် ၄ဝ ရာခိုင်နှုန်းနီးပါး မြင့်တက်နေပြီး အငှားဈေးကွက်မှာ ငှားလိုသည့် အိမ်ရှင်ထက် အိမ်ငှားဦးရေမှာ ပိုများနေသည်ဟု စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးေ ဆာင် မှ အထွေထွေ မန်နေဂျာ ဦးရန်အောင်က ပြောသည်။
Lucky အိမ်ခြံမြေမှ တာဝန်ရှိသူ တစ်ဦးကလည်း ”အငှားဈေးကွက်မှာ နိုင်ငံခြားသားတွေလည်း နေရာယူလာကြတယ်။ သူတို့က ဟိုတယ်တွေမှာ အခန်းမရတော့ ကွန်ဒိုတွေ၊ ဆိတ်ငြိမ် ရပ်ကွက်ရဲ့ လုံးချင်းကောင်းကောင်းတွေ ရှာငှားလာကြတယ်”ဟု အိမ်ခြံမြေ အငှားဈေးကွက် အတွင်း နိုင်ငံခြားသားများ နေရာယူလာမှုကို ပြောသည်။
အိမ်ခြံမြေ အသင်းမှ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် အတွင်းက ၅ သိန်းနှင့် ၁ဝ သိန်း အတွင်း ရှိခဲ့သော ကွန်ဒို အငှားဈေးနှုန်းများမှာ ယခုနှစ်အတွင်း ကွန်ဒိုတစ်ခန်းလျှင် ၁၅ သိန်း၊ သိန်း ၂ဝ၊ ၂၅ သိန်းစသည်ဖြင့် ဈေးပေါက်နေသည်ဟု ဆိုသည်။
Lucky အိမ်ခြံမြေမှ ဦးမောင်အေးကလည်း အိမ်ရှင် အိမ်ငှားအကြားချုပ် ဆိုသော စာချုပ်များ၌လာမည့်နှစ်တွင် လက်ရှိ အငှားဈေး၏ ၁ဝ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်မည် ဖြစ်ကြောင်းကို ထည့်၍ ချုပ်ကြသည်များ ရှိသည် ဟု ဆို သည်။
ထိုသို့ ရန်ကုန်၏ အိမ်ခြံမြေအငှား ဈေးများ မြင့်တက်နေမှုကြောင့် မြို့ထဲမှ မြို့ပြင်၊ မြို့ပြင်မှ မြို့ စွန် ဝေးသည်ထက် ဝေး၍ အငှားအများစု ရွှေ့ပြောင်းနေ ထိုင်လာကြရသည် ဖြစ်၍ ရန်ကုန်၏ အိမ်ခြံမြေ အငှားဈေးနှင့် ဆက်စပ် ၍ ပြည်သူအချို့၏ နေထိုင်မှု အရွှေ့အပြောင်းကို အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၏ တိုက်ခန်း အငှားပေါက်ဈေးမှာ နေရာအနေအထား၊ အကျယ်အဝန်း စသည်တို့ပေါ် မူတည်၍ ဆယ်သိန်းအောက်မှ သိန်း ၃ဝ အထိ ဈေးဖြစ်ပေါ် နေပြီး အထပ် အမြင့်များသည်ပင် တစ်သိန်းခွဲဈေး ရှိကြောင်း သိရသည်။
”ကျွန်မတို့ အလုပ်လုပ်လို့ရတဲ့ ဝင်ငွေရဲ့ ကိုးဆယ် ရာခိုင်နှုန်းလောက်က အိမ်ရှင်ကို ပြန်လုပ်ကျွေးရသလိုဖြစ်နေတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီးမှ ရန်ကုန်တွင် အလုပ် လာရောက်လုပ် ကိုင်နေသည့် မနွယ်နီ က ပြောသည်။
ထိုသို့ အငှားရော အရောင်းပါမြင့်တက်နေသော အိမ်ခြံမြေဈေးနှုန်းများသည် ၂ဝ၁၅ ခုနှစ်ခန့်အထိ ယခုပေါက်ဈေးအတိုင်း တန့်လျှင် တန့်နေမည်၊ တက်လျှင် တက်နေမည်ဖြစ်ပြီး အကျဘက်တွင်မရှိနိုင်ကြောင်း ၂ဝ၁၅ ခုနှစ် အလွန်မှသာ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ဈေးနှုန်းများ ဖြစ်ပေါ်နိုင်သည်ဟု အိမ်ခြံမြေ အကျိုး ဆောင်အချို့က သုံးသပ်ကြသည်။
ရန်ကုန်အိမ်ခြံမြေ ဈေးကွက် ၂ဝ၁၃ သုံးသပ်ချက်နှင့် ၂ဝ၁၄ အလားအလာ
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အတွင်းရေးမှူးး
၂ဝ၁၃ အိမ်ခြံမြေ ဈေးနှုန်းက အစောပိုင်း ကာလမှာတော့ အငှားဈေးက တက်တယ်။ အရောင်းဈေးက တဖြည်းဖြည်းချင်း တက်နေရာကနေ သြဂုတ်လ ဝန်းကျင်လောက်မှာ ဈေးတွေလည်း အမြင့်ဆုံး ဖြစ်လာခဲ့တယ်။ တစ်နှစ်ပတ်လုံး အနေနဲ့ ခြုံပြောရရင် ၃၅ ရာခိုင်နှုန်း မှ ၄ဝ ရာခိုင်နှုန်းလောက်အထိ ဈေးတက်ခဲ့တယ်။ အလားတူပဲ အငှားကလည်း ၄ဝ ရာခိုင်နှုန်းလောက် ဈေးတက်ခဲ့တယ်။  အငှားမှာတော့ ငှားမယ့်သူထက် ငှားလိုအား ပိုမြင့်တက်ခဲ့တယ်။  ကွန်ဒို တွေကတော့ အငှားအမြင့်ဆုံးပါပဲ။ တစ်မြို့လုံးနီးပါးလည်း အငှား ဖြစ်ခဲ့တာပါ။ ၂ဝ၁၄ အတွက်ဆိုရင်တော့ အိမ်ခြံမြေဈေးက ပုံမှန်သွားနေဦးမှာပဲ။ ၂ဝ၁၄-၂ဝ၁၅ ပုံမှန်သွားနေဦး မှာပါပဲ။ ၂ဝ၁၅ တိုင်းပြည်ရဲ့  အပြောင်းအလဲပေါ် မူတည်ပြီးတော့ စီးပွားရေး တက်လာပြီး ရင်းနှီးမြှုပ်နှံသူတွေ ကလည်း အဲ့ဒီအပေါ်မှာ မူတည်ပြီး ပြောင်းလဲသွားမှာပဲ၊ အခုက လေ့လာနေတဲ့ အဆင့်ဆိုတော့ သူတို့ရဲ့ မြေစမ်းခရမ်းပျိုး လေ့လာသလောက်ပဲ ရင်းနှီးတာတွေ ရှိတယ်။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ အိမ်ခြံမြေဈေးတွေက အပြောင်းအလဲတွေ ရှိလာမယ်။ အငှားဈေးကတော့ ကျမယ်လို့ မထင်ဘူး။ ဘာ့ကြောင့် လဲဆိုတော့ အခုဆို ရန်ကုန်ရဲ့  အိမ်ခြံမြေဈေးကလည်း မကျ ဘူး။ ရန်ကုန်ရဲ့ လူဦးရေကလည်း အမြဲတမ်း တက်နေတယ်။ နောက်ထပ် ဘယ်လောက် အထိ တိုးလာဦးမှာလဲ။ ဒါကြောင့် အငှားဈေးကတော့ ကျဖို့မရှိဘူး။
ဒေါ်မို့မို့အောင်
Ref:popularmyanamr

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!