"အမေရိကန်-တရုတ်"ကုန်သွယ်ရေးစစ်မျက်နှာကတော့စတင်ဖွင့်လှစ်ခဲ့ပေပြီ!
အားစမ်းပစ်ခတ်မှုမျှသာဖြစ်ပြီး၊ ထုနှင့်တိုက်သောအဆင့်တော့မရောက်သေးချေ။ သို့သော်လည်း ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနှစ်နိုင်ငံကြားဖြစ်ပွားသော ထိပ်တိုက်တိုးမှုဖြစ်သဖြင့်သက်ရောက်မှုက တော့ကြီးမားလှချေ၏။ ပစ်မှတ်ကတရုတ်အပေါ်ဆိုသော်လည်း၊ အမေရိကန် - အီးယူထိပ်တိုက်တွေ့မှုက လည်းတဘက်တွင်ရှိနေသေးသည်။ အမေရိကန်သို့ပို့သော ဂျာမဏီ၏ Mercedes-Benz၊ BMW၊ Audi စသော နာမည်ကြီးကားများ၏အရေအတွက်မှာ များပြားလှသဖြင့်ဂျာမဏီအတော်ထိခိုက်သွားနိုင်သည်။
တရုတ်၊ ဟောင်ကောင်ရှိရှယ်ယာဈေးကွက်ထိုးကျသွားပြီး၊ အမေရိကန်ငွေကြေးတန်ဖိုးမြင့်တက်လာ ကာ၊ ယွမ်ငွေတန်ဖိုးကျဆင်းခဲ့သည်။ အလယ်အလတ်ရှိသောလုပ်ငန်းရှင်များ ၊အကြီးစားလုပ်ငန်းရှင်များ အထိနာနိုင်ကြရာ . . . ကုန်သွယ်ရေးစစ်ပွဲကိုမထိန်းသိမ်းနိုင်ကြဘဲ ရွက်ကုန်ဖွင့်စစ်ပွဲအဆင့် Full Scale War အဖြစ်ရောက်ခဲ့လျှင် ကမ္ဘာ့စီးပွားပျက်ကပ် Global Economic Recession အဖြစ်ရောက်သွားနိုင်သည်ဟု ကျွမ်းကျင်သူများကစိုးရိမ်လျက်ရှိကြသည်။
Bill Gates ကမူခပ်စောစောကပင်ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်လိမ့် မည်၊ရှယ်ယာဈေးများကျဆင်းလာသည့်အခါဝယ်ထားကြပါ၊မကြာမီ မီလျံနာများဖြစ်လာပါလိမ့်မည်ဟုသတိ ပေးခဲ့ဘူးပါ၏။
.
🐳 " ကမ္ဘာ့စီးပွားပျက်ကပ်လက်တကမ်းအလို "
~~~~~~~~~~~~~~~~~~~~~~~~
သမိုင်းတွင် ၁၉၂၉ ခုနှစ်အမေရိကန်မှစတင်ဖြစ်ပွားခဲ့သော ကမ္ဘာ့စီးပွားပျက်ကပ်သည် အားလုံးကို ခါးသီးစွာခံစားစေခဲ့၏။ ၁၉၇၃ တွင်ရေနံရှောခ်မှစသောစီးပွားကျဆင်းမှုသည်လည်းထင်ရှားသည်။ ဆယ် စုနှစ်တခုအတွင်းကမ္ဘာ့စီးပွားရေးကျဆင်းမှုတခုဖြစ်လာတက်ကြောင်းလေ့လာသူများကထောက်ပြကြသည်။၂ဝဝ၈ အိုဘားမား တက်လာခါစက အမေရိကန် Subprime ဈေးကွက်မှစခဲ့သော စီးပွားကျဆင်းမှုသည် လည်းနိုင်ငံအတော် များများကိုသက်ရောက်စေခဲ့သည်။
ယခု (၂ဝ၁၈)တွင်ပုံစံတမျိုးဖြစ်၏။တနိုင်ငံထဲမှစခဲ့သောစီးပွားရေးကျဆင်းမှုပုံစံမဟုတ်ပဲ၊ပါဝါနိုင်ငံ ကြီး(၂) နိုင်ငံရင်ဆိုင်တိုက်ခိုက်မှုမှစတင်မည့်အကြောင်းရင်းခံဖြစ်သဖြင့် ပို၍ပြင်းထန်ကာကမ္ဘာ့စီးပွား ပျက်ကပ်သည်ရှောင်၍ မလွတ်နိုင်၊ မည်သည့်နိုင်ငံများအထိပိုနာမည်ကိုသာစောင့်ကြည့်ရပါလိမ့်မည်။
နည်းပညာခေတ်လည်းဖြစ်၊ ပညာရှင်များ၏ပို၍ဥာဏ်ကွန့်မြူးလာသော ခေတ်ဖြစ်သည့်အပြင်၊ အလုံးအရင်းကြီးမားသောငွေကြေးကိုမိနစ်ပိုင်းအတွင်းအပြောင်းအရွှေ့ပြုလုပ်ရန် လွယ်ကူသည့်ခေတ်ဖြစ် လာသဖြင့်ကူးစက်မှုလွယ်ကူလှစေရန်အဆင့်သင့်ဖြစ်နေပြန်ပါ၏။
လောလောဆယ်ထရမ့်ဖက်မှဒေါ်လာ (၃၄) ဘီလီယံဖိုးကိုအခွန်တိုးလိုက်သည်။ တရုတ်ဘက်မှလည်း သတ်မှတ်ထားသောကုန်ပစ္စည်းများအပေါ် (၃၄) ဘီလီယံဖိုး အခွန်တိုး၍တုန့်ပြန်သည်၊ ဒုတိယအဆင့် အမေရိကန်ဘက်မှ (၁၆)ဘီလီယံဖိုးမြှင့်ပါဦးမည်။သူတို့ဘက်ကမစပါဟုဆိုသော်လည်း၊တူညီသောတုန့်ပြန်မှု ကိုတော့ပြန်၍ပေးရပါလိမ့်မည်ဟု တရုတ်ကဆိုထားသည်။ နောက်ဆုံးထရမ့်ဘက်က ဒေါ်လာဘီလီယံ(၄ဝဝ) အထိအခွန်တိုးရန်ပြင်ဆင်ထားသည်။
ဒေါ်လာ (၄ဝဝ) ဘီလီယံသို့ တိုးမြှင့်အခွန်ကောက်ခံခြင်းသည် ' လ ' ပိုင်းအတွင်းဖြစ်နိုင်ပြီး ထိုအဆင့် ရောက်လျှင်'ထု'နှင့်တိုက်သောစစ်အဆင့်ဖြစ်လာပါပြီ။
ဆင်နှစ်ကောင် ခေါင်းချင်းဆိုင်တိုက်သောပွဲတွင် ဘေးမှမြေဇာများ မည်မျှကြေပျက်ကြမည်ကို စဉ်းစားကြည့်နိုင်ကြသည်။ (မြန်မာနိုင်ငံ၏ကုန်သွယ်ရေးပမာဏသည်ဂဏန်းတလုံးသာရှိသောဘီလီယံဖြစ်၍ နှိုင်းယှဉ်ကြည့်နိုင်ပါသည်။)
လက်တွေ့ကုန်သွယ်ရေးအခွန်နှုန်းမတိုးမီကပင်ရှယ်ယာဈေးကွက်၊ငွေကြေးဈေးကွက်တွင်စိုးရိမ်စိတ် ကြီးမားကာကျဆင်းမှုများရှိလာခဲ့၏။ အချို့ဆိုးဆိုးဝါးဝါး( ၂ဝ )%မျှအထိကျဆင်းသွားခဲ့သည်။ ဤအဆင့်က ကစိုးရိမ်မှုဖြင့်လှုပ်ခပ်ခြင်းမျှသာရှိပါသေးသည်။ယနေ့ခေတ်သည် ကူးစက်မှုမည်မျှမြန်၍ ပြင်းအားမည်မျှရှိ သည်ဆိုသည်ကို . . . ကမ္ဘာတခြမ်းလိပ်ပြာတောင်ပံခတ်မှုကြောင့် ( Butterfly Effect) အခြားကမ္ဘာတခြမ်းတွင်မြေငလျင်ကဲ့သို့ လှုပ်ခတ်သွားနိုင်သည်ဟုပင်တင်စားနေရသောခေတ်ဖြစ်ပါ၏။
များမကြာမီလက်တွေ့ကုန်ပစ္စည်းထုတ်လုပ်သူတို့အထိနာလာကြပါလိမ့်မည်။ အမြတ်ငွေကျဆင်း ခြင်း၊ အရှုံးပေါ်ခြင်းကိုဖုံးမရဖိမရအောင်ပေါ်လာကြပါလိမ့်မည်။ ထိုသောအခါရှယ်ယာဈေးကွက်အတက် အကျကပို၍ခပ်ကြမ်းကြမ်းဖြစ်ကာ၊ ဒေဝါလီခံကြရသူများပင်အများအပြားထွက်လာပါလိမ့်ဦးမည်။ အခွန် တိုးမြှင့်ခြင်းသည်အချို့ကုန်ပစ္စည်းများတွင်(၂၅)%အထိမြင့်မားကြသဖြင့် လုပ်ငန်းကျဆင်းမှုဖြစ်ကာ၊ လုပ် သားလျော့ချမှုများ၊ လုပ်ငန်းပိတ်သိမ်းမှုများအများအပြားထွက်လာရန်ရှိနေပါသည်။
အရာအားလုံးသည်ဆက်စပ်နေပါ၏။တခုခုမှခွဲထွက်၍မရပါ။ အခွန်တိုးမြှင့်၍ကုန်ဈေးနှုန်းကြီးမြင့် လာရာ ဝင်ငွေနည်းပါးသူတို့ခါးသီးစွာခံစားကြရမည်။ ထိုမှတဆင့်နိုင်ငံရေးမတည်ငြိမ်မှုများအထိကူးစက် သွားနိုင်သည်။ စီးပွားရေးနှင့်နိုင်ငံရေးဆက်စပ်မှုသည်ကြီးကြီးမားမားထဲထဲဝင်ဝင်ရှိနေသည်ဖြစ်ရာ သက် ရောက်မှု၊ ကူးစက်မှုမှာလွန်စွာမြန်ဆန်လှပါ၏။
လောလောဆယ်. . .
* အမေရိကန်မှအမဲသားထုတ်လုပ်သူများ
* ပဲပိစပ်ထုတ်လုပ်သူများ
* ဂျာမန်ကားထုတ်လုပ်သူများ
* သံ၊သံမဏိထုတ်လုပ်သူများ.....မှာ ပွဲစလျင်စခြင်းသားကောင်များဖြစ်လာလိမ့်မည်ဟု လေ့လာသူများကထောက်ပြထားကြသည်။ နောက် အဆင့်တွင် နည်းပညာအခြေခံထုတ်လုပ်သူများကိုကူးစက်လာမည်ဖြစ်ရာ . . . ကွန်ပျူတ, iPhone, ipad , Lenovo, Oppo, Hwawei, Samsung, စသော ကမ္ဘာကျော်အမှတ်တံဆိပ်များအလှည့်ဖြစ်သည်။ ထိုဈေးကွက်ပမာဏ မှာ ကြီးမားလှ သည်ဖြစ်ရာ . . . သက်ရောက်မှုပို၍ပြင်းထန်ပါလိမ့်မည်။ နောက်ဆုံးအကြီးစားစက်မှုလုပ်ငန်းများကို ထိခိုက် စေမည်ဖြစ်ရာ . . . . မော်တော်ဆိုင်ကယ်၊ ကားထုတ်လုပ်သူများမှလေယာဉ်ပျံထုတ်လုပ်သူများအထိ ပါဝင်လာ မည်ဖြစ်ရာ . . . Manufacturing Sector တခုလုံးတဝက်ကျော်မျှထိခိုက်သွားစရာရှိနေပါ၏။
စွမ်းအင်ဈေးနှုန်းကလည်းအလကားနေမည်မဟုတ်ပါ၊ ဈေးနှုန်းမြင့်တက်လာပါလိမ့်မည်။ ရှယ်ယာ ဈေးနှုန်းများကျ၍လူတို့ပို၍ဆင်းရဲလာသည့်အချိန်အတွင်း သယ်ယူပို့ဆောင်ရေးစရိတ်မြင့်မားလာသည်ဖြစ် ရာ . . . ကမ္ဘာကြီးသည် Chaotic situation ဟူသော ပရမ်းပတာအခြေအနေဖြင့် ကမ္ဘာ့စီးပွားပျက်ဒဏ်၏ ခြောက်လှန့်မှုကိုကြီးကြီးမားမားခံစားလာရဖွယ်ရာရှိနေပါသည်။
ကန့်သတ်သတင်းအချို့အရ . . . အမေရိကန်သမ္မတအဆက်ဆက် . . . ထရန့်လက်ထက်သည်တရုတ်တို့ သတိထားအစိုးရိမ်ရဆုံးဟုဆိုသည်။၂ဝ၂၅ စီမံကိန်းအတော်များများနှောင့်နှေး၊အချို့ရပ်ဆိုင်းလိုက်ရသည် ဟုသိရရာ .. . . တရုတ်တို့လည်း ဒဏ်ရာဒဏ်ချက်အတော်ရထားသည်ဟုဆိုနိုင်ပါ၏။
ယခု . . . သတိထားစရာအချိန်ကိုကျော်လွန်၍ တိုက်ပွဲစက်ကွင်းထဲတွင်နှစ်ဘက်ရင်ဆိုင်တွေ့ကြပြီဖြစ် ပါသည်။ စစ်ပွဲတိုင်းကိုနိုင်မည်ဟုယူဆ၍တိုက်ကြပါသော်လည်း ပွဲပြီးလျှင် အနိုင်အရှုံးကတော့ထွက်ပေါ်လာ ပါလိမ့်မည်။များများရှုံးသူနှင့်နည်းနည်းရှုံးသူသာ ကွာခြားပါမည်။ ဤပွဲသည်ကုန်သွယ်ရေးစစ်အဆင့်မျှတွင် သာမရပ်နိုင်ပဲ ငွေကြေးစစ်၊ ဘဏ္ဍာရေးစစ်သို့ကူးကာ နောက်ဆုံး စီးပွားရေးစစ်သို့မြင့်တက်လာပါက . . .
* အမေရိကန်ရှုံးခဲ့လျှင် ကမ္ဘာအဆင့်(၁)ဟူသောသရဖူကိုစွန့်လွှတ်ရမည့်ပွဲဖြစ်ပြီး၊
* တရုတ်ရှုံးခဲ့လျှင်နောက်ထပ် နှစ်ပေါင်းများစွာအမေရိကန်သည်စိန်ခေါ်သူမဲ့သရဖူပိုင်ရှင်အဖြစ် ဆက်လက်ရပ်တည်နိုင်မည့်အဆုံးအဖြတ် ပွဲဖြစ်ပါ၏။
.
🐬 တဆင့်မြှင့်စစ်ရှိန်မှာဘာတွေဖြစ်လာနိုင်သလဲ ?
~~~~~~~~~~~~~~~~~~~~~~~~~~~
ထရန့်အတွက်ကြီးမားသောစိုးရိမ်မှု(၂)ခုရှိဟန်တူသည်။
ပထမတစ်ခုမှာ တရုတ်နှင့်ကုန်သွယ်ရေးတွင် (၃)နှစ်တိုင်း ဒေါ်လာ(၁)ထရီလီယံကုန်သွယ်ရေးလိုငွေပြနေမှု။
ဒုတိယတစ်ခုမှာကမ္ဘာတစ်ခြမ်းကျော်ကိုစီးပွားရေးနှင့်နယ်ချဲ့လာမည့် ကုန်းတပတ်ရေတပက်ဟူသည့် B&R စီမံကိန်း။ တရုတ်ကိုယခင်သမ္မတများအတိုင်း ဆက်လွှတ်ပေးထားပါက . . . အလိုလိုနေရင်းအမေရိကန်သည် ကမ္ဘာအဆင့်(၁) မှလျော့ကျခြင်းခံသွားရမည်ကို မလိုလားသည့် ထရမ့်က စွန့်စားမှုများစွာနှင့် တရုတ်ကို ရင်ဆိုင်ထိပ်တိုက်တွေ့လိုက်ခြင်းဖြစ်သည်။
လောလောဆယ်စစ်အဖွင့်တွင် . . . .
သွင်းကုန်ပစ္ဓည်းများ အခွန်တိုးမြှင့်လာသဖြင့် အမေရိကန်၏ကုန်သွယ်ရေးလိုငွေ လျော့ပါးလာနိုင် စရာရှိနိုင်ပါသည်။
(၂ဝ၁၈ခုနှစ် Jan-May ငါးလတာအတွင်းအမေရိကန်ဘက်မှ ဒေါ်လာ(၂ဝ၅) ဘီလီယံဖိုး သွင်းကုန် နှင့် ပို့ကုန် (၅၃) ဘီလီယံနီးပါးမျှသာဖြစ်သဖြင့် လိုငွေဒေါ်လာ (၁၅၂) ဘီလီယံဖြစ်နေပါသည်။ (၂ဝ၁၇) တွင် အမေရိကန်ဘက်မှလိုငွေဘီလီယံ (၃၇၅ . ၅) ပြခဲ့)။
အမေရိကန်တရုတ်ကုန်သွယ်ရေး(၁၅) နှစ်စာလေ့လာသောအခါ .....
တရုတ်ပို့ကုန်ပမာဏကသာ တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး၊ အမေရိကန်ဘက်မှလိုငွေပမာဏ တဖြည်းဖြည်းပို၍များခဲ့သည့် Trend ကိုတွေ့ရသည်။ ခြားနားချက်ပမာဏလည်း လွန်စွာကြီးမားနေခြင်း ကြောင့်အခွန်တိုးမြှင့်ခြင်းဖြင့်များစွာလျော့ချနိုင်လိမ့်မည်ဟုမယူဆပါ။
ဒုတိယဆန်းစစ်ချက်ကပို၍အရေးပါသည်ဟုယူဆရပါသည်။
အမေရိကန်၊ အီးယူအပါအဝင်အနောက်အုပ်စုတစ်ခုလုံးသည် တရုတ်တွင်ကုန်ပစ္စည်းများထုတ်လုပ် နေပြီး၊ ထိုမှတဆင့်ပြန်လည်တင်ပို့နေရသော Trade Pattern ဖြစ်နေခြင်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်မတိုင်မီအထိ အင်္ဂလိပ်သည်ကမ္ဘာ့စက်ရုံကြီး ဟူသောအဓိကထုတ်လုပ်ရေးမဏ္ဍိုင်ကြီး ဖြစ်ခဲ့သည်။ ယခုထိုအခြေအနေကို တရုတ်ကလက်ပြောင်းယူခဲ့ရာ အနောက်အုပ်စုသာမက ဂျပန်၊ ကိုရီးယား စသော အာရှကျားများ၏ကုန်ထုတ်လုပ်ရာကမ္ဘာ့စက်ရုံကြီးဖြစ်ခဲ့ပါသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများက Research and Development ကိုသာကိုယ်တိုင်ပြုကြပြီး၊ အမှန်တကယ် ထုတ်လုပ်သောအခါအလုပ်သမားဈေးပေါခြင်း၊လုပ်သား( ကျွမ်းကျင် )အလွယ်တကူရှာဖွေနိုင်ခြင်း၊ထုတ်လုပ်မှု စရိတ်လျော့ချနိုင်ခြင်းရှိသည့် တရုတ်တွင် လာရောက်ထုတ်လုပ်ကြသည်ဖြစ်ရာ တရုတ်ရှိ အမေရိကန် ထုတ်လုပ်သူများအထိနာနိုင်စရာဖြစ်လာမည်။
အမေရိကန်သည် တရုတ်နှင့်သာထိပ်တိုက်တွေ့သည်မဟုတ်ဘဲ EU နှင့်ပါထိပ်တိုက်တွေ့ထားခြင်း သည်အမေရိကန်ကိုများစွာအခက်အခဲတွေ့စေမည့်အချက်ဖြစ်လာသည်ဟုမြင်သည်။
ဥပမာ . . အမေရိကန်ရှိ ဂျာမန် အမှတ်တံဆိပ်ဖြစ်သော B&W သည်စုစုပေါင်းကားထုတ်လုပ်မှု၏ (၇ဝ%) ကိုအမေရိကန်မှထုတ်ပြီး၊ ပြည်ပသို့တင်ပို့နေခြင်းဖြစ်ရာ တူညီသောအခွန်နှုန်းထားကိုလဲအခြားနိုင်ငံများကချမှတ်တုန့်ပြန်ထား သည့်အတွက်ကြောင့် B&W အတွက်ကြီးမားသောစိန်ခေါ်မှုဖြစ်လာ၏။ အခြားအလားတူထုတ်လုပ်မှုများ အရေအတွက်အတွက်မနည်းချေ။
အမေရိကန်မှ ပဲပိစပ်နှင့်အမဲသားကို တရုတ်ကအကြီးအကျယ်တင်သွင်းသည်။ လောလောဆယ် အခွန်တိုးမြှင့်လိုက်သဖြင့် အမေရိကန်တောင်သူလယ်သမားများဒုက္ခတွေ့ကြတော့သည်။ တပြိုင်နက်ထဲ တရုတ် က ပဲပိစပ်များကိုတရုတ်တွင်စိုက်ပျိုးထုတ်လုပ်ရန် မြေဧကများစွာကိုတိုးချဲ့လျက်ရှိနေသည်ကိုတွေ့ ရ၏။
ဒုတိယအဆင့်စစ်ရှိန်အမြှင့်တွင်ထုတ်လုပ်သူများအထိနာရမည့်အလှည့်ဖြစ်ပါသည်။ ထုတ်လုပ်သူ ဟုဆိုရာ၌ လယ်ယာ၊မွေးမြူရေးမှသည် အီလက်ထရောနစ်အလယ်၊ လေယာဉ်ပျံစသောအကြီးစားထုတ်လုပ် သူများအထိအကြုံးဝင်ပါသည်။
ဤအဆင့်တွင်ဘဏ္ဍာရေးဈေးကွက်၊ ရှယ်ယာဈေးကွက်အကြီးအကျယ် ခြောက်ခြားတုန်လှုပ်မှုကိုဖြစ်စေပါလိမ့်မည်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်သည် ဤအဆင့်အကူးတွင် စတင် အသက်ဝင်လာပါလိမ့်မည်။
.
🐬 " တဦးအားသာချက်သည်တဦးအားနည်းချက် "
~~~~~~~~~~~~~~~~~~~~~~~~~~
ဆောင်းပါးတပုဒ်ဖြင့် မြင်ကွင်းတခုလုံးကိုပုံဖော်ရန်မဖြစ်နိုင်ပါသော်လည်း ငြင်းပယ်၍မရသော အချက်အချို့ကိုတော့ဖော်ပြလိုပါသည်။အဘယ်ကြောင့်ကမ္ဘာ့စက်ရုံဖြစ်ရပါသနည်း၊ လုပ်အားခချိုသာခြင်း၊ သာမန်လုပ်သား၊ ကျွမ်းကျင်လုပ်သားကိုတစုတစည်းထဲရခြင်း၊ ထုတ်လုပ်မှုစရိတ်ချိုသာခြင်းသည် စီးပွား ရေးတွင်ငြင်းပယ်၍မရစကောင်းသည့်အရာဖြစ်၏။
* ဒုတိယအချက်မှာဈေးကွက်ဖြစ်သည်။တရုတ်သည်သန်း (၁၄ဝဝ) ဈေးကွက်ဖြစ်လာခဲ့ချေပြီ၊ တချိန် ကအမေရိကန်သည် သန်း (၃ဝဝ) ဈေးကွက်အတွင်းပျော်မွေ့နိုင်ခဲ့သလို၊ ယနေ့တရုတ်သည် ဝင်ငွေမြှင့်မား လာခဲ့ရာ သန်း (၁၄ဝဝ) ဈေးကွက်ဖြင့်ထိန်းသွားနိုင်သည့်အခြေအနေမျိုးရောက်လာခဲ့သည်။
* တတိယမှာနိုင်ငံရေးစနစ်ဖြစ်သည်။တရုတ်နိုင်ငံရေးက ဗဟိုမှထိန်းချုပ်ထားဆဲ၊ ပြည်သူများ၏ အသံ ကို အတိုင်းအတာတခုအထိ တဘက်လှည့်နေနိုင်သောအခြေအနေဖြစ်ပြီး၊ အမေရိကန်က ဆန့်ကျင်ဘက် ဖြစ်သည်။ သမ္မတအပေါ် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ဩဇာကကြီးမားစွာ သက်ရောက်နေသော နိုင်ငံ ရေးစနစ်ဖြစ်သည်။
* စတုတ္ထအချက်မှာ တရုတ်သည်အမေရိကန်၏ငွေတိုက်စာချုပ်တန်ဖိုးကို ထရီလီယံဂဏန်းဖြင့်ကိုင် ထားသည်။
* ပဉ္စမအချက်မှာ တရုတ်ဈေးကွက်သည် အီးယူ၊ အာဖရိက၊ အာရှများသို့ ဖြန့်ကျက်ထားနိုင်ကြောင်း တွေ့ရသည်။
* ဆဌမအချက်မှာ အမေရိကန်သည်တရုတ်နှင့်သာမဟုတ်ဘဲ အီးယူနှင့်ပါထိပ်တိုက်တွေ့ရန်ဆုံးဖြတ် ချက်ချခဲ့ခြင်းမှာသူ့တိုက်စစ်အားကိုများစွာချိနဲ့သွားစေပါသည်။
* သတ္တမအချက်မှာ အရှေ့အလယ်ပိုင်းစစ်ပွဲထဲကမထွတ်နိုင်သေးခြင်းဖြစ်သည်။ မျက်နှာစုံကိုတော့ တပြိုင်နက်ဆတူ ထရမ့်အလေးပေးနိုင်မည်မဟုတ်ချေ။တရုတ်ကိုအလေးထားလျင်အရှေ့အလယ်ပိုင်းမူဝါဒ အထိပါးခံရပေလိမ့်မည်။
* အဌမအချက်မှာ မြောက်ကိုရီးယားနှင့်အီရန်ကိစ္စဖြစ်လာသည်။ ယခုပင်စင်္ကာပူဆွေးနွေးပွဲ၌များစွာ အဆင်ပြေခဲ့ပါသည်ဟူသောအခြေအနေမှ အမေရိကန်နိုင်ငံခြားဝန်ကြီးနှင့် မြောက်ကိုရီးယားတို့ (၂)ကြိမ် ဆွေးနွေးမှုရလဒ်မှာ “တဦးပေါ်တဦးအပြစ်တင်” သည့်အခြေအနေသို့ပြောင်းလဲသွားသည်ကိုတွ့ရပါ၏။
.
🐬 ဖြန့်ကျက်သက်ရောက်မှု
~~~~~~~~~~~~~
• လောလောဆယ်ပညာရှင်များ၏တွက်ချက်မှုအရ “အမေရိကန် -တရုတ်” ကုန်သွယ်ရေးစစ်က ကမ္ဘာ့ GDP ကို (0.5)% ကျဆင်းစေမည်ဟုဆိုထားသဖြင့် (၁၆%) ကျဆင်းသွားစေသည်နှင့်ညီမျှသည်၊
• အခြေခံစီးပွားခိုင်မာသောနိုင်ငံများသက်သာပြီး မြန်မာလိုမခိုင်မာသောနိုင်ငံများပို၍ထိခိုက်နှိုင်သည်၊ သွင်းကုန်ပစ္စည်းများဈေးနှုံးမြင့်လာပါလိမ့်မည်၊
China GDP (-0.2)%
US (-0.3)%
S/Korea (-0.4)%
S’pore (-0.8)%
Taiwan (-0.6)%
ငွေကြေးဖေါင်းပွမှု၊ အလုပ်လက်မဲ့မြင့်တက်မှု၊ ကပ္ပဏီများဒေဝါလီခံရမှု စသောခါးသီးမှုများကို ကမ္ဘာအနှံ့ရင်ဆိုင်တြရကာ၊ ပြန်လည်နလံထသည်ဆိုစေကာမူပြင်းထန်သောဒါဏ်ရာဒါဏ်ချက် တြောင့်များစွာတုန့်နှေးနေပါလိမ့်ဦးမည်၊
မည်သို့ဆိုစေ. . . ထရမ့်ကတော့ ကုန်သွယ်ရေးစစ်ကိုစတင်လိုက်ခဲ့ပါပြီ။
ပါဝါအပြောင်းအလဲဖြစ်နိုင်သည့်စစ်မျိုးဖြစ်သဖြင့် ကမ္ဘာ့စီးပွားပျက်ကပ်ကိုစောင့်ကြိုရင်း ရင်ခုန် စွာစောင့်ကြည့်ရပါလိမ့်မည် . . . ။
နေဇင်လတ်(၉. ၇. ၁၈)
No comments:
Post a Comment