Popular Posts!

Friday, August 19, 2011

ကန်ဒေါ်လာ ကျပ်ခုနှစ်ရာ အောက်အထိ ကျမည်ဟုဆို၊ FEC နှင့် ပို့ကုန်ရငွေ တန်ဖိုးများလည်း ဆက်တိုက်ကျ

Tuesday, 16 August 2011 Written by TLZH
ရန်ကုန်-ဩဂုတ် ၁၁

ကန်ဒေါ်လာ ကျပ်ခုနှစ်ရာ အောက်အထိ ကျမည်ဟုဆို၊ FEC နှင့် ပို့ကုန်ရငွေ တန်ဖိုးများလည်း ဆက်တိုက်ကျ

ရန်ကုန် ဩဂုတ် ၁၁

ရန်ကုန်မြို့တော် အခြေစိုက် စီးပွားရေး ဈေးကွက်တွင် အမေရိကန် ဒေါ်လာတန်ဖိုးသည် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ခုနစ်ရာ အောက်အထိ ကျဆင်းသွားမည့် အခြေအနေများ တွေ့မြင်နေရပြီး လက်ရှိတွင် ငွေမာဟု ခေါ်ဝေါ်သုံးစွဲ ခဲ့ကြသော အမေရိကန် ဒေါ်လာကို ဝယ်ယူ

ရန်ကုန်မြို့တော် အခြေစိုက် စီးပွားရေး ဈေးကွက်တွင် အမေရိကန် ဒေါ်လာတန်ဖိုးသည် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ခုနစ်ရာ အောက်အထိ ကျဆင်းသွားမည့် အခြေအနေများ တွေ့မြင်နေရပြီး လက်ရှိတွင် ငွေမာဟု ခေါ်ဝေါ်သုံးစွဲ ခဲ့ကြသော အမေရိကန် ဒေါ်လာကို ဝယ်ယူ စုဆောင်းသည့် အလေ့အထ ပျောက်ကွယ်လုနီးပါး ဖြစ်လာကြောင်း နိုင်ငံခြားငွေလဲဒိုင် အချို့က သုံးသပ် ပြောကြားသည်။
အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းမှုနှင့်အတူ FEC နှင့် ပို့ကုန်ရငွေ တန်ဖိုးများလည်း ဆက်တိုက်ဆိုသလို လိုက်ပါ ကျဆင်းလာသည်ကို တွေ့ရသည်။
ဩဂုတ်လ ၂ ရက်နေ့တွင် ရီပတ်ဘလီကန်နှင့် ဒီမိုကရက်တစ် ပါတီတို့အကြား လအတော်ကြာအောင် အငြင်းပွားနေခဲ့သော အမေရိကန် ဘဏ္ဍာရေး အကျပ်အတည်းကို အမေရိကန်သမ္မတ အိုဘားမားက အမေရိကန် ကြွေးမြီပမာဏ တိုးမြှင့်ရေး ဥပဒေနှင့် အစိုးရအသုံးစရိတ် လျှော့ချရေး သဘောတူညီချက်များ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ကမ္ဘာ့စီးပွားရေး နယ်ပယ်တွင် အမေရိကန် ပြည်ထောင်စုနှင့် အမေရိကန် ဒေါ်လာအပေါ် ယုံကြည်မှုများ ထိုးကျသွားခဲ့ကြောင်း၊ ငွေချေးယူနိုင်သော စိတ်ချရသည့် အဆင့်အတန်း သတ်မှတ်ပေးသည့် S & P (Standard & Poor's Corp) အေဂျင်စီက အမေရိကန် ပြည်ထောင်စုက ထုတ်ဝေသော အေသုံးလုံး ငွေကြေးစာချုပ်များကို အေနှစ်လုံး အဆင့်သို့ လျှော့ချခဲ့မှုကြောင့် အမေရိကန် ဒေါ်လာအပေါ် ယုံကြည်မှု ပိုမိုကျဆင်းခဲ့ကြောင်း၊ ထို့ပြင်အခြား ဥရောပနိုင်ငံများတွင်လည်း ဥရောပ ဗဟိုဘဏ်က အီတလီနှင့် စပိန်တို့တွင် ထပ်မံကြုံတွေ့ လာရသည့် ဘဏ္ဍာရေး အကျပ်အတည်းများကို ကူညီဖြေရှင်း ပေးနေရကြောင်း၊ တစ်ကမ္ဘာလုံးသို့ ရိုက်ခတ်နေသော အမေရိကန်နှင့် ဥရောပ ဘဏ္ဍာရေးနှင့် ငွေကြေး အကျပ်အတည်းများကြောင့် ကမ္ဘာ့စီးပွားရေး ဈေးကွက်တွင် စတော့ရှယ်ယာ တန်ဖိုးများ ထိုးကျလျက်ရှိကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရသည်။
"မြန်မာ့စီးပွားရေးက ကမ္ဘာနဲ့တော့ တိုက်ရိုက်ပတ်သက် ချိတ်ဆက် ထားတာမျိုးတော့ မရှိဘူး။ သို့သော်လည်း နိုင်ငံတကာမှာ ဒေါ်လာတန်ဖိုးကျ၊ ရွှေတန်ဖိုး တက်နေတော့ မြန်မာ့ဈေးကွက်မှာလည်း ဒေါ်လာ တန်ဖိုးကျပြီး ရွှေဈေးတက်တာမျိုး ရှိတယ်။ ဒါပေမဲ့ မြန်မာကျပ်ငွေ တန်ဖိုးတက်တာက သူများနိုင်ငံတွေလို မဟုတ်ဘူး။ ထိန်းမနိုင်၊ သိမ်းမနိုင် တက်တယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ငွေတန်ဖိုးတက်လို့ ဝမ်းသာစရာ မဟုတ်ဘူး။ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ပို့ကုန်ကဏ္ဍတွေမှာ အကြီးအကျယ် ထိတယ်။ လူတန်းစား အားလုံး ထိတယ်" ဟု ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြားငွေလဲဒိုင် တစ်ဦးက ပြောကြားသည်။
ကျပ်ငွေတန်ဖိုး အလွန်တက်ခြင်းသည် နိုင်ငံ့စီးပွားရေး အထူးသဖြင့် အများပြည်သူ လုပ်ကိုင်နေသော ပုဂ္ဂလိက ပို့ကုန်ကဏ္ဍကို အထိနာစေကြောင်း၊ ပို့ကုန်ကဏ္ဍ နာလန်မထူလျှင် နောက်ဆက်တွဲ အရှုံးပေါ်ခြင်း၊ ဈေးကွက် ပျောက်ခြင်း၊ အလုပ်လက်မဲ့ ပိုမိုများပြားလာစေခြင်းများ ဖြစ်ပေါ်စေမည်ဟု ရန်ကုန်စီးပွားရေး အသိုင်းအဝိုင်းက သုံးသပ်သည်။
မြန်မာငွေတန်ဖိုး မြင့်တက်ခြင်းသည် ကျပ်ငွေဘီလီယံချီတန် နိုင်ငံပိုင် လေလံများ ရောင်းချမှု၊ ကျပ်ငွေရှားပါးမှု၊ လူအများစုက ဘဏ်တိုးအပေါ် မှီခိုပြီး ငွေအပ်နှံ အတိုးယူ စားသုံးမှု အပါအဝင် ပြည်တွင်းတွင် မူမမှန်သော စီးပွားရေး အလေ့အကျင့်များနှင့်ပါ တိုက်ရိုက် ပတ်သက်နေကြောင်း သုံးသပ်မှုများလည်း ရှိသည်။
" မြန်မာကျပ်ငွေ တန်ဖိုးတက်တာက အတော်ကို မြန်ဆန်တယ်။ ရာခိုင်နှုန်း များတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတောင် အမေရိကန် တစ်ဒေါ်လာ ထိုင်းဘတ် ၃၀၊ ၂၉ ကြားမှာ ငြိမ်နေတယ်။ ဒီမှာက တစ်ရိပ်ရိပ်ကို ထိုးတက်တာ။ ငွေတန်ဖိုး အတက်အကျ မြန်လွန်းတာက စီးပွားရေး ခိုင်မာမှု မရှိတာကို ပြနေတယ်။ ငွေတန်ဖိုး မတည်ငြိမ်မှုက စီးပွားရေး အားနည်းတာကို ပြတယ် " ဟု ပြည်တွင်း စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ်သည်။
အမေရိကန် ဒေါ်လာသည် ဩဂုတ်လ ၂ ရက်နေ့က တစ်ဒေါ်လာလျှင် ၇၆၇ ကျပ်ဈေး ရှိခဲ့ပြီး ဩဂုတ်လ ၉ ရက်နေ့တွင် ၇၅၀ ကျပ် ဝန်းကျင်အထိ ဈေးနှုန်း ကျဆင်းလာခဲ့သည်။
၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် အမေရိကန် ဒေါ်လာတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၇၄ဝ ကျပ်အထိ ဈေး အနိမ့်ဆုံး ထိုးကျခဲ့ဖူးသည်။
" နိုင်ငံတကာ စီးပွားရေးကို သုံးသပ်လိုက်ရင် ကမ္ဘာ့ရွှေဈေး တက်ဦးမယ်၊ ဒေါ်လာတန်ဖိုး ထိုးကျဦးမယ်။ မြန်မာ့ဈေးကွက်မှာတော့ ကျပ်ငွေတန်ဖိုး ထပ်ပြီးတော့ကို တက်နိုင်ခြေ များတယ်။ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ခုနစ်ရာ ဝန်းကျင်နဲ့ ခုနစ်ရာအောက်ထိ ရောက်ဖို့ များတယ် " ဟု ကျောက်တံတား မြို့နယ်တွင် နှစ်ပေါင်းများစွာ နိုင်ငံခြား ငွေလဲဒိုင်အဖြစ် လုပ်ကိုင်နေသူ စီးပွားရေးသမား တစ်ဦးက သုံးသပ်သည်။
ရန်ကုန်စီးပွားရေး လုပ်ငန်းရှင် အချို့နှင့် ပညာရှင်အချို့ကလည်း အမေရိကန် တစ်ဒေါ်လာ ကျပ်ငွေခုနစ်ရာ အောက်အထိ ကျဆင်းနိုင်သည် ဆိုသော ယူဆချက်ကို သဘောတူညီကြသည်။
"လောလောဆယ် သတင်းတစ်ခု ထွက်လာတယ်။ အစိုးရဘက်က တစ်ဒေါ်လာကို ၆၀၀ သတ်မှတ်နိုင်တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ ကောလာဟလ သတင်းတွေထွက်တယ်။ ဟုတ်တာ၊ မဟုတ်တာထက် ဒီသတင်းတွေက ဘာကို ပြလဲဆိုရင် ဒေါ်လာတန်ဖိုး ထပ်ကျပြီး ကျပ်ငွေတန်ဖိုး တက်မယ့် အရိပ်အယောင်တွေကို မြင်သာထင်သာ ရှိစေတယ်" ဟု မြန်မာအစိုးရနှင့် ဂျပန် စီးပွားရေးကုမ္ပဏီတို့ ဖက်စပ်ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်နေသော ငွေကြေးဆိုင်ရာ ကုမ္ပဏီကြီး တစ်ခုတွင် တာဝန် ထမ်းဆောင်နေသည့် စီးပွားရေး ဘာသာရပ် ကျွမ်းကျင်သူ ပညာရှင် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေထားသော FEC ငွေကြေးသည် တစ်ယူနစ်လျှင် ၇၂၀ ကျပ်ကျော် ဝန်းကျင်တွင် ရှိနေပြီး ပို့ကုန်ရငွေ တန်ဖိုးသည် အမေရိကန် တစ်ဒေါ်လာလျှင် ၇၈၀ ကျပ် ဝန်းကျင်တွင် ရှိကြောင်း ဩဂုတ်လ ၉ ရက်နေ့ ဈေးကွက်အတွင်းမှ ရရှိသော သတင်း အချက်အလက်များအရ သိရှိရသည်။
Ref:thevoiceweekly

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!