ဗူးလေးရာ ဖရုံဆင့်၊ တပူပေါ်တပူဆင့် ဆိုသလို ၂ဝ၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့၊ နေ့လည်ပိုင်းမှာ ရုတ်တရက် ဖြစ်ပေါ်ခဲ့တဲ့ ပြင်းအားကြီး သဘာဝ ငလျင်ဘေးကြီးက ချက်ချင်းဆိုသလို ၁ဝ မီတာကျော်မြင့်တဲ့ ဆူနာမီ ရေလှိုင်းကြီးကို ဖန်တီးဖြစ်ပေါ်စေခဲ့ပါတယ်။ ကြီးမားတဲ့ ရေလှိုင်းတံပိုးကြီးအောက်မှာ လူ့အသက်ပေါင်းများစွာ သေကြေစေခဲ့ပါတယ်။ အိမ်ခြေများစွာ၊ ရထား၊ သင်္ဘောတွေနဲ့ လေယာဉ်တွေကိုပါ အရုပ်ကလေးတွေပမာ ကစဥ့်ကလျား ပျံ့ကျဲဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒါတွေနဲ့အတူ ဖူကူရှီးမား နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်စက်ရုံတွေကိုပါ ပျက်စီးစေခဲ့တဲ့အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသာမက နျူကလီးယား ဓာတ်ရောင်ခြည် ပျံ့နှံ့မှုတွေကို ဖြစ်စေခဲ့တာမို့ ကံကြမ္မာဆိုး အန္တရာယ်တွေ ဆက်တိုက်ကြုံတွေ့ နေကြရပါတယ်။
ဘာကြောင့် ငလျင်ဖြစ်ပေါ်တယ်ဆိုတဲ့ ဆူနာမီအကြောင်းနဲ့ နျူကလီးယားအကြောင်း သိကောင်းစရာတချို့ကို ကိုဘိုဘိုကျော်ငြိမ်း ရေးသားတင်ဆက်ခဲ့ပါပြီ။
နျူကလီးယား အဏုမြူရောင်ခြည်သင့်မှုဆိုတာ မမြင်ရတဲ့ အန္တရာယ်ပါ။ အဏုမြူ နျူကလီးယား ပေါက်ကွဲမှု ပြင်းထန်အားကိုတော့ မြင်နိုင်ပါတယ်။ သာဓကအနေနဲ့ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါစကီး မြို့နှစ်မြို့လုံး အဏုမြူဗုံးဒဏ် ခံခဲ့ရတာတွေကို ကြည့်ပါ။
နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်ထုတ်ရေး စက်ရုံတွေမှာ အခြေခံအသုံးပြုတဲ့ ရေဒီယို ဓာတ်သတ္တိရှိ သတ္တုတွေဖြစ်တဲ့ ယူရေနီယမ်၊ ပလူတိုနီယမ် စတဲ့ ဓာတ်သတ္တုချောင်း Nuclear Fuel Rods လောင်စာတွေကို ရေအေးနဲ့စိမ်ပြီး အမြဲထားရတာ ဖြစ်ပါတယ်။ နျူကလီးယား ဓာတ်ပြုမှု (Nuclear Fusion) (Nuclear Fission) တွေမှာ ထွက်တဲ့ အပူစွမ်းအင်ကြောင့် ရေနွေးငွေ့သုံး အင်ဂျင်တာဘိုင်တွေကို လည်ပတ်စေပြီး၊ လျှပ်စစ်ဓာတ် ထုတ်လုပ်နိုင်သလို အန္တရာယ်ကြီးတဲ့ နျူကလီးယား လောင်စာချောင်းတွေကို ရေအေးနဲ့ အအေးခံထိမ်းချုပ်မှု မလုပ်နိုင်ခဲ့ရင် အခုဖြစ်နေတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
နျူကလီးယား အဏုမြူ ဓာတ်ရောင်ခြည်သင့်မှုဆိုတာ
ပထမဆုံးအနေနဲ့ ရှင်းပြချင်တာက နျူကလီးယား ဓာတ်ရောင်ခြည် ဆိုတာကိုပါ။
ယူရေနီယမ်၊ ပလူတိုနီယမ်၊ ရေဒီယမ် စတဲ့ ရေဒီယိုဓာတ်သတ္တိကြွ သတ္တုတွေဟာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဓာတ်ရောင်ခြည် နဲ့ အင်မတန်သေးငယ်တဲ့ အမှုန် (အဏုမြူ) တွေကို ထုတ်လွှတ်ပါတယ်။
ခေတ်မီသိပ္ပံ တွေ့ရှိချက်အရ ဓာတ်ရောက်ခြည်ပျံ့နှံ့မှု မှာ အဓိက ၂ မျိုးအဖြစ် လျှပ်စစ်သံလိုက် ရောင်ခြည်ပျံ့နှံ့မှု (အီလက်ထရိုမက်ဂနက်တစ်) (ဖိုတွန်) နန့် အမှုန့်အမွှား ရောင်ခြည်ပျံ့နှံ့မှုဆိုပြီး ရှိရာမှာ ဓာတ်မှန်ရောင်ခြည်၊ ဂါမာရောင်ခြည်တွေဟာ အီလက်ထရိုမက်ဂနက်တစ် ဖိုတွန်ရေဒီရေးရှင်းတွေ ဖြစ်ပါတယ်။
ဂါမာရောင်ခြည်ဆိုတာ ရေဒီယိုဓာတ်သတ္တိကြွပစ္စည်း အိုဆိုတုပ်တွေက ထုတ်လွှတ်တဲ့ ရောင်ခြည်ပါပဲ။ အမှုန့်အမွှား ရောင်ခြည်ပျံ့နှံ့မှု ကျတော့ အက်တမ်ထဲက၊ အီလက်ထရွန်၊ ပရိုတွန်၊ နယူထရွန်ဖီ၊ မီဆွန်စတဲ့ အမှုန့်တွေ ဖြစ်ပါတယ်။
အီလက်ထရွန် (e) အမှုန့် (သို့) ဘီတာအမှုန့်တွေဟာ အမဓာတ်တွေ ဖြစ်ပြီး၊ အလွန်သေးငယ်တဲ့ အရွယ် (9.1 x 10-31 kg) နဲ့ အလင်းသွားနှုန်း အမြန်ထိ အရှိန်ရှိပါတယ်။ နယူထရွန်အမှုန့်(2000 x e) အရွယ်နဲ့ ပရိုတွန်အမှုန့်တွေမှာ စွမ်းအင်နိမ့် နယူထရွန်(n)နဲ့၊ ပရိုတွန်(p) ရယ်၊ စွမ်းအင်မြင့် နယူထရွန်၊ ပရိုတွန်ဆိုပြီး ရှိပါတယ်။ ပရိုတွန်ဟာ အဖိုဓာတ်ဆောင်အမှုန့် ဆိုတာ စွမ်းအင်မြင့် ဓာတ်ရောင်ခြည်ပျံ့နှံ့မှုကို ဖြစ်စေပါတယ်။
နောက်ဆက်ပြီး ဓာတ်ရောင်ခြည်သင့်မှု ပမာဏကိုလည်း အနည်းငယ် ရှင်းပြပါရစေ။
ပထမဆုံး စတင်သုံးခဲ့တဲ့ ဓာတ်ရောင်ခြည် ထိတွေ့မှုတိုင်းထွာမှု ယူနစ်ကို (ရွန်ဂျင်) လို့ သတ်မှတ်ခဲ့ပါတယ်။ ၁၈၉၅ ခုနှစ်မှာ X-Ray ရောင်ခြည်ကို စတင်တွေ့ရှိခဲ့တဲ့ ဝီလဟမ် ရွန်ဂျင်ဆိုသူ သိပ္ပံပညာရှင်ကို ဂုဏ်ပြုတဲ့အနေနဲ့ သတ်မှတ်ခဲ့တာပါ။ စံပြုထားတဲ့ လေထုတည် ပမာဏအတွင်းမှာ အိုင်ယွန်နိုင်ဇေးရှင်း (လျှပ်စစ်အဖို၊ အမဓါတ်ဆောင်အမှုန့်) ဖြစ်စေတဲ့ X.R (သို့) ဂါမာရောင်ခြည်ရဲ့ ပမာဏကို I (R) ရွန်ဂျင်လို့ ယူဆပါတယ်။ နောက်ထပ်ပေါ်ခဲ့တဲ့ ယူနစ်က (RAD) (ရက်ဒ်) ဖြစ်ပါတယ်။ တစ်ရှုး (၁) ဂရမ်ပေါ် ကျရောက်စုတ်ယူစေနိုင်တဲ့ စွမ်းအင် ၁ဝဝ အပ်ဂ် (100 Ergs) (1 Ergs = 10-7 J) ကို (one) RAD (Radiation Abs- orbed Dose) = (1) rad လို့ ခေါ်ပါတယ်။ XR (အိတ်စရေ) (၁) ရက်ဒ် one rad unit ဟာ (၁) ရွန်ဂျင်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းကာလတွေမှာ သိပ္ပံယူနစ် SI unit ကို ပြောင်းလဲသုံးစွဲကြတဲ့အခါ ဂရေး (Gray) (Gy) ကို သုံးပြီး (၁) ဂရေးယူနစ်ဟာ (၁ဝဝ) rad unit နဲ့ တူညီပါတယ်။
ဓာတ်ရောင်ခြည်ကြောင့် ဇီဝတုံ့ပြန်မှုတွေတစ်ရှုးတခုနဲ့တခု မတူတာကြောင့် ဓာတ်ရောင်ခြည် ရေဒီရေးရှင်းအမျိုးမျိုးကို နှိုင်းယှဉ်ဖော်ပြဖို့ (rem) ရင်မ် (roentgen equivalent in man) ဆိုတာကို ပြောင်းလဲသုံးစွဲခဲ့ပါတယ်။ ခုနောက်ဆုံးသုံးတဲ့ သိပ္ပံယူနစ်ကတော့ (စီးဗတ်) (Sievert) (Sv) ဖြစ်ပြီး (၁) စီးဗတ်ယူနစ်ဟာ (၁ဝဝ) (ရင်မ်) (rem) နဲ့ ညီမျှပါတယ်။
ရင်မ် (rem) နဲ့ စီးဗတ် (Sv) တို့ဟာ ကြီးမားတဲ့ ယူနစ်တွေဖြစ်တာကြောင့် သေးငယ်တဲ့ ဓာတ်ရောင်ခြည် ထိတွေ့ခံရမှုကို တိုင်းထွာရာမှာတော့ မီလီရင်မ် (millirem) (mrm)၊ မီလီစီ ဗတ် (milli-sievert) (mSv) ဆိုတာ သုံးလေ့ရှိပါတယ်။
၁ မီလီရင်မ် (mrm)=10-3 rem [(1-rem) ရဲ့ တထောင်ပုံ တပုံ]၊ သိပ်ပမာဏနည်းရင် သုံးတဲ့ (၁) မိုက်ကရိုစီးဗတ် ဆိုတာ (၁) ယူနစ်စီးဗတ်ရဲ့ ၁ သန်းပုံ ၁ ပုံ (1-U sievert = 10-6 Sievert (Sv)) ဖြစ်ပြီး 1 mrm (millirem) ဟာ 10 USv (microsievert) နဲ့ ညီမျှပါတယ်။ (U သင်္ကေတ) ဆိုတာ micro ပါ။
ရေဒီရေးရှင်း ဓာတ်ရောင်ခြည် (အဏုမြူရောင်ခြည်) သင့်မှု ပမာဏဟာ ၄ မှ ၅ စီးဗတ် (4-5 Sv) = 400-500 rem ဆိုရင် လူကို သေစေနိုင်ပါတယ်။
နျူကလီးယား ရေဒီရေးရှင်း ဓာတ်ရောင်ခြည်ကြောင့် ဇီဝဓာတုပြောင်းလဲမှု ဘာတွေဖြစ်သလဲ။
အရွယ်ရောက် လူသားတယောက်ရဲ့ ခန္ဓာကိုယ်မှာ (၅ဝ) ထရီလီယံ (50 Trill- ion) ခန့် ဆဲလ် (cells) ကလပ်စည်းပေါင်း များစွာရှိပြီး၊ နျူကလီးယားဆိုတဲ့ ဆဲလ်ရဲ့ ဝတ်ဆံပမာ အစိတ်အပိုင်းဟာ ဆဲလ်တခုလုံးကို ထိန်းချုပ်ရာ ဗဟိုဌာနပါပဲ။
ရေဒီယိုဓာတ်ရောင်ခြည် (ရေဒီရေးရှင်း ဓာတ်ရောင်ခြည်) နဲ့ ထိတွေ့တဲ့အခါ ဆဲလ်ကလပ်စည်း အတွင်းမှာရှိတဲ့ DNA (ဒီအောက်ဆီရိုင်ဗိုနျူကလီရစ်အက်ဆစ်) မော်လီကျူးကို ပျက်စီးစေပြီး၊ ဆဲလ် ကလပ်စည်းကို သေစေပါတယ်။ ဆဲလ်ရဲ့ အက်တမ်က အီလက်ထရွန်တွေကို ထွက်စေတာကြောင့် အိုင် ယွန်းနှိုင်းဇင် ရေဒီရေးရှင်းလို့လည်း ခေါ်ပါတယ်။
ဓာတ်ရောင်ခြည်သင့်တဲ့အခါ ဆဲလ်ကို သေစေနိုင်တဲ့ သတ္တိရှိသလို ဆဲလ်အတွင်းမှာရှိတဲ့ မျိုးရိုးဗီဇဆိုင်ရာ ခရိုမိုဇုန်းကို ထိခိုက်ပြောင်းလဲပြီး မျိုးရိုးဗီဇပြောင်းလဲမှု (GENETIC EFFE CT - မျူတေးရှင်း) ဆိုတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ မျူတေးရှင်း Mutation ပြောင်းလဲမှုကြောင့် ဆဲလ်များ အထိန်းအချုပ်မဲ့ အဆမတန် ပွားများခြင်းဆိုတဲ့ ကင်ဆာ Cancer ဖြစ်စေပါတယ်။
နျူကလီးယား ဓာတ်ရောင်ခြည်နဲ့ အစဉ်အမြဲထိတွေ့နေတဲ့ လူသားအပါအဝင် သတ္တဝါတွေ ရုက္ခလောက (အပင်လောက) မှ အပင်တွေ။
ဒီကမ္ဘာမြေပေါ်က သက်ရှိသက်မဲ့ မှန်သမျှ လူသားမှန်သမျှဟာ အချိန်တိုင်းမှာ ဓာတ်ရောင်ခြည်နဲ့ ထိတွေ့နေကြတာပါ။ အာကာသထဲက လာတဲ့ ကော့စမစ်ရောင်ခြည် ပျံ့နှံ့မှု၊ နေရောင်ခြည်၊ မြေကြီးထဲက ဓာတ်ရောင်ခြည် (ရေဒွန်) (RADON)၊ စားသောက်တဲ့ အစားအစာ၊ ရေ၊ ရှူသွင်းထုတ်နေတဲ့ လေမျိုးစုံထဲမှာပါပဲ။ လေကြောင်းနဲ့ ခရီးသွားလာနေသူဟာ ပေပေါင်း ၃ သောင်း အမြင့်မှာ လေယာဉ်စီးနေရင်း နာရီတိုင်းမှာ 0.5 မီလီရင်မ် 0.5 mrem/hr ဓာတ်ရောင်ခြည် ပျံ့နှံ့မှုတွေနဲ့ ထိတွေ့နိုင်တာ မသိကြလို့ပါ။
တနှစ်တနှစ် ကော့စမစ်ရောင်ခြည်နဲ့ ထိတွေ့မှုဟာ ၂၈ မီလီရင်မ် mrem ရှိပါတယ်။ မြေကြီးထဲကလာတဲ့ သဘာဝ ဓာတ်ရောင်ခြည် (ရေဒန်) ဆိုတာလည်း ရှိပါသေးတယ်။ ဒါတင် မကသေးပါဘူး၊ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။ TV၊ ကွန်ပြူတာ၊ မိုက်ကရိုဝေ့ဖ်၊ မိုဘိုင်းဖုံး အားလုံးဟာ ရေဒီယို ဓာတ်ရောင်ခြည် ထုတ်လွှတ်နေတာတွေချည်းပါပဲ။ နောက်ပြီး ဆေးရုံတွေမှာဆိုရင်လည်း ဓာတ်မှန် XR ရိုက်တာတို့၊ ကင်ဆာရောဂါကို ဓာတ်ရောင်ခြည်ကြွ ရေဒီယိုအိုင်အိုတုပ်တွေနဲ့ ကုနေကြ၊ စမ်းသပ်ထိတွေ့နေကြတာ။ တာတွေကို ဘက်ဂရောင်း ရေဒီရေးရှင်းလို့ ခေါ်ကြပါတယ်။
ဒါကြောင့် လူတိုင်းလိုလို အနည်းနဲ့ အများဆိုသလို ဓာတ်ရောင်ခြည်နဲ့ ထိတွေ့နေကြတာချည်းပါပဲ။ ဒါပေမဲ့ ထိတွေ့တဲ့ ပမာဏက မများလှလို့သာ အန္တရာယ် သိပ်မရှိကြတာပါ။
နျူကလီးယား ဓာတ်ပေါင်းဖို၊ လျှပ်စစ်စက်ရုံ ပျက်စီးရင် ဘယ်လို ရေဒီယိုဓာတ်သတ္တိကြွ ပစ္စည်းတွေ ထွက်ပေါ်ပျံ့လွင့်နိုင်သလဲ?
နယူးကလီးယား ရီအက်တာ NUCLEAR REACTORS လို့ ခေါ်တဲ့ နျူကလီးယား အဏုမြူ ဓာတ်ပေါင်းဖိုတွေ ဒီကမ္ဘာမြေပြင်မှာ စတင်ပေါ်ပေါက်မလာခင်ကတော့ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အဏုမြူ ဓာတ်ရောင်ခြည် ပျံ့လွင့်မှုတွေသာ ရှိနေခဲ့တာပါ။
ရေဒီယိုဓာတ်သတ္တိရှိတဲ့ ယူရေနီယမ်၊ ပလူတိုနီယမ်စတဲ့ သတ္တုတွေ နျူကလီးယား ဓာတ်ပြုပြိုကွဲတဲ့အခါ NUCLEAR FISSION အင်မတန်ကြီးမားတဲ့ စွမ်းအင် ENORMOUS HIGH ENERGY ထုတ်လွှတ်ပေးပါတယ်။ ရေဒီယို ဓာတ်သတ္တုရှိ ယူရေနီယမ်သတ္တု (U-၁၃၅) တကီလိုဂရမ်က ထုတ်လွှတ်လိုက်တဲ့ စွမ်းအင်ပမာဏဟာ ကျောက်မီးသွေးတန် ၃ ထောင်၊ ရေနီဒီဇမ် စည်ပေါင်း တသောင်း ၄ ထောင်က ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်စွမ်းအင် ပမာဏနဲ့ ညီမျှပါတယ်။
NULCEAR FISSION ကို ၁၉၃၉ ခုနှစ်မှာ သိပ္ပံပညာရှင်တွေ စတင်တွေ့ရှိချိန်ကစပြီး နျူကလီးယား ရီအက်တာတွေ စတင်ပြုလုပ်ဖို့ စိတ်ကူးရခဲ့ကြပါတယ်။ ယူရိုနီယမ် ၂၃၅ ရေဒီယို ဓာတ်သတ္တိရှိ သတ္တုကို အရှိန်ပြင်းပြင်း နယူထရွန်နဲ့ ပြင်းထန်စွာ တိုက်မိစေတဲ့အခါ နျူကလီးယား ဓာတ်ပြုမှုတွေ ဆက်တိုက်ဖြစ်ပေါ်စေတာမို့ အဲဒီ CHAIN REACTION ကို အသုံးချပြီး ကမ္ဘာ့ပထမဆုံး နျူကလီးယား ရီအက်တာ (အဏူမြူဓာတ်ပေါင်းဖို) ကို အမေရိကန်နိုင်ငံ ရှီကာဂို တက္ကသိုလ်က ၁၉၄၂ ခုနှစ်မှာ စတင်စမ်းသပ် တည်ဆောက်ခဲ့ရာကနေ နောက်ပိုင်းမှာ နိုင်ငံတော်များများမှာ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ အလျှိုလျှို တည်ဆောက်ကြတော့တာပါပဲ။ ဒီကနေ့ထိဆိုရင် ဂျပန်နိုင်ငံမှာ နျူကလီးယား ရီအက်တာ ၅၄ ခု၊ အမေရိကန်နိုင်ငံမှာ ၁ဝ၄ ခု ရှိပြီး၊ ဂျပန်နိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်မှု ၂၉ ရာခိုင်နှုန်းကို အဲဒီနျူကလီးယား ဓာတ်ပေါင်းဖိုတွေဆီက ရယူပါတယ်။
ဆိုခဲ့တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေရဲ့ “ဆက်တိုက် နျူကလီးယား ဓာတ်ပြုမှု” CHAIN REACTION မှာ ထွက်ပေါ်တဲ့ ရေဒီယိုဓာတ်သတ္တိကြွပစ္စည်း၊ အိုင်အိုဒင်း - ၁၃၁ (I131) အိုင်အိုဒင်း ၁၂၉ (I129) စီဆီယမ် - ၁၃၇ (Cesium -၁၃၇) မထရွန်တီယမ် - ၉ဝ၊ အလူတိုနီယမ် - ၂၃၉ တို့ကို (နျူကလီးယား ဓာတ်ပေါင်းဖိုထွက် အညစ်အကြေး Nuclear လို့ ခေါ်ပြီး၊ ရေဒီယို ဓာတ်သတ္တိ ရှိနေသေးတဲ့ ပစ္စည်းတွေဖြစ်တာမို့ အန္တရာယ်ရှိပါတယ်။ အဲဒီအထဲမှာ အိုင်အိုဒင်း - ၁၃၁ (I131) ရေဒီယိုဓာတ်ကြွပစ္စည်းဟာ အခုပြဿနာပေါ်နေတဲ့ ဂျပန်၊ ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖိုကနေ ထွက်ပေါ်ပျံ့လွင့်နေပြီး၊ ၂၄.၃.၂ဝ၁၁ သတင်းအရ ဖူကူရှီးမားနယ်တဝိုက်က ထွက်တဲ့ နွားနို့၊ ဟင်းသီးဟင်းရွက် ၁၁ မျိုး - မုံညင်း၊ စပင်နစ်၊ သရက်ကော်လီ စတဲ့ ဟင်းသီးဟင်းရွက်မှာ ကျရောက်ပျံ့လွင့်နေတာ တွေ့ရရုံမက၊ တိုကျိုမြို့တော် သောက်သုံးရေတွေမှာပါ တွေ့ရတာကြောင့် အထိတ်တလန့် ဖြစ်ကုန်ကြပါတယ်။ I131 ရေဒီယို သတ္တိကြွပစ္စည်းဟာ သိုင်းရွိုက်ဂလင်း အကြိန်တ်မှာ စုတ်ယူခြင်း ခံရပြီး နောက်ပိုင်းမှာ သိုင်းရွိုက်ကင်ဆာ THYROID CANCER ဖြစ်စေပါတယ်။ ကလေးသူငယ်တွေ၊ ဆယ်ကျော်သက် အရွယ်တွေအတွက် ပိုအန္တရာယ်ရှိပြီး အသက် ၄ဝ ကျော်ရင်တော့ သိပ်မစိုးရိမ်ရဘူးလို့ သုတေသီတွေက ဆိုကြပါတယ်။
I131 ဓာတ်ကြွပစ္စည်းဟာ အများဆုံး ထွက်ပေါ်လေ့ရှိပေမယ့် ရေဒီယိုသတ္တိ တဝက်သက်တမ်း Half Life ဆိုတာ ၈.ဝ၂ ရက်ပဲ ရှိတာမို့ ရက်သတ္တပတ် ၁ ပတ်၊ ၂ ပတ် ကြာရင် အာနိသင် လျော့သွားပါတယ်။ သူ့ထက် ပိုကြောက်စရာ၊ စိုးရိမ်စရာ ကောင်းတာက I129 (အိုင်အိုဒင်း - ၁၂၉ ) ပါပဲ။ သူရဲ့ တဝက်သက်တမ်း Half Life ဟာ I131 ရဲ့ Half Life ထက် အဆပေါင်း (၁ ဘီလျံ) ကြာတယ်ဆိုတော့ နှစ်ပေါင်းများစွာ ကြာတဲ့အထိ ခံပါတယ်။ ၁၅.၇ သန်းနှစ်ဆိုတော့ အကြာကြီး။ အခုနောက်ပိုင်း သတင်းတွေမှာ သိရတာက ပျံ့လွင့်နေတဲ့ ဓာတ်ကြွပစ္စည်းတွေထဲမှာ Cesium 137, Cesium -144 တို့ပါ တွေ့လာနေတယ်ဆိုပါပဲ။ Cesium ရဲ့ တဝက်သက်တမ်းက နှစ် ၃ဝ ပါ။
နျူကလီးယား ဓာတ်ရောင်ခြည်သင့်မှု အန္တရာယ်တွေက ဘာတွေလဲ?
နျူကလီးယား ဓာတ်ပေါင်းဖို လျှပ်စစ်စက်ရုံ ပျက်စီးမှုကြောင့်ပဲဖြစ်ဖြစ်၊ နျူကလီးယား ဗုံးကွဲလို့ပဲဖြစ်ဖြစ် ထွက်ပေါ်တဲ့ ဓာတ်ရောင်ခြည်သင့်မှုတွေဟာ ရေတို၊ ရေရှည်အဖြစ် ကျန်းမာရေး ထိခိုက်မှု၊ သေကြေပျက်စီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ Acute Total Body Irradiation ဆိုတဲ့ လတ်တလော ထိခိုက်မှုနဲ့ ကြာရှည် အကျိုးသက်ရောက်မှုအဖြစ် သိုင်းရွိုက်ဂလင်း ကင်ဆာ၊ အဆုတ်၊ အသည်း၊ နှလုံး၊ ရင်သား၊ အရိုး၊ လိင်မျိုးအင်္ဂါ၊ လူကီးမီးယား၊ သွေးကင်ဆာ စတဲ့ ကင်ဆာရောဂါ အမျိုးမျိုးကို ဖြစ်စေတာမို့ နျူကလီးယား အဏုမြူဓာတ်ရောင်ခြည် ပျံ့လွင့်မှုဟာ အင်မတန် အန္တရာယ်ကြီးပါတယ်။
နျူကလီးယား ဓာတ်ရောင်ခြည်သင့်မှု RADIATION EXPOSURE လက္ခဏာတွေက ဘာတွေလဲ?
ရောဂါလက္ခဏာပေါ်ဖို့ဆိုတာ ရောင်ခြည်သင့်မှု ထိခိုက်တဲ့ ဓာတ်ရောင်ခြည် ပမာဏ DOSE ရောင်ခြည်သင့်မှု ကြာမြင့်ချိန် EXPOSURE TIME DURATION ဆိုတာတွေအပြင် ဘယ်လို အမျိုးအစား ရေဒီယိုဓာတ်ကြွပစ္စည်း TYPE OF RADIOACTIVE WASTE စတဲ့ အချက်တွေပေါ်မှာ မူတည်ပါတယ်။
ပထမဆုံးသိနိုင်တဲ့ လက္ခဏာက ပရိုဒရိုမဲရေဒီရှင်းဆင်းရုံးမ် PRODROMAL RADIATION SYNDROME ခေါ်တဲ့ RADIATION SICKNESS ဓာတ်ရောင်ခြည်သင့် ဖျားနာမှု ဖြစ်ပါတယ်။ မူးဝေ၊ အော့အန်၊ ဝမ်းလျှောတာတွေ ဖြစ်မယ်။ ကိုယ်လက်ကိုက်ခဲ နာကျင်မှုတွေ ရှိမယ်။ ရောင်ခြည်သင့် ထိခိုက်တဲ့ ပမာဏများတာ အချိန်ကြာတာတွေပေါ် မူတည်ပြီး၊ အရေပြားပေါ်မှာ လက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။ စစချင်း အရေပြားဟာ နီးမြန်းညိုမည်း၊ မီးလောင်ဒဏ်ရာမျိုးလိုဖြစ်ပြီး နောက်ပိုင်းမှာ အရေခွံကွာမယ်။ အဲဒီလို ဖြစ်ပေါ်မှု လက္ခဏာကို ဓာတ်ရောင်ခြည်နဲ့ ကင်ဆာရောဂါ ကုသမှုခံယူသူတွေမှာ နမူနာအနေနဲ့ တွေ့နိုင်ပါတယ်။ ဆံပင်တွေ အထွေးလိုက်၊ အကွက်လိုက် ကျွတ်တာတွေ ရှိမယ်။ ဒါကြောင့် တချို့ကင်ဆာရောဂါသည်တွေဟာ ရေဒီယို ဓာတ်ရောင်ခြည်နဲ့ ကုသတဲ့ ရေဒီယိုဓာတ်ရောင်ခြည် ကုထုံး RADI0 THERAPY ကို ကြောက့်ရွံ့ကြပြီး၊ (ဓာတ်ကင်) တယ်လို့ ခေါ်ကြတာ။ အရှင်းဆုံး ပြောရရင် ဓာတ်ရောင်ခြည်သင့်မှုကြောင့် အရေပြားမှာ မီးလောင်ဒဏ်ရာတွေ ဖြစ်ရတာဟာ အရှင်လတ်လတ် မီးကင်ခံရသလိုပါပဲ။
ဓာတ်ရောင်ခြည်သင့်ပြီး ပမာဏတွေ စုစုပြီး များလာရင် ရောင်ခြည်သင့်ပြီး ၂ ပတ်အတွင်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အန္တရာယ်သက်ရောက်မှုတွေနဲ့ (စုစုပေါင်း ဓာတ်ရောင်ခြည် သင့်မှုပမာဏ) ကို အကျဉ်းအားဖြင့် ဖော်ပြရရင်တော့ ရောင်ခြည်သင့်မှု ပမာဏ (၁ဝဝ) GY (ဂရေး) ကျော်ခဲ့ရင် ဦးနှောက်၊ နှလုံးတွေကို အပြင်းအထန် ထိခိုက်ပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်း သေဆုံးနိုင်ပါတယ်။ (CEREBROVASCULAR SYNDROME)။
ပမာဏ (၂) GY (ဂရေး) ကနေ (၈) GY ထိခဲ့ရင် ရိုးတွင်းခြင်ဆီမှာရှိတဲ့ သွေးထုတ်လုပ်မှု ထိခိုက်ပျက်စီးစေတာကြောင့် HAEMATIOPOLETIC SYNDROME ကို ဖြစ်စေမယ်။ လက္ခဏာတွေအနေနဲ့ ချမ်းစိမ့်စိမ့်ဖြစ်တာ၊ အားအင်ကုန်ခမ်းတာ၊ အရေပြားမှာ သွေးခြေဥအကွက်တွေ ပေါ်မယ်။
ရောင်ခြည်အနည်းငယ် သင့်ပြီဆိုတာနဲ့ ၂၄ နာရီကနေ ၄၈ နာရီအတွင်း ခန္ဓာကိုယ်ရဲ့ သွေးဖြူဥ၊ သွေးဥ ထုတ်လုပ်မှုတွေ ကျဆင်းတာ စမ်းသပ်တွေ့ရှိနိုင်တယ်။ (၅) ဂရေးမှ (၆) ဂရေး ရောင်ခြည်သင့်မှု စုစုပေါင်း ပမာဏရှိခဲ့ရင် ရောဂါပိုးဝင်ကူးစက်မှု INEECTION ၊ သွေးယိုထွက်မှု BLEEDING တွေနဲ့ သေနိုင်ပါတယ်။ (၅) ဂရေး (GY) မှ (၁၂) GY အတွင်း ပမာဏ ရောင်ခြည်သင့်ရင် အစာအိမ်၊ အူလမ်းကြောင်း ပျက်စီးမှုတွေကြောင့် ရက်သတ္တပတ် အနည်းငယ်အတွင်း ဝမ်းလျှောမှု၊ ရေ၊ ဆား ဓာတ်အား ခမ်းခြောက်မှု၊ အစာအိမ်အူ နံရံတွေ ပျက်စီးမှုနဲ့ အသက်ဆုံးရှုံး တတ်ပါတယ်။
၂၅ GY အထက်မှာဆိုရင် အဆုတ်ကို ထိခိုက်ပြီး အသက်ရှူကြပ်၊ ချောင်းဆိုး၊ ဖျား နာမှု တွေနဲ့ ဓာတ်ရောင်ခြည်ကြောင့် အဆုတ်ယောင်ယမ်းမှု ဝေဒနာကို ဖြစ်စေပါတယ်။ ဓာတ်ရောင်ခြည် အညစ်အကြေးတွေထဲမှာ ပါတဲ့ (စထရွန်တီယမ် - STRON TIUM) က အရိုး၊ သွားတွေမှာ သွားရောက်စုဆောင်းပြီး လူကီးမီးယားသွေးကင်ဆာ LEUKEMA ကို ဖြစ်စေနိုင်တယ်။ စီဆီယမ် CESIUM ဟာ ခန္ဓာကိုယ် ဆဲလ်ထဲက ပိုတက်ဆီယမ်လို နေရာအနှံ့ လည်ပတ်ပျံ့နှံ့ပြီး အသည်း၊ ကျောက်ကပ်၊ ပန်ခရိ ယပ်နေရာစုံမှာ ကင်ဆာရောဂါ ဖြစ်စေပါတယ်။ အဆိုးဆုံးဆိုနိုင်တာက (ပလူတိုနီယမ် - ၂၃၉) ဆိုတာပါ။ လေထဲမှာ ပါတာကို ရှူရှိုက်မိရာကနေ၊ အဆုတ်ကင်ဆာကို အကြီးအကျယ် ဖြစ်ပေါ်မှုပါပဲ။
အသက်အရွယ်အလိုက် စဉ်းစားရင်တော့ သိမ်ငယ်တဲ့ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေဟာ၊ လူလတ်၊ လူကြီးပိုင်းတွေထက်ပိုပြီး ဓာတ်ရောင်ခြည် သင့်လွယ်ပါတယ်။ မိန်းမတွေဟာ ယောက်ျားတွေထက် ဓာတ်ရောင်ခြည် ခံနိုင်ရည် ရှိတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေ ဓာတ်ရောင်ခြည်သင့်ရင် အင်မတန် အန္တရာယ်ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မွေးဖွားလာမယ့် ကလေးတွေမှာ မိခင်ကတဆင့် ဓာတ်ရောင်ခြည်သင့်မှု ကူးစက်နိုင်ပါတယ်။
အထွေထွေအနေနဲ့ ဓာတ်ရောင်ခြည်သင့်မှုတွေကြောင့် အသက်မသေ ကျန်နေရင်တောင် အရွယ်အိုမင်းလွယ်တာ မှတ်ဉာဏ်ထိခိုက်တာ၊ အမြုံဘဝ ရောက်တာတွေ ဖြစ်တတ်ပါတယ်။ ဓာတ်ရောင်ခြည်သင့်မှု ၁ဝဝဝ မီလီစီဗတ် အထက်ရှိခဲ့ရင် ရေဒီရေးရှင်းများနာမှု စတင်ဖြစ်ပေါ်နိုင်ပြီး လူတယောက်အတွက် တနှစ်တာပတ်လုံး စုပေါင်း ဓာတ်ရောင်ခြည်သင့်မှု (သဘာဝ ဘက်ဂရောင်း ရောင်ခြည်သင့်မှု အမျိုးမျိုး၊ ကမ္ဘာမြေ နေရာအနှံ့ စုတ်ယူမှု) ပျမ်းမျှအဖြစ် ၂.၄ မီလီစီးဗတ် (m v) (သို့) (၁) ရင်မ် (rem) ရဲ့ တထောင်ပုံ တပုံ ရှိနိုင်ပါတယ်။ CT Scam ရိုက်ရင် ၁ဝ မီလီစီးဗတ် (mSv) အထိ ဓာတ်ရောင်ခြည် ထိတွေ့မှု ရှိနိုင်ပေမယ့် အန္တရာယ်ထက် အကျိုးသက်ရောက်မှုက များတာမို့ ဆေးရုံတွေမှာ ရောဂါရှာဖွေရေးအတွက် သုံးနေကြတာပါ။ အချိန်တိုအတွင်း ဆောင်ရွက်တာမို့ ရေရှည်အန္တရာယ် သိပ်မရှိဘူးလို့ ယူဆနိုင်ပါတယ်။
အခုဖြစ်ပေါ်နေတဲ့ ဂျပန်နိုင်ငံ ဖူကူရှီးမား ဓာတ်ပေါင်းဖို ဓာတ်ရောင်ခြည် ပျံ့လွင့်မှုတွေနဲ့ ပတ်သက်ပြီး အယူအဆမှား၊ ကောလာဟလ သတင်းမှားတွေကိုလည်း တခါထဲ ရှင်းပြပါရစေ။
ဓာတ်ရောင်ခြည်သင့်မှု အားလုံးအတွက် အိုင်အိုဒိုက်ဆေးနဲ့ ကာကွယ်နိုင်သလား? အိုင်အိုဒင်းပါတဲ့ ဆား၊ တင်ချာအိုင်အိုဒင်း၊ ရေသန့် အိုင်အိုဒင်း ဆေးပြားတွေ သုံးလို့ အန္တရာယ်ရှိသလား?
• ဓာတ်ပေါင်းဖိုပျက်စီးမှု အများအပြား ထွက်လေ့ရှိတဲ့ ဓာတ်ရောင်ခြည် အညစ်အကြေးထဲက I131 ကြောင့် သိုင်းရွိုင်းဂလင်း ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပေမယ် ပိုတက် စီယမ်၊ အိုင်အိုဒိုက်ဆေးပြား (သို့) ပိုတက်စီယမ် အိုင်အိုဒိတ်ဆေးတွေဟာ သိုင်းရွိုက်ဂလင်း ကင်ဆာ တမျိုးတည်း မဖြစ်အောင်သာ ကာကွယ်မှု ပေးနိုင်ပြီး တခြား Nuclear Waste တွေဖြစ်တဲ့ (Cesium-၁၃၇၊ ၁၄၄ စထရွန် တီယံ - ၉ဝ၊ ပလူတိုနီယမ် - ၂၃၉) ကြောင့် ဖြစ်တဲ့ ကင်ဆာဓာတ်ရောင်ခြည်သင့်မှု အန္တရာယ်တွေကို ကာကွယ်မှု မပေးနိုင်ပါ။
• အိုင်အိုဒင်းဓာတ် ထည့်ထားတဲ့ အိမ်သုံးဆားတွေဟာ (လက်ဖက်ရည်ဇွန်း - Tea spoon ¼ မှာ ၁၃ မိုက်ကရိုဂရမ်သာ၊ အနည်းငယ်သာ ပါဝင်တာကြောင့် ဓာတ်ရောင်ခြည်သင့်မှု အန္တရာယ် ကာကွယ်ရန် မသုံးသင့်ပါ။ ပိုတက်စီယမ် အိုင်အိုဒိုက် ဆေးပြားတပြား ပမာဏနဲ့ တူညီအောင် အိမ်သုံးဆား Tea spoon ၂၅၄ ဇွန်းစားရမှာ ဖြစ်လို့ လက်တွေ့မကျတဲ့အပြင် သွေးတိုးရောဂါသည်များ၊ လေဖြတ်ထားသူများ၊ ကျောက်ကပ်မကောင်းသူများအတွက် များစွာ အန္တရာယ်ကြီးမားပါတယ်။ အိုင်အိုဒင်း ဓာတ်မတည့်မှုတွေလည်း ဖြစ်တတ်ပါတယ်။
• တင်ချာအိုင်အိုဒင်း၊ ပိုဘီဒင်း POVIDINE ၊ အိုင်အိုဒင်း IODINE တွေဟာ အနာလိမ်းဆေး (ပြင်ပသုံးရန်သာ) ဖြစ်လို့ မသောက်သင့်ပါဘူး။ အဆိပ်ဖြစ်စေနိုင်ပါတယ်။
• ရေသန့်စင်ဖို့သုံးတဲ့ အိုင်အိုဒင်းဆေးပြားတွေမှာ ပါဝင်တဲ့ အိုင်အိုဒင်းပမာဏ နည်းပါးတဲ့အပြင် မသန့်စင်မှုတွေ ပါနိုင်တာကြောင့် မသုံးစွဲသင့်ပါ။
ဓာတ်ရောင်ခြည် ပျံ့နှံ့ကျရောက်မှု အန္တရာယ်မှ ဘယ်လိုကာကွယ်သင့်သလဲ?
IAEA ခေါ်တဲ့ ကမ္ဘာ့အဏုမြူကြီးကြပ်မှု ကော်မတီ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ၊ နိုင်ငံဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ် ကာကွယ်ကြီးကြပ်မှု ကော်မတီ၊ ကျန်းမာရေးဌာနတွေရဲ့ ဒေသ၊ ရောင်ခြည်ပျံ့နှံ့မှု အခြေအနေအလိုက် ထုတ်ပြန်တဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး အန္တရာယ်ဇုန်မှာ နေထိုင်ခွင့်ပြုခဲ့ရင် အဲဒီအဖွဲ့တွေ စီစဉ်တဲ့ ဘေးကင်းရာကို ပြောင်းရွေ့နေထိုင်ပါ။
အဓိကအနေနဲ့ ဓာတ်ရောင်ခြည်သင့်မှုမှ ကာကွယ်ရန် ရေ၊ အစားအသောက်တွေကို သတိဝိရိယနဲ့ ဂရုစိုက်စစ်ဆေး စားသုံးတာ၊ သွားလာလှုပ်ရှားမှု၊ သတိထားဆင်ခြင်တာတွေ ပြုသင့်ပါတယ်။ အကာအကွယ်မဲ့ အန္တရာယ်ရှိရာ မသွားသင့်ပါဘူး။
စိုးရိမ်စိတ်၊ ထိတ်လန့်ကြောက်ရွံ့မှု မရှိဘဲ စိတ်တည်ငြိမ်အောင် ကြိုးစားနေထိုင်ဖို့ လိုပါတယ်။ ရေဒီယို၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်း မီဒီယာတွေမှာ ပါဝင်တဲ့ နျူကလီးယား ပညာရှင်၊ ဆေးပညာရှင်၊ သိပ္ပံပညာရှင်တွေရဲ့ တတ်သိနားလည်တဲ့ အကြံဉာဏ် ညွှန်ကြားမှုတွေကို လိုက်နာဖို့ လိုပါတယ်။
ဂျပန်နိုင်ငံ ငလျင်ဘေးကြီး၊ ဆူနာမီဘေးနဲ့ နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲပျက်စီးမှုတွေက ဂျပန်နိုင်ငံသားတွေသာမက ကမ္ဘာသူ ကမ္ဘာသားတွေကို ပေးတဲ့ သင်ခန်းစာ ယူစရာ၊ သံဝေဂတရား ရစရာတွေက အများကြီးပါ။ သဘာဝစွမ်းအားတွေကို လျှော့မတွက်ဖို့၊ သတိမမေ့လျော့ကြဖို့ လိုသလို အင်မတန် အန္တရာယ်ကြီးမားတဲ့ နျူကလီးယား စွမ်းအင်တွေကို လျှပ်စစ်ဓာတ် ထုတ်ယူမှုအတွက် အသုံးပြုနေမှုတွေကို ပြန်လည်သုံးသပ်ကြဖို့ လိုပါတယ်။
ကျမ်းကိုးစာရင်း -
HARRISON’S PRINCIPLES OF MEDICINE. VOL (2) LATEST EDITION
HINRICHS, KLEINBACH- ENERGY- Its Use and Environment. P.447-524.
ENVIRONMENT WORDS.
TIME MAGAZINE- MARCH 28 2011 Issue.
IAEA REPORTS
INTERNET WEBSITES’ INFORMATIONS + NEWS
WIKIPEDIA
မြန်မာနိုင်ငံထုတ် စာနယ်ဇင်းသတင်းများ။
(မှတ်ချက်။ ။ ဆောင်းပါးရှင်သည် ပြည်တွင်းပြည်ပ နိုင်ငံတကာ အတွေ့အကြုံများဖြင့် ဆေးပညာ၊ ပြည်သူ့ကျန်းမာရေး နယ်ပယ်တွင် နှစ်ပေါင်း ၄ဝ နီးပါး ဆောင်ရွက်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနိုင်သား အားလုံးအတွက် ပြည်သူ့ကျန်းမာရေး အကျိုးပြု ကျန်းမာရေးပညာပေး လုပ်ငန်းများကို ဆောင်ရွက်နေသူတဦး ဖြစ်သည်။)
Ref:mizzimaburmese
No comments:
Post a Comment