Popular Posts!

Sunday, November 20, 2011

၂၀၁၀ ခုနှစ်မှ စတင်ထွန်းတောက်လာမည့် အကောင်းဆုံး စီးပွားရေး အခွင့်အလမ်း (၈) ရပ်


အခု ဖော်ပြပေးမယ့် စီးပွားရေး အိုင်ဒီယာတွေဟာ ကမ္ဘာတစ်ဝန်းက ထိပ်တန်း စီးပွားရေး ပညာရှင်များက ၂၀၀၉ ခုနှစ်ကနေ စလို့ ကမ္ဘာ့စီးပွားရေး တိုးတက်မှု ပုံစံ အနေအထားများကို လေ့လာကာ အလားအလာအကောင်းဆုံး အသေသပ်အတိကျဆုံး အိုင်ဒီယာများကို စိစစ် ရွေးထုတ် ပေးထားတာတွေ ဖြစ်ပါတယ်။

ဒီ စီးပွားရေးနည်းလမ်းများဟာ ၂၀၁၀ ခုနှစ်ကစလို့ ကမ္ဘာ့ဈေးကွက်စီးပွားရေးစနစ်ရဲ့ နေရာအမျိုးမျိုးမှာ ထွန်းတောက်ကြီးပွားခြင်းကို ပေးစွမ်းနိုင်မှာ ဖြစ်ပြီး စီးပွားရေး စွန့်ဦးတီထွင်သူများ အတွက်လည်း အခွင့်အလမ်းကောင်းများ ဖြစ်ပါတယ်။

ဒါတွေကို လိုက်နာကျင့်သုံးမယ် ဆိုရင် မိမိလက်ရှိ လုပ်နေတဲ့ လုပ်ငန်း (သို့) လုပ်ဖို့ ရည်ရွယ်ထားတဲ့ လုပ်ငန်းနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် နည်းလမ်းအချို့ကို သေချာ တွေးတော ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနည်းလမ်းတွေဟာ ကမ္ဘာတစ်ဝန်းလုံးအတွက် ယေဘုယျသဘော ဆောင်ပြီး ဖော်ပြထားတာ ဖြစ်တဲ့ အတွက် ဒီနည်းလမ်းတွေကို လက်တွေ့ အသုံးချတော့မယ် ဆိုရင် ဆရာဇော်ဂျီရဲ့ “စွယ်စုံလှ” ကဗျာလေးထဲကလို “ကိုယ့်ရေ ကိုယ့်မြေ၊ ကိုယ့်အခြေနှင့်၊ ကိုယ့်ခွန်ကိုယ့်အား၊ ကိုယ့်စွမ်းအားနှင့်၊ စည်းဝါးကိုက်ညီ၊ ညှိကြံစည်မှ တော်သည်ယူဆ၊ စွယ်စုံလှ” ဆိုတာကိုလည်း သတိချပ်သင့်ပါတယ်။

ကြီးပွားမယ့်နည်း ဆိုတာကလည်း အကောင်အထည် ဖော်မယ့် သူရဲ့ ကံ၊ ဥာဏ်၊ ၀ီရိယ ဆိုတဲ့ အရေးပါလှသော အချက်များအပေါ် အဓိက တည်မှီနေပါတယ်။ အခု ဒီဆောင်းပါးမှာ ကျွန်တော်တို့ အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲ နိုင်ငံများနဲ့ ကိုက်ညီတဲ့ စီးပွားရေး အခွင့်အလမ်း များကို ဦးစားပေး ကောက်နုတ် တင်ပြပေးထားပါတယ်။

(၁) အသေးစား စားသောက်ကုန် လုပ်ငန်းများ
ဒီနှစ်ပိုင်းတွေထဲမှာ အရသာ ကောင်းမွန်ပြီး အသွင်သဏ္ဍာန်အားဖြင့်လည်း လှပ တီထွင်ဆန်းသစ်မှု အပြည့်ပါတဲ့ အဆာပြေ စားသောက်ကုန် အမျိုးမျိုးကို တစ်နိုင်တစ်ပိုင် ကားကြီးကားငယ်တွေနဲ့ လိုက်ဖြန့်နေတဲ့ စားသောက်ကုန်လုပ်ငန်းတွေဟာ အရမ်းကို များပြားလာနေပါတယ်။ ဒီလို ရိုးရှင်းလှတဲ့ လုပ်ငန်းတွေရဲ့ အဓိက အားသာချက်တွေကတော့ …………

(၁) ရင်းနှီးမြှုပ်နှံမှု အရမ်းကြီးစရာ မလိုခြင်း (မိမိမှာ လက်ရှိရှိတဲ့ အရင်းအနှီးနဲ့ပဲ စလုပ်လို့ ရပါတယ်။ အောင်မြင်သွားမှ ပိုကြီးအောင် တိုးချဲ့ သွားလို့ ရပါတယ်။ စလုပ်လုပ်ချင်း တစ်နိုင်ငံလုံး သိတဲ့ အမှတ်တံဆိပ် တစ်ခု တန်းဖြစ်စရာ မလိုပါဘူး။ ပုံမှန်လုပ်သွားရင်ပဲ ကြီးပွားချမ်းသာနိုင်ပါတယ်။ ပြည်တွင်းက ယနေ့ နာမည်ကြီးနေတဲ့ စားသောက်ကုန် အများစုဟာ တစ်ချိန်က ဒီလိုပဲ စခဲ့ကြရတာ ဖြစ်ပါတယ်)

(၂) စားသောက်ကုန် ဈေးကွက်၏ သဘောသည် အသစ်ပြုလုပ်သူ မည်သူအတွက်မဆို နေရာ အထိုက်အလျောက် ရှိခြင်း (စားသုံးသူများဟာ မုန့်တစ်မျိုးတည်း ကိုပဲ၊ တံဆိပ်တစ်မျိုးထဲကိုပဲ နှစ်ရှည်လများ မစားချင်ကြသလို စားစရာ အမျိုးအစား အသစ် ပေါ်လာရင် စားချင်ကြတဲ့ အတွက် ဖြစ်ပါတယ်။ စားသောက်ကုန် တစ်ခုဟာ တကယ် အရည်အသွေးနဲ့ အရသာ ကောင်းပြီး ပေးဝယ်ရတဲ့ ဈေးနဲ့ ထိုက်တန်မယ် ဆိုရင် အရောင်းသွက်ပြီး စွန့်ဦးတီထွင်သူများကို စားသောက်ကုန်ဈေးကွက်မှာ နေရာတစ်ခု ရစေမှာ မလွဲပါဘူး)

ဒီလုပ်ငန်း အမျိုးအစားဟာ မကြီးကျယ်ဘူးလို့ ဆိုနိုင်ပေမယ့် ပုံမှန် လုပ်ငန်းလည်ပတ် နိုင်ဖို့ လွယ်ကူပြီး အမြတ်ငွေ ပုံမှန် ရရှိစေနိုင်မယ်လို့ ပညာရှင်များက သုံးသပ် တင်ပြထားပါတယ်။ သင့်ရဲ့ မုန့်လုပ်ငန်းက ၀န်ထမ်းတွေဟာ တကယ် စုဖွဲ့မှု ဟန်ချက်ညီလာပြီး အရည်အချင်း အတွေ့အကြုံ ပြည့်ဝလာချိန်မှာ သင်ဆက်တိုးချဲ့မယ့် လုပ်ငန်းတွေ အတွက်လည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။


(၂) စားရိတ်နည်း၍ ထိရောက်သော ကြော်ငြာလုပ်ငန်းများ
လုပ်ငန်း အမျိုးအစားတွေ အရေအတွက်တွေ ကမ္ဘာကြီးမှာ တိုးနေတာနဲ့ အမျှ ကြော်ငြာလုပ်ငန်း တွေဟာလည်း တိုးတက်ကြီးပွား လာကြဦးမှာပါ။ ဘယ်လုပ်ငန်းမဆို ကြော်ငြာဖို့ လိုအပ်တာကိုး။ ဒီလို အခြေအနေမျိုးမှာ သင်က အဖိုးနည်း ၀န်ပါတဲ့ ကြော်ငြာမှုမျိုး ဖြစ်အောင် ၀န်ဆောင်မှု ပေးနိုင်ရင် သင့်ရဲ့ ကြော်ငြာလုပ်ငန်းဟာ လက်ကို လည်မှာတောင် မဟုတ်ဘူး။

ကြော်ငြာခြင်းဟာ ယနေ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာခေတ်မှာ ဈေးကွက်စီးပွားရေး စနစ်ရဲ့ အသက်ဝိဥာဉ်လို့ ဆိုရင် ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။ ကျော်အောင် ညာနေကြတာပါ လို့ ဘယ်သူတွေ ဘယ်လိုပဲ ပြောကြပါစေ၊ ကြော်ငြာတဲ့ ကုန်ပစ္စည်းကိုမှ စားသုံးသူတွေက ယုံကြည်စိတ်ချစွာ သုံးစွဲချင်ကြတာပါ။ ကြော်ငြာအား ကောင်းကောင်းနဲ့ ရေပန်းစားနေတဲ့ အမှတ်တံဆိပ် ပစ္စည်းပါလို့တောင် ဂုဏ်ယူပြီး သုံးစွဲကြပါသေးတယ်။ ဒါကြောင့် ကြော်ငြာလုပ်ငန်းဟာ ကမ္ဘာတည်သရွေ့ အောင်မြင်တည်တံ့ နေမယ့် လုပ်ငန်းတစ်မျိုး ဖြစ်ပါတယ်။

သင်ဟာ အောင်မြင်တဲ့ ကြော်ငြာလုပ်ငန်း တစ်ခုကို ထူထောင် ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ဦးစီးမယ့်သူ သင့်အတွက် အရေးကြီးဆုံး လိုအပ်ချက်ကတော့ သင်ဟာ သင့်ပတ်ဝန်းကျင် သင့်အ၀န်းအ၀ိုင်း ထဲက လူတွေသာမက အနည်းဆုံး သင့်နိုင်ငံက သင့်လူမျိုးတွေရဲ့ ဓလေ့စရိုက် နေထိုင်စားသောက်ပုံတို့ကို ကျွမ်းကျင်စွာ သိရှိနားလည်ထားရမှာ ဖြစ်ပြီး မိမိကြော်ငြာမယ့် ပစ္စည်းကို ဒီအချက်တွေနဲ့ အံဝင်ပြီး လူတွေ သဘောကျအောင် ချဉ်းကပ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ထူးခြားပြီး ဆွဲဆောင်မှု ရှိတဲ့ ကြော်ငြာတွေ ဖန်တီးနိုင်ဖို့ ဒီအရည်အချင်းဟာ အလိုအပ်ဆုံး ဖြစ်ပါတယ်။

ဒုတိယလိုအပ်ချက်ကတော့ ပညာရှင်တွေပဲ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ စိတ်ကူးဥာဏ် တီထွင်ဖန်တီးမှုမျိုး ရှိမယ့် သူတွေ ဖြစ်ဖို့ လိုသလို ကြော်ငြာပစ္စည်းတွေ အနုပညာမြောက် ဖန်တီးရာမှာလည်း ကျွမ်းကျင်ပိုင်နိုင်ပြီး စိတ်ပါလက်ပါ လုပ်မယ့်သူတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။
ဒီလိုအပ်ချက်တွေ ဖြည့်ဆည်း စုဆောင်းနိုင်မယ်ဆိုရင် သင်ဟာ အချိန်တိုအတွင်း အောင်မြင်တဲ့ ကြော်ငြာ လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။

(၃) ကိုယ်တွင် ၀တ်ဆင်နိုင်သော ကျန်းမာရေး စောင့်ရှောက်မှု ကိရိယာများ
ယနေ့ ကမ္ဘာကြီးမှာ နည်းပညာရဲ့ တန်ဖိုးနဲ့ လက်မှာ ပတ်ထားရင် ကင်ဆာရောဂါကို အစောဆုံး ထောက်လှမ်းပြီး အချက်ပေးနိုင်တဲ့ ကင်ဆာချစ်ပ် (Cancer Chip) ဆိုတဲ့ ကိရိယာမျိုးလို ခေတ်မီ ဆန်းပြားလှတဲ့ အရာတွေကနေ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ သွေးထဲက အောက်စီဂျင်ရာခိုင်နှုန်း စတဲ့ ကျန်းမာရေးအတွက် အရေးကြီးလှတဲ့ အချက်များကို လက်မှာ ပတ်ထားရုံနဲ့ ဖော်ပြပေးနိုင်တဲ့ စက်ကိရိယာများ ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။

ဒီစက်တွေဟာ လက်ပတ်နာရီအနေနဲ့ တွဲထုတ်ထားတာလည်း ရှိပါတယ်။ ကျန်းမာရေး အခြေအနေကို စောင့်ကြည့်နေဖို့ လိုအပ်တဲ့ သူတွေအတွက် အထူး သင့်လျော်ပြီး လိုအပ်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း မကြီးလှတဲ့ အတွက် နောက်ဆို ဒီကိရိယာလေးတွေရဲ့ ဈေးကွက်ဟာ ကျန်းမာရေး အလေးထားသူတွေရဲ့ကြားမှာ ကမ္ဘာနဲ့အ၀န်း ကြီးကြီးမားမား ပေါ်ပေါက်လာမှာ သေချာနေပါတယ်။
ဒီတော့ နည်းပညာတွေကို မူပိုင်ဝယ်ယူပြီး ဖြန့်ဖြူးမယ့် လုပ်ငန်းနဲ့ တစ်ဆင့် မှာယူတင်သွင်းမယ့် လုပ်ငန်းများဟာ ၂၀၁၀ ကနေစလို့ တစ်နှစ်ထက် တစ်နှစ် အောင်မြင်ကျယ်ပြန့်လာမှာ အသေအချာပါပဲ။

(၄) နမူနာပေးသော ဆိုင်ငယ်များ၊ ကဖေးဆိုင်များနှင့် လက်တွန်းလှည်းဆိုင်လေးများ
နမူနာ (sample) ပေးတဲ့ ဈေးကွက်ချဲ့ထွင်ခြင်း အိုင်ဒီယာဟာ အသစ်အဆန်း မဟုတ်ပါဘူး။ ဒါပေမယ့် ကုန်ပစ္စည်း အမှတ်တံဆိပ်တွေ အများကြီးကို တာဝန်ယူ လက်ခံပြီး နမူနာပေးတဲ့ ဆိုင်တစ်ခုကို ကိုယ်က နေရာစိုက်ပေးပြီး ထူထောင်မယ် ဆိုရင် သူတို့ရဲ့ ၀န်ထမ်းအင်အားနဲ့ အချိန်ကို ချွေတာချင်တဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ နမူနာပစ္စည်းတွေ ကြော်ငြာပစ္စည်းတွေကို လာပေးကြမှာ အမှန်ပါပဲ။

(ဒီလိုလုပ်တာကို tryvertising ဆိုတဲ့ ဝေါဟာရအသစ် အနေနဲ့ http://www.trendwatching.com/ ဆိုက်ကနေ စတင် သတ်မှတ် သုံးစွဲ ခဲ့ပါတယ်။ ဒါဟာ အခုချိန်ထိ တကယ်ကို သစ်ဆန်းသေးတဲ့ marketing idea တစ်ခု ဖြစ်ပါတယ်)

လူတွေကို ကုန်ပစ္စည်း အသစ်အဆန်းလေးတွေ ပေးသုံးတဲ့ ဒီဆိုင်မျိုးလေးတွေရဲ့ ကမ်းလှမ်းမှုဟာ အရမ်းကို ကောင်းမွန်တဲ့ အတွက် လူတိုင်းကို သဘောကျစေမှာပါ။ တကယ့် ပစ္စည်းအသစ်အဆန်းတွေရဲ့ ရသကို မြည်းစမ်း သုံးစွဲ လိုတဲ့ စားသုံးသူတွေဟာ နမူနာပေးတာကို သဘောကျကြတာ အသေအချာ ပါပဲ။

ဒီလို နမူနာ ပေးတာ မဆန်းပေမယ့် တစ်နေရာထဲကို လာရရုံနဲ့ နမူနာပစ္စည်းတွေ တစ်ပွေ့တစ်ပိုက်ကြီး ရရှိမှာကို သဘောကျတဲ့အတွက် ဒီအချက်နဲ့ ဈေးဝယ်သူတွေ အများကြီးကို ကြော်ငြာ ဧရိယာမှာ နေ့စဉ် စုစည်းထားသလို ဖြစ်တဲ့အတွက် အရမ်းထိရောက်တဲ့ ကြော်ငြာခြင်းလည်း ဖြစ်စေပြီး ကိုယ့်ဆိုင်ဟာ ကုမ္ပဏီပေါင်းစုံ နဲ့လည်း ရေရှည် လက်တွဲမိစေကာ အဆိုပါကုမ္ပဏီများရဲ့ ကိုယ်စားလှယ် အထိ တိုးတက်လုပ်ဆောင် သွားနိုင်မယ့် အလားအလာတွေ သင်ပိုင်ဆိုင်လာမှာပါ။

ဒီနည်းလမ်းနဲ့ ဈေးကွက် ချဲ့ထွင် ရှာဖွေမှုဟာ စပိန်၊ ဂျပန် နဲ့ ဘယ်လ်ဂျီယမ် စတဲ့ နိုင်ငံများစွာမှာ အောင်မြင်မှု ရရှိနေပြီး ၂၀၁၀ ခုနှစ်ကစလို့ ကမ္ဘာအနှံ့ ပျံ့နှံ့သွားဖွယ် ရှိတယ်လို့ ပညာရှင်များက တွက်ဆ ထားကြပါတယ်။

(၅) စီးပွားရေးလုပ်ငန်းလုံခြုံရေး ဆိုင်ရာ လုပ်ငန်းများ
များပြားလှတဲ့ လုပ်ငန်းတွေ၊ စီးပွားရေး အဖွဲ့အစည်းဟာ ဒီကမ္ဘာကြီးပေါ်မှာ နေ့စဉ်နဲ့အမျှ အရေအတွက်ကော အရွယ်အစားပါ ကြီးမားလာနေသလို ၄င်းတို့ရဲ့ စီးပွားရေးကို လုံခြုံစိတ်ချရအောင် အဖက်ဖက်က ကာကွယ်ပေးမယ့် လုပ်ငန်းလုံခြုံရေး (Business Security) လုပ်ငန်းမျိုးစုံ ဟာလည်း အခွင့်အလမ်းကောင်းတွေနဲ့ ကြီးပွားမှုကို ပေးစွမ်းနိုင်လာမှာ တွေးကြည့်ရင် သိနိုင်ပါတယ်။

လုံခြုံရေး ၀န်ဆောင်မှုတွေ ထဲမှာ Biometric Security System လို့ခေါ်တဲ့ လက်ဗွေ၊ မျက်စိ၊ မျက်နှာ လူရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုကို စစ်ဆေးပြီး ၀င်ခွင့်၊ ရုံးတက်ချိန် စတာတွေကို ထိန်းချုပ်တဲ့ လုံခြံရေး စနစ် အပေါ့စားတွေကနေ ပိုင်နက်လုံခြုံရေး အတွက် အချက်ပေးစနစ် လိုမျိုး အကြီးစား တွေအထိ ပါဝင်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းတွေ အတော်များများမှာ CCTV ကင်မရာတွေ တပ်ဆင်လာကြတာ ကလည်း လုံခြုံရေးစနစ် ၀န်ဆောင်မှုကို ပေးတဲ့ လုပ်ငန်းတွေအတွက် ခေတ်ကပေးတဲ့ အခွင့်အလမ်း တစ်ခုလို့ ဆိုနိုင်ပါတယ်။

(၆) သေသပ်ပေါ့ပါးသော ခေါင်မိုးတပ် ဆိုလာပြားများနှင့် လေရဟတ်စက်များ
ကမ္ဘာကြီးဟာ ဖန်လုံအိမ် အာနိသင် သက်ရောက်မှု များတဲ့ စွမ်းအင်တွေကို ချွေတာသုံးစွဲမှ ဖြစ်တော့မယ့် အခြေအနေကို ရောက်လာပြီ ဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေဟာ တကယ် ခေတ်ကောင်းလာတော့မှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းကို လုပ်မယ်ဆိုရင် သတိပြုစရာ တစ်ချက်က တချို့လူတွေက နေရောင်ခြည်၊ လေ စတဲ့ သဘာဝ စွမ်းအင်တွေကနေ လျှပ်စစ်ရစေတဲ့ ဆိုလာပြားတွေ၊ လေရဟတ်တာဘိုင်တွေကို ၀ယ်မသုံးချင်ကြတာ ကုန်ကျစားရိတ်ကြောင့် မဟုတ်ဘဲ ၄င်းတို့ကို နေအိမ်တွေမှာ တပ်ဆင်ရာမှာ သေသပ်လှပ ကြည့်ကောင်းမှု မရှိလို့ ဖြစ်တယ်လို့ စစ်တမ်းများက အဆိုပြု ပါတယ်။

ထူးချွန်ထက်မြက်လှတဲ့ ကမ္ဘာ့အင်ဂျင်နီယာများကလည်း ဒီပစ္စည်းတွေကို လူတွေ သုံးစွဲချင်လာအောင် သေသပ်လှပစွာ တီထွင်ဖန်တီး ပေးလိုက်ပြန်ပါတယ်။ ဒါကြောင့် အခုဆိုရင် ခေါင်မိုးပေါ်မှာ တပ်ထားတာကို အောက်ကကြည့်ရင် မမြင်ရတဲ့ လေရဟတ်တွေ၊ အုတ်ကြွပ် အမိုးပြား နေရာမှာ ထည့်မိုးလို့ ရတဲ့ ဆိုလာပြားတွေ စသဖြင့် ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။ ဒါတွေဟာ သေးငယ်ပေါ့ပါးသလို စွမ်းအင်ထုတ်ပေးနိုင်တဲ့ ပမာဏမှာလည်း မြင့်မားလို့ ကမ္ဘာတစ်ဝန်းလုံးမှာ ၀ယ်လိုအားတွေ မြင့်မားလာဖို့ သေချာသလောက်ပါပဲ။

ဒီပစ္စည်းတွေရဲ့ အကြီးမားဆုံး အားသာချက်ဟာ ကနဦးတပ်ဆင်စားရိတ် များသလို ရှိပေမယ့် နောက်ပိုင်း ဘယ်အရင်းမှ ထပ်စိုက်စရာ မလိုတော့ပဲနဲ့ စွမ်းအင်တွေ သုံးစွဲခွင့်ရတာ ဖြစ်လို့ ကုန်ထုတ်လုပ်ငန်းများ အတွက် အထူး ဆွဲဆောင်မှု ရှိနေပါတယ်။

(၇) လူမှုဆက်သွယ်ရေး မီဒီယာ လုပ်ငန်းများ
လူဦးရေ ဆက်တိုက် များပြား တိုးမြင့်လာနေတဲ့ ယနေ့ကမ္ဘာကြီးမှာ သတင်းအချက်အလက်တွေကို လူတွေက အချိန်တိုင်း ဦးဖျားစောစီးစွာ သိလိုကြပါတယ်။ ကမ္ဘာ့လူသားတွေဟာ မနက်ခင်းမှာ မနက်စာနဲ့ အတူတူ ကမ္ဘာကြီးရဲ့ သတင်းတွေကို ဆာလောင်နေကြတာမို့ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်မြင်သံကြား၊ ၀က်ဘ်ဆိုက် စတာတွေဟာ ယနေ့ ခေတ်ရဲ့ အစိတ်အပိုင်းများထဲမှာ အသီးသီး ပါဝင်နေကြပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလုပ်ငန်း တွေဟာ လူတွေနဲ့ ထိတွေ့မှု အရမ်းများပြီး လူထုရဲ့ စိတ်ကူးတွေ ခံစားချက်တွေအပေါ် သြဇာလွှမ်းမိုးမှု အထိုက်အလျောက် ရှိတဲ့ လုပ်ငန်းတွေမို့ ကြော်ငြာတွေကနေ ရတဲ့ ၀င်ငွေအနေနဲ့လည်း အကျိုးအမြတ် ၀င်ငွေကောင်းတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။

ဒီလို မီဒီယာတွေထဲကမှ ပေါ်ပင်ဆန်ဆန် လုပ်ပြီး ကြော်ငြာခတွေနဲ့ ငွေနောက်ကိုပဲ လိုက်မနေဘဲ လူထုရဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နိုင်ငံရေး စတဲ့ အချက်တွေ အပေါ် ကောင်းမွန် မှန်ကန်တဲ့ အသိဥာဏ်ပညာတွေ မျှဝေပေးနိုင်မယ် ဆိုရင် သင့်ရဲ့ မီဒီယာ အမှတ်တံဆိပ်ဟာ အားလုံးသော လူတွေရဲ့ ရိုသေလေးစားမှု (Respect) ကို ရရှိပြီး ကမ္ဘာတည်သရွေ့ တည်တံ့နေမှာ ဖြစ်ပါတယ်။

(၈) အစိမ်းရောင် နည်းပညာနှင့် အစိမ်းရောင် ဆောက်လုပ်ရေး လုပ်ငန်းများ
ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ကမ္ဘာနဲ့အ၀ှမ်း လှုံ့ဆော်မှုတွေ လုပ်လာကြတဲ့အတွက် စားသုံးသူ အများစုဟာ ပတ်ဝန်းကျင် ထိခိုက်ပျက်ယွင်းမှု နည်းပါးစေတဲ့ နည်းပညာ (Green Technology) တွေ သုံးပြီး ဖန်တီးတဲ့ ကုန်ပစ္စည်းတွေကို ၀ယ်ယူရကောင်းမှန်း သိလာကြပါတယ်။
အာဏာပိုင် အဖွဲ့အစည်းတွေကလည်း လူသားတွေ အားလုံးရဲ့ အကျိုးအတွက် ဒီလို နည်းပညာတွေ သုံးစွဲခြင်းကို ဥပဒေတွေ ရေးဆွဲပြီး စီးပွားရေး အခွင့်အလမ်းတွေ ပေးကာ အားပေးပျိုးထောင်လျက် ရှိတဲ့ အတွက် ဒီလုပ်ငန်း အမျိုးမျိုးတွေဟာလည်း စဉ်းစားသင့်တဲ့ လုပ်ငန်းကောင်းများ ဖြစ်ကြောင်း တင်ပြပေး လိုက်ပါတယ်။


Probe by : ရဲဘုန်းမင်း Last Updated at 2010-09-20 on 03:12:39 965 Hits
Ref:MMDailynews

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!