Popular Posts!
-
How To Spot A Fake Pair Of Vintage Levi's Jeans Often spotting a fake can be harder than it seems, but if you're equipped with so...
-
Singapore is an attractive destination for foreigners to work in and if you are one of the people looking for jobs for foreigners in Singa...
-
တိဗက်၏ ကျင့်စဉ်တခုဖြစ်သည့် " တူနှစ်ကိုယ် ကျင့်စဉ် " နှင့်ပက်သက်ပြီး " ဒလိုင် လားမား " အပေါ် ဆန့်ကျင် ကန့်ကွက်မှုမ...
-
VOA By ဒေါ်ခင်မျိုးသက် နားဆင်ရန်-Mp3 မြန်မာနိုင်ငံမှာ ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်လာန...
-
Webmasters help for hacked sites If you’re a site owner and you see: Unfortunately, it’s l...
-
အပြာဗီဒီယိုဇတ်ကားရိုက်ပြီးကျောင်းစရိတ်ရှာဖွေသူ တက္ကသိုလ်ကျောင်းသူတစ်ဦး ကျောင်းလခအတွက်တက္ကသိုလ်ကျောင်းသူ Knoxတစ်ယောက်အပြာဇာတ် လမ်းရိုက...
-
TOKYO -Australia, Britain and Germany advised their citizens in Japan on Wednesday to consider leaving Tokyo and earthquake-affected areas, ...
-
ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့တုန်းက စာရေးသူတို့ ဇနီးမောင်နှံဟာ မော်တင်က ရွှေပုစွန်မှာ မုန့်စားဖို့ သွားခဲ့ပါတယ်။ ရွှေပုစွန်ရှေ့မှာ ...
Friday, November 27, 2015
ရှောင်ဖယ်၍ မရနိုင်သော တရုတ်
ရှောင်ဖယ်၍ မရနိုင်သော တရုတ် (၁)
ယခုအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အောင်ပွဲခံလိုက်ပြီ ဖြစ်သဖြင့် ၁၉၆၂ မှစ၍ တွက်မည်ဆိုလျင် ပထမဆုံးအကြိမ်အဖြစ် အရပ်သားများလက်ဝယ်သို့ အပြည့်အ၀ အာဏာ ပြန်လည် ရောက်ရှိတော့မှာ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။
ဒီအနေအထားကို စိုးရိမ်မကင်းစွာ နဲ့ စောင့်ကြည့်နေတာကတော့ မြောက်ဘက်ခြမ်းက တရုတ် ပြည်သူ့သမ္မတ နိုင်ငံပဲ ဖြစ်ပါတယ်။ နယ်စပ်တွင် အလျားမိုင်ပေါင်း ၁၃၆၂ မိုင် ထိစပ်နေပြီး မြင့်မားကြမ်းတမ်းသော တောင်ကုန်းများကို ကျော်ဖြတ်နိုင်က အိန္ဒိယ သမုဒ္ဒရာ သို့ အလွယ်တကူ ၀င်ရောက်နိုင်ပြီး တရုတ်ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံတွေ ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများသို့ မြန်မာကိုဖြတ်ပြီး ကုန်းလမ်းခရီးနဲ့ ကုန်စည် ဖြန့်ဖြူးမှုတွေ ပြုလုပ်နိုင်တဲ့ အခြေအနေရှိပါတယ်။
ယခုလက်ရှိ အခြေအနေအရ တရုတ်နဲ့ NLD အကြား ဆက်ဆံရေးဟာ အေးတိအေးစက် ဖြစ်နေပြီး တရုတ်က သိသိသာသာပဲ NLD ရဲ့ အောင်ပွဲကို ချီးကျူး ဂုဏ်ပြုဘို့ ရှောင်ရှားနေပါတယ်။ အစဉ်အလာတိုင်း ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က သံတမာန်ရေးအရ ရော စီးပွားရေးအရ ရော အနောက်ဘက်ကို ယိမ်းဘို့ ရှိနေပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာရဲ့ ဘူမိနိုင်ငံရေး အခြေအနေအရ လှုပ်ရှားဆောင်ရွက်သွားရဘို့ရှိပါတယ်။
တရုတ်ပြည်က ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်မှာ ကြီးမားတဲ့ အခန်းကနေ ဆက်လက် ပါဝင်သွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ အာဏာရ အသိုက်အ၀န်းက ၂၀၀၃ ခုနှစ်ကတည်းက သေချာ အကွက်ချပြီး စီမံထားခဲ့မှုရဲ့ ရလာဒ် အဖြစ် ထွက်ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာဟာ ၁၉၉၀ နောက်ပိုင်း စီးပွားရေးအရ တံခါးဖွင့်ပေးခဲ့သော်လည်း မအောင်မြင်ခဲ့တာကတကြောင်း ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို ပယ်ဖျက်ခဲ့တာကြောင့် အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ခံခဲ့ရတာကြောင့် စစ်တပ်အနေနဲ့ စီးပွားရေးအရ ရော နိုင်ငံရေးအရပါ တရုတ်ကို မှီခိုလာခဲ့ရတာ ဖြစ်ပြီး တိုင်းပြည်ကို တဖြေးဖြေး နဲ့ ချုပ်ကိုင်ထားဘို့ ဖြေလျော့ဘို့ လုပ်လာခဲ့ရတာ ဖြစ်ပါတယ်။ အဲ့လိုမှ မလုပ်ရင်လည်း နိုင်ငံတကာ အသိုက်အ၀န်းမှာ ၀င်ဆံ့ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး၊
၁၉၈၈ နဲ့ ၂၀၁၃ အကြားမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (အမေရိကန် ဒေါ်လာ ၃၃.၆၇ ဘီလီယံ) စုစုပေါင်းရဲ့ ၄၂%၊ လက်နက် ၀ယ်ယူတင်သွင်းမှု စုစုပေါင်းရဲ့ ၆၀% က တရုတ် ပြည်မှ ဖြစ်ပါတယ်။ အဲ့သည့်အနေအထားက ၂၀၀၀ ခုနှစ်အလွန်မှ စတင် ပြောင်းလဲလာခဲ့ရပါတယ်၊ မြန်မာ စစ်ခေါင်းဆောင်တွေဟာ တရုတ်ကို အလွန်အကျွံ မှီခိုလာနေရတဲ့ အဖြစ်ကို စိုးရိမ်မကင်း ဖြစ်စ ပြုလာပြီး အဖြေရှာဘို့ စတင်ကြိုးစားလာရရင်းက အနောက်အုပ်စု သဘောကျတဲ့ NLD ကို နိုင်ငံရေးအရ လမ်းဖွင့်ပေးမှသာ အခြားနိုင်ငံများနဲ့ ရောရောဝင်ဝင် ဆက်ဆံလို့ ရတော့မှာကို သဘောပေါက် လာကြပါတယ်။
အဲ့တာကြောင့် နိုဝင်ဘာ ၈ ရက် အောင်ပွဲဟာ စစ်ခေါင်းဆောင်တွေ ကာလကြာမြင့်စွာ အကွက်ချ ထားခဲ့မှုရဲ့ ရလာဒ်ဆိုတာ ကျိုးကြောင်း ဆီလျောမှု ရှိတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့လည်း သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ထားပြီး ဖြစ်နေတာကြောင့် အစိုးရအသစ်အနေနဲ့လည်း အသွင်ကူးပြောင်းမှု အဆင်ပြေ ချောမွေ့စေခြင်တယ် ဆိုရင် စစ်တပ်နဲ့ သဘောတူညီချက် ရအောင် ဖေါ်ဆောင်ဘို့ လိုအပ်နေပါတယ်။
အခုလို အသွင်ကူးပြောင်းမယ့် အရေးကို တရုတ်က ကာလကြာမြင့်စွာကပင် ကြိုတင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီအတွက် ဂျွန်လတုန်းက တရုတ်သမ္မတ စီရှင်ပင် နဲ့ ၀န်ကြီးချုပ် လီကီးကျန်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ပီကင်းကို ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့တဲ့အပြင် အခြားနိုင်ငံရေးပါတီတွေကိုလည်း ချန်မထားဘူး ဆိုတဲ့သဘောနဲ့ ပြည်ခိုင်ဖြိုးပါတီကို ဧပြီလမှာတခါ၊ ဂျုလိုင်မှာ ရခိုင် အမျိုးသား ပါတီကိုပါ တခါ ဖိတ်ခေါ်ခဲ့ပါတယ်။
ရွေးကောက်ပွဲ ပြီးလျင် ပြီးချင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မြန်ဆန်ဆန်ပဲ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ် ချီးကျူး ဂုဏ်ပြုခဲ့ပေမယ့် NLD ကို သိသိသာသာ ချန်လှပ်ထားခဲ့တာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ ရလာဒ်ကြောင့် နေပြည်တော်မှာ အခြေအနေတွေ ရှုပ်ထွေးလာနေတာကြောင့်လည်း ဖြစ်ပါတယ်။ ယခုအခါ NLD က ပါလီမာန်ကို ထိမ်းချုပ်ထားနိုင်နေပြီး စစ်တပ်က နိုင်ငံရဲ့ အဓိကကျတဲ့ အာဏာတည်ရာ ၀န်ကြီးဌာနများ အပါအ၀င်၊ စီးပွားရေး ပိုင်ဆိုင်ခွင့်တွေကို ထိမ်းချုပ်နိုင်နေဆဲ ဖြစ်တာကြောင့် အာဏာရဲ့ အမာပိုင်းရှိရာ အကြော တွေကို ရယူထားနိုင်ဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာ တိုင်းရင်းသား ပါတီတွေက တိုင်းဒေသကြီးတွေမှာ အနိုင်ရရှိခဲ့ပေမယ့် နိုင်ငံတော်အဆင့်မှာ အနိုင်မရခဲ့တာကြောင့် အနေအထားတခုနဲ့ အပြိုင်အဆိုင် ရပ်တည်ဘို့ ကြိုးပမ်းရာမှာ အခက်အခဲတွေ ဖြစ်လာရပါတယ်။ ဒီအတွက် တရုတ် အနေနဲ့ တိုင်းပြည်ရဲ့ မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေရရှိဘို့ အရေး နောက်ကွယ်က အာဏာ ဆုပ်ကိုင်ထားတဲ့ အင်အားစု အများအပြားနဲ့ ရင်ဆိုင်လာရဘို့ ရှိနေပါတယ်။
ဆက်လက် ဖေါ်ပြပါမယ်
ရည်ညွှန်း။ ။ 2015 STRATFOR GLOBAL INTELLIGENCE ANALYSIS
HSW
ရှောင်ဖယ်၍ မရနိုင်သော တရုတ် (၂)
မြန်မာပြည်အဖို့ ရှေ့ကို ဆက်လှမ်းနိုင်ဘို့အရေး ဟာ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်များနဲ့ ဘယ်လို စခန်းသွားဘို့ ရွေးချယ်ထားသလဲဆိုတာ အဓိကထား သုံးသပ်ရမယ့် အချက် ဖြစ်လာပါတယ်။ ရာစုနှစ်ဝက်တခုနီးပါး စစ်တပ်မှ နယ်မြေသိမ်းတိုက်ပွဲတွေ ဆင်နွှဲပြီး အင်အားချိနဲ့ အောင် ပြုလုပ်နိုင်ခဲ့ပေမယ့် ယခုအခါ တိုင်းရင်းသား အဖွဲ့များက ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ပြေလည် လိုက်လျောမှုတွေရအောင် တောင်းဆိုလာနေကြပါတယ်။ တရုတ်မှ နယ်ခြားတလျောက်ရှိ ‘ ၀’ နဲ့ ကချင် လွတ်မြောက်ရေး တပ်တွေကို ထောက်ခံအားပေးထားယုံမက သြဇာသက်ရောက်မှု ရှိအောင်ပါ ပြုလုပ်ထားပြီး မြန်မာမှ တရုတ်နဲ့ ကင်းကွာလို့ မရအောင် ထိမ်းထားနိုင်ခဲ့ပါတယ်။ ဒီအတွက်လည်း အောက်တိုဘာ ၁၅ ရက်နေ့က ချုပ်ဆိုခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ အပြစ်အခတ်ရပ်စဲရေးကို ၎င်းနယ်ခြားရှိ အဖွဲ့များ လက်မှတ်မထိုးအောင် တရုတ်က ဆော်သြော်ထားတာ ဖြစ်တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာရတာ ဖြစ်ပါတယ်။
ယခုလို တရုတ်က မြန်မာပြည်တွင်း လက်နက်ကိုင် ပုန်ကန်မှုတွေကို အားပေးအားမြှောက် ဆက်လုပ်နေမယ်ဆိုရင်တော့ NLD အနေနဲ့ တရုတ်နဲ့ နိုင်ငံရေးအရ အပေးအယူ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှလည်း တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အနေအထားကို တစတစ ဆုတ်ယုတ်လျော့ပါးအောင် ပြုဘို့ ကြံနေတဲ့ စစ်တပ်နဲ့လည်း အခြေအတင် ပြောစရာ ဖြစ်လာပါလိမ့်မယ်။
တရုတ်ထံမှ လှည့်ထွက်လို့ရအောင် အများအပြား လုပ်လာခဲ့တဲ့ အထဲမှာ ၂၀၁၀ က စပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို နေရာအနှံ့က စတင် ရှာဖွေလာနိုင်ခဲ့တာ တခုပါဝင်ပါတယ်။ ဒါပေမယ့် မြန်မာအနေနဲ့ ဘယ်လောက်ဝေးဝေး ခြေဦးလှည့်နိုင်မလဲဆိုတာ ပထ၀ီ အနေအထားအရ ကန့်သတ်မှုတွေရှိနေပါတယ်။ ယူနန် ပြည်နယ်ကို ကြည့်မယ်ဆိုရင် တရုတ်အဆင့်အတန်းနဲ့ဆို ဆင်းရဲတဲ့ ပြည်နယ်တခု ဖြစ်နေသော်လည်း အနောက်ဘက် နဲ့ အနောက်မြောက် နယ်ခြားရှိ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် ပြည်နယ်များနဲ့ နှိုင်းစာရင် စီးပွားရေး လုပ်ဘို့ အတော်လေးကို အားရစရာ ကောင်းပါတယ်။
တရုတ်က သူရဲ့ ကုန်တွင်းပိတ် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းရာမှာ လာအို၊ ဗီယက်နမ် နဲ့ မြန်မာကို ဖြတ်ပြီး ပင်လယ်ထွက်ပေါက်ရအောင် ဖန်တီးလိုပါတယ်။ ဒီအတွက် မြန်မာက အရှေ့ဘက်ရှိ အိမ်နီးချင်းနိုင်ငံများနဲ့ ဟန်ချက်ညီအောင် ကြိုးစားမှာ ဖြစ်ပေမယ့် တရုတ်က တော့ အဓိက ကုန်သွယ်ဖက် နိုင်ငံအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။
၂၀၁၀ နောက်ပိုင်းမှာ တရုတ် စီးပွားရေးဟာ အရင်လို မဟုတ်ပဲ အတော်လေး ကျဆင်းလာခဲ့ပေမယ့် မြန်မာ့ စီးပွားရေးအတွက်တော့ အရေးပါတဲ့ အခန်းက နောင်အနာဂါတ်မှာ ဆက်လက် ရှိနေအုန်းမှာ ဖြစ်ပါတယ်။ စားရာမှာလည်း သဲနဲ့ရှပ်ရှပ် ပြစ်ရမှာလည်း အဆီတ၀င်းဝင်း ဆိုသလိုပါပဲ၊ ၂၀၁၄ အတွင်း တရုတ်နဲ့ ကုန်သွယ်မှုမှာ သွင်းကုန် စုစုပေါင်း တန်ဘိုးရဲ့ ၄၂.၇% ရှိပြီး ပို့ကုန်တွေရဲ့ ၆၅.၂% ရှိပါတယ်။ မြန်မာရဲ့ ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ ဆိုရင် ဆင်နဲ့ ဆိတ်လောက် ကွာခြားပါတယ်။ သွင်းကုန်ရဲ့ ၁၉.၃% နဲ့ ပို့ကုန် ၁၆.၄% ပဲ ရှိပါတယ်။ တရုတ်နဲ့ ကုန်သွယ်ရေး အခြေပြ တရားဝင် စာရင်းဇယားတွေမှာ မူးယစ်ဆေးဝါးတွေ သစ်ခိုးထုတ်မှုတွေနဲ့ သဘာဝ သယံဇာတတွေ အကြီးအကျယ် ထွက်နေတာတွေ မပါသေးပါဘူး၊
ဒါတွေကို ကြည့်မယ်ဆိုရင် အနောက်နိုင်ငံတွေက ဖျက်မြင်းသာသာ ပဲ လုပ်နိုင်တဲ့ အနေအထားပဲ ရှိနေပါတယ်။ သူတို့ လွန်ရောကျွံရော လုပ်ပေးနိုင်တာက ကုန်သွယ်ရေး သဘောတူညီချက်တွေရယ် ဆက်ဆံရေး ခိုင်မာလာအောင် သံတမန်ရေးနဲ့ နည်းပညာ အကူအညီတွေ ပံ့ပိုးပေးနိုင်တဲ့ အဆင့်ထက်မပိုပါဘူး၊ ဒီနေရာမှာတောင် အကန့်အသတ်ရှိပါသေးတယ်။ တောင်တရုတ် ပင်လယ်မှာ တရုတ် နဲ့ အင်အား ချိန်ခွင်ရှာ ထိမ်းညှိနိုင်မယ့်အရေးကို မြန်မာထက် ပိုပြီး အလေးထား စိုးရိမ်မကင်း ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ၊
အခုနှစ်မှာ ဘာတွေ ပြောင်းလဲသွားပြီလဲဆိုတော့ မြန်မာဟာ စီးပွားရေး အကူအညီအတွက် နယ်ပါယ် အမျိုးမျိုးကနေ ရရှိလာခဲ့ပါတယ်။ မြန်မာကို ဖြတ်ပြီး အိန္ဒိယ နဲ့ ထိုင်းနိုင်ငံကို ဆက်သွယ်ပေးတဲ့ အာရှ လမ်းမကြီးက ၂၀၁၅ မှာ ပြီးဆုံးခဲ့ပါတယ်။ ဒီအတွက် ထိုင်း နဲ့ မြန်မာတို့ စီးပွားရေးအရ အရင်ကထက်ပိုပြီး အင်နဲ့ အားနဲ့ ပေါင်းစပ်လာဘို့ ရှိနေပါတယ်။ ဒါ့အပြင် မဲဆောက် နဲ့ မြ၀တီအကြား အထူးစီးပွားရေးဇုံတွေ ထူထောင်ဖို့ မြေစမ်းခရမ်းပျိုးထားပြီး ဖြစ်လို့ စီစဉ်ထားတဲ့ ထားဝယ် ပင်လယ်ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ဆက်သွယ် အားဖြည့်မှုတွေ တိုးမြှင့်လာမှာ ဖြစ်ပါတယ်။
ဒါတွေကို ကြည့်ပြီး ထိုင်းနိုင်ငံမှ ၎င်းရဲ့ လက်ရှိ ထုတ်ကုန် တွေ ၀န်ဆောင်မှု လုပ်ငန်းတွေကို အဆင့်တက်ဘို့ ကြိုးစားလာရင် လက်ရှိ လုပ်နေတဲ့ ကုန်ထုတ် လုပ်ငန်းတွေ မြန်မာလက်ထဲ ရောက်လာရဘို့ရှိနေတဲ့အတွက် အရင်ကလို သဘာဝ သယံဇာတတွေ ထုတ်ယူရောင်းစားရတဲ့ စီးပွားရေးမှ မြန်မာအနေနဲ့ လမ်းခွဲထွက်လာနိုင်ပါတယ်။
အခုလောလောဆယ်တော့ အနောက်ဘက်မှ မြန်မာဈေးကွက်အတွင်း ၀င်ရောက်မယ်ဆိုပြီး အလွန်အကျွံ မြူဆွယ်မှုတွေ ရှိနေပေမယ့် တကယ်တမ်းကျ အကန့်အသတ် နဲ့ သာ ဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန် နဲ့ ဥရောပ နိုင်ငံများနဲ့ ကုန်သွယ်ရေးဟာ အားရစရာ ကောင်းတဲ့ အနေအထားမှာ မရှိသေးပါဘူး၊ အမေရိကန်သို့ ပို့ကုန်တန်ဘိုးက စုစုပေါင်းပို့ကုန် ပမာဏရဲ့ ၀.၄% သာရှိပြီး သွင်းကုန်ကလည်း သူမသာ ကိုယ်မသာ အဆင့်မှာပဲ ရှိနေဆဲပါ။ ဥရောပ နိုင်ငံများကတော့ မြန်မာပြည်အပေါ် စီးပွားရေး ဒဏ်ခတ်မှုတွေကို လုံးဝဥသုန် ဖယ်ရှားပေးခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန်ကတော့ မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ခဲ့မှုကို ၂၀၁၂ က ဖယ်ရှားပေးခဲ့ပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ လုပ်ငန်းတွေနဲ့ စီးပွားရေးသမား အချို့ကို ဒဏ်ခတ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ် အပါအ၀င် ၎င်းရဲ့ အခွင့်ထူးခံလူတန်းစားတွေနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ခြင်တာကြောင့် သူမရဲ့ အရှိန်အ၀ါကို သုံးပြီး ဒီ ပိတ်ဆို့ထားမှုတွေကို အဆုံးသတ်အောင်နဲ့ အခွင့်အရေးပိုရမယ့် ကုန်သွယ်ရေး သဘောတူညီချက်တွေ ရအောင် ကြိုးစားလာဖွယ် ရှိပါတယ်၊
အခု လောလောဆယ်ကတော့ ဆန်ရှင်းကြောင့် ကုန်သွယ်ရေးမှာ အတော်ထိခိုက်နေဆဲ ဖြစ်ပါတယ်။ ဆန်ရှင်း ကိစ္စ ခံနေတာကြောင့် အမေရိကန် နဲ့ မြန်မာအကြား ကုန်စည်တင်ပို့မှုက ဂျွန်လမှာ သန်း ၅၀ ဘိုး ရှိပေမယ့် စက်တင်ဘာမှာ ၅.၅ သန်းပဲ ရှိပါတော့တယ်။ အနောက်အုပ်စုတွေရဲ့ ပါဝင်ပါတ်သက်မှုကြောင့် အဓိက အကျိုးဖြစ်ထွန်းခဲ့ရတဲ့ ကဏ္ကကတော့ စွမ်းအင်ကဏ္ကပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက Chevron ပိုင် ယူနိုကယ် မြန်မာ့ကမ်းလွန် ကုမဏ္ကီနဲ့ လုပ်ကွက်တကွက်အတွက် ဒေါ်လာ ၂၇၇ သန်းတန် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ BG Group ရဲ့ Woodside Petroleum နဲ့ လုပ်ကွက် ၄ ကွက်စာ ဒေါ်လာ တစ်ဘီလီယံတန် စာချုပ်ကိုလည်း ချုပ်ဆိုခဲ့ပါတယ်။ ဒါတွေအားလုံးဟာ အခွန်ငွေတွေ လုံလုံလောက်လောက် ကောက်ခံနိုင်စွမ်း မရှိအောင် အားပျော့နေတဲ့ အဖွဲ့အစည်းတွေကြောင့် ငွေလိုနေတဲ့ မြန်မာအစိုးရအတွက် အထောက်အကူ ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် တရုတ်အဖို့ ၂၀၁၀ ခုနှစ်ထက် စာရင် မြန်မာပြည်မှာရော အရှေ့တောင်အာရှ တခုလုံးအတွက်ပါ ရွေးချယ်နိုင်ခွင့်တွေ ပိုရှိနေတယ်လို့ ကြွားဝါနိုင်ပါတယ်။ တရုတ်ရဲ့ ပိုမိုကျယ်ပြန့်စွာ ချမှတ်ထားတဲ့ မဟာဗျူဟာ ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ကုန်းတွင်းပိုင်းရှိ ဆင်းရဲတဲ့ ပြည်နယ်တွေကို ရေနံနဲ့ သဘာဝ ဓါတ်ငွေ့တွေကို ဘင်္ဂလား ပင်လယ်အော်မှ တဆင့် မြန်မာပြည်ကို ဖြတ်ပြီး တိုက်ရိုက် ပို့ဆောင်နိုင်မယ့် ပိုက်လိုင်းတွေကို အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့ပါတယ်။
သို့ပေမယ့် ပိုက်လိုင်းတွေနဲ့ အတူ တပါတည်း အကောင်အထည်ဖေါ်ဘို့ ရှိနေတဲ့ အဝေးပြေး လမ်းမကြီးကိုတော့ အကောင်အထည် ဖေါ်နိုင်ခြင်း မရှိသေးပါဘူး၊ ထို့အတူ ရေအားလျပ်စစ် စီမံကိန်း ဖြစ်တဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးဟာလည်း တန်းလန်းကြီး ဖြစ်နေဆဲပါ၊ တရုတ်ပြည်က လာအို နဲ့ ဗီယက်နမ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံကို ဆက်သွယ်ရေး လမ်းပွင့်အောင် လုပ်နိုင်နေဆဲ ဖြစ်ပါတယ်။ မြန်မာဟာ တရုတ်ရဲ့ စွမ်းအင် စီမံကိန်းတွေအတွက် ရွေးချယ်ပိုင်ခွင့် တခု အဖြစ် ရှိနေသော်လည်း အခြားဟာတွေ ရွေးစရာလမ်း တရုတ်မှာ ရှိနေဆဲပါ။
တရုတ်ဟာ မြန်မာပြည်မှာ ရေရှည်ဆွဲပြီး လိုအပ်သလို ကစားသွားနိုင်ဘို့ တတ်နိုင်ပါတယ်။ လက်ရှိ စီမံကိန်းတွေသာ ရလို့ကတော့ အနာဂါတ်မှာ ဘာမှ ထပ်မရရင်တောင် နေနိုင်တဲ့ သဘောရှိပါတယ်။ မြန်မာအစိုးရ အသစ်အနေနဲ့ ဘယ်လို ပုံစံမျိုးနဲ့ပဲ တရုတ်အပေါ် ဆက်ဆံဘို့ လုပ်လာခဲ့သည် ဖြစ်စေ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ၎င်းရဲ့ သြဇာ သက်ရောက်နေမှုကို အသုံးချပြီး အနောက်အုပ်စုထက် နှာတဖျားသာအောင် ပြုလုပ်နိုင်စွမ်း ရှိနေပါတယ်။
အနောက်အုပ်စုကတော့ အာရှ-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ သြဇာကို ဆန့်ကျင်ပြီး အင်အား ထိန်းညှိအောင် ကြိုးပမ်းတဲ့နေရာမှာ မြန်မာကို အကန့်အသတ်တခု အနေနဲ့သာ အသုံးချလို့ ရနိုင်ပါတယ်။
ရည်ညွှန်း။ ။ 2015 STRATFOR GLOBAL INTELLIGENCE ANALYSIS
(Stratfor သည် အမေရိကန် အခြေစိုက် ကုမဏ္ကီတခု ဖြစ်ပြီး ကမ္ဘာတ၀ှမ်းရှိ လူ တဦးချင်းစီနဲ့ စီးပွားရေး အဖွဲ့အစည်းများကို ၎င်းတို့ရဲ့ မဟာဗျုဟာမြောက် ဘူမိနိုင်ငံရေး အနေအထား သုံးသပ်ချက်တွေကို ရောင်းချတဲ့ နာမည်ကျော် အဖွဲ့အစည်း တခု ဖြစ်ပါတယ်။)
HSW
- Posted using BlogPress from my iPad
Subscribe to:
Post Comments (Atom)
No comments:
Post a Comment