- Published on Saturday, 09 June 2012 12:51
- Written by ၀င့်ထန်း
မလေးစကားကို ကျနော် ၆ နှစ်သားမှာ စသင်ပါတယ်။ Kampung Jagoh Malay School က ဆရာ Cikgu Amin bin Shafawi နဲ့ သင်ရပါတယ်။ မလေးစကား သင်ရတာ လွယ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ စာလုံးပေါင်းတဲ့ စည်းမျဉ်းတွေက ယုတ္တိကျပြီး ခန့်
မှန်းရလွယ်လို့ပါ။
တကယ်ဆိုရရင် ကျနော် အင်္ဂလိပ်စာ စာလုံးမပေါင်းတတ်ခင်ကတည်းက မလေးစာကို စာလုံးပေါင်းနိုင် ရေးနိုင်နေတာပါ။ ကျနော် စတတ်တဲ့ နည်းက တစ်မျိုးပါ။ အိမ်မှာ ကန်တုံ ထမင်းချက်က အမေ့ကို ဈေးဝယ်ပေးဖို့ တွက်ချက်ရတယ်။ ၀ယ်မယ့် ပစ္စည်းတွေ အမည်နဲ့ ကုန်ကျမယ့်စရိတ်ကို ဆယ်ရက်တစ်ခါ တွက်ရင် ကျနော် ကူရတယ်။ သူက ကန်တုံစကားနဲ့ပြောပြီး ကျနော်က မလေးလို ချရေးပါတယ်။
နောက်တော့ ဆရာ Cikgu Amine နဲ့ သူ့ကျောင်းလိုက်ပြီး မလေးစာ လေ့ကျင့်ရတယ်။ တနင်္ဂနွေမနက်တိုင်း သူ့ရဲ့ မလေး ကျောင်းသားတွေနဲ့ ကင်းထောက် ကစားရင်း ပြောဆိုရတော့၊ အသက်ငယ်တာကြောင့် ကျနော့် မလေးအသံထွက်က အတိအကျရတယ်။ ဆရာက မလေးဘာသာစကားကို ရေးဖို့ ထွင်ထားတဲ့ အာရဗီအက္ခရာ ဂျာဝီကို ကျနော့်ကို သင်ပေးတယ်။ ဂျာဝီနဲ့ ထုတ်တဲ့ Utusan Melayu သတင်းစာက ဆောင်းပါးတွေ ဖတ်ခိုင်းပါတယ်။
အဲဒီအချိန်က စင်္ကာပူဟာ မလေးရှားအောက်မှာပဲ ရှိသေးတယ်။ လူမျိုးရေးတင်းမာမှုက မြင့်နေတယ်။ Utusan Melayu မှာပါတဲ့ အစွန်းရောက် မလေးနိုင်ငံရေးသမားတွေ ရေးတဲ့ ဆောင်းပါးတွေ မိန့်ခွန်းတွေက စင်္ကာပူခေါင်းဆောင်တွေနဲ့ မလေးမဟုတ်သူတွေကို အပြင်းအထန် တိုက်ခိုက်တယ်။ အဲဒီကတည်းက ဘာသာစကားကို နိုင်ငံရေးနဲ့ ခွဲခြားထားလို့ မရတာ သတိထားမိပါတယ်။
အထက်တန်းအဆင့်အထိ မလေးကို ဆက်လေ့လာပြီး၊ ကျောင်းစာမေးပွဲမှာ ဘာသာရပ်တစ်ခုအနေနဲ့ ကျနော် ယူခဲ့ပါတယ်။ ဒါပေမဲ့ credit မရတော့ ကျနော် အံ့အားသင့်သွားတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း ကျနော့် ဂရိတ်အဆင့်ကို ပြန်သုံးသပ်စဉ်းစားဖို့ စာစစ်သူတွေကို ပြောကြည့်တဲ့အခါ၊ သူတို့ ကျနော့်အရေးအသားကို အားမရတာတာ ထင်ရှားပါတယ်။
--------------------------
ကျနော် ၁၄ နှစ်အရွယ်မှာ ရုရှားဘာသာ စသင်ပါတယ်။ ကျနော့်အဖေက ရုရှား သင်ထားရင် အသုံးဝင်လိမ့်မယ်လို့ တွေးတယ်။ အဲဒီအချိန်က ဆိုဗီယက်ယူနီယံကလည်း စီးပွားရေး၊ သိပ္ပံနဲ့ နည်းပညာတွေမှာ အလျင်အမြန်တိုးတက်ဖို့ အလားအလာရှိပုံပဲ။ ၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်က စပွတ်နစ်ဂြိုဟ်တုလွှတ်ပြီး အာကာသပြိုင်ပွဲမှာ ဦးဆောင်နေတယ်။ သိပ္ပံနဲ့ သင်္ချာ လေ့လာတဲ့အခါ ရုရှား သုတေသနဂျာနယ်တွေနဲ့ စာအုပ်တွေကို ဘာသာပြန်သူမလိုဘဲ ဖတ်နိုင်ဖို့ အဖေက ရုရှားစာ လေ့လာခိုင်းတာ ဖြစ်ပါတယ်။
ကျနော်တို့ နန်ယန်းတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံသင်တဲ့ ပါမောက္ခ ဗစ်တာ(Victor Fic) ကို သွားတွေ့တယ်။ သူက ကနေဒါ နိုင်ငံသား။ မူလက ချက်လူမျိုး၊ ချက်ကိုစလိုဗားကီးယားကနေ ထွက်လာတဲ့သူ။ ရုရှားစကားကို ဌာနေနိုင်ငံသားလို ပြောနိုင်သူ မဟုတ်ပေမဲ့ ဘာသာစကားကို လေ့လာနေတယ်။ ရုရှားအမျိုးသမီး Nina Potapova ရေးတဲ့ အဆင့်မြင့် အင်္ဂလိပ်-ရုရှား ပြဋ္ဌာန်းစာအုပ်နှစ်တွဲနဲ့ ကျနော်တို့ စလုပ်ကြတယ်။
အဲဒီမှာ ကျနော်သိလိုက်တာက ရုရှား အက္ခရာ၊ အသံထွက်နဲ့ သဒ္ဒါက အင်္ဂလိပ်စာထက် အများကြီးပိုခက်တယ် ဆိုတာကိုပါ။ နောက်တော့ နန်ယန်းတက္ကသိုလ်မှာ တရုတ်စာ လာလေ့လာတဲ့ ရုရှားကျောင်းသားအချို့က ကျနော့် ဆရာတွေ ဖြစ်လာတယ်။ သူတို့က တရုတ်စာကို တရုတ်ပြည်သွား လေ့လာလို့မရဘူး။ အကြောင်းက ဆိုဗီယက်နဲ့ တရုတ် ရန်ဖြစ်နေတဲ့ အချိန်မို့ပါ။ ၁၉၆၁ ခုနှစ်မှာ စိန-တရုတ် အကွဲအပြဲက အတော်ကြီးပါတယ်။
ဒါကြောင့် ဆိုဗီယက်အစိုးရက သူတို့ကို စင်္ကာပူလွှတ်ပြီး တရုတ်စာ သင်ခိုင်းတယ်။ နောက်တော့ အဲဒီကျောင်းသားတွေဟာ တရုတ်ရေးရာ ကျွမ်းကျင်သူ၊ အကဲဖြတ်သုံးသပ်သူတွေ ဖြစ်လာတာ မဆန်းဘူး။ သူတို့က ရုရှားဌာနေစကား ပြောသူတွေဖြစ်တယ်။ ပါမောက္ခ ဗစ်တာ ဆီက ရတဲ့ ရုရှားအခြေခံအဆင့်ထက် ကျော်ပြီး ကျနော့်ကို သင်ပေးနိုင်ပါတယ်။ သူတို့နဲ့ ပုံမှန်စကားပြောတာ ဆွေးနွေးတာတွေအထိ လုပ်နိုင်လာပါတယ်။
ကျနော် ရုရှားအပြောအဆို တိုးတာလာပြီး၊ O-level ရုရှားစာမေးပွဲမှာ ဂုဏ်ထူးတောင် ထွက်ပါတယ်။ အဲဒီနှစ် O-level ရုရှားစာ ဖြေတဲ့ စင်္ကာပူ ကျောင်းသားဆိုလို့ ကျနော် တစ်ယောက်ပဲရှိတယ်။ စာမေးပွဲမှာ နှုတ်ဖြေလည်းပါတာမို့ ပညာရေးဝန်ကြီးဌာနက နှုတ်ဖြေ စစ်ပေးမယ့် စာစစ်သူကို သီးသန့်လိုက်ရှာရတယ်။ နောက်ဆုံးမှာ စင်္ကာပူကို ဗြိတိသျှကောင်စီ ဘာသာစကားအရာရှိအဖြစ် လာတဲ့ ဒေါက်တာ Ray Tongue ကို သူတို့ တွေ့တယ်။ အဲဒီပုဂ္ဂိုလ်က ဆရာဖြစ်သင်ကောလိပ်မှာလည်း အင်္ဂလိပ်စာ ပို့ချပါတယ်။
နှုတ်ဖြေစစ်ဆေးချိန်ရောက်တဲ့အခါ သူက ရုရှားလို့ နောက်ဆုံးမေးခွန်းတစ်ခု ကျနော့်ကို မေးတယ်။ “မင်း ဘယ်ဘာသာစကားနဲ့ ခေါင်းထဲမှာ တွေးလဲ” တဲ့။ ကျနော်က အင်္ဂလိပ်ဘာသာနဲ့ပဲ တွေးတယ်လို့ အမှန်အတိုင်း သူ့ကို ရုရှားလို ပြန်ဖြေလိုက်ပါတယ်။
ရုရှားဘာသာကို အသုံးပြုဖို့ အခွင့်အလမ်းတွေ သိပ်ရှာမတွေခဲ့ပါဘူး။ သိပ္ပံနဲ့ သင်္ချာနဲ့ အသက်မွေးလုပ်ငန်းတွေနောက်လည်း ကျနော် မလိုက်ဖြစ်ခဲ့ပါဘူး။ လိုက်ဖြစ်ရင်လည်း ဒီကနေ့ သိပ္ပံနဲ့ သင်္ချာ ဘာသာရပ်စာအုပ်စာတမ်းတွေက အင်္ဂလိပ်လိုချည်းပါပဲ။ ကမ္ဘာမှာ စူပါပါဝါနှစ်ခုထဲက တစ်ခုဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စု ၁၉၈၉ မှာ ပြိုလဲသွားတဲ့နောက်၊ ရုရှားစကားကို ရုရှားနိုင်ငံရဲ့ အပြင်ဘက်မှာ သိပ်ကျယ်ကျယ်ပြန့်ပြန့် မသုံးကြတော့ပါဘူး။ ယခင် ဆိုဗီယက်နိုင်ငံဟောင်းရဲ့ တိုင်းပြည်တွေမှာတော့ သုံးချင် သုံးမှာပေါ့လေ။
ကျနော် ရုရှားစကားကို အလေးအနက် သုံးခဲ့ရတော့ ရှိပါတယ်။ အဲဒါက ကွယ်လွန်ပြီသွားပြီဖြစ်တဲ့ မော်စကိုဆိုင်ရာ စင်္ကာပူ သံအမတ်ကြီး P.S Raman နဲ့အတူ ၁၉၇၂ ခုနှစ် နွေရာသီမှာ မော်စကိုနဲ့ လီနင်ဂရက် (အခု စိန့်ပီတာစဘတ်) ကို နှစ်ပတ်အလည်ခရီး ထွက်ခဲ့တုန်းကပါ။ လေ့လာထားတဲ့ ဘာသာစကားက သူ့ပတ်ဝန်းကျင်ရောက်တဲ့အခါ အသက်ဝင်လာပါတယ်။ အရေးကြီးတဲ့ ဆွေးနွေးမှုတော်တော်များများ ကျနော် ရုရှားလို ပြောနိုင်ခဲ့ပါတယ်။
နောက်ဆုံးပြန်မယ့်ရက် နေ့လည်စာ စားပွဲမှာ ကျနော် မတ်တပ်ရပ်ပြီး ရုရှားလို ပြောပါတယ်။ ဘာမှတ်စုမှမပါဘဲ အိမ်ရှင်တွေကို ကျေးဇူးတင်တဲ့အကြောင်း လက်တန်း ပြောတာပါ။ အဲဒီကအပြန်မှာ သံအမတ်ရာထူးတာဝန်အတွက် ရုရှားစကားလေ့လာနေတဲ့ Mr Raman က ကျနော် ရုရှားလို ပြောနေချိန်မှာ ရုရှားတွေ အံဩငေးမောသွားတဲ့မြင်ကွင်းမျိုး သူ တစ်ခါမှ မမြင်ဘူးကြောင်း ပြောပါတယ်။ Mr Raman လည်း ရုရှားဘာသာစကား သူ့ရဲ့လေ့လာမှုကို နှစ်ဆတိုးကြိုးစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ရုရှားဘာသာ တတ်ဖို့ အားထုတ်ရတာကို ကျနော် ဘယ်တော့မှ နောင်တမရမိပါဘူး။ အင်္ဂလိပ်စကားက အများသုံးဘာသာစကား ပိုဖြစ်လာချိန်မှာ၊ အခြားဘာသာစကားတွေ သင်ယူတာကလည်း အသုံးဝင်ပါတယ်။ အခြားလူမျိုးတွေ သူတို့ကိုယ်သူတို့ ကြည့်ပုံနဲ့ ကမ္ဘာကြီးကို ရှုမြင်ပုံတွေကို တန်ဖိုးထားတတ်ဖို့ဆိုရင် သူတို့ဘာသာစကားကို တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။
ဥပမာ၊ အင်္ဂလိပ်စကားပြောတဲ့ တိုင်းပြည်တွေက ဒုတိယကမ္ဘာစစ်အကြောင်း ပြောကြတယ်။ ဒါပေမဲ့ ရုရှားတွေက ဒုတိယကမ္ဘာစစ်ဟာ သူတို့ရဲ့ မဟာမျိုးချစ်စိတ်ဓာတ်ပြသတဲ့ စစ်ပွဲကြီးလို့ ရည်ညွှန်းကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားတွေရဲ့ သေဆုံးသူနဲ့ စစ်ဒဏ်ခံရသူအရေအတွက်ဟာ အခြားမဟာမိတ်နိုင်ငံတွေထက် အများကြီး ပိုလို့ပါပဲ။
ဂျာမဏီဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့ကြောင့် ဆိုတာထက် ဆိုဗီယက်ယူနီယံကြောင့် အမှန်တကယ် ရှုံးနိမ့်သွားရတာ ဖြစ်ပါတယ်။ အဲဒီအချက်ကို အင်္ဂလိပ် စကားပြောတဲ့ သမိုင်းပညာရှင်တွေက စစ်ပွဲအပြီး ရာစုနှစ်တစ်ဝက်ကျော်မှ အသိအမှတ် စပြုလာကြတယ်။ အဲဒီမှာတင် ဒုတိယကမ္ဘာစစ်ရုပ်ပုံကား တစ်ခုလုံးကို အမှန်ကြည့်နိုင်ဖို့အတွက် ရုရှားဘာသာစကားကို ပညာရှင်တွေ လေ့လာကြရပါတယ်။
ဒါဖြင့် ဒီကနေ့ ကျနော်ရဲ့ ဘာသာစကားကျွမ်းကျင်မှုက ဘာလဲ။
အင်္ဂလိပ်စာက ကျနော့်ရဲ့ အလုပ်ဘာသာစကား ဖြစ်ပါတယ်။ ကျနော် အကျွမ်းကျင်ဆုံး ဘာသာစကားပါ။ အမြဲတမ်း သုံးနေရမှာ ဖြစ်သလို၊ ပိုပြီးတိုးတက်အောင်လည်း လုပ်နေရပါမယ်။
တရုတ်ဘာသာစကားကိုလည်း ကျနော် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင် ရေးနိုင် ဖတ်နိုင်ပါတယ်။ ကျနော့်အတွက် တန်ဖိုး မဖြတ်နိုင်တဲ့အရာပါ။ တရုတ်စကားကြောင့်ပဲ တရုတ်ပညာတတ်တွေ၊ တရုတ် ဒေသစကားစုံပြောတဲ့ စင်္ကာပူတွေနဲ့ ဆက်ဆံရေးကောင်း ထူထောင်နိုင်တာ ဖြစ်တယ်။ သူတို့နဲ့ အစေးကပ်တာက ဘာသာစကားတူ ပြောကြလို့တင်မဟုတ်ဘူး၊ တစ်ဦးကို တစ်ဦး တရုတ်စကားနဲ့ အကဲဖြတ်နိုင်လို့ ဖြစ်ပါတယ်။ သူတို့အမြင်တွေ သူတို့အရေးကိစ္စတွေကိုလည်း ကျနော် တန်းဖိုးထားကြည့်နိုင်ပါတယ်။
ဒါ့ထက် ပိုအရေးကြီးတာက အောက်ခြေလူထုတွေနဲ့ ဆက်ဆံရတဲ့ နိုင်ငံရေးအလုပ်မှာပါ။ တရုတ်စကားမျိုးစုံပြောတဲ့ အရေအတွက်က အင်္ဂလိပ်စကားပြောတဲ့ တရုတ်အရေအတွက်ထက် ယနေ့ ပိုနေပါသေးတယ်။ ဒါပေမဲ့ အရေအတွက်က တစ်နှစ်ထက် တစ်နှစ် ပြောင်းလဲလာနေပါတယ်။
ကျနော့် တရုတ်စကားက ပြည်မနဲ့ ထိုင်ဝမ်က ခေါင်းဆောင်တွေနဲ့ သံတမန်ခင်းပြောရတဲ့အခါ အများကြီး အသုံးတည့်ပါတယ်။ တရားဝင်အစည်းဝေးတွေမှာတော့ အင်္ဂလိပ်စကားသုံးပြီး စကားပြန်ကတဆင့် ပြောကြတယ်။ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်က ကျနော်တို့ရဲ့ အလုပ်စကားဖြစ်လို့ပါ။ တကယ်လို့ အဲဒီနေရာမှာ တရုတ်စကားကို သုံးမိရင်၊ အကျိုးမဲ့မှုတွေ ဖြစ်နိုင်ပါတယ်။ ဒီထက်ပိုအရေးကြီးတာက ကျနော်တို့ စင်္ကာပူတွေဖြစ်တယ်ဆိုတာ ထင်ရှားစေလိုတာကြောင့် အင်္ဂလိပ်လို ပြောရခြင်း ဖြစ်ပါတယ်။
ဒါပေမဲ့ ကျနော် အင်္ဂလိပ်လို ပြောတာကို စကားပြန်က တရုတ်လိုပြန်ပေးတဲ့အခါ ဂရုစိုက်နားထောင်ပါတယ်။ စကားပြန်ကို တည့်ပေးဖို့ လိုတဲ့အခါ အခြားစကားလုံးရွေးပြီး ကျနော် ထပ်ပြောပါတယ်။ ညစာစားပွဲလို အလွတ်ဆွေးနွေးပွဲတွေမှာတော့ စကားပြန်မလိုဘဲ တရုတ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ပြောပါတယ်။ နှစ်ဖက်စလုံးလည်း သက်တောင့်သက်သာဖြစ်ပြီး အကြောင်းအရာ ကြီးကြီးကနေ သေးသေးအထိ ရင်းရင်းနှီးနှီး ပြောနိုင်ကြတယ်။ ဘာသာစကားတူ ပြောနိုင်တာကြောင့် တစ်ဦးနဲ့တစ်ဦး ပိုပြီး နွေးထွေးခင်မင်မှု ရပါတယ်။
စင်္ကာပူမှာ ကျနော် မကြာခဏ တရုတ်လို မိန့်ခွန်းပေးရပါတယ်။ ဥပမာ အမျိုးသားနေ့ လူထုအစည်းအဝေးပွဲ တရုတ်ဘာသာနဲ့ ပြောရမယ့်အလှည့်မျိုးမှာပါ။ ဒီလိုအရေးကြီးတဲ့ မိန့်ခွန်းတွေကို ပြောတဲ့အခါ ကြိုတင်ပြင်ဆင်ပြီး စကားကြွယ်ဝအောင် လုပ်ပါတယ်။ ပထမ ကျနော်က အင်္ဂလိပ်လို အကြမ်းရေးထားပြီး ကျနော့် သတင်းထုတ်ပြန်ရေးအတွင်းရေးမှူး Chen Hwai Liang ကို လွတ်လွတ်လပ်လပ် တရုတ်လို ပြန်ခိုင်းတယ်။ အင်္ဂလိပ်လိုရေးထားတာကို တရုတ်လို တိုက်ရိုက်ပြန်စရာ မလိုပါဘူး။ ကျနော် ပြောတဲ့ တရုတ်မိန့်ခွန်းဟာ အင်္ဂလိပ်လို အရင်ရေးထားတာကနေ ဘယ်တော့မှ တိုက်ရိုက်ပြန်တာ မဟုတ်ပါဘူး။
ကျနော်ရဲ့ မန်ဒရင်းစကား ကျွမ်းကျင်မှုကို ဆက်ထိန်းဖို့ ကြိုးစားရပါတယ်။ အဲဒီလို မလုပ်ရင် လည်လည်ပတ်ပတ် ပြောဆိုသုံးနှုန်းနိုင်မှု ဆုံးရှုံးသွားပါမယ်။ စင်္ကာပူထုတ် တရုတ် နေ့စဉ်သတင်းစာ Lianhe Zaobao ကို ကျနော် ဖတ်တယ်။ ပြည်မနဲ့ ထိုင်ဝမ်က တီဗီ ချန်နယ်လ်တွေကို ကြည့်တယ်။ ကြိုက်တဲ့ တရုတ်စာအုပ်တွေလည်း အချိန်ပေးဖတ်တယ်။ တရုတ် ဘလော့ဂ်တွေ ၀ဘ်ဆိုဒ် မီဒီယာတွေလည်း လျှောက်ကြည့်ပါတယ်။ တစ်လကို တစ်ကြိမ်နှစ်ကြိမ် တရုတ် ဆရာတစ်ယောက်နဲ့ သင်ယူ ဆွေးနွေးတယ်။ ဆရာတွေကို ကျနော် အလှည့်ကျ ပြောင်းခေါ်ယူတယ်။ အမှန်တော့ သူတို့က ကျနော့် ကျူတာ ဖြစ်ရုံမကဘူး၊ ယနေ့ဖြစ်နေတဲ့ ပြဿနာပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံကို တရုတ်လို တိုင်ပင်ဖော် ဆွေးနွေးဖော်တွေ ဖြစ်ပါတယ်။ အဲဒီနည်းနဲ့ ကျနော့် တရုတ်ဘာသာစကားကို ထိန်းထားပါတယ်။
ကျနော့်ရဲ့ တရုတ်ပညာရေးက လက်တွေ့တန်ဖိုးကို ကျော်လွန်ပြီး ကျနော်ရဲ့ အတွေးအမြင်၊ ကိုယ်ရည်ကိုယ်သွေး၊ လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာကြီးအပေါ် ရှုမြင်ပုံတို့ကိုပါ ပုံဖော်ပေးပါတယ်။ ဘာသာစကားဆိုတာ ဆက်သွယ်ရေးနည်းလမ်းမျှသာမဟုတ်ဘူး၊ ရည်ညွှန်း ကိုးကားစရာ မူဘောင်ကြီးတစ်ခုလုံးကို ဖြည့်ဆည်းပေးတယ်။ ဘာသာစကားကို လေ့လာရင်း ယဉ်ကျေးမှုအသိအမြင်ပါ ရလာတယ်။ ဇာတ်လမ်းတွေ၊ သမိုင်းတွေနဲ့ စာပေတွေပါ ကျနော့်အာရုံထဲမှာ ကိန်းဝင်လာတယ်။ တရုတ်တွေ တွေးပုံနဲ့ သူတို့ကိုယ် သူတို့ ကြည့်မြင်ပုံကို နားလည်လာတယ်။
ကျနော့်အတွက်တော့ နှစ်ကာလအတော်ကြာ စနစ်တကျနှစ်မြုပ်သင်ထားမှုကြောင့် ဒီလို အကျိုးရလဒ်ထင်တာ ဖြစ်ပါတယ်။ ဒီကနေ့ ကျောင်းသားတွေကတော့ ကျနော်တို့နဲ့မတူတဲ့ ပတ်ဝန်းကျင်မှာ ရှိနေကြတယ်။ အင်္ဂလိပ်စာက ကျောင်းတွေမှာ သင်ကြားရေး အဓိကကြားခံဘာသာစကား ဖြစ်နေတယ်။ တရုတ်ကို ဘာသာရပ်များစွာထဲက တစ်ခုအဖြစ်သာ သင်ကြားပါတယ်။ ကျောင်းသားတွေအဖို့ အင်္ဂလိပ်စကားပြော ပတ်ဝန်းကျင်မှာ အများဆုံးနေရပြီး၊ သူတို့ရဲ့ ပထမ ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်ပိုင်နိုင်နေအောင် အစွမ်းကုန် ကြိုးစားပါတယ်။
အဲဒီလို အင်္ဂလိပ်စာကို ကြိုးစားရမှာဖြစ်သလို တရုတ်စာကို ဒုတိယဘာသာစကား အဆင့် ကျွမ်းကျင်မှုရအောင် ကြိုးစားရမယ်။ ဒါပေမဲ့ အခု တရုတ်ကျောင်းတွေက အရင်ကျောင်းဟောင်းတွေနဲ့ မတူတော့ဘူး။ အင်္ဂလိပ်စာကို အထူးပြုလာတယ်။ အရင် ကျောင်းဟောင်းတွေတုန်းက အင်္ဂလိပ်စာ အဆင့်က နိမ့်ပြီး၊ တရုတ်စကားက အဆင့်မြင့်ထုတ်ကုန် ဖြစ်ပါတယ်။ မည်သို့ရှိစေ တရုတ်ယဉ်ကျေးမှု၊ အစဉ်အလာနဲ့ တန်ဖိုးတွေကို အဆင့်မြင့် သင်ခန်းစာတွေရယ်၊ ယဉ်ကျေးမှုနှစ်ခု အစီအစဉ်တွေရယ်ကတဆင့် ကျနော်တို့ လူ့အဖွဲ့အစည်းမှာ အသက်ဝင်အောင် ထိန်းသိမ်းသွားရပါမယ်။
မလေးစကားကိုတော့ ကျနော် နားလည်သလို မကြာခဏအသုံးလည်းပြုပါတယ်။ ကျနော် Berita Harian daily သတင်းစာ ဖတ်တယ်။ ကျနော်ဆီ ပြဿနာတွေနဲ့လာကြတဲ့ စင်္ကာပူနေ မလေးတွေနဲ့ ပြဿနာပြေလည်ဖို့ ဆွေးနွေးပြောဆိုရတယ်။ မိန့်ခွန်း ပြောဖို့ဆိုရင်တော့ ပိုအားထုတ်ရပါတယ်။ မှတ်စုမပါရင် အင်္ဂလိပ်စကားပြောသလို မလေးကို မပြောနိုင်ပါဘူး။ ဒါကြောင့် မန်ဒရင်း ကို လုပ်သလို အင်္ဂလိပ်လိုအရင် မှတ်စုအကြမ်းထုတ်ပြီးမှ မလေးဘာသာပြန်ရပါတယ်။ အသေချာ ပြင်ဆင်လေ့ကျင့်ပြီးရင်တော့ မိန့်ခွန်းကောင်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာက မလေးကို သာမန် ပြောဆိုဆွေးနွေးနိုင် အဆင့်လောက်ပဲ လုပ်ထားတာမို့ စာပေတွေလောက်ထိ နှိုက်မထားတာမို့ အခက်အခဲရှိပါတယ်။
ကျနော့် မလေးစကားက အိမ်နီးချင်း မလေးရှား အင်ဒိုနီးရှားတို့နဲ့ ဆက်ဆံရတဲ့အခါ အလွန်အသုံးတည့်ပါတယ်။ ဘာဟာဆာ အင်ဒိုနီးရှားဟာ ကွဲပြားခြားနားတဲ့ ဘာသာစကားတစ်ခုဖြစ်ပေမဲ့၊ ကျနော့်အတွက်တော့ မလေးနဲ့ တူတာမို့ ပြောဆိုနိုင်လောက်အောင် နားလည်နိုင်စွမ်းရှိပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှား ခေါင်းဆောင်တွေကလည်း အင်္ဂလိပ်လိုပဲ ပြောပါတယ်။ ဒါပေမဲ့ အသေးအဖွဲ အလွတ်သဘော ပြောကြတဲ့အခါ မလေး သို့မဟုတ် ဘာဟာဆာ အင်ဒိုနီးရှားစကားနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေး အေးခဲမှုကို ဖြိုလိုက်ကြရင် သက်တောင့်သက်သာ ရှိသွားပါတယ်။
ရုရှားကိုတော့ ကျနော် အသုံးမပြုတာ ဆယ်စုနှစ် လေးခုနီးပါး ရှိပါပြီ။ ရုရှားဧည့်သည်တွေနဲ့ ပြောရဆိုရတော့မယ့်အခါမှ ၀ါကျတွေ စကားလုံးတွေ ပြန်စီပြီး ဟိုဖတ် ဒီဖတ်လုပ်ရပါတယ်။ အလေးထားပြီး ဆက်လေ့လာနေတာတော့ မရှိပါဘူး။
ကျနော်ရဲ့ ဘာသာစကား လေးခု သင်ယူခဲ့တဲ့ အတွေ့အကြုံကို ကောက်ချက်ချကြည့်ရင် ပထမအချက်က ကျနော်တို့ အကျွမ်းကျင်ဆုံး ဘာသာစကားကို ငယ်ငယ်ကတည်းက ပုံသွင်းခံရပြီး ဖြစ်ပါတယ်။ အများကြီး အားထုတ်စရာမလိုဘဲ ခေါင်းထဲမှာ အဲဒီဟာနဲ့ပဲ တွေးပါတယ်။ ဒုတိယအချက်က ဒုတိယဘာသာစကားနဲ့ တတိယဘာသာစကားတို့ကို သင်ယူလို့ ရနိုင်ပေမဲ့ အဲဒါတွေက ပထမ ဘာသာစကားနဲ့ တန်းတူအဆင့်ရဖို့ သိပ်ခက်ပါတယ်။
တတိယအချက်က ဘာသာစကားစွမ်းရည်ဟာ တစ်ဦးချင်းရဲ့ အရည်အချင်း၊ ပတ်ဝန်းကျင်၊ စိတ်ဝင်စားမှုတို့အပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပါဘူး။ ကျောင်းသားတွေကို ဘာသာစကားလေ့လာဖို့ ကျနော်တို့ အားပေးရမယ်၊ အများကြီး ကူညီရမယ်၊ ဒါပေမဲ့ ကျောင်းသားတိုင်း ကောင်းလာဖို့ အတင်းဖိအားပေးလို့ မရနိုင်ဘူးဆိုတာပါ။ နောက်ဆုံးအချက်က ကျနော်တို့ တတ်ထားတဲ့ ဘာသာစကားကို အသုံးပြုနေဖို့ လိုအပ်တယ် သို့မဟုတ်ရင် ဆုံးရှုံးသွားနိုင်တယ် ဆိုတာပါပဲ။
ကျနော့်ကလေး လေးယောက်ကတော့ ကျနော့်နဲ့ မတူတဲ့ ပတ်ဝန်းကျင်အောက်မှာ ကြီးပြင်းလာပါတယ်။ အိမ်မှာ ကျနော်နဲ့ ကျနော့် ဇနီး ဟိုချင်း က များသောအားဖြင့် အင်္ဂလိပ်လို ပြောတယ်။ ကလေး လေးယောက်မှာ သုံးယောက်က ကျနော်တက်ခဲ့တဲ့ နန်းယန်း မူလတန်းကျောင်းမှာ တက်တယ်။ ဒါပေမဲ့ ကျနော်တို့ခေတ်နဲ့ မတူတော့ဘဲ အခု နန်ယန်းကျောင်းက အခြားစင်္ကာပူကျောင်း အားလုံးလိုပဲ အင်္ဂလိပ်စာနဲ့ သင်ပါတယ်။ ကျနော်တို့ခေတ်က နန်ယန်းအတန်းဖော်တွေ အားလုံးဟာ တရုတ်စကားပြောတဲ့ အိမ်တွေက လာကြပြီး တစ်ယောက်ကို တစ်ယောက် တရုတ်လိုပဲ ပြောတယ်။ အခု ကလေးတွေက အိမ်မှာ မိသားစုနဲ့ အင်္ဂလိပ်လိုပြောပြီး၊ ကျောင်းမှာလည်း သူတို့ချင်း အင်္ဂလိပ်လိုပဲ ပြောပါတယ်။
ကလေးတွေ ငယ်တုန်းက ဟိုချင်းက ကလေးတွေဖတ်ဖို့ ရောင်စုံရုပ်ပုံတွေအများကြီးပါတဲ့ တရုတ်မဂ္ဂဇင်းတွေ ရှာဖွေလာတယ်။ သူနဲ့ ကျနော် ကလေးတွေကို ဖတ်ပြရင်း အပန်းဖြေတယ်။ နောက်တော့ အဲဒီမဂ္ဂဇင်းမျိုးတွေ ရှာရခက်သွားတယ်။ ဒါကြောင့် တရုတ်သမိုင်းနဲ့ ပုံပြင်တွေပါတဲ့ ကာတွန်းတွေ၊ လွယ်လွယ် ဖတ်လို့ရတဲ့ တရုတ်စာအုပ်လေးတွေ ရှာရပါတယ်။
နောက်တော့ ကလေးတွေအတွက် တရုတ်စာအုပ်တွေက သိပ်ခက်ရင်ခက်၊ မခက်ရင် သိပ်ကလေးဆန်လွန်းနေတယ်။ အဆင့်လိုက် လက်တွဲခေါ်သွားတာ မရှိဘူး။ ဒီလိုနဲ့ သူတို့ Ldaybird series လို အင်္ဂလိပ်စာအုပ်တွေပဲ ဖတ်တော့တယ်။ အဲဒီကနေ အခြား အင်္ဂလိပ်စာအုပ်တွေနဲ့ မဂ္ဂဇင်းတွေပဲ ဆက်ဖတ်ပါတယ်။
ရလဒ်က ကျနော့်ကလေးတွေမှာ တရုတ်ယဉ်ကျေးမှုနဲ့ သမိုင်း စိမ့်ဝင်မနေဘူး။ တရုတ်အပေါ် သူတို့ရဲ့အမြင်နဲ့ တန်ဖိုးထားမှုက ကျနော်တို့လောက် မလေးနက်တော့ဘူး။ Lord of the Rings နဲ့ World of Warcraft တို့လို ဇာတ်လမ်းတွေ၊ အဲဒီက ဇာတ်ကောင်တွေနဲ့ပဲ သူတို့ ရင်းနှီးနေတယ်။ တရုတ်ဇာတ်လမ်းတွေမှာပါတဲ့ တိုက်ပွဲတွေအကြောင်း သူရဲကောင်းတွေအကြောင်း သူတို့ ခေါင်းထဲ မရှိတော့ဘူး။
ကျနော့် ကလေး လေးယောက်စလုံး အိမ်ရဲ့ ဘာသာစကားနဲ့ လူမှုအသိုင်းအ၀ိုင်းကျယ်ပြန့်မှု အတူရကြပေမဲ့၊ သူတို့တစ်ဦချင်းစီရဲ့ ဘာသာစကား သင်ယူမှုအတွေ့အကြုံမှာ မတူကြပါဘူး။
အကြီးဆုံးသမီး Xiuqi က ဘာသာစကားစွမ်းရည်ရှိပြီး အခြားသုံးယောက်ထက် တရုတ်စကား ကောင်းပါတယ်။ သူ့အမေ ဟိုချင်း
ဝယ်လာတဲ့ တရုတ်စာအုပ်အားလုံးကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ပါတယ်။ မူလတန်းမှာ ဆရာကလည်း အသင်အပြကောင်းတာကြောင့် အမှတ်ကောင်းရပါတယ်။ အလယ်တန်းကျောင်းမှာ အဆင့်မြင့်တရုတ်စာတွေအထိ ဆက်ဖတ်ပြီး အပြင်းအထန် ကြိုးစားပါတယ်။
ဝယ်လာတဲ့ တရုတ်စာအုပ်အားလုံးကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ပါတယ်။ မူလတန်းမှာ ဆရာကလည်း အသင်အပြကောင်းတာကြောင့် အမှတ်ကောင်းရပါတယ်။ အလယ်တန်းကျောင်းမှာ အဆင့်မြင့်တရုတ်စာတွေအထိ ဆက်ဖတ်ပြီး အပြင်းအထန် ကြိုးစားပါတယ်။
နောက်ပိုင်း တရုတ်စာတွေက အလွတ်ကျက်ရတာများပြီး အသုံးချရမယ့် နေရာလည်းမရှိတော့ သူ့ grade တွေ ကျသွားပါတယ်။ ဒါပေမဲ့ Hwa Chong Junior College တက်တဲ့အခါတော့ တရုတ်စကားပြောတဲ့ ပတ်ဝန်းကျင်ရှိတာကြောင့် သိပ်မကြိုးစားရဘဲ AO-level တရုတ်ဘာသာစကား စာမေးပွဲမှာ ဂုဏ်ထူး (A2) ထွက်ပါတယ်။ နောက် အလယ်တန်းကျောင်းမှာ ဂျာမန်ကိုလည်း တတိယဘာသာစကားအနေနဲ့ ယူပြီး သူ ဆက်လေ့လာခဲ့ပါတယ်။
ကျနော့်သား အကြီး Yipeng မှာက မွေးရာပါ အထီးကျန်စိတ်ဝေဒနာ (Asperger’s Syndrome) ရှိတာကြောင့် ကျောင်းမှာ မိခင် ဘာသာစကား သင်ကြားမှုကို ချွင်းချက်ပေးထားပါတယ်။ ဒါကြောင့် သူ တရုတ်စာ လုံးဝမတတ်ပါဘူး။ ကျနော်တို့ မိသားစု ဆုံရင် ပြောတဲ့ မန်ဒရင်းစကား တစ်လုံးစ နှစ်လုံးစပဲ သူသိပါတယ်။ နောက်တော့ ဘီသိုဗင်တို့ ရှုးဘတ် တို့လို ဂန္တ၀င်ဂီတ ပညာရှင်တွေကို သူ စိတ်ဝင်စားလို့ စင်္ကာပူ အမျိုးသားတက္ကသိုလ်မှာ သူ ဂျာမန်ဘာသာ သင်ယူပါတယ်။
ကျနော့် ဒုတိယသား Hongyi မှာက စာဖတ်ခက်တဲ့ dyslexic ရောဂါ ရှိပါတယ်။ ဘာသာရပ်တွေကို ကြိုးစားလေ့လာပေမဲ့ အရေး အဖတ်ကို သူ အရမ်းအားထုတ်ရပါတယ်။ အိမ်မှာနေ့စဉ်သုံးတဲ့ အင်္ဂလိပ်စာကိုပဲ အားရစရာ မကောင်းပါဘူး။ အရုပ်အရေအတွက် အများကြီး အလွတ်မှတ်ရတဲ့ တရုတ်စာက သူ့အတွက် ပိုခက်ပါတယ်။
ကျနော့်သား အငယ်ဆုံး Haoyi လည်း တရုတ်စာကို ခက်ခက်ခဲခဲ လေ့လာရပါတယ်။ တရုတ်ကျောင်းတွေမှာ ၁၂ နှစ်လောက် သင်ပြီးတာတောင် Lianhe Zaobao သတင်းစာကို မဖတ်တတ်သေးဘူး။ အဓိကအကြောင်းက ကျောင်းတွေမှာ ပြဋ္ဌာန်းတဲ့ တရုတ်စာသင်ရိုးညွှန်းတမ်းတွေက လက်တွေ့ အသုံးပြုနိုင်ဖို့ လုံလောက်မှုမရှိတာ တွေ့ရပါတယ်။ ကျောင်းမှာ အတန်းသား အချင်းချင်း အင်္ဂလိပ်လိုပဲ ပြောကြတဲ့အတွက် တရုတ်စကား အထိအတွေ့ နည်းပါတယ်။
Haoyi က အချိန်ပြည့် စစ်မှုထမ်းအပြီးမှာ တက္ကသိုလ်သွားဖို့ တစ်နှစ်ငယ်သေးတာကြောင့် တရုတ်စာ ပြန်လေ့လာပါတယ်။ အင်တာနက်ပေါ်က အွန်လိုင်းအဘိဓာန်၊ ပင်ယင်း အသံထွက်စနစ်၊ အင်္ဂလိပ်- တရုတ် စာပိုဒ် တိုက်ရိုက်ဘာသာပြန်စနစ်တွေ အသုံးပြုပြီး သူကြိုးစား လေ့လာတယ်။ လအနည်းငယ်ကြာတော့ Zaobao သတင်းစာကို သူ ဖတ်နိုင်လာပါတယ်။
တစ်နေ့မှာ သူက ကျနော်နဲ့ ညနေစာ စားတိုင်း မန်ဒရင်း ပြောဖို့ တောင်းဆိုပြီး လေ့ကျင့်ပါတယ်။ သူ့တိုးတက်မှု ကြည့်ပြီး ကျနော်
ဝမ်းသာမိတယ်။ ကျနော်က စမတ်ဖုန်းထဲမှာ အင်္ဂလိပ်-တရုတ် အဘိဓာန် ထည့်ထားတယ်။ ကျနော်တို့ မသိတဲ့ စကားလုံးဆိုရင် ဖွင့်ကြည့်တယ်။ သူ အမေရိကသွား ကျောင်းတက်တဲ့အထိ ကျနော်တို့ ညနေ ထမင်းစားပွဲမှာ အတူလေ့ကျင့်ခဲ့ပါတယ်။
ဝမ်းသာမိတယ်။ ကျနော်က စမတ်ဖုန်းထဲမှာ အင်္ဂလိပ်-တရုတ် အဘိဓာန် ထည့်ထားတယ်။ ကျနော်တို့ မသိတဲ့ စကားလုံးဆိုရင် ဖွင့်ကြည့်တယ်။ သူ အမေရိကသွား ကျောင်းတက်တဲ့အထိ ကျနော်တို့ ညနေ ထမင်းစားပွဲမှာ အတူလေ့ကျင့်ခဲ့ပါတယ်။
ပြောချင်တာက ဘာသာစကားသင်ယူရာမှာ ကလေးတိုင်း တန်းတူကောင်းစေဖို့ မဖြစ်နိုင်ဘူး ဆိုတာကိုပါ။ ဒါပေမဲ့ သူတို့ စိတ်
ဝင်စားလာအောင် သင်လိုစိတ်ရှိလာအောင် မီးထိုးပေးရမယ်။ သူတို့ စွမ်းနိုင်သမျှ ရောက်အောင် ကူညီဖို့ အရေးကြီးပါတယ်။ ကလေးဘ၀မှာ သင်ယူတဲ့ဘာသာစကားကို တစ်စိတ်တစ်ပိုင်းပဲ တတ်မြောက်ဦးတော့၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူတို့ သင်ယူစိတ် ပြန်လည်ပြီး အဲဒီဘာသာစကား အသက်ဝင်လာပါလိမ့်မယ်။ ဒါဟာ ကျနော်တို့ စင်္ကာပူကျောင်းတွေရဲ့ ဘာသာစကားဆိုင်ရာ ပညာရေး ရည်ရွယ်ချက် ဖြစ်သင့်ပါတယ်။
ဝင်စားလာအောင် သင်လိုစိတ်ရှိလာအောင် မီးထိုးပေးရမယ်။ သူတို့ စွမ်းနိုင်သမျှ ရောက်အောင် ကူညီဖို့ အရေးကြီးပါတယ်။ ကလေးဘ၀မှာ သင်ယူတဲ့ဘာသာစကားကို တစ်စိတ်တစ်ပိုင်းပဲ တတ်မြောက်ဦးတော့၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူတို့ သင်ယူစိတ် ပြန်လည်ပြီး အဲဒီဘာသာစကား အသက်ဝင်လာပါလိမ့်မယ်။ ဒါဟာ ကျနော်တို့ စင်္ကာပူကျောင်းတွေရဲ့ ဘာသာစကားဆိုင်ရာ ပညာရေး ရည်ရွယ်ချက် ဖြစ်သင့်ပါတယ်။
ရည်ညွန်း။ My Language Journey by Lee Hsien Loong -
Ref:maukkha.org
No comments:
Post a Comment