အရင်နှစ်ကာလတုန်းက စားသုံးတဲ့ လူထုတွေ ဘာသတင်းမှ မကြားမသိရလို့ မဆင်ခြင်နိုင်ပေမဲ့ အခုသတင်းတွေနှင့်လူထုတွေကို အသိပေးရေးသားလာကျကိုကြည့်ပြီး လူထုတွေမှာလဲ တန်ပြန် ပြန်လည် ပေးအပ်ရမဲ့ တာဝန်တွေရှိလာရပါပြီ မဟုတ်ပါလားခင်ဗျာ!
စားသောက်ကုန်နှင့်ပတ်သက်ပြီး အသိပညာပေးတွေအများကြီးကို လိုအပ်နေသော မြန်မာလူထုတွေရဲ့ကျန်းမာရေး အသိပညာလေးတွေ နှင့် သက်ဆိုင်ရာကျန်းမာရေးဌာနတွေရဲ့ကြီးကြပ်မှုတွေနှင့် ပုဂ္ဂိုလ်က သုတေသနဓာတ်ခွဲခန်းတွေ အများကြီးကို လိုအပ်မှုတွေနှင့်ရှိနေသေးပါတယ်၊

တချို့မြန်မာလူထူတွေကလဲ သိသိနှင့်ဆက်ပြီးစားနေကျတာလဲပါ ပါလိမ့်မယ်၊ အသိပေးဆင်ခြင်ခိုင်းရင်လဲ ပါးစပ်က အရာသာကို မတွေ့ဘူးလို့ပြန်ပြောပါလိမ့်မယ်၊(အလားတူ-MSG အချိုမှုန့်၊ လက်ဖက်ဆိုးဆေး)
လူသက်တမ်းမှာ လူအသက်သည် အရေးကြီးဆုံး မဟုတ်သလိုပါဘဲ!
ဒီလိုအပ်နေမှုတွေကို ကျောင်းတွေမှာ ကျန်းမာရေးပညာပေးလိမ့်ရင် အဆင်ပြေဆုံးဖြစ်ပါလိမ့်မယ် ထင်တယ်လေ!
ဘယ်လိုပြန်ပြောရမလဲ မသိအောင်ဘဲ? (ငါတို့တသက်လုံးစားခဲ့တာ ငါတို့ရဲ့ ဘိုးဖွားအားလုံးလဲ ဒီလိုဘဲစားသောက်ပြီး လူသက်တမ်းကုန်သွားကျတာဘဲတဲ့လေ!) ဒါပေမဲ့ အခုဖြစ်နေတာက ခေတ်အခြေနေအရ ထုတ်လုပ်မှုတွေလုံးဝမတူတော့ပါဘူးလို့ အရင်ကဒီတံဆိပ်တွေက မှန်ကန်တဲ့ ကုန်ကြမ်းတွေ သုံးပြီးထုတ်လုပ်ပေမဲ့ အခုခေတ်အခြေအရ ပုံစံပြောင်းပြီး စီးပွားရေးအရ အကျိုးမြတ် တွေများများ ရအောင်ထုတ်လုပ်နေတာဖြစ်ကြောင်းကောင်းပြီး၊ သက်ဆိုင်ရာဌာနတွေရဲ့ထိန်းသိမ်းကြပ်မတ် မှု့တွေစည်းကမ်းတွေ လစ်ဟာနေမှုတွေကြောင့် အခွင့်ကောင်းယူပြီးထုတ်လုပ်နေကျတာပါဘဲ! ဒါတွေကို သက်ဆိုင်ရာဌာနတခုထဲနှင့် လုပ်လို့မရပါဘူး ၀ယ်ယူသုံးစွဲတဲ့လူထုတွေလဲ အဆင့်အတန်းမမှီတဲ့ ထုတ်ကုန်တွေကို ပြစ်ပယ်မှ ရမှာပါလို့ အသိပေးလိုက်ရပါတယ်၊
ဒါတွေ ကြောင့်လဲ နိုင်ငံတကာကို မြန်မာပို့ကုန် ထုတ်ကုန်အားလုံးနီးပါး နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံနှုန်းတွေအရ ဘောင်မ၀င်ရတာပါဘဲ အပယ်ခံ၊ ဈေးနှိမ့်ခံနေရတာကို တွေ့ရမှာပါ၊ (အမှန်တကယ် မြန်မာ့သီးနှံတွေထဲက သရက်သီးတွေဆိုရင် ဒီမှာစကာင်္ပူမှာရောင်းနေတာအသီးထဲမှာဈေးအကြီးဆုံးပါ(ယိုးဒယား၊မလေးရှား၊ အင်ဒိုက သရက်သီး)တွေထက် အများကြီးကို စားကောင်းပါတယ်၊ ဘယ်လိုမှ အရသာခြင်းယှဉ်လို့မှမရပါဘူး၊၊ ဒီမှာရောင်းနေကျအသီးတွေက လှပြီး အထားခံတာဘဲရှိပါတယ်၊နောက်ပြီးတွေ့ဖူးတာတခုက အသီးအနှံတွေမှာနာမည်ကြီးတဲ့ ထိုင်ဝမ်က သရက်သီးက အလုံးတအားကိုလှပါတယ် ဒါပေမဲ့ အရသာက မြန်မာ့သရက်သီး တွေ(ရက်ကွဲ၊မချစ်စု) ကိုမယှဉ်နိုင်ပါဘူး၊ ဒါပေမဲ့ဒီသရက်သီးတွေက နိုင်ငံတကာမှာ နာမည်မရဘူးဖြစ်နေတယ်လေ! နာမည်ကောင်းရနေတဲ့ စိန်တလုံးသရက်သီးသာမက ရွှေဟင်္သာ ၊ ရင်ကွဲ နဲ့ ပတ္တမြားငမောက်စတဲ့ အသီးတွေလည်း ဈေးကွက် အနည်းငယ်ဘဲ ရရှိနေပြီလို့ သိရပါတယ်)
စားသုံးသူတွေကလဲ လုပ်ဆောင်ပေးဖို့ တာဝန်တွေရှိပါတယ်စားသုံးသူတွေက လုပ်ရမှာလေးတွေကလဲ ရှိပါသေးတယ်။ လုံခြုံစိတ်ချမှုရှိစေဖို့ ကိုယ်သုံးစွဲ မဲ့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို ဘယ်လိုသုံးစွဲ၊ အသုံးပြုရမယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေ၊ သတင်း အချက်အလက်တွေ၊ လမ်းညွှန်ချက်တွေကိုတော့ ဖတ်ရမှတ်ရ လိုက်နာရမှာပါ။ ကိုယ်ဝယ်ယူ အသုံးပြုမဲ့ ကုန်ပစ္စည်းနဲ့ ၀န် ဆောင်မှုတွေကို မှန်မှန်ကန်ကန်နဲ့ ရွေးချယ်ဝယ်ယူနိုင်ရပါမယ်။ သဘောတူထားတဲ့ဈေးနဲ့ တန်ဖိုးကိုပေးချေဖို့လိုသလို စားသုံးသူတွေရဲ့ အငြင်းပွားမှုတွေကို ဖြေရှင်း ပေးတဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာရမှာဖြစ်ပါတယ်။
စံချိန်စံညွှန်းနဲ့မကိုက်တဲ့ပစ္စည်းကို ကိုက်တယ်ဆိုပြီး ရောင်းချတာကို ခံရရင် တိုင်ကြားနိုင် တော့မှာ ဖြစ်ပါတယ်။ ပစ္စည်း၊ ၀န်ဆောင်မှုရဲ့ အမှတ်တံဆိပ်၊ သတင်းအချက်အလက်တွေမှာ ဖော်ပြ ထားတဲ့အာမခံချက်၊ ထူးခြားချက်၊ ထိရောက်မှု၊ အသားတင် အလေးချိန်၊ ထုထည်၊ အရည်အသွေး၊ ဖွဲ့စည်းပုံ၊ ပြုလုပ်ပုံနည်းလမ်း၊ ပုံစံတွေနဲ့ မကိုက်ညီခဲ့ရင်လည်း တိုင်နိုင် မှာ ဖြစ်ပါ တယ်။

အခု 7daynewsjournal က ဆက်စပ်သတင်းလေးရေးထားတာကိုဖတ်ကြည့်လိုက်ပါအုံး!
အချဉ်ရည်များ ဓာတ်ခွဲစစ်ရာတွင် ဆာလဖျူရစ်အက်စစ်ပြင်းတွေ့
ဝတ်ရည်အောင်-7daynewsjournal
ဈေးကွက်အတွင်း ရောင်းချနေသည့် အချဉ်ရည်များတွင် စားသုံးသူများအတွက် အန္တရာယ်ရှိသည့် တားမြစ်ဆိုးဆေးများ၊ တာရှည်ခံရန် အသုံးပြုထားသည့် ဓာတုပစ္စည်းများ၊ စားသုံးရန်မသင့်သည့် ဆာလဖျူရစ်အက်ဆစ်ပြင်းများ ထည့်သွင်း အသုံးပြုထားသည်ကို ဓာတ်ခွဲတွေ့ရှိရကြောင်း စားသုံးသူကာကွယ်ရေးအသင်းမှ သတင်းရရှိ သည်။
UMFCCI ရှိ ကုန်ထုတ်လုပ်သူများ အစားအသောက် ဖွံ့ဖြိုးတိုးတက်ရေး ဓာတ်ခွဲခန်းတွင် စစ်ဆေးထားခြင်းဖြစ်ပြီး ထိုအချဉ်ရည်ထုပ်များတွင် ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ပစ္စည်းအတွင်း ပါဝင်သည့်ပစ္စည်းများ အချိုးအဆများ၊ FDA ၏ခွင့်ပြုချက် စသည့်ဖော်ပြချက်မှစ၍ နေရပ်လိပ်စာများပင် မပါရှိကြောင်း စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကပြောသည်။“လိပ်စာတောင် မပါဘူးဆိုတော့ ဘယ်လိုမှကို ယုံကြည်လို့ မရနိုင်တော့ဘူးလေ”ဟု ဦးဗအုပ်ခိုင်က ဆက်လက်ပြောသည်။
အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ဌာနဆိုင်ရာကို တင်ပြခြင်းမျိုး ဆောင်ရွက်မည် မဟုတ်သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများမှ ၀င်ရောက်စစ်ဆေး အရေးယူခြင်းများအပြင် ရောင်းချသူ စားသုံးသူတွေကလည်း မည်သည့်ကုန်ပစ္စည်းများ ပါဝင်နေမှန်းမသိသည့် စားသောက်ကုန်များအား ရှောင်ကြဉ်သင့်ကြောင်း ဦးဗအုပ်ခိုင်ကပြောသည်။
“အမှန်က အဲဒီလို စစ်ဆေးတွေ့ရှိတယ်ဆိုရင် FDA ကို ပို့ပေးရမယ်။ ဒါတွေက စားသုံးရန်မသင့်တဲ့ပစ္စည်းတွေ ပါနေတယ်ဆိုရင် ၀န်ကြီးဌာနကို အကြောင်းကြားပြီး စားသုံးရန် မသင့်ဘူးဆိုပြီး တရားဝင်ကြေညာ အရေးယူတာတွေလုပ်မှ လူတွေအားလုံးသိမှာ”ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဝင်းကပြောသည်။
အချဉ်ဓာတ်ရရှိရန်အတွက် ထည့်သွင်းအသုံးပြုသည့် ရှာလကာရည်အစား အက်စစ်ပြင်းများ ထည့်သွင်းသုံးစွဲထားခြင်းနှင့် တားမြစ်ဆိုးဆေးများကြောင့် စားသုံးသူများတွင် ၀မ်းကိုက်၊ ၀မ်းပျက်၊ ၀မ်း လျှောရောဂါ၊ အစာအိမ်ရောင်ရမ်းခြင်း၊ အူရောင်ခြင်း၊ အသဲရောင်ရမ်းခြင်း ဝေဒနာများအပြင် ရေရှည်တွင် အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာများအထိ ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။
အချဉ်ရည်သည် လူထုအတွင်း အမျိုးမျိုးအသုံးများသည့် ကုန်ပစ္စည်းဖြစ်သည့်အပြင် ဈေးကွက်အတွင်းတွင် ဖော်ပြချက်မပါဘဲ ရောင်းချနေသည့်ပစ္စည်း ဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးအသင်းမှ ပထမဆုံးအကြိမ် ဓာတ်ခွဲစမ်းသပ်သည့် ကုန်ပစ္စည်းဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်း သဘာဝအတိုင်းမဟုတ်ဘဲ ဈေးကွက်အတွင်း အရောင်ချွတ်ဆေးများ အသုံးပြု၍ ဖြူဖွေးအောင် ပြုလုပ်ထားသည့် အိမ်သုံးဆားများကိုလည်း အန္တရာယ် ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီနှင့် ကျန်းမာရေး
ပြည့်ဝဆီဖြစ်သော စားအုန်းဆီသည် ကျန်းမာရေးအတွက်မသင့်တော်ကြောင်း လူတိုင်းသိရှိကြသည်။ သို့သော် ထိုမသင့် တော်သော စားအုန်းဆီကိုသာ လူအများစု စားသုံးနေကြရပြီး လိုအပ်သည်ထက် ပို၍ ကျန်းမာရေး မထိခိုက်စေရန်သာ မိမိကိုယ်မိမိ ဂရု ပြုကြ ရမည်ဖြစ်သည်။
ပြည်တွင်းအတွက် တစ်လလျှင် စားအုန်းဆီ တန်ချိန် နှစ်သောင်းခွဲမှ သုံးသောင်းခွဲအထိ တင်သွင်းရပြီး အခြားနိုင်ငံများနည်းတူ ကမ္ဘာ့စားအုန်း စိုက်ပျိုးရောင်းချမှု အများဆုံးဖြစ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ တင်သွင်းနေသည်။ ထို့ပြင် စားအုန်းဆီနှင့် အခြားဆီများကို အိန္ဒိယ၊ တရုတ်၊ အီးယူ အပါအ၀င် နိုင်ငံတော်တော်များများကလည်း တင်သွင်းအသုံးပြုနေကြရသည်။
စားအုန်းဆီသည် မြန်မာလူထုတိုင်း မဖြစ်မနေ အသုံးပြုနေသည့် အရာဖြစ်ပြီး ယခင်အစိုးရလက်ထက်က စားအုန်းဆီတင်သွင်းမှုအား ကုမ္ပဏီတစ်ခုတည်းကသာ လုပ်ကိုင်ပြီး ထိုကုမ္ပဏီမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခဲ့သည်။
စားအုန်းဆီသည် အဆင့်ဆင့်သန့်စင်သည့် အခြေအနေပေါ်မူတည်ပြီး အတန်းအစားနှင့် ဈေးနှုန်းသတ်မှတ်ချက်များရှိရာ အစိုးရလက်ထက်တွင် ပိုမိုအရည်အသွေးကောင်းမွန်သည့် ဆီများတင်သွင်းနိုင်ရန် စားအုန်းဆီတွင်ပါဝင်သည့် ပစ္စည်းများ၏ သတ်မှတ်ချက်များ ပိုမိုတိုးမြှင့်လိုက်ကြောင်း ဆီတင်သွင်းသည့် ကုမ္ပဏီများကပြောသည်။
လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်မှစ၍ တစ်ဦးတည်းတင်သွင်းခွင့်မပြုတော့ဘဲ စားအုန်းဆီတင်သွင်းချင်သည့် ကုမ္ပဏီများအား အများပိုင်ခွင့်ပြုပေးခဲ့ရာ ယခုအချိန်တွင် ကုမ္ပဏီ ၁၅ ခုခန့်က တင်သွင်းရောင်းချနေပြီး ယခင်က စားအုန်းဆီထက် အရည်အသွေးပိုင်းဆိုင်ရာများ တိုးတက်လာကြောင်း ဆီလုပ်ငန်းဆိုင်ရာလုပ်ငန်းရှင်များက ပြောကြားကြသည်။
“အရင်တုန်းက ဆီကတော့ ရိုးရိုးကြည့်လိုက်တာနဲ့ကို အရောင်ကသိသာတယ်။ စစ်စရာမလိုဘူး။ အညံ့တွေများနေတယ်။ အခုကတော့ မတူတော့ဘူး။ အများတင်သွင်းခွင့်လည်း ပေးထားတော့ ပိုကောင်းလာတယ်”ဟု ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီများအား လစဉ်ဓာတ်ခွဲစစ်ဆေးနေသည့် ဆီလုပ်ငန်းရှင်ဦးခင်စိုးကပြောသည်။
ယခုဈေးကွက်အတွင်း တင်သွင်းဖြန့်ချိနေသည့် စားအုန်းဆီတွင် ယခင်က မှုန်ဝါးနှုန်း (Cloud Point) ၁၀ ဒီဂရီစင်တီဂရိတ်မှ ယခု ၈ ဒီဂရီစင်တီဂရိတ်အထိ သတ်မှတ်ထားသည့်အတွက် ပိုမိုကြည်လင်လာသည့်အပြင် ခဲသည့်အပူချိန်သတ်မှတ်ချက်ကိုလည်း မြင့်ထားသည့်အတွက် ယခင်ခဲသည့်အပူချိန်တွင် အလွယ်တကူ မခဲနိုင်ကြောင်းသိရသည်။
“အရင်ကသွင်းခဲ့တဲ့ စားအုန်းဆီထက် အခုသွင်းနေတဲ့ စားအုန်းဆီက တစ်တန်ကို ဒေါ်လာ ၂၀ ကနေ ၂၅ လောက်အထိ ကွာတယ်။ ဈေးကွာတဲ့အတွက် ပိုအဆင့်ဆင့် သန့်စင်ထားတဲ့ဆီတော့ ဖြစ်တာပေါ့”ဟု စားအုန်းဆီတင်သွင်းနေသည့် Wilmar Trading Pte Ltd. မှ ဦးထွန်းမြင့်ကပြောသည်။
“ဒါပေမဲ့ အဲဒါက အမြင်တစ်ခုပါပဲ။ အရင်ထက် ပိုကြည်တယ်။ လွယ်လွယ်နဲ့ မခဲတော့ဘူးပေါ့။ အထဲမှာပါတဲ့ အရာတွေကတော့ မပြောင်းလဲပါဘူး”ဟု ဦးထွန်းမြင့်ကဆက်လက်ပြောသည်။
စားအုန်းဆီသည် ခန္ခာကိုယ်အတွင်း ပမာဏများစွာ ရောက်ရှိသွားသည့်အခါ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းဖြစ်ပွားမှုကို များစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများကဆိုပြီး ကိုလက်စထရောလ်များခြင်း စသည့်ရောဂါများလည်း ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။
သင့်တော်အောင် စနစ်တကျ သန့်စင်ထုတ်လုပ်ထားသော စံချိန်မီစားအုန်းဆီများတွင်ပင် ပြည့်ဝဆီပါဝင်မှုအတွက် အန္တရာယ်ရှိသော အခြေအနေတွင် အရောအနှောမကင်း၊ စံချိန်မမီစားအုန်းဆီများက နဂိုအခြေအနေထက် ပိုမိုဆိုးဝါးစေမည်ဖြစ်ကြောင်း ပါမောက္ခဒေါက်တာနေ၀င်းကပြောသည်။ အဆီသည် ခန္ခာကိုယ်ဇီဝကမ္မ ဖြစ်စဉ်များအတွက် လိုအပ်သော အဓိကအာဟာရကြီး သုံးခုအနက် တစ်ခုဖြစ်သည်။ အဆီသည် ခန္ခာကိုယ်အတွက် အားအင်(ကယ်လိုရီ)ကိုပေးပြီး မရှိမဖြစ်ဟော်မုန်းများ ထုတ်လုပ်ရန်နှင့် ဆဲလ်နံရံများ တည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သည်။
ထိုသို့မဖြစ်မနေ အသုံးပြုရသည့် ဆီသည် ပုံမှန်ထက်များပြားခြင်း၊ ခန္ခာကိုယ်အတွက် အန္တရာယ်ဖြစ်စေသည့်အရာများ ပါဝင်မှုများပြားခြင်းမှတစ်ဆင့် နောက်ဆက်တွဲရောဂါများ ဖြစ်ပွားစေသည့်အတွက် ဂရုပြုစားသုံးကြရန် သတိပေးခြင်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာခြင်းသည် ကိုလက်စထရောလ်နှင့် ပြည့်ဝဆီတို့သည် သွေးတွင်းရှိ မကောင်းသော အဆီပမာဏကို မြင့်တက်စေပြီး မပြည့်ဝဆီ အမျိုးအစားသည် ထိုအဆီပမာဏကို လျော့နည်းစေခြင်းဖြစ်၍ ပြည့်ဝဆီသည် ကျန်းမာရေးအတွက်မကောင်းဘဲ မပြည့်ဝဆီသည် ကျန်းမာရေးအတွက် ကောင်းမွန်သည်ဟု ဆိုခြင်းဖြစ်ကြောင်း ဒေါက်တာနေ၀င်းကပြောသည်။
စားသုံးဆီတွင် ဓာတုဗေဒဖွဲ့စည်းပုံပေါ် မူတည်ပြီး အပူချိန်တစ်ခုတွင် ခဲလွယ်သည့် ပြည့်ဝဆီနှင့် အခန်းအပူချိန်တွင် ခဲလေ့မရှိသည့် မပြည့်ဝဆီတို့ရှိပြီး ကျန်းမာရေးအတွက် သင့်တော်သည့် မပြည့်ဝဆီအမျိုးအစားထဲတွင် ပါဝင်သည့် ပဲဆီသည် ပြည်တွင်းတွင် ထုတ်လုပ်ရောင်းချနိုင်သော်လည်း ဈေးနှုန်းချိုသာသည့် စားအုန်းဆီဈေးကွက်အား လုံးဝမတိုးနိုင်သည့်အတွက် ပြည်တွင်းရှိ ဆီစက်လုပ်ငန်းများမှာ ရပ်ဆိုင်းလုနီးပါးအထိ ဖြစ်နေသည်မှာ နှစ်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
စားအုန်းဆီဈေး သက်သာခြင်းသည် ၀ယ်လိုအားမြင့်စေရန်အတွက် အဓိကဆွဲဆောင်မှုတစ်ရပ်လည်းဖြစ်ပြီး ပြည်ပမှတင်သွင်းသည့် စားအုန်းဆီနှင့် ပြည်တွင်းရှိ ပဲဆီဈေးနှုန်းသည် နှစ်ဆမှသုံးဆအထိ ကွာခြားနေသည့်အပြင် စားအုန်းဆီသည် အကြော်ခံခြင်း၊ ရေရှည်အသုံးခံခြင်းများကြောင့် ပိုမိုလူကြိုက်များသည်။
ပြည်တွင်းရှိ ပဲဆီနှုန်းမြင့်မားနေသည့်အတွက် လက်လှမ်းမီသည့်သူ အလွန်နည်းပါးပြီး ပဲဆီအား ပိုမိုလက်လှမ်းနိုင်ရန် ဈေးနှုန်းကွာဟချက် နည်းပါးအောင် ဆောင်ရွက်ခြင်းသည်လည်း နည်းလမ်းတစ်ခုဖြစ်နိုင်ကြောင်း ဧရာဝတီမြေပဲဆီမှ ဦးခင်စိုးကပြောသည်။
“အခုအချိန်မှာ ဈေးနှုန်းချရောင်းတယ်ဆိုရင်တောင် ကုန်ကြမ်းဝယ်ရတဲ့အနေအထားအရ ဘယ်လိုမှ ကွာခြားချက် ငါးရာ၊ တစ်ထောင်အထိတောင် ချလို့မရဘူးဖြစ်နေတယ်။ အဲဒီတော့ ပဲဆီကို ဈေးလည်းသက်သာ ကိုယ့်အတွက်လည်းကျန်အောင် ပဲဆီနဲ့စား အုန်းဆီနဲ့ ရောရောင်းရတာတွေလည်း ရှိတယ်”ဟု မြေပဲဆီရောင်းချသူတစ်ဦးက သူ၏အခက်အခဲကိုပြောသည်။
နိုင်ငံအများအပြားတွင် စားအုန်းဆီသုံးစွဲနေကြသော်လည်း ပြည်တွင်းတွင် တရားမ၀င်လမ်းကြောင်းများမှ ၀င်ရောက်လာသည့် မည်သည့်ဆီအမျိုးအစားနှင့်မျှ ကိုက်ညီမှုမရှိသည့် ဆီအရောများအား ပြန်လည်ပြုပြင်ထားသောဆီများ ၀င်ရောက်နေခြင်းများကြောင့် ယခင်ကတည်းက ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့်အခြေအနေတွင် ပိုမိုဆိုးရွားသော ကျန်းမာရေးပြဿနာများ တိုးပွားလာနိုင်သည့်အတွက် တိကျသော စစ်ဆေးအရေးယူမှုများဖြင့် ကာကွယ်တားဆီးရမည့်အခြေအနေဖြစ်သည်။
ပုံမှန်ဝင်ငွေရှိသူများအတွက် ဈေးသက်သက်သာသာဖြင့်ရနိုင်သော၊ တွက်ခြေကိုက်စေသော၊ ဈေးသက်သာသည့် အရာများအား သဘောကျသော်လည်း သတိရှိရှိ၊ ဆင်ဆင်ခြင်ခြင်ဖြင့် စားသုံးကြရန် ဒေါက်တာနေ၀င်းကပြောသည်။

COMMNENT-
Han Min Zaw
ကျွန်တော်တို့နိုင်ငံမှာ စားသောက်ကုန်နဲ့ ပတ်သတ်ရင် အရမ်းအားနည်းနေပါတယ်.. သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ စစ်ဆေးကြပ်မတ်ခြင်း၊ ထိရောက်သော ပညာပေးလုပ်ငန်းများလုပ်ဆောင်ခြင်းများလုပ်ဆောင်နိုင်ရန် မျှော်လင့်မိပါသည်...
ဆက်စပ်သတင်းများ-
စားသုံးသူများအတွက် ပေါ်ထွက်လာတော့မည့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေ စားသုံးသူများရဲ့ အခွင့်အရေး

No comments:
Post a Comment