ကိုကာကိုလာထဲက ကိုကင်းကို ဘာကြောင့်ဖယ်လိုက်တာလဲ?
ကိုကင်းနဲ့အရက်ကို ရော စပ်လိုက်တဲ့အခါ Cocaethylene ခေါ်တဲ့ မှုးယစ်ဆေးတစ်မျိုး ဖြစ် သွားပြီးအာနိသင်က တော့ကိုကင်းလိုပါပဲ၊ ဒါပေမဲ့ ပိုပြီး ရွှင်လန်းမြူး ကြွမှု ဖြစ်စေပါတယ်။ ဒါကြောင့် ၁၈၆၃ ခုနှစ်မှာ ပြင်သစ်နိုင်ငံက ဓာတု ဗေဒ ပညာရှင် Angelo Mariani ဆိုသူက ကိုကာနဲ့ဝိုင် ရောစပ်ပြီး Vin Mariani နာမည်နဲ့ ရောင်းခဲ့တာ အလွန် ရောင်းကောင်းပြီး ခေတ်စားခဲ့ပါတယ်။ အဲဒီခေတ်အချိန်အခါက ထင်ရှားတဲ့ စာရေးဆရာများ Jules Verne, Alexandaer Dumas နဲ့ Arthur Conan Doyle တို့က Vin Mariani ကို သုံးစွဲခဲ့ကြတယ်လို့ ပြောပါတယ်။ ပုဒ်ရဟန်းမင်း Pope Leo XIII ကတောင် အဲဒီဖျော်ရည်ကို အမြဲဆောင်ထားလေ့ရှိပြီး Vin Mariani ကို ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ပါသေးတယ်။
Vin Mariani ရဲ့ စီးပွားရေးအောင်မြင်မှုကို မြင်တွေ့ခဲ့ပြီး အမေရိကန် ဂျော်ဂျီယာပြည်နယ်က ဒေါက်တာ John Stith Pemberton က အလားတူဖျော်ရည်မျိုးကို စမ်းသပ်ထုတ်လုပ်ခဲ့ပြီး French Wine Coca နာမည်နဲ့ ရောဂါများစွာကို ကုသနိုင်တဲ့ဆေးအဖြစ် ကြော်ငြာပြီးရောင်းချခဲ့ပါတယ်။ ဒေါက်တာ Pemberton ဟာ အမေရိကန်ပြည်တွင်းစစ်တုန်းက ဒဏ်ရာရခဲ့ပြီး နာကျင်မှုကိုကုသဖို့ မော်ဖိန်းကိုသုံးစွဲရာကနေ စွဲလန်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ John Stith Pemberton ရဲ့ French Wine Coca စတင်ရောင်းကောင်းလာပြီး မကြာခင်မှာပဲ ဂျော်ဂျီယာပြည်နယ်မှာ ဥပဒေသစ်တစ်ခု ထွက်လာတဲ့အခါမှာတော့ French Wine Coca က တရားမ၀င်ဖြစ်သွားပါတယ်။ ဖျော်ရည်ထဲမှာပါဝင်တဲ့ ကိုကင်းကြောင့်မဟုတ်ဘဲ အရက်ကြောင့် တရားမ၀င်ဖြစ်ခဲ့ပါတယ်။
အဲဒါနဲ့ ဒေါက်တာ Pemberton က သူရဲ့ဖျော်ရည်ထဲမှာ အရက်ကိုမသုံးတော့ဘဲ သကြားရည်ကို အစားထိုးထည့်သုံးခဲ့ပြီး ၁၈၈၆ ခုနှစ်မှာ ဖျော်ရည်အသစ် ကိုကာကိုလာ (Coca-Cola) ဆိုပြီး ထွက်ပေါ်လာခဲ့ပါတယ်။ ချက်ခြင်းပဲ ကိုကာကိုလာဟာ ပိုက်ဆံကြွယ်ဝတဲ့ လူဖြူတွေအကြား ခေတ်စားလာခဲ့ပါတယ်။ အဲဒီတုန်းက လူတန်းစားခွဲခြား ဆက်ဆံခံရတဲ့ လူမည်းတွေက ကန့်သတ်ထားတဲ့ ဆိုဒါဖျော်ရည်စက်ဆီကို ချဉ်းကပ်ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ ၁၈၉၉ ခုနှစ်မှာ ကိုကာကိုလာကိုပုလင်းထဲထည့်ပြီးရောင်းလာတော့ ခွဲခြားခံရတဲ့ လူမည်း တွေလည်းကိုကာကိုလာကိုဝယ်သောက်လို့ရခဲ့ကြောင်း အမေရိကန် သမိုင်းပညာရှင် Grace Elizabeth Hale က ရေးသားထားပါတယ်။
၁၉၁၄ ခုနှစ်အထိ ကိုကင်းကို ၀ယ်ယူသုံးစွဲမှုဟာ တရားဝင် ဖြစ်နေသေးပါတယ်။ ဒါပေမဲ့ ကိုကင်းသုံးစွဲသူဦးရေ ဟာ နှစ် ၂၀ အတွင်းမှာ ငါးဆလောက် မြင့်မားလာခဲ့ပါတယ်။ ကိုကင်းသုံးစွဲမှုကြောင့် ခန္ဓာကိုယ်ကျန်းမာရေး ထိခိုက်မှုထက် လူမည်းတွေကို ဦးတည်ထားပြီး သူတို့ကြောင့် အကြမ်းဖက်မှု၊ မုဒိန်းမှုနဲ့ လူမှုပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်လာတယ်ဆိုတဲ့ ဝေဖန်ငြင်းခုံမှုတွေက ပိုများခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်မှာ New York Tribune သတင်းစာထဲမှာ လူမည်းတွေ ကျူးလွန်တဲ့ပြစ်မှုနဲ့ ကိုကင်းဆက်နွယ်တဲ့ ဆောင်းပါးတစ်ခုပါလာပြီး ကိုကာကိုလာကို တရားဥပဒေအရ အရေးယူဖို့ ရေးသားထားပါတယ်။ အဲဒီသတင်းနောက်ပိုင်း ကိုကာကိုလာက သူတို့ရဲ့ဖော်မြူလာထဲမှာ ကိုကာရွက်အစိမ်းကို မသုံးတော့ဘဲ ကိုကင်းထုတ်လုပ်ပြီး ကျန်ရှိတဲ့ ကိုကာရွက်ကို ပြောင်းလဲသုံးခဲ့ပါတယ်။
ကိုကာကိုလာထဲက ကိုကင်းကို ဖယ်ရှားခဲ့ရတာဟာ အဲဒီခေတ်မှာ လူဖြူတွေရဲ့ လူမည်းတွေအပေါ် အသားအရောင်ခွဲခြားမှုနဲ့ အမြင်သဘောထားတွေကြောင့် ဖြစ်ပြီး ဒါတွေက အမေရိကန်အစိုးရရဲ့ ကိုကင်းဥပဒေ ပြောင်းလဲလာမှုအပေါ် အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်လို့ Grace Elizabeth Hale က ကောက်ချက်ချခဲ့ပါတယ်။
အမေရိကန်အစိုးရ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Hamilton Wright က ၁၉၁၀ ခုနှစ်မှာ “အမေရိကန်တောင်ပိုင်းက နီဂရိုးတွေရဲ့ ကိုကင်းသုံးစွဲမှုက အဆိုးဝါးဆုံးဖြစ်ပြီး အဲဒါကနေ မုဒိန်းမှုတွေကို နီဂရိုးတွေ မကြာခဏ ကျူးလွန်နေကြတယ်” ဟု မှတ်ချက်ပေးခဲ့ဘူးပါတယ်။ ၁၉၁၄ ခုနှစ် Medical Standard စာစောင်မှာ ဒေါက်တာ Edward Williams ကလည်း “ကိုကင်းသုံးစွဲတဲ့ နီဂရိုးဟာ သူနေထိုင်တဲ့ပတ်ဝန်းကျင် အတွက် အန္တရာယ်ဖြစ်စေပါတယ်။ သူရဲ့ပင်ကိုယ်သဘာဝကအဆိုးဖက်ကို ပြောင်းလဲသွားပြီး ရှက်ကြောက်လေ့ရှိတဲ့ နီဂရိုးဟာသတ္တိတွေရှိလာပြီးတခါတရံမှာမထင်မှတ်လောက်အောင်ဖြစ်သွားပါတယ်”လို့ ရေးသားထားပါ တယ်။
ဒီနေ့ကျနော်တို့ သောက်သုံးနေတဲ့ ကိုကာကိုလာ အချိုရည်ထဲမှာ ကိုကာ ပါဝင်ပါသေးတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရပိတ်ပင်ထားတဲ့Ecgonine ဓာတ်ကို ဖယ်ထုတ်ထားပါတယ်။ ကိုကာအရွက်ကနေ ecgonine ဓာတ်ဖယ်ထုတ်တာကို ၁၉၂၉ ခုနှစ်မှာမှ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကိုကာကိုလာကုမ္ပဏီ အတွက် နယူးဂျာစီပြည်နယ်က Stepan ကုမ္ပဏီဟာ ကိုကာရွက်ကနေ ecgonine ဖယ်ထုတ်ပေးပြီး အမေရိကန်အစိုးရမှ ခွင့်ပြုချက်ပေးထားတဲ့ တစ်ခုတည်းသော ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ Stepan ကနေ ကိုကာကိုလာအတွက် ကိုကာအရွက် အချိန် ၁၇၅၀၀၀ ကီလိုဂရမ် တင်သွင်းခဲ့ပါတယ်။ ဒီပမာဏဟာ ဒေါ်လာသန်း ၂၀၀ တန်ဖိုးရှိတဲ့ ကိုကင်းမှုးယစ်ဆေး ထုတ်လုပ်နိုင်ပါတယ်။ Stepan စက်ရုံထဲကို အလွယ်တကူဝင်ခွင့်မရဘဲ လုံခြုံရေးအစောင့်များ ချထားကြောင်း သိရပါတယ်။
(ဖြည့်စွပ်ချက်)
ကိုကာကိုလာကို စထုတ်တုန်းက အဓိကပါဝင်တဲ့ပစ္စည်း ၂ ခုက ကိုကင်းနဲ့ ကာဖိန်း ဖြစ်ပါတယ်။ ကိုကင်းဆိုတာက ကိုကာအရွက် (Coca leaf) မှ ထုတ်လုပ်တာဖြစ်ပြီး ကာဖိန်းကိုတော့ Kola ခွံမာသီးကနေ ထုတ်ယူတာဖြစ်ပါတယ်။ ဒါကြောင့် Coca-Cola (Kola မှ K အစား C ကိုသုံးခဲ့တာ ဖြစ်ပါတယ်။ အရင်ကဆိုရင် ကိုကာကိုလာတခွက်ထဲမှာ ကိုကင်း ၉ မီလီဂရမ် ပါဝင်ခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်ကျမှ ကိုကင်းကို မထည့်တော့ပါဘူး။ ၁၉၀၄ ခုနှစ်ကစပြီး လပ်ဆပ်တဲ့ ကိုကာအရွက်ကို မသုံးတော့ဘဲ ကိုကင်းထုတ်ယူပြီး စွန့်ထားတဲ့ ကိုကာရွက်ကို သုံးခဲ့ပါတယ်။ အဲဒီသုံးပြီးသား ကိုကာရွက်မှာလည်း ကိုကင်းရာခိုင်နှုန်း အနည်းငယ် ပါဝင်ပါသေးတယ်။
ဒါပေမဲ့ ယနေ့အချိန်မှာ ကိုကင်းလုံးဝ မပါဝင်တော့တဲ့ တနည်းအားဖြင့် ecgonine ဓာတ်မပါဝင်တဲ့ ကိုကာရွက်ကို နယူးဂျာစီပြည်နယ်မှာ တည်ရှိတဲ့ Stepan ကုမ္ပဏီ က ထုတ်လုပ်ပေးပါတယ်။ Stepan ကုမ္ပဏီ က ကိုကာရွက်ထဲက ကိုကင်းကိုဖယ်ထုတ်ပြီး မီဆူရီပြည်နယ်မှ Mallinckrodt ကုမ္ပဏီ ကို ပြန်ရောင်းပေးပါတယ်။ Mallinckrodt ကုမ္ပဏီ က ဆေးရုံသုံးအတွက် သန့်စင်တဲ့ကိုကင်း ထုတ်လုပ်တဲ့ တစ်ခုတည်းသော အစိုးရခွင့်ပြုချက်ရ ဆေးဝါးကုမ္ပဏီ ဖြစ်ပါတယ်။ ပုံမှန် classic ကိုကာကိုလာ အချိုရည် ၁၂ အောင်စဘူးထဲမှာ ကာဖိန်း ၃၄ မီလီဂရမ်၊ သကြား ၃၉ ဂရမ် (လက်ဖက်ရည်ဇွန်း ၁၀ ဇွန်းခန့်)၊ ဆိုဒီယမ် ၅၀ မီလီဂရမ် နဲ့ ကယ်လိုရီ ၁၄၀ ပါဝင်ကြောင်း သိရပါတယ်။
မောင်ကံချွန်
ဖေဖေါ်ဝါရီ ၁ ရက်၊ ၂၀၁၃ ခုနှစ်
(မှတ်ချက်။ ။ The Atlantic news, Jan 31, 2013, Why We Took Cocaine Out of Soda နှင့် wikipedia တို့မှ ကိုးကားထားပါသည်။)
Ref:myanmar1
No comments:
Post a Comment