Popular Posts!

Saturday, November 20, 2010

ရင်သားကင်ဆာအကြောင်း




ရင်သားကင်ဆာအကြောင်း
Wednesday, 17 November 2010 23:46 |  


ရင်သားကင်ဆာဟာ အမျိုးသမီးအားလုံးက ကြောက်ရွံ့ကြတဲ့ ရောဂါတစ်ခုပါ။ အမျိုးသမီးတွေမှာ ဒုတိယအဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပါတယ်။ ဒါပေမဲ့ အရင်ကထက်စာရင် အခုနောက်ပိုင်းမှာ ရောဂါရှာဖွေစစ်ဆေးမှု နည်းလမ်းတွေနဲ့ ကုသတဲ့နည်းလမ်းတွေ တိုးတက်လာပြီး အမျိုးသမီးတွေအကြားမှာလည်း ရင်သားကင်ဆာရောဂါကို ပိုသတိပြုမိ လာကြတဲ့အတွက် ရောဂါဖြစ်ပြီးနောက် အသက်ရှင်သန်မှုနှုန်းက တဖြည်းဖြည်း တိုးလာနေပါတယ်။
ရင်သားတစ်သျှူးထဲမှာ ပုံမမှန်ဆဲလ်တွေ စတင်ဖြစ်ပေါ်လာတဲ့အခါ ရင်သားကင်ဆာရောဂါ ဖြစ်လာပါတယ်။ ဒီလို ပုံမမှန်ဆဲလ်တွေရဲ့ ကြီးထွားမှုဟာ ရင်သားထဲမှာသာ ဖြစ်နေတာမျိုးရှိသလို ခန္ဓာကိုယ်တခြားနေရာတွေကို ပျံ့နှံ့သွားတာမျိုးလည်း ရှိပါတယ်။
ရင်သားကင်ဆာအမျိုးအစားများ
အများဆုံးဖြစ်လေ့ရှိတာကတော့ ကင်ဆာဆဲလ်တွေဟာ နို့ပြွန်ထဲမှာ စတင်ဖြစ်ပေါ်တာပါ။ နို့ထုတ်လုပ်တဲ့ အိတ်သေးသေးလေးတွေထဲမှာလည်း စတင်ဖြစ်နိုင်ပါတယ်။ ရင်သားရဲ့ တခြားတစ်သျှူးတွေမှာလည်း ပုံမမှန်ဆဲလ်တွေ ကြီးထွားမှုဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာကို စောစောစီးစီး ရှာဖွေတွေ့ရှိရင် ခန္ဓာကိုယ် တခြားအင်္ဂါ အစိတ်အပိုင်းတွေကို မပျံ့နှံ့သေးတဲ့ Noninvasive breast Cancer ပုံစံမျိုး ရှိတတ်ပါတယ်။ ဒီလို ကင်ဆာပုံစံမှာ နှစ်မျိုးရှိပါတယ်။ ပုံမမှန်ဆဲလ်တွေဟာ နို့ပြွန်အတွင်းမျက်နှာပြင်မှာ စတင်ဖြစ်ပေါ်တာ (DCIS) နဲ့ နို့အိတ်အတွင်းမျက်နှာပြင်မှာ စတင်ဖြစ်ပေါ်တာ (LCIS) ပါ။ ကင်ဆာဆဲလ်တွေဟာ နို့ပြွန် ဒါမှမဟုတ် နို့အိတ်ကနေ စတင်ဖြစ်ပေါ်ပြီး အနီးဝန်းကျင်က တစ်သျှူးတွေဆီကိုပါ ပျံ့နှံ့သွားရင်တော့ Invasive breast cancer လို့ ခေါ်ပါတယ်။ Metastatic breast cancer ကတော့ ကင်ဆာဟာ ရင်သားထဲမှာ စတင်ဖြစ်ပေါ်ပြီး သွေးထဲကို ဒါမှမဟုတ် ရင်သားအပြင်ဘက်က ပြန်ရည်ကြောစနစ်ထဲကို ပျံ့နှံ့ ရောက်ရှိသွားတာပါ။

ရင်သားကင်ဆာလက္ခဏာ
ရင်သားကင်ဆာဟာ အစောပိုင်းအဆင့်မှာ ဘယ်လိုနာကျင်မှုမျိုးမှ မခံစားရပါဘူး။ ဘယ်လိုလက္ခဏာမှလည်း မပြပါဘူး။ ကင်ဆာဆဲလ်တွေ ဖွံ့ဖြိုးလာမှ တချို့လက္ခဏာတွေ စတင်ဖြစ်ပေါ်လာပါတယ်။ ရင်သား ဒါမှမဟုတ် ချိုင်းအောက်မှာ အကျိတ်ဖြစ်တာ၊ ရင်သားအရွယ်အစား ဒါမှမဟုတ် ပုံသဏ္ဌာန်ပြောင်းလဲတာ၊ နို့သီးခေါင်းမှ အရည်ထွက်တာ ဒါမှမဟုတ် နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ ရင်သားအရေပြားကလည်း ထိတွေ့ခံစားမှုမှာ အရင်နဲ့မတူတာမျိုး ဖြစ်နိုင်ပါတယ်။

ရင်သားကင်ဆာကုသမှု
ရင်သားကင်ဆာဖြစ်တဲ့ပုံစံဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့အတွက် ရောဂါဖြစ်သူ တစ်ယောက်ချင်းအလိုက် လိုအပ်တဲ့ကုသမှုကို ရွေးချယ်လုပ်ဆောင် ရပါတယ်။ ရင်သားကင်ဆာကုသမှုမှာ ဓာတုဆေးသွင်းကုသမှု၊ ဟော်မုန်းကုသမှု၊ ဓာတ်ကင်ခြင်းနဲ့ ခွဲစိတ်ကုသမှုတွေ ပါဝင်ပါတယ်။ ဓာတ်ကင်ခြင်းနဲ့ ခွဲစိတ်ကုသမှုတွေက ကင်ဆာဆဲလ်တွေရှိတဲ့နေရာကို ဖျက်ဆီးဖယ်ရှားပစ်တာပါ။ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့ ကင်ဆာဆဲလ်တွေအတွက်တော့ ဓာတုဆေးသွင်းကုသမှုတွေလုပ်ဖို့ လိုအပ်နိုင်ပါတယ်။

Ref: Good Health

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!