အေးရှားနားလေကြောင်း ခရီးစဉ် (၂၁၄) ဆန်ဖရန်စစ္စကိုမြို့ လေဆိပ်တွင် ဆင်းသက်စဉ် ပျက်ကျမှုမတိုင်မီ ယင်းကိုရီးယားလေကြောင်းလိုင်း လေယာဉ်မယ်များ သတင်းများဖန်တီးခဲ့သော နောက်ဆုံးအကြိမ်မှာ ယခုနှစ် စောစောပိုင်းကဖြစ်ပြီး လေယာဉ်မယ်များ ဘောင်းဘီရှည်ဝတ်ခွင့်ရရေး ၎င်းတို့သမဂ္ဂ တောင်းဆိုချိန်ဖြစ်သည်။
သို့သော် ဆန်ဖရန်စစ္စကို လေယာဉ်ပျက်ကျမှုတွင် လေယာဉ်မယ် ၁၂ ဦးအနက် ထက်ဝက်ခန့် ဒဏ်ရာများ ရရှိနေချိန်တွင် ကျန်လေယာဉ်မယ်များက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို သူရဲကောင်းဆန်ဆန် လုပ်ဆောင်ခဲ့ခြင်းအတွက် ချီးကျူးခံရသောအခါ အများပြည်သူအာရုံစိုက်မှုမှာ သူတို့၏ ယူနီဖောင်းကိစ္စမှ သူရဲကောင်းလုပ်ရပ်များဆီသို့ ရောက်ရှိသွားသည်။
ဇူလိုင် ၆ ရက် လေယာဉ်ပျက်ကျမှုတွင် လေယာဉ်မယ်အဖွဲ့သား သုံးဦးမှာ ထိုင်ခုံတွင် လုံခြုံရေးခါးပတ်တပ်ဆင်ထားရင်း ပြတ်ထွက်သွားသော လေယာဉ်အမြီးပိုင်းအတွင်း ပါသွားခဲ့သည်။ ထိုအတောအတွင်း မကျိုးမပဲ့ ကျန်ရှိသူများက ခရီးသည်ပေါင်း ၃၀၀ အရေးပေါ် ကယ်ဆယ်ရေးကို ကြီးကြပ်ခဲ့ရသည်။ ယင်းတွင် ခရီးသည်လုံခြုံရေးခါးပတ်များကို ဓားများဖြင့် ဖြတ်ခြင်း၊ လေယာဉ်အတွင်း မှားယွင်းပွင့်ထွက်လာသော အရေးပေါ်လေအိတ်လျှောများကို ပုဆိန်ဖြင့် ခုတ်ထစ်၍ မွန်းကျပ်နေသော အပေါင်းပါလေယာဉ်မယ်များအား ကယ်ဆယ်ခြင်း၊ မီးသတ်ခြင်း၊ ကြောက်ရွံ့ထိတ်လန့်နေသော ကလေးငယ်များကို သယ်ထုတ်ခြင်းများ ပါဝင်သည်။ ယင်းကို စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း လုပ်ဆောင်ရခြင်းဖြစ်သည်။
“တကယ်လည်း ကျွန်မ ဘာမှတွေးမနေဘူး။ ကျွန်မ ခန္ဓာကိုယ်က ကယ်ဆယ်ရေးအလုပ်တွေကို စတင်ပြီးလုပ်သွားတာပဲ” ဟု အကြီးအကဲ လေယာဉ်မယ် မစ္စစ်လီယွန်ဟိုင်း (၄၀)နှစ်က သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားပါသည်။ “နောက်ခရီးသည်တစ်ယောက် ကယ်ဆယ်ရေးကိုပဲ ကျွန်မ စဉ်းစားနေတယ်” ဟု ၎င်းက ဆက်ပြောပါသည်။ နောက်ပိုင်းတွင် အမေရိကန်ဖက်ဒရယ်လုံခြုံရေး စုံစမ်းစစ်ဆေးသူများက လေယာဉ်အဖွဲ့သားများအား ယင်းမတော်တဆမှုအကြောင်း ပြောခွင့်မပြုတော့ပေ။
ယင်းသို့သော လုပ်ရပ်မှာ မကြာခဏဆိုသလို ၎င်းတို့၏ ရုပ်ရည်ရူပကာနှင့် ခရီးသည်ဝန်ဆောင်မှု ကျွမ်းကျင်မှုအတွက်သာ အသိအမှတ်ပြုခံရသော လေယာဉ်မယ်လုပ်ငန်းအတွက် ဂုဏ်ယူစရာအတိုင်းအတာတစ်ခုဖြစ်ပါသည်။
“အခက်အခဲပေါင်းစုံနဲ့ ကြီးမားတဲ့ ဖိအားတွေရင်ဆိုင်နေရချိန်မှာ သူတို့တစ်တွေဟာ ကိုယ်ထည်ကျယ်လေယာဉ်ကြီးတစ်ခုလုံးက ခရီးသည်တွေကို အချိန်တိုအတွင်း ကယ်ဆယ်ရေးလုပ်ပြီး သူတို့အလုပ် သူတို့လုပ်ခဲ့ကြပါတယ်” ဟု အလက်စကာလေကြောင်းလိုင်း လေယာဉ်မယ်နှင့် နိုင်ငံတကာ လေယာဉ်မောင်/မယ်များ အစည်းအရုံးဥက္ကဋ္ဌ မစ္စစ်ဗီဒါရွှတ်က ပြောသည်။ “ဒါဟာ တကယ့်ကို တောက်ပတဲ့ နမူနာပါပဲ။ လေယာဉ်မောင်းတဲ့အဖွဲ့သာမဟုတ်ဘဲ လေယာဉ်မောင်/မယ်တွေဟာလည်း အရေးပေါ်တုံ့ပြန်ရေးအတွက် အရေးကြီးတယ်ဆိုတာ ပြသနေပါတယ်” ဟု မစ္စစ်ဗီဒါက ဆက်လက်ပြောပါသည်။
ရှေးဦးသူနာပြုစုခြင်းနှင့် မီးငြှိမ်းသတ်ရေး လေ့ကျင့်မှုများအပြင် လေယာဉ်နောက်ခန်းအဖွဲ့သားများမှာ လေယာဉ်ပေါ်မှ ခရီးသည်များအား စက္ကန့်ကိုးဆယ်အတွင်း ကယ်ဆယ်နိုင်ရေး အစီအစဉ်များကို နှစ်စဉ်လေ့ကျင့်ကြရကြောင်း မစ္စစ်ဗီဒါကပြောပါသည်။ အချိန်မှတ်အစမ်းလေ့ကျင့်မှုများအပြင် လေယာဉ်မောင်/မယ်များမှာ ၀ရုန်းသုန်းကားအခြေအနေနှင့် လေယာဉ်အင်ဂျင်ဆူညံသံများအကြား အော်ဟစ်ပြောဆိုခြင်း၊ အကြောက်တရားဖြင့် ကြက်သေသေနေသော ခရီးသည်များကို ပြောဆိုဆက်သွယ်ခြင်း၊ ကျပ်နေသော တံခါးများ၊ ပြတင်းပေါက်များကို ဖွင့်ခြင်းများကို လေ့ကျင့်ကြရသည်ဟု ၎င်းကဆိုသည်။ ရည်ရွယ်ချက်မှာ ယင်းကိစ္စများကို အလိုအလျောက်တုံ့ပြန်နိုင်ရေးဖြစ်သည်။ “ဒါတွေကို ကျွန်မတို့ မှတ်ဉာဏ်ထဲ ရိုက်သွင်းထားတာပါ”ဟု မစ္စစ်ဗီဒါကပြောသည်။
ယင်းမှာ လေယာဉ်နောက်ခန်း အမှုထမ်းများအား အမျိုးသမီးများချည်းဖြစ်ခဲ့ပြီး လေယာဉ်မယ်များ (သို့မဟုတ်) လေယာဉ်ပေါ်တွင်လည်း တည်ခင်းဧည့်ခံသူများဟု သိမြင်ခဲ့သော ခေတ်နှင့်များစွာဝေးကွာသွားပြီဖြစ်သည်။ ထိုစဉ်က လေယာဉ်နောက်ခန်းဝန်ထမ်းများမှာ အရေးပေါ်အခြေအနေများတွင် ပါဝင်နိုင်သော အခန်းကဏ္ဍအများအပြား မရှိလှပေ။
ယူနိုက်တက် လေကြောင်းလိုင်းတွင် ၃၁ နှစ်ကြာ လေယာဉ်မယ်အဖြစ် လုပ်ကိုင်ခဲ့သူ မစ္စစ်လော်ရာဘရင်လင်ဂါက ၁၉၇၂ ခုနှစ်က ဖြစ်ပွားခဲ့သော ၎င်း၏ ပထမဆုံးလေယာဉ်အရေးပေါ် ဆင်းသက်မှု အတွေ့အကြုံကို ပြန်ပြောင်းပြောပြသည်။ အရေးပေါ်အခြေအနေပြီးဆုံးပြီး လေယာဉ်မှူး၏ မျက်နှာကို မြင်တွေ့ချိန်အထိ အခြေအနေမည်မျှ ဆိုးရွားကြောင်း လော်ရာတစ်ယောက်သဘောမပေါက်ခဲ့။ “အဲဒီတုန်းကဆိုရင် ခေါင်းလေးကိုပုတ်ပြီး သွားနောက်ခန်းပြန်သွားပြီး လူတွေကို ကောင်းကောင်းမွန်မွန် ပြုံးပြနေလိုက်ဆိုတာမျိုး” ဟု လော်ရာက ပြောပြပြီး ယခုအခါ များစွာတိုးတက်လာခဲ့ပြီဟု ဆက်ပြောပါသည်။
အမေရိကန်နိုင်ငံတွင် ၁၉၈၉ ခုနှစ် အိုကာရီယိုလေကြောင်းခရီးစဉ် (၁၃၆၃)လေထဲပျံတက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်နောက်ခန်းဝန်ထမ်းများ၏ အခန်းကဏ္ဍ သိသိသာသာကျယ်ပြန့်လာခဲ့သည်။ နောက်ပိုင်းစုံစမ်းစစ်ဆေးမှုအရ လေယာဉ်အတောင်ပံတစ်ခုပေါ်တွင် ရေခဲများကို လေယာဉ်မယ်တစ်ဦးက မြင်တွေ့ခဲ့သော်လည်း လေယာဉ်မှူးသိမှာပဲဟု ယူဆပြီး ထုတ်ပြောခြင်း မပြုခဲ့။ ထိုအချိန်မှစ၍ အမေရိကန် ဖက်ဒရယ်လေကြောင်းအာဏာပိုင်အဖွဲ့က လေယာဉ်အနောက်ခန်းဝန်ထမ်း အရင်းအမြစ် စီမံခန့်ခွဲမှု အစီအစဉ်ကို သတ်မှတ်ကျင့်သုံး၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို လေယာဉ်မှူးခန်းသို့ အကြောင်းကြားခြင်းနှင့် ၀ါရင့်လေယာဉ်မှူးများအား စိန်ခေါ်ခွင့်များပင် ပေးခဲ့သည်။
ယင်းအတွေးအခေါ်မှာ အရေးပေါ် အခြေအနေများတွင် ကယ်ဆယ်ရေးလုပ်ခွင့်ကို လေယာဉ်နောက်ခန်းဝန်ထမ်းများအား အပ်နှင်းထားသည်။ သို့သော် အေးရှားနားလေယာဉ်ခရီးစဉ်(၂၁၄) ဆန်ဖရန်စစ္စကိုလေဆိပ်၌ ဆင်းသက်စဉ် ပျက်ကျရာတွင် လေယာဉ်မှူးများက ကယ်ဆယ်ရေးလုပ်ငန်းများကို စက္ကန့် ၉၀ ဆိုင်းငံ့ထားရန် အမိန့်ပေးခြင်းနှင့် မီးလောင်နေကြောင်း နောက်ခန်းဝန်ထမ်းများက ပြောကြားမှသာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ခြင်းအတွက် အေးရှားနားလေယာဉ်မယ်များတွင် အထက်ပါလုပ်ပိုင်ခွင့်များရှိသည်လားဆိုသည်ကို မစ္စစ်ဘရင်လင်ဂါကို တွေးတောမိစေသည်။
“သူတို့မှာ ကွဲပြားတဲ့အထက်အမိန့် အဆင့်ဆင့်လိုက်နာမှုတစ်မျိုးရှိတယ်။ လေယာဉ်မှူးခွင့်ပြုချက်မရဘဲ ဘာမှလုပ်လို့မရဘူးဆိုတာ သေချာပါတယ်” ဟု မစ္စစ်ဘရင်လင်ဂါကဆိုပြီး “ကျွန်မရဲ့ စိတ်ထဲမှာတော့ လေယာဉ်ကို ကယ်ဆယ်ရေးချက်ချင်းလုပ်ရမယ်ဆိုတာ သံသယမရှိဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
မစ္စစ်ဘရင်လင်ဂါမှာ ယခုအချိန်တွင် ကိုရီးယားလေကြောင်းမှ လေယာဉ်မယ်များ မည်သို့ခံစားနေရနိုင်သည်ကိုလည်း ခံစားနိုင်ပါသည်။ ၎င်းကိုယ်တိုင်လည်း ၁၉၈၉ ခုနှစ်က ပစိဖိတ်သမုဒရာပေါ်တွင် ပျံသန်းရင်းလေယာဉ် ကုန်စည်ခန်းတံခါးပွင့်ထွက်၍ ခရီးသည်ကိုးဦးလွင့်စဉ်သေဆုံးခဲ့သော ဘိုးရင်း-၇၄၇ လေယာဉ်ပေါ်တွင် ရှိနေခဲ့ဖူးသည်။
ယူနိုက်တက်လေကြောင်း လေယာဉ်ခရီးစဉ် (၈၁၁) ၏ ကြေကွဲစရာဖြစ်ရပ်အပြီး မစ္စစ်ဘရင်လင်ဂါမှာ ယင်းမတော်တဆမှုအပြီး စိတ်ဒုက္ခဝေဒနာကြောင့် လေယာဉ်ပေါ်ပြန်တက်ရန် အချိန်လေးနှစ်ကျော် ကြာမြင့်ခဲ့သည်။
“အရေးပေါ်အခြေအနေကို ကိုင်တွယ်ရတာက အလွယ်ကူဆုံးအစိတ်အပိုင်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ မင်းကို ဒီအတွက် လေ့ကျင့်ထားတယ်လေ။ ကယ်ဆယ်ရေး လုပ်ရုံပဲ” ဟု ၎င်းကဆိုပြီး ဘ၀ကို ရှေ့ဆက်ရန်ပင် ရုန်းကန်ခဲ့ရသည်ဟု မစ္စစ်ဘရင်လင်ဂါကပြောသည်။
Ref:7daynewsjournal
Ref:7daynewsjournal
အေးရှားနားလေယာဉ်ခရီးစဉ် (၂၁၄)ပေါ်တွင် နောက်ခန်းဝန်ထမ်း လေယာဉ်မယ် ၁၁ ဦးနှင့် လေယာဉ်မောင်တစ်ဦးပါဝင်ပြီး ၎င်းတို့၏ အသက်အရွယ်မှာ ၂၁ နှင့် ၄၂ နှစ်ကြား ရှိသည်။ မတော်တဆမှုကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်အတွင်း မည်သည့်သတင်းအချက်အလက်မှ မျှဝေခြင်းမပြုရန် အမျိုးသားသယ်ယူပို့ဆောင်ရေး လုံခြုံမှုဘုတ်အဖွဲ့က ညွှန်ကြားထား၍ အေးရှားနားလေယာဉ်အမှုထမ်းများ၏ အရေးပေါ် အခြေအနေလေ့ကျင့်မှု နာရီပမာဏကို ထုတ်မပြောနိုင်ပါဟု လေကြောင်းမှ ပြောခွင့်ရအမျိုးသမီး လီဟိုမင်းကဆိုပါသည်။
သို့သော်လည်း လွန်ခဲ့သော ရှစ်နှစ်က အေးရှားနားလေယာဉ်တွင် တစ်နှစ်ကြာအလုပ်လုပ်ခဲ့ပြီး ခရီးသွားအတွေ့အကြုံများကို အွန်လိုင်းဘလော့ဂ်ပေါ်တွင် ဓာတ်ပုံများတင်ဆက်ထားသော ဆစ်ဒနီမြို့အခြေစိုက် ခရီးသွားလုပ်ငန်း အတိုင်ပင်ခံ ဂျင်ကာမီလာလင်းက သူတို့တက်ခဲ့ရသော သီတင်းတစ်ပတ်ကြာ လေ့ကျင့်မှုမှာ ပြင်းထန်ကြောင်းပြောပြသည်။
“ရေထဲမှာ အသေကောင်လို မလှုပ်မယှက်ဖြစ်နေတဲ့ လူတစ်ယောက်ကို လက်တစ်ဖက်ကဆွဲ ရေကူးပြီး ကျွန်မတို့ကိုယ် ကျွန်မရော၊အဲဒီမလှုပ်မယှက်ကိုရော လှေပေါ်ဆွဲတင်တာမျိုးတွေ လေ့ကျင့်ခဲ့ရတယ်” ဟု မစ္စစ်လင်းက ပြောသည်။
ရုပ်ရည်ရူပကာနှင့် အပြင်အဆင်စံနှုန်း သတ်မှတ်မှုများလည်း မြင့်မားပါသည်။ အသက် ၂၃ နှစ်တွင် အလုပ်သွားလျှောက်သော မစ္စစ်လင်းကို အစပထမတွင် အေးရှားနားရုံးက အသက်ကြီးလွန်းသည်ဟု ဆိုခဲ့သည်။ လူတွေ့စစ်ဆေးချိန်တွင် မစ္စစ်လင်းမှာ စကတ်တိုတိုကို မည်သည့်ခြေအိတ်မှမပါဘဲ ၀တ်ပြရသည်။ လေယာဉ်မယ်သင်တန်းကျောင်းတွင် ဆံပင်၊ မိတ်ကပ်နှင့် အနေအထိုင် ပုံစံများ လေ့ကျင့်သည်။ လေယာဉ်ခရီးစဉ်အတွင်း လေယာဉ်နောက်ခန်း မန်နေဂျာက လေယာဉ်မယ်များဝတ်စုံနှင့် လိုက်ဖက်သော လက်သည်းဆိုးဆေး ဆိုးထားခြင်း ရှိ၊ မရှိနှင့် ခါးစည်းအ၀တ်များကို စနစ်တကျမီးပူတိုက်ထားခြင်း ရှိ၊ မရှိကအစ စစ်ဆေးသည်။
လေယာဉ်မယ်များမှာ အမြင် တင့်တယ်ဖို့ လိုအပ်ပါသည်။ သို့ သော် ဆန်ဖရန်စစ္စကိုတွင် လေယာဉ်မတော်တဆမှု၌ မီးလောင်သွားသော လေယာဉ်ပြင်ပတွင် စကတ်များနှင့်တွေ့ရသော လေယာဉ်မယ်များကို တွေ့ရချိန် အေးရှားနားသမဂ္ဂက တောင်းဆိုသော
ဘောင်းဘီရှည်ကိစ္စ အောင်မြင်စေလိုကြောင်း မစ္စစ်ကာမီလာလင်းက ပြောပါသည်။
“တကယ်လို့သာ စကတ်ဝတ်ထားတာဟာ ဘောင်းဘီဝတ်တာထက်ပိုပြီး လူတွေရဲ့ အသက်ကို ကယ်တင်နိုင်မယ်ဆိုတဲ့ အထောက်အထားရှိရင် သူတို့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ စကတ်ပဲဝတ်ခိုင်းထားရပါလိမ့်မယ်။ အကယ်၍များ ကျွန်မ မီးလောင်နေတဲ့ လေယာဉ်ထဲမှာ ပိတ်မိနေတယ်ဆိုရင်တော့ ကျွန်မကို ကယ်ဆယ်ဖို့ လုပ်နေတဲ့ လေယာဉ်မယ်ဟာ သူ့ရဲ့ သွားတွေမှာ နှုတ်ခမ်းနီတွေပေနေလား၊ ဆံပင်တွေ မသပ်မရပ်ဖြစ်နေလားဆိုတာကို ကျွန်မ ကြည့်နေမှာ မဟုတ်ပါဘူး” ဟု မစ္စစ်ကာမီလာလင်းက အဆုံးသတ်စကားဆိုသည်။
—Ref: Asiana flight attendents make news with bravery
Ref:7daymyanamr news
No comments:
Post a Comment