Popular Posts!

Tuesday, August 30, 2011

သွားနှင့်ပတ်သက်ပြီး သင်သိသင့်သော အချက်သုံးသွယ်


သင့်ပါးစပ်ထဲက သွားတွေ ကျန်းမာခိုင်ခံ့ဖို့ဆိုရင် သွားတိုက်တံ အပေါ်မှာချည်း အားထားနေလို့မရပါဘူး။ သွားတိုက်ခြင်းနဲ့ သွားကြားထိုးကြိုးသုံးခြင်းအပြင် တခြားသင်သိသင့်တဲ့အချက်သုံးချက်လည်း ရှိနေပါတယ်။
၁။ သကြား
ကွတ်ကီးမုန့်၊ သကြားလုံး၊ ဆော်ဒါ အချိုရည်တွေလို သကြားပါတဲ့အစားအစာတွေဟာ သွားပိုးစားစေတဲ့ အဓိကအကြောင်းရင်းဖြစ်သလို ပေါင်မုန့်လို ကစီဓာတ်များတဲ့ အစားအစာတွေကလည်း သွားပိုးစားစေနိုင်ပါတယ်။ ကစီဓာတ်ဟာ တံတွေးထဲမှာပါတဲ့ Amylase အင်ဇိုင်းနဲ့ ပေါင်းပြီး သွားကြွေလွှာကို တိုက်စားစေတဲ့ အက်စစ်ဖြစ်လာပြီး သွားပိုးစားစေပါတယ်။ ကစီဓာတ်များတဲ့ အစားအစာတွေဟာ ပါးစပ်ထဲ အကြာကြီးရှိနေတဲ့အခါ အက်စစ်နဲ့ ထိတွေ့မှု များလာပြီး သွားထိခိုက်နိုင်ခြေ ပိုများလာပါတယ်။
သတိပြုရန်
သစ်သီးခြောက်တွေ စားတဲ့အခါ သစ်သီးခြောက်မှာ သကြားပါဝင်မှုများပြီး သွားတွေမှာ ကပ်ငြိနေနိုင်ပါတယ်။ မချိုတဲ့သစ်သီးဖျော်ရည်တွေမှာလည်း အက်ဆစ်ဓာတ်ပါဝင်ပြီး ရိုးရိုးသကြားပမာဏမြင့်မားစွာ ပါဝင်တဲ့အတွက် သွားပိုးစားစေနိုင်ပါတယ်။
ရွေးချယ်စားရန်
ပန်းသီး၊ သစ်တော်သီးလို လတ်ဆတ်တဲ့ သစ်သီးတွေကို ရွေးစားသင့်ပါတယ်။ လတ်လတ်ဆတ်ဆတ် သစ်သီးမှာ အချိုဓာတ်နဲ့ အက်ဆစ်ဓာတ် ပါဝင်နေ တတ်ပေမယ့် တံတွေးအထွက်များစေတဲ့အတွက် သွားထိခိုက်နိုင်ခြေနည်းပါတယ်။
ဥပမာအားဖြင့် ပန်းသီးကို သဘာဝသွားတိုက်တံလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ပန်းသီးဟာ တံတွေးအထွက်များစေပြီး သွားမှာ ဘက်တီးရီးယား ကပ်ငြိမှု လျော့ပါးစေတာကြောင့်ပါ။ အိပ်နေတဲ့အချိန်မှာ တံတွေးအထွက်နည်းတဲ့အတွက် သွားမတိုက်ဘဲ အိပ်ရာဝင်တာက သွားအတွက်ဆိုးကျိုး ဖြစ်စေပါတယ်။
သွားဖုံးရောဂါ
သွားပိုးစားခြင်းထက် သွားဖုံးရောဂါကြောင့် သွားတွေပိုမို ဆုံးရှုံးစေနိုင်ပါတယ်။ သွားဖုံးရောဂါဟာ ခံတွင်းသန့်ရှင်းရေး မပြုလုပ်တဲ့သူနဲ့ အစာအာဟာရ ချို့တဲ့နေတဲ့သူတွေမှာ အဖြစ်များပါတယ်။ အရက်သောက်သူ၊ အာဟာရချို့တဲ့သူ၊ HIV/AIDS ခံစားနေရသူနဲ့ စတီးရွိုက်ဆေးသောက်နေရသူ ဒါမှမဟုတ် ကင်ဆာဆေးသွင်းကုသမှု ခံယူနေရသူတွေဟာလည်း သွားဖုံးရောဂါဖြစ်နိုင်ခြေများပါတယ်။ ပုံမှန်သွားတိုက်ခြင်းနဲ့ သွားကြားထိုးကြိုး အသုံးပြုခြင်းတွေဟာ သွားဖုံးရောင်ရမ်း နီမြန်းခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
သတိပြုရန်
သွားဖုံးရောင်ခြင်းဖြစ်ရင် သွားဖုံးဟာ နီရဲခြင်း၊ ရောင်ရမ်းခြင်းနဲ့ သွေးထွက်ခြင်း စတဲ့လက္ခဏာရပ်တွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါဟာ သွားဖုံးမှာ သွားချေး ကပ်ငြိခြင်းကြောင့် ဖြစ်ရတာပါ။ အဲဒီအခါ သွားဆရာဝန်က သွားချေးဖယ်ရှားပေးခြင်းဖြင့် သက်သာနိုင်ပါတယ်။ မကုသဘဲထားရင် သွားဖုံးပိုးဝင်လာပြီး သွားတွေယိုင်နဲ့လွယ်ကာ ဆုံးရှုံးသွားတတ်ပါတယ်။
လေ့လာမှုတွေအရ ခံတွင်းကျန်းမာရေးမကောင်းခြင်းနဲ့ နှလုံးရောဂါဟာ ဆက်စပ်နေကြောင်း သိရပါတယ်။ သွားဖုံးကနေ သွေးထွက်တာဟာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာဖြစ်ပြီး နှလုံးပြဿနာ ဖြစ်စေနိုင်ပါတယ်။ သွားဖုံးရောဂါရှိတဲ့ အမျိုးသမီးတွေဆိုရင် ကလေးမွေးတဲ့အခါ လမစေ့ဘဲ ကလေးမွေးတတ်တဲ့အန္တရာယ်တောင်ရှိပါသေးတယ်။
ရွေးချယ်စားရန်
သွားဖုံးကနေ သွေးထွက်တာဟာ ဗီတာမင်စီ ချို့တဲ့နေတဲ့ လက္ခဏာတစ်ရပ်ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်းလတ်လတ်ဆတ်ဆတ် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များစွာပါဝင်တဲ့ အာဟာရစားပါ။ မုန်လာဥနီ၊ တရုတ်နံနံစတဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေဟာ သွားဖုံးကျန်းမာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
၃။ ကူညီနိုင်သော အစာများ
အသားပါတဲ့ အစာစားပြီးချိန်မှာ နှစ်ချို့ဒိန်ခဲကို စားပေးပါက သွားပိုးမစားအောင် အသင့်အတင့် ကာကွယ်နိုင်ပါတယ်။ သကြားမပါတဲ့ ပီကေဝါးပေးတာ ကလည်း တံတွေးအထွက်များစေပြီး ခံတွင်းထဲက အက်စစ်ဓာတ်နဲ့ စားကြွင်းစားကျန်တွေကို လျော့ပါးစေပါတယ်။ အစာစားပြီးတိုင်း ရေနဲ့ ပလုတ်ကျင်း ပေးခြင်းနဲ့ သွားတိုက်ပေးခြင်းတွေဟာလည်း သွားပိုးစားခြင်း မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
သတိပြုရန်
အချိုရည်နဲ့ အချိုပါတဲ့ သရေစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ သစ်သီးခြောက်တွေနဲ့ တခြားစေးကပ်တဲ့ အစားအစာတွေကို ခံတွင်းထဲ ငုံမထားပါနဲ့။
ရွေးချယ်စားရန်
အဆီနည်းနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ စတဲ့ ကယ်လ်စီယမ် ပေါကြွယ်ဝတဲ့ အစားအစာတွေ၊ ဗီတာမင်အေနဲ့စီ ပါဝင်တဲ့အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဖလိုရိုက်ပါဝင်တဲ့ လက်ဖက်ရည်တွေကို စားသောက်ပေးပါ။
Ref: Myanmarewszone

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!