Tuesday, 12 July 2011 04:25 |
ရန်ကုန်၊ ဇူလိုင် ၈ - အီ ကိုလိုင် ဗက်တီးရီးယားပိုးကို မြန်မာနိုင်ငံတွင် တွေ့ရှိ နေပြီဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။
အဆိုပါဌာနမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင် ရောင်းချလျက်ရှိသော စားသောက်ဆိုင်များမှ အစားအစာများတွင် အီ ကိုလိုင် ရောဂါပိုးပါဝင်ခြင်းရှိ၊မရှိ စမ်းသပ် စစ်ဆေးခဲ့ရာ ငါးပိရည်၊ အတို့အမြှုပ်နှင့် အေးနေသော အစိမ်ကြော်တို့တွင် တွေ့ရှိခဲ့ သည်ဟု သိရသည်။အီ ကိုလိုင် ဗက်တီးရီးယားပိုးတွင် အုပ်စု ငါးမျိုးရှိပြီး Enteropathogenic Escherichia Coli (EPEC)၊ Enterotoxigenic Escherichia Coli (ETEC)၊ Enterchemorrhagic Escherichia Coli (EHEC)၊ Enteroaggregative Escherichia Coli (EAEC)၊ Enteroinvasive Escherichia Coli (EIEC) တို့ဖြစ်ကြသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ယခုတွေ့ရှိခဲ့သော အီ ကိုလိုင် ဗက်တီးရီးယားပိုးမှာ ပြင်းထန်သော အသက်အန္တရာယ်ကို ဖြစ်စေနိုင်သည့် (EHEC) အုပ်စုတွင် မပါဝင်သော်လည်း အဆိုပါ ပိုးပေါက်ပွားခြင်း မရှိစေရန် အစားအသောက်များအား သန့်ရှင်းစွာ ချက်ပြုတ်စားသောက်ရမည် ဖြစ်ကြောင်း သိရသည်။
“FDA မှ စမ်းသပ်စစ်ဆေးချက်အရ မြန်မာနိုင်ငံမှာတွေ့ရှိတဲ့ အီ ကိုလိုင် ဗက်တီးရီးယားဟာ အသက် အန္တရာယ်ကို စိုးရိမ်ရတဲ့အထိ ကြောက်စရာမလိုပေမယ့် ဗက်တီးရီးယားပိုး မပေါက်ပွားအောင် အစားအသောက်တွေကို သန့်ရှင်းစွာ ချက်ပြုတ်စားသောက်ဖို့ လိုအပ်ပါတယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်လင်းက အသိပေးပြောကြားသည်။
အီ ကိုလိုင် ဗက်တီးရီးယားပိုးသည် အစားအသောက်နှင့် ရေမှတစ်ဆင့် ဖြစ်ပွားနိုင်သော ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ အစာအဆိပ်သင့်ခြင်း စသည့်ရောပါများကို ဖြစ်ပွားစေ နိုင်ကြောင်း၊ များသောအားဖြင့် အသားစိမ်း၊ ငါးစိမ်း၊ ကျက်အောင်ချက်မထားသော အသားများ၊ နွားနို့အစိမ်းများမှ တစ်ဆင့် ရောဂါများရနိုင်ကြောင်း သိရသည်။
“ယခုလို အီ ကိုလိုင် ဗက်တီးရီးယားပိုးကို အတို့အမြှုပ်နဲ့ တို့စရာတွေမှာ တွေ့တယ်ဆိုတာ ဒီနေ့မှကြားရတာပါ။ လက်ရှိ ကျွန်တော်တို့ ထမင်းဆိုင်မှာတော့ အတို့အမြှုပ်ခြောက်မျိုး ခုနစ်မျိုးလောက် ထည့်ပေးရတယ်။ အဲဒီအထဲမှာ တချို့အတို့ အမြှုပ်ကို ရေးနွေးနဲ့ ပြုတ်ပြီးမှ စားသုံးသူကို သုံးဆောင်စေပါတယ်။ တချို့ကျတော့လဲ အစိမ်း၊ တို့စရာဖြစ်တဲ့ အတွက် ပြုတ်စရာမလိုပါဘူးပေါ့။ ပြုတ်ပြီးတဲ့ အတို့အမြှုပ်မှာ ဗက်တီးရီးယားမပါ နိုင်ပေမယ့် အစိမ်းတို့စရာတွေမှာတော့ ပါတယ်မပါဘူးဆိုတာ ပြောလို့မရနိုင်ပါဘူး” ဟု ကျောက်တံတားမြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော ထမင်းဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။
အီ ကိုလိုင် ဗက်တီးရီးယားပိုးကြောင့် ရောဂါဖြစ်ခြင်းကို ကာကွယ်ရန်မှာ အစားအသောက်များ စိုက်ပျိုးသည်မှ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း ပြင်ဆင်ခြင်း စသည့် လုပ်ငန်းအဆင့်ဆင့်အား ကောင်းမွန်သော သန့်ရှင်းမှု ကျင့်စဉ်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မွေးမြူရေးခြံများ၊ သားသတ်ရုံများမှ ဝန်ထမ်းများအားလည်း Good Hygienic Practice နည်းအရ သန့်ရှင်းစွာ ကိုင်တွယ်နည်းများ ပညာပေးရန် လိုအပ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်လင်းက ဆက်လက်အကြံပြု ပြောကြားသည်။
“အသီးအရွက်မှာ အီ ကိုလိုင် တွေ့တယ်ဆိုတာဖြစ်နိုင်ပါတယ်။ မသန့်ရှင်းတဲ့ရေကလဲ ဖြစ်နိုင်တာပဲ။ ဒါကြောင့် အသီးအရွက်ကို ရေသန့်စင်ဆေးကြောတဲ့အခါ ရေများများနဲ့ ဆေးကြောဖို့လိုအပ်သလို အသီးအရွက်နဲ့ တို့စရာတွေကို သုံးကြိမ်ထက် မနည်း ဆေးကြောဖို့ လိုပါတယ်။ နောက်ပြီး ဟိုက်ဒရို ဂျင်ပါအောက်ဆိုဒ်ပါတဲ့ ဆပ်ပြာနဲ့လဲ ဆေးသင့်ပါတယ်” ဟု ဒေါက်တာငြိမ်းငြိမ်းလှိုင်က ပြောသည်။
ဂျာမနီနိုင်ငံတွင် E.Coli (0104:H4) ဖြစ်ပွားလျက်ရှိပြီး မစင်အညစ်အကြေးများနှင့် ထိတွေ့ထားသော အစားအသောက်များ၊ နွားနို့အစိမ်း၊ ကျက်အောင် ချက်မထားသော အသား၊ အသားစိမ်း၊ ငါးစိမ်းများ၊ ဒိန်ချဉ်၊ ချိစ်၊ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များကို စားသုံးရာမှ အစာအဆိပ်သင့်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတို့မှာ စိုက်ပျိုးသော ခြံများရှိ တိရစ္ဆာန်များ၏ မစင်အညစ်အကြေးများနှင့် ထိတွေ့ထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။
အချို့ EHEC တွေဆိုရင် pH4 ရှိတဲ့ အစားအသောက်တွေမှာပင် ပေါက်ဖွားနိုင်ပါတယ်။ E.Coli 0157:H7 က အရေးအကြီးဆုံးဖြစ်ပါတယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်လင်းက ပြောသည်။
ထို့ပြင် EHEC ကြောင့် ကြွက်တက်ခြင်း၊ ဝမ်းလျှောခြင်း၊ တစ်ခါတစ်ရံ သွေးဝမ်းသွားခြင်း၊ ဖျားခြင်း၊ အန်ခြင်းများ ဖြစ်နိုင်ကြောင်း၊ ရောဂါအစပျိုးချိန်မှာ ရောဂါပိုးပါဝင်သော အစာစားပြီး သုံး၊ လေးရက်ခန့်အကြာတွင် ဖြစ်ကြောင်း သိရသည်။
“ငယ်ရွယ်တဲ့ကလေးတွေ၊ အသက်ကြီးတဲ့လူကြီးတွေနဲ့ ကိုယ်ခံအားနည်းနေတဲ့ သူတွေမှာ ရောဂါဖြစ်ပွားမယ်ဆိုရင် Haemolytic Uraemic Syndrome (HUS) အထိဖြစ်ပွားပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ EHEC ကြောင့် ရောဂါဖြစ်ပွားရာမျာ ၁၀ ရာခိုင်နှုန်းမှာ HUS ဖြစ်ပွားနိုင်ပြီး၊ ၃၊ ၅ရာခိုင်နှုန်းမှာ အသက်ဆုံးရှုံးနိုင်ပါတယ်။ ငယ်ရွယ်တဲ့ ကလေးတွေ ဆိုရင် ကျောက်ကပ်ပျက်စီးနိုင်တဲ့အပြင် ၂၅ ရာခိုင်နှုန်းမှာ ဦးနှောက်ပါ ထိခိုက်နိုင်ပါတယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်လင်းက ဆက်လက်အကြံပြုပြောကြားသည်။
ECEHEC အီ ကိုလိုင် ဗက်တီးရီးယားသည် Toxin ဟုခေါ်သော အဆိပ်များကိုထုတ်၍ ရောဂါ ဖြစ်စေနိုင်သည်။ ၇ ဒီဂရီစင်တီဂရိတ်မှ ၅၀ ဒီဂရီစင်တီဂရိတ်အတွင်း ပေါက်ဖွားနိုင်ပြီး အခန်းတွင်း အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်တွင် ပေါက်ဖွားနှုန်း အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။
>>> ဂျာမနီတွင် အီ ကိုလိုင် ပိုးကြောင့် ရောဂါဖြစ်ရာတွင် အမျိုးသမီးများ အဖြစ်များခြင်း
Ref : The Flower News
No comments:
Post a Comment