မှတ်ပုံတင် ပြနိုင်တော့လည်း ရွှေသိမ်းချင်ပြန်တယ်
အယ်ဒီတာခင်ဗျား...ကျနော်တို့ ကချင်ပြည်နယ်က ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသဆိုတာ တကယ်ခေါင်းပါးတဲ့ နေရာဒေသ ဖြစ်ပါတယ်။ ကျနော်တို့နယ်က စပါးအထွက်နည်းလို့ ဘိုးစဉ်ဘောင်ဆက် ဆန်ဒုမ့်တောင်ကြီး ကျော်ပြီး အသွားအပြန် ၁၀ ရက်ကနေ ၁၃ ရက်ရှိတဲ့ နောင်မွန်းမြို့နယ်၊ မဂွေဇ စခန်းကနေ ခေါင်လန်ဖူးမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ နိုင်ငံတော် ဝန်ထမ်းတွေအတွက် ရိက္ခာ (ဆန်၊ ဆီ၊ ဆား) တွေကို နှစ်တိုင်း တနှစ်လျှင် ၂ ခါထက် မနည်း မိမိရိက္ခာဖြင့် အခမဲ့ ထမ်းပြီး နိုင်ငံတော် အစိုးရကို ပံ့ပိုးလာခဲ့တဲ့ တိုင်းရင်းသားလူမျိုးတွေ ဖြစ်ပါတယ်။
ကျနော်တို့က ဗမာစကား ကောင်းကောင်း မပြောတတ်ပါဘူး။ တောင်ပေါ်မှာဘဲ ကြီးပြင်းခဲ့ပါတယ်။ ကျနော်တို့ကတောင်ပေါ်ကနေ ၃ ၊ ၄ ခေါက်လောက် မြို့ပေါ်ကို လာရပါတယ်။ အဲဒီအခေါက်တိုင်းမှာလည်း တနေရာမဟုတ်ရင် တနေရာ အစိုးရဂိတ်တွေမှာ မှတ်ပုံ တင်ပြလိုက်တာနဲ့ တောင်ပေါ်သားမှန်း သိလိုက်တာနဲ့ အမျိုးမျိုး ချိန်းခြောက် ပိုက်ဆံ တောင်းပါတယ်။ ပစ္စည်းတွေကို လုယူတယ်။ ပြီးတော့ ကားသမားတွေလည်း ကားခတွေ ပိုယူလေ့ရှိ ပါတယ်။
လွန်ခဲ့တဲ့ ဧပြီလ ၂၄ ရက် တနင်္လာနေ့မှာ ကျနော်တို့ ကချင်တိုင်းရင်းသား ရဝမ်လူမျိုး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးတို့က ခေါင်လန်ဖူးမြို့နယ် ချန်လမ်ဒေသကနေ တရုတ်နယ်စပ် ကမ်ပိုင်တီ ကားလမ်းအတိုင်း မြစ်ကြီးနားမြို့သို့ကျောင်းသူ/ကျောင်းသားတွေကို လိုက်ပို့ခဲ့ပါတယ်။
ကျနော်တို့ ငါးဦးမှာ ကမ်ပိုင်တီကနေ မြစ်ကြီးနားထိ “ဂျီးဖော့မြေ” မော်တော်ယာဉ်အသင်းက ကချင်အထူးဒေသ (၁) ကန်ပိုင်တီ-ဝိုင်းမော်-မြစ်ကြီးနား အဝေးပြေးဆွဲတဲ့ ကားနဲ့ ကျပ် ၂ သိန်း ပေးပြီး လာခဲ့ပါတယ်။
မြစ်ကြီးနားမြို့ ဧရာဝတီမြစ် ဖြတ်ကူးတဲ့ ဗလမင်းထင် တံတား (ဝိုင်းမော် ဘက်ခြမ်း)က အစိုးရရဲ့ စစ်ဆေးရေးဂိတ်ရောက်တဲ့အခါ ရဲတပ်ကြပ်တဦးနဲ့ ရဲတပ်သား ၄ ဦးတို့က ကားပေါ်ကနေ ဆင်းခိုင်းပြီး နိုင်ငံသားမှတ်ပုံတင် စစ်ဆေးစဉ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို စစ်ဆေးခဲ့ပါတယ်။
ကျနော်တို့က ခေါင်လန်ဖူးမြို့နယ်က ဖြစ်ကြောင်း၊ ကျောင်းသား လိုက်ပို့ရင်း ပစ္စည်း နည်းနည်းပါးပါး လာဝယ်တာဖြစ်ကြောင်း ကောင်းကောင်း မွန်မွန်ရှင်းပြခဲ့ပါတယ်။
ဒါပေမယ့် သူတို့က ကျနော်တို့ဆီက ရွှေ ၄၊ ၅ ကျပ်သား တွေ့တဲ့အခါ “ဒီရွှေတွေက နိုင်ငံတော် အစိုးရမှ လုံးဝ တားမြစ်ထားတဲ့ ပစ္စည်းဖြစ်တယ်။ လုံးဝ ဒါတွေကို တားဆီးဖို့ အထက်က အမိန့်ရှိပါတယ်။ ဒါကြောင့် သိမ်းတာ
ဖြစ်တယ်” ဆိုပြီး ရွှေ ပါသမျှကို သိမ်းယူခဲ့ပါတယ်။
ကျနော်တို့ ဒေသမှာက ဆန်စပါး စိုက်လို့ မကောင်းတဲ့ ရေခဲတောင် ဒေသမှာ နေထိုင်ကြတဲ့အတွက် ဘိုးစဉ်ဘောင် ဆက်ကနေ အခုထိ ရွှေတူးပြီး ရရှိတဲ့ ရွှေတွေနဲ့ ဆန်ကို လဲလှယ်စားသောက်နေရတာ ဖြစ်ပါတယ်။
ခေါင်လန်ဖူးမြို့နယ် ချန်လမ်ဒေသကနေ ပူတာအိုလမ်းအတိုင်း သွားမယ်ဆိုရင် တောတောင် အထပ်ထပ်
ကိုကျော်လွားပြီး လနှင့် ချီပြီး သွားရတာကြောင့် ကျနော်တို့ အမြဲတမ်းသွားနေတဲ့ ကမ်ပိုင်တီ-ဆဒုံးကားလမ်းအတိုင်း လာရတာ ဖြစ်ပါတယ်။
ကျနော်တို့ဒေသက ပညာရေး အလွန်နိမ့်ကျလို့ ကလေးတွေ ပညာရေးအတွက် မြစ်ကြီးနားမြို့ပေါ် ကျောင်းထားတာဖြစ်လို့ လမ်းစရိတ်လည်း ကြီးမားတာကြောင့် “ကျေးဇူးပြုပြီး ရွှေ မသိမ်းပါနဲ့ ရွှေသိမ်းမယ်ဆိုရင် ကျနော်တို့ကို သတ်ပစ်တာနဲ့ တူကြောင်း၊ ဒီရွှေ ရောင်းပြီး ကလေး ကျောင်းစရိတ် သုံးရမယ်။ မသိမ်းပေးပါနဲ့” လို့ အကြိမ်ကြိမ်တောင်းခံခဲ့ပေမယ့် နောက်ဆုံး ဒဏ်ငွေအနေနဲ့ ကျပ်ငွေ ၉၀,၀၀၀ (ကိုးသောင်း)
အတင်း တောင်းခံလို့ပေးလိုက်ရပါတယ်။
ပိုက်ဆံ ပေးတဲ့အချိန်မှာ ဒီစစ်ဆေးရေးဂိတ်က တပ်ကြပ် (အဲဒီမှာ ရာထူးအကြီးဆုံး) ဆိုသူက ကားနောက်ဖက်ကိုခေါ်သွားပြီး သူ့ရဲဘော်တွေ မတွေ့အောင် ပေးခိုင်းပါတယ်။ “ရဲဘော်တွေကို မပြောလိုက်နဲ့” လို့ ပြောပြီး ပိုက်ဆံ ယူသွားတာ ဖြစ်ပါတယ်။ တကယ်ပဲ ကြေကွဲရတယ်။
ခေါင်လန်ဖူးမြို့နေ တောင်ပေါ်သားတဦး
http://www.mizzimaburmese.com/edop/letters-to-editor/11451-2013-04-29-09-12-39.html
ဆရာမ တယောက်အတွက် လျော်ကြေး
ငယ်စဉ်က ကျမရဲ့အိမ်မက်ဟာ ပညာတတ်အောင်သင်ပြီး မိဘတွေကို ကောင်းကောင်း ထားနိုင်စေမယ်လို့ ရည်မှန်းခဲ့ တာပါ။ အဲဒီခေတ်က ကျမတို့နယ် တခုလုံးမှာ ကွန်ပျူတာကျောင်း ဝင်ခွင့်ရတာဆိုလို့ ကျမတယောက်ပဲ ရှိပါတယ်။မွေးရပ်မြေမှာတော့ ဂုဏ်ဆောင်သူတယောက် ဖြစ်ခဲ့သလို နောက်က ကျောင်းသူကျောင်းသားတွေ အတွက်လည်း စံပြတယောက် ဖြစ်ခဲ့ပါတယ်။ ကျမ မိဘတွေဟာလည်း သာမန် ဝန်ထမ်းတွေဖြစ်ပေမယ့် ကုန်ကျစရိတ် ကြီးလှတဲ့ ဒီကျောင်းကို ၇ နှစ် ကျော်သည်ထိ ထားပေးခဲ့ပါတယ်။
Master (မဟာ)ဘွဲ့ ရပြီးနောက်မှာ ကျမဟာ ကွန်ပျူတာတက္ကသိုလ်မှာ လစာ သုံးသောင်းကျော်နဲ့ စတင်ပြီး လေးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ခန့်စာ ရတုန်းကဆို မိဘတွေမှာ သူတို့သမီး တက္ကသိုလ်ဆရာမ ဖြစ်ပြီဆိုပြီး အတိုင်းမသိ ပျော်ခဲ့ပါတယ်။
တာဝန် ထမ်းဆောင်စဉ် ကာလတလျှောက်လုံး နယ်စွန်နယ်ဖျားပါမကျန် ကျရာအရပ်မှာ ဝန်ထမ်းစည်းကမ်းနဲ့အညီနေထိုင်ခဲ့သလို တပည့်ကျောင်းသားကျောင်းသူတွေ အပေါ်မှာလည်း တတ်သည့်ပညာ အိတ်သွန်ဖာမှောက် သင်ခဲ့ပါတယ်။
ဒါပေမယ့် ကွန်ပျူတာ တက္ကသိုလ်ဆရာမ အလုပ်ဟာ မိသားစုကျမဘဝမှာ တက္ကသိုလ်ဆရာမ ဆိုတာ တခုကလွဲရင် အရာအားလုံး ဆုံးရှုံးပြီး စိတ်ဓာတ်လည်း တဖြေးဖြေး ကျလာခဲ့ပါတယ်။ အဆင်ပြေတဲ့ သူတွေအတွက်သာ သင့်တော်တယ် ဆိုတာ အလုပ်လုပ်နေရင်းနဲ့မှ သိလာခဲ့ပါတယ်။
တာဝန်ထမ်းဆောင်စဉ် ကာလတလျှောက်လုံး ကျမ မိဘတွေကပဲ လစဉ် ငွေပို့ခဲ့ရတယ်။ အိမ်က ပို့တဲ့ ငွေကို သွားထုတ်ရတိုင်း မျက်ရည်ကျခဲ့ရပါတယ်။
ဝန်ထမ်း စလုပ်တုန်းကတော့ တနေ့ Ph.d တက်မယ်လို့ တွေးခဲ့ပေမယ့်လေ Ph.d ပြီးဖို့အပြင်ကို ၁၅ သိန်း အသားတင်
ပေးရတယ်ဆိုတာနဲ့တင် အဲဒီအစီအစဉ်ကို ဖျက်ခဲ့ပါတယ်။
လေးနှစ်ကျော်မှ လစာ ငါးသောင်းကျော် ရပေမယ့် အဲဒီလစာနဲ့ မလောက်တော့ ကျမကိုယ်တိုင် အလုပ်ထွက်မယ်
ပြောပေမယ့် မိသားစုက သူတို့ပို့ပေးပါ့မယ် ဆိုပြီး တားခဲ့ကြတယ်။
ကျမဘဝမှာ တက္ကသိုလ်ဆရာမ ဆိုတာ တခုကလွဲရင် အရာအားလုံး ဆုံးရှုံးပြီး စိတ်ဓာတ်လည်း တဖြေးဖြေး ကျလာခဲ့ ပါတယ်။ ကျမ အိမ်ထောင်ကျပြီးပြန်တော့ ကျမကိုယ်ပိုင် မိသားစုအတွက်လည်း ဘာတခုမှ ကူညီပေးနိုင်ခဲ့တာ မရှိသလို မိသားစုကပဲ ဝိုင်းပြီး ငွေပို့ပေးခဲ့ရပါတယ်။ တာဝန်ကျတဲ့အရပ်နဲ့ အိမ်နဲ့ ဝေးကွာတာကြောင့် ကျမ မိသားစုဆီ တခါသွားဖို့ဆိုရင် လစာ နှစ်လစာဟာ အသွားစရိတ်ပဲ ရှိခဲ့တာပါ။ ဒါတွေကို တွေးမိတိုင်း ငါ့ကြောင့် မိသားစုတွေ အားလုံး ဝန်ထုတ်ဝန်ပိုး ဖြစ်ရတယ်လို့ ခံစားရပြီး ငိုရပါတယ်။ အဲဒီနောက် ကျမ မိသားစုမှာလည်း ငွေရေးကြေးရေး အဆင်မပြေဘဲ ကြွေးတင်နေခဲ့ရပြန်တယ်။ ဒါပေမယ့် ကျမအတွက် လစဉ်ငွေ ပုံမှန်ရောက်အောင် ပို့ပေးခဲ့ပါတယ်။ ကျမ မိဘတွေဘက်မှာလည်း ပင်စင်ယူသွားတော့ ရတဲ့ပင်စင်နဲ့ ခြံသေးသေး ဝယ်ပြီး အိမ်ကိုတော့ ချေးငှားပြီး
ဆောက်ခဲ့ရတယ်။
အဖေအမေတို့မှာလည်း အိမ်ဆောက်ရတဲ့ သူတို့အကြွေးတွေနဲ့ကြားက သမီးကို ငွေမျှပို့မယ်လို့ ပြောခဲ့ပါတယ်။ ကျမ အသက် ၃ဝ နား အရွယ်ထိ မိဘတွေ မိသားစုတွေရဲ့ အကူအညီနဲ့ပဲ ဒီအလုပ်ကို ဆက်ခဲ့ရတာပါ။ အလုပ်ပြောင်းဖို့ ကလည်း နီးစပ်ရာ ကွန်ပျူတာ တက္ကသိုလ်တွေ မရှိသလို ဝန်ထမ်းအပြောင်းဆိုတာ အားလုံးသိကြသလို မလွယ်ကူ ပါဘူး။ အလုပ်တခုရဖို့ မလွယ်တာရော၊ တတ်ထားတဲ့ပညာကို နှမြောတာရောကြောင့် တခြားဝန်ကြီှးဌာနကို ပြောင်းချင်
ပေမယ့်လည်း ဒီလိုလုပ်လို့မရဘူးလို့ သိထားပါတယ်ရှင်။ နောက်ပိုင်း ကျန်းမာရေးပါ မကောင်းတော့ ဆရာမ အလုပ်က ထွက်ခဲ့ရပါတယ်။
အလုပ်ထွက်ပြီး ဆေးကုနေစဉ်မှာပဲ ကျမ တာဝန် နောက်ဆုံးထမ်းဆောင်ခဲ့တဲ့ ကွန်ပျူတာ တက္ကသိုလ်ကနေ
လျော်ကြေးငွေ တောင်းစာတွေ ရောက်လာတော့တာပါပဲ။ မိဘတွေ၊ မိသားစုတွေ၊ မောင်နှမတွေဆီ ဒီစာတွေ
ရောက်လာပါတယ်။ လေးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တာတောင် Master နဲ့အလုပ်ထွက်လို့် ဆိုပြီး သိန်း ၃ဝ ကျော် အတောင်းခံရပါတယ်။
ဒီလောက် ကျန်းမာရေးပါ ထိလောက်သည်ထိ ပေးဆပ်ခဲ့တာတောင် ဒီလိုလုပ်ပါလားဆိုပြီး အရမ်းကို စိတ်ပျက်မိပါ တယ်။ ဒီ Master ကိုတောင် အိမ်က ဆင်ထားတာလေးတွေ ထုခွဲပြီး ပြီးခဲ့ရတာပါ။ ခု ဒီအလုပ်ကနေ ထွက်လို့ အလျော်တောင်းတာမှာ ချမ်းသာလို့ ပေးနိုင်တဲ့သူတွေမှာ ပြသာနာမဖြစ်ပေမယ့် အဆင်မပြေလို့မှ အလုပ်ထွက်ထားတဲ့ ကျမတို့လို သူတွေအတွက် အရမ်းကို လွန်ပါတယ်။
အသက်ကြီးပြီး ပင်စင်စား မိဘနှစ်ပါးမှာ အိမ်ဆောက်တာနဲ့တင် အကြွေးကိစ္စကြောင့် စိတ်ညစ်နေရတာပါ။ လျော်ကြေး အကြွေးတောင်းတာက တခေါက်မှာတော့ ပတ်ဝန်းကျင်မှာ ကျမမိဘတွေကို အရှက်ရအောင် ပြောဆိုသွားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကျမမိခင်က နဂို ရောဂါအခံကလည်း ရှိတော့ ဆေးရုံတင်ခဲ့ရပါတယ်။ မိဘ ဆေးရုံတင်တယ် ကြားတော့
နေမကောင်းတဲ့ ကျမလည်း အမေ့ဆီ သွားဖို့ လုပ်ပါတယ်။ အဲဒီအခြေအနေမှာတောင် အဲဒီ လျော်ကြေးကိစ္စက
ဆေးရုံထိ လာတောင်းမယ်လို့ ဆိုပါတယ်။
စဉ်းစားကြည့်ပါရှင်…။ ဒီလိုအခြေအနေမှာ ကျမ ဘာဆက်လုပ်ရမလဲ။ ကျမလိုပဲ ဘဝတူ သူငယ်ချင်းဆရာမတွေလည်း အဲလိုပြဿနာတွေနဲ့ ရင်ဆိုင်နေရလို့ စိတ်ဓါတ်ကျဆင်းပြီး မိသားစုတွေပါ စိတ်ညစ်နေရပါတယ်။
အမြဲပဲ အကြွေးတောင်းသလို တောင်းနေတာတွေကို ဖြေရှင်းပေးစေလိုပါတယ်။ မိဘပေးလိုက်တဲ့ ပညာအမွေနဲ့ အလုပ်မှာလည်း ကြိုးစားခဲ့တဲ့ အသီးအပွင့်ရဲ့ရလဒ်က ဒါပဲလားရှင်။
ဒါကြောင့် သက်ဆိုင်ရာ လူကြီးများအနေနဲ့ ဒီပြဿနာတွေကို လူသားချင်းစာနာပြီး ဖြေရှင်းပေးစေလိုပါတယ်။ ကျမလို ဘဝတူ ညီအမများလည်း ဒီပြဿနာတွေကြောင့် စိတ်ဆင်းရဲရခြင်းမှ ကင်းဝေးစေလိုပါတယ်ရှင်…။
ဆရာမဟောင်းတဦး
http://www.mizzimaburmese.com/edop/letters-to-editor/9958-2012-08-27-12-45-02.html
Ref:mizimaburmese
Credit @ Ko Nge
No comments:
Post a Comment