စီးပွားရေးသတင်း သုံးသပ်ချက်
စီးပွားရေးကို စတင် လုပ်ကိုင်မည့် သူများအတွက် သူငယ်တန်း ဖတ်စာ ဖြစ်ပါလိမ့်မည်။ မြန်မာနိုင်ငံ၏ ဆိုရှယ်လစ် စီးပွားရေးစနစ်ခေတ်က အမြတ်ရအောင် လုပ်ခြင်းသည် တရားလည်းမဝင် မကောင်းမှု လုပ်ရပ်လည်း ဖြစ်သည်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို မှောင်ခိုသမား များဟုယူဆကြသည်။ အစိုးရသည် ပုဂ္ဂလိက ကုန်သည်များကို ဖိအားပေးကြသည်၊ မသိနားမလည်သော ပြည်သူများကို ခေါင်းပုံဖြတ်သူများဖြစ်သည်ဟု ဆိုကြသည်။
စီးပွားရေးအကြောင်းသင်ကြားသည့် အစိုးရကျောင်းများ၌ပင်လျှင် အမြတ်အစွန်းရရေး အယူအဆသည် မပြောကောင်းသည့် ကိစ္စဖြစ်နေသည်။ အနာဂါတ် စီးပွါးရေးလုပ်ငန်းရှင်များအား အဆိုပါစီးပွားရေး ပါမောက္ခများက အစိုးရကလုပ်ကိုင်နေသော လက်ဝါးကြီးအုပ် စီးပွါးရေးလုပ်ငန်းများတွင် ဝင်မရှုပ်ကြရန် ပြောဆိုကြသည်။
ဒါမှသာအစိုးရလုပ်ငန်းများ အောင်မြင်မည်တဲ့။ သို့သော်လက်တွေ့တွင် အစိုးရလုပ်ငန်းများ၏ စီမံခန့်ခွဲမှု၊ လုပ်ကိုင်
ဆောင်ရွက်မှု၊ ဈေးကွက်ရှာဖွေမှု အားလုံးတွင်ညံ့ဖျင်းကြခြင်းကြောင့် အဆိုပါ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်ယှဉ်ပြိုင်လုပ်ကိုင်သူများသာ အကျိုးရှိသွားကြသည်။
ပြည်သူများ၏ နေ့စဉ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသော မှောင်ခိုဈေးကွက်ကြောင့် အစိုးရယန္တရားသည် မိမိ အလိုအလျောက် ပျက်စီးလိမ့်မည်ဟု မြန်မာစီးပွားရေး ပါမောက္ခတဦးက သူ၏ ပါရဂူဘွဲ့ယူ စာတမ်းတွင်
ရေးသားထားသည်။
နဝတ က အာဏာသိမ်း လိုက်သောအခါ ဆိုရှယ်လစ်ခေတ်တွင် စုမိဆောင်းမိရှိလာခဲ့ကြသော စွန့်ဦးတီထွင် လုပ်ငန်းရှင် အသစ်လေးများ စီးပွားရေးလောကတွင်း ဝင်လာခဲ့သည်။ သူတို့သည် သဘာဝ သယံဇာတများ ဖြစ်သော သစ်နှင့် သတ္တု ထုတ်ယူခွင့်ကဲ့သို့သော လုပ်ငန်းကိုင်ငန်း အခွင့်အလမ်းများကို တစိတ်တပိုင်း ရရှိခဲ့ခြင်းဖြင့်
အောင်မြင်မှုများ ရလာခဲ့ကြခြင်းဖြစ်သည်။ အစိုးရသစ်က ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များကို ဖန်တီးလိုက်သော အခါ စစ်တပ်နှင့် ကုန်သည်တည်းဟူသော အုပ်စုနှစ်စုသည် အပြန်အလှန် အကျိုးစီးပွါးများအတွက် ပူးပေါင်းလိုက်ကြတော့သည်။
၁၉၈၈ ခုနှစ်က အစိုးရအေဂျင်စီများ၏ လက်ထဲတွင်ရှိသော နိုင်ငံခြားအရန်ငွေကြေး ပမာဏသည် ၃ လစာ သွင်းကုန်ပမာဏသာရှိသည်။ သို့သော် ၂ဝ၁၁ ခုနှစ်သို့ ရောက်သောအခါ အစိုးရဘဏ္ဍာတော် တိုက်ထဲတွင် သွင်းကုန်တန်ဖိုး ၇ လစာနှင့် ညီမျှသည့် အမေရိကန်ဒေါ်လာ ၅ ဘီလျံမျှ ရှိနေသည်။ မြန်မာကျပ်ငွေ၏
ပြင်ပပေါက်ဈေးသည် အမေရိကန်ဒေါ်လာနှင့် ယှဉ်လျှင် တန်ဖိုးတက်လာနေသည်။
နိုင်ငံခြား အရန်ငွေ ပမာဏအရ အစိုးရသည် အားကောင်းနေသည်ဟု ပြောရမည်။ လစာ နည်းနည်းသာရသော အစိုးရဝန်ထမ်းများသည်လည်း ထွန်းသစ်စ ဈေးကွက်စီးပွားရေး စနစ်သစ်တွင် လာဘ်လာဘများ ရွှင်လန်းပြီး စိုပြေလာကြသည်။ သို့နှင့် သူတို့မိသားစု များကလည်း ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများ ထူထောင်လာကြပြီး သယံဇာတတူးဖော် ထုတ်ယူခွင့်၊ အထူးအခွင့်အရေးခံစားခွင့်နှင့် အရေးအကြီးဆုံးဖြစ်သော အာဏာရှိ သူများနှင့် ပေါင်းစည်းထားသည့် ကွန်ရက်ကြီးကိုပါ ရရှိလာခဲ့သည်။
အစပိုင်းတွင် စီးပွားရေး လုပ်ငန်းရှင် အစိုးရ အရာရှိကြီးများသည် မလုပ်တတ် မကိုင်တတ်နှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ၏ လူလည်ကျမှုကို ခံခဲ့ကြရသေးသည်။ သို့သော် နောက်ပိုင်းတွင် အဆိုပါ အစိုးရ အရာရှိကြီးများ၏ မိသားစုဝင်များသည် စီးပွါးရေး လုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာခဲ့ကြသည်။
အသစ်ဖြစ်ထွန်းလာသော စီးပွါးရေး အသိုင်းအဝန်းမှာ အစိုးရ၏ ဆုံးဖြတ်ချက်များ၊ စည်းကမ်း ဥပေဒများကိုပင် သြဇာညောင်း ချယ်လှယ်နိုင်သည့် နာမည်ဆိုးဖြင့် ကျော်ကြားလှသော လက်ရင်းလူယုံ စီးပွားရေးသမားများ
ဖြစ်လာတော့သည်။
စစ်တပ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ ပေါင်းစည်းမိခြင်းသည် နှစ်ဘက်စလုံးတွင် အပြုအမူများ ပြောင်းလဲလာခြင်းကို ကြည့်၍ ထင်ရှားလှသည်။ အဆိုပါ စွန့်ဦးတီထွင် လုပ်ငန်းရှင်များသည် စစ်တပ် အရာရှိကြီးများ ကဲ့သို့ပင်
ကော်ဇောနီခင်း ကြိုဆိုခြင်း ခံရသည်အထိ အထူးအရေးကြီး ပုဂ္ဂိုလ်အဆင့်အတန်းကို ရရှိလာခဲ့ကြသည်။
မြန်မာနိုင်ငံရှိ ကြီးမားသော စီးပွားရေး လုပ်ငန်းအများစုမှာ သြဇာရှိသော ပုဂ္ဂိုလ်ကြီးများ၏ မိသားစုဝင်များသာ လုပ်ကိုင်နေကြသော လုပ်ငန်းကြီးများ ဖြစ်ကြသည်။
သူတို့မည်မျှအထိ ဥစ္စာဓန စုဆောင်းမိလာကြသည်ကို အစိုးရပိုင် လုပ်ငန်းများ အဆောက်အဦးများကို ပုဂ္ဂလိကပိုင် ပြုရာတွင် တွေ့မြင်ခဲ့ကြရသည်။
အစိုးရပိုင်မဟုတ်သည့် စီးပွားရေးလုပ်ငန်းကြီးများ၏ အရာရှိကြီးများကို ခန့်အပ်ရာတွင် ဝန်ကြီးများနှင့် အခြားအဆင့်မြင့် အရာရှိကြီးများကသာ ခန့်အပ်ကြသည်။
ထိုပုဂ္ဂိုလ်များသည် ဈေးကွက်ကို လက်ဝါးကြီးအုပ်ခွင့်လည်း ရှိကြသည်။ ဝန်ဆောင်မှု ညံ့ညံ့ကို ဈေးကြီးကြီးဖြင့်
ရောင်းချကြသည်။ ထင်ရှားသော စီးပွားရေး ပညာရှင် တဦးကတော့ ခပ်ရဲရဲပင် ပြောခဲ့သည်။ ဤသို့ လက်ရင်းလူယုံများနှင့် ဗြူရိုကရက်များ ပူးပေါင်းဖျက်ဆီးကြခြင်းကြောင့် စစ်မှန်သောစီးပွားရေး တိုးတက်မှုဟူသည် ပေါ်ပေါက်မလာနိုင်ဟု သူကပြော သည်။
နောက်ဆုံးတွင် သမ္မတ အသစ်စက်စက်ကြီးကလည်း သူ၏ပထမဆုံးမိန့်ခွန်းတွင် အဂတိစားမှု တိုက်ဖျက်ရေး၊ လက်ဝါးကြီးအုပ် စီးပွားရေး တိုက်ဖျက်ရေးတို့ကို မရွံ့မရဲ ပြောခဲ့ရှာသည်။
အစိုးရသစ် လက်ထက်တွင် အကြီးတန်း အရာရှိဟောင်းများမှာ ပုံစံသစ်ဖြင့် မလုပ်တတ် မကိုင်တတ်ဖြစ်နေသည်။ သူတို့တသက်လုံး အထက်အရာရှိထံမှ ညွန်ကြားချက် ရယူလုပ်ကိုင်လာခဲ့သည်မှာ အသားကျနေပြီ ဖြစ်သည်။
သတင်းထောက်များနှင့် အယ်ဒီတာများသည်လည်း သူတို့ သတင်းစာများတွင် ဘာထည့်ရမည်ကို ရှာမရ
ဖြစ်နေကြသည်။ အရင်ကတော့ စစ်အရာရှိကြီးများ၏ လိုအပ်သည်များကို ညွန်ကြားသည်ဟူသော တိုင်းခန်း လှည့်လည်သည့် ခရီးစဉ်များကို ထည့်လိုက်ရုံသာ ဖြစ်သည်။ အောက်ခြေပြည်သူများ တွေ့ကြုံနေကြရသော ဆင်းရဲဒုက္ခ၊ အခြား အဖြစ်အပျက် သတင်းများ၊ စုံစမ်းရှာဖွေ ထောက်လှမ်းတင်ပြရသည့် သတင်း စသည်တို့ကို သူတို့ လုပ်စရာမလို။ ပုဂ္ဂလိကပိုင် အခန်းကဏ္ဍ၏ သတင်းဆိုသည်မှာ အပတ်စဉ်ထုတ် ဂျာနယ်များ၊ အစိုးရထုတ် သတင်းစာများ၏ ကြော်ငြာကဏ္ဍတွင်သာ ပါလေ့ရှိသည်။
ယခင် စနစ်ဟောင်းတုန်းကတော့ စီးပွားရေး လုပ်ငန်းများအတွက် သဘောတူညီချက်များကို နယ်ခံ စစ်အရာရှိများနှင့် ပြုလုပ်နိုင်သည်။ အစိုးရသစ် ပေါ်လာပြီး အုပ်ချုပ်ရေးသစ် စတင် သက်ဝင်လာကာ အသွင်ကူးပြောင်းရေးကာလ ရောက်နေသည့်တိုင် ဘာမှရေရေရာရာ မသိနိုင်သေး ဝေဝေဝါးဝါး ရှိဆဲပင်ဖြစ်သည်။
သူတို့ စီးပွားရေး လုပ်ကိုင်နေကြပုံကလဲ အရင်အတိုင်းပဲ ဖြစ်သည်။ စီးပွာရေး လုပ်ရန် ဘာတတ်သလဲ ဆိုသည်က အရေးမကြီး၊ ဘယ်သူ့ကို သိသလဲဆိုသည်က အရေးကြီးသည်။ သေချာတာ တခုဘဲ ရှိသည်။ လူတိုင်းက ဘယ်အချိန် စီးပွားရေး စလုပ်ရမလဲ ဆိုသည့် အချိန်ကောင်းကိုသာ စောင့်နေကြသည်။
ထိုအချိန်ကောင်း ဆိုသည်မှာ သူတို့ နှစ်ပေါင်း နှစ်ဆယ်ကျော် ငြင်းပယ်ခံခဲ့ရသည့် မြေညီကွင်းတွင် အခွင့်အရေး ညီမျှစွာ ပြိုင်ဆိုင် လုပ်ကိုင်ခွင့် ရမည့်နေ့ပင် ဖြစ်သည်။
#မေးခွန်းကတော့ တခုသာရှိသည်?
စီးပွားရေးကျောင်းများတွင် စီးပွားရေး လုပ်ငန်းများကို ခေတ်သစ် ချဉ်းကပ်နည်းများ ဆိုသည့် သင်ရိုးကို သင်မည်လော၊ လက်ရင်းလူယုံ စီးပွားရေးသမား ဖြစ်လာအောင် မည်သို့လုပ်ကိုင်ရမည် ဆိုသည့် သင်ရိုးကို သင်မည်လော ဆိုသည့် မေးခွန်းပင် ဖြစ်တော့သည်။
Ref:mizzima burmese new
No comments:
Post a Comment