Popular Posts!

Wednesday, January 31, 2018

မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ FDI

မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ

အကျဉ်းချုပ်
    ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏအား နှစ်အလိုက် နှိုင်းယှဉ်ကြည့်ပါက ၂၀၁၇ ခုနှစ်သည် ရင်းနှီးမြှုပ်နှံမှု အများဆုံးနှစ်ဖြစ်ပါသည်။ မှတ်တမ်းများအရ ၂၀၁၇ ခုနှစ်၏ လအလိုက် ရင်းနှီးမြှုပ်နှံမှုပမာဏ များသည် မေလတွင် အများဆုံးပမာဏရှိခဲ့ပါသည်။ ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် နိုင်ငံခြားဝင်ငွေရရှိမှုတွင် စွမ်းအင်ကဏ္ဍသည် အများဆုံးဖြစ်ပြီး နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားဝင်ငွေရရှိမှုတွင် ဝင်ငွေအများဆုံးရရှိသောနိုင်ငံမှာ တရုတ် နိုင်ငံမှဖြစ်ပါသည်။
    ဤကိန်းဂဏန်းဆိုင်ရာ Statistical Bulletin တွင်
•    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းလုပ်ငန်းများနှင့်ရင်းနှီးမြှုပ်နှံမှုပမာဏများ၊
•    ၂၀၁၇ ခုနှစ်အတွင်း လအလိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏများ၊
•    ကဏ္ဍအလိုက် နှစ်စဉ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၊
•    ကဏ္ဍအလိုက် နိုင်ငံခြားဝင်ငွေရရှိမှု၊
•    နိုင်ငံအလိုက် နိုင်ငံခြားဝင်ငွေရရှိမှု
•    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ (၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ) နှင့်
•    ၂၀၁၇-၁၈ ဘဏ္ဍာနှစ် (ဇူလိုင်လ) အတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများ ကိုဖော်ပြထားပါသည်။
အထက်ဖော်ပြပါအချက်အလက်များကို လွှတ်တော်ကိုယ်စားလှယ်များ လေ့လာသိရှိနိုင် စေရန် ပြုစုတင်ပြအပ်ပါသည်။
Statistical Bulletin အမှတ်စဉ် - (၄)
နိဒါန်း
    မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲအာဆီယံနိုင်ငံများနှင့် ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်ခုအကြား ကုန်စည်စီးဆင်းမှုပြုလုပ်နိုင်သည့် မဟာဗျူဟာ အချက်အချာကျသည့် နေရာတစ်ခုဖြစ်ပါသည်။ အာရှတိုက်၏ကုန်စည်သယ်ယူပို့ဆောင်ရေးကို ပိုမိုအဆင်ပြေအောင် မြှင့်တင်ပေးနိုင်သည့် ဆုံမှတ် တစ်ခုလည်းဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် သယံဇာတများ၊ လူသားအရင်းအမြစ်ဖြစ်သည့် လူငယ်လူရွယ်ဦးရေများပြားစွာ ရှိနေခြင်းသည် ရင်းနှီးမြှုပ်နှံလို သည့်နိုင်ငံများအတွက် အားသာချက်တစ်ခုဖြစ်ပါသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏများ
၁။    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏများကို အောက်ပါ ဇယားအတိုင်း ဖော်ပြထားပါသည်-
၂၀၁၇ ခုနှစ်တွင် ခွင့်ပြုပြီးစီမံကိန်းလုပ်ငန်းအရေအတွက်မှာ ၁,၃၁၂ ခုရှိပြီး ၂၀၁၄ ခုနှစ် နှင့်နှိုင်းယှဉ်ကြည့်လျှင် ၄၅၃ ခုတိုးတက်လာခဲ့ပါသည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ခွင့်ပြုပြီးစီမံကိန်းလုပ်ငန်းများမှာ တစ်နှစ်ထက်တစ်နှစ်တိုးတက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အများ ဆုံးဖြစ်သည်ကို တွေ့ရှိရပါသည်။
၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ လက်ရှိစီမံကိန်းလုပ်ငန်းအရေအတွက်မှာ ၃၁၁ ခုအထိ တိုးတက်လာခဲ့သည်ကို တွေ့ရှိရပါသည်။
  ၂၀၁၇ ခုနှစ်၊ လအလိုက် လက်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏများ
၂။    ၂၀၁၇ ခုနှစ်၊ လအလိုက် လက်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏများကို Bar chart ဖြင့် အောက်ပါအတိုင်းဖော်ပြထားပါသည်-
၂၀၁၇ ခုနှစ်၊  လအလိုက် လက်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးလမှာ မေလဖြစ်ပြီး ဇန်နဝါရီလမှ မေလအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၁,၇၂၂ သန်း တိုးတက်လာခဲ့ပါသည်။ လအလိုက် လက်ရှိနိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏမှာ တစ်လထက်တစ်လ ပိုမိုတိုးတက်နေသည်ကို ပြသနေကြောင်းတွေ့ရှိရပါသည်။
ကဏ္ဍအလိုက် နှစ်စဉ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ
၃။    ကဏ္ဍအလိုက် နှစ်စဉ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို အောက်ပါဇယားအတိုင်း ဖော်ပြထားပါသည်-
၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသော ကဏ္ဍများ အနက်မှ အထက်ဖော်ပြပါကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအများဆုံးမှာ ထုတ်ကုန် လုပ်ငန်းဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အနည်းဆုံး ဖြစ်သည်ကို တွေ့ရှိရပါသည်။
ကဏ္ဍအလိုက် နိုင်ငံခြားဝင်ငွေရရှိမှု (၁၉၈၈ မှ ၂၀၁၇ ခုနှစ်ထိ)
၎။    ကဏ္ဍအလိုက် နိုင်ငံခြားဝင်ငွေရရှိမှုကို Line Chart ဖြင့် အောက်ပါအတိုင်း ဖော်ပြထား ပါသည်-
၁၉၈၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြားဝင်ငွေ ရရှိမှုသည် စွမ်းအင်ကဏ္ဍမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀,၅၉၅ သန်းဖြင့် အများဆုံးရရှိပြီး စိုက်ပျိုးရေးကဏ္ဍမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၅၅ သန်းဖြင့် အနည်းဆုံးဖြစ်နေသည်ကို တွေ့ရှိရပါသည်။
နိုင်ငံအလိုက် နိုင်ငံခြားဝင်ငွေရရှိမှု (၁၉၈၈ မှ ၂၀၁၇ ခုနှစ်ထိ)
၅။    နိုင်ငံအလိုက် နိုင်ငံခြားဝင်ငွေရရှိမှုကို Line Chart ဖြင့် အောက်ပါအတိုင်း ဖော်ပြထား ပါသည်-

အထက်ဖော်ပြပါနိုင်ငံများအနက် နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြားငွေအများဆုံး ရရှိသောနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာသန်းပေါင်း ၁၈,၅၃၄ သန်းဖြစ်ကာ အနည်းဆုံးရရှိသောနိုင်ငံသည်  ဘရူနိုင်းနိုင်ငံမှဖြစ်ကာ အမေရိကန်ဒေါ်လာသန်းပေါင်း ၉၁ သန်း ဖြစ်ပါသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ (၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ)
၆။    ၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို Line Chart ဖြင့် အောက်ပါအတိုင်း ဖော်ပြထားပါသည်-
၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို လေ့လာပါက ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၉,၉၉၉ ဖြင့် အများဆုံးဖြစ်ပါသည်။ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏလျော့နည်းခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်တွင် အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ် (ဇူလိုင်လ) အတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများ
၇။      ၂၀၁၇-၁၈ ဘဏ္ဍာနှစ် (ဇူလိုင်လ) အတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများကို Bar chart ဖြင့် အောက်ပါအတိုင်းဖော်ပြထားပါသည်-
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသောနိုင်ငံများအနက် အထက်ဖော်ပြပါ (၅) နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံများဖြစ်ပြီး ၎င်းနိုင်ငံများထဲမှ စင်ကာပူနိုင်ငံသည် အများဆုံးဖြစ်နေသည်ကို တွေ့ရှိရပါသည်။
နိဂုံး
နိဂုံးချုပ်အနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ သြဂုတ်လဆန်းပိုင်းအထိ အမေရိကန်ဒေါ်လာသန်း  ၃၆၀၀ ကျော်ရှိလာကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါသည်။
ယခုဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ သြဂုတ်လဆန်းအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၂ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၉၅၂.၇၉၇ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၃၄၈၇.၇၃၂ သန်း စီးဝင်ခြင်းဖြစ်ကြောင်း သိရပါသည်။ ယင်းအပြင် ၂၀၁၇-၁၈ ဘဏ္ဍာ နှစ်အတွင်း အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၈၉.၆၀၀ သန်း ခွင့်ပြုခဲ့ခြင်းဖြစ်သဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အနေဖြင့် အမေရိကန်ဒေါ်လာ ၃၆၇၇.၃၃၂ သန်း စီးဝင်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ၂၀၁၂ အရ ခွင့်ပြုမိန့်ထုတ် ပေးခဲ့သည့် လုပ်ငန်း ၅၄ ခုဖြစ်ပြီး မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ၂၀၁၆ အရ ခွင့်ပြု မိန့်ထုတ်ပေးခဲ့သည့် လုပ်ငန်း ၁၆ ခုနှင့် အတည်ပြုမိန့်ထုတ်ပေးခဲ့သည့် လုပ်ငန်း ၄၂ ခု ဖြစ် ကြောင်းသိရပါသည်။

သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။
Date issused 
Thursday, November 16, 2017 - 11
Research Type 
Researcher name 
သုတေသနဌာန၊ ပြည်သူ့လွှတ်တော်ရုံး

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!