- မောက္ခပညာရေးမဂ္ဂဇင်းက ကူးယူဖော်ပြလိုက်တာပါ၊ ဘာသာပြန်ထားတာကောင်းလွန်းလို့နှင့် စင်္ကာပူ
- ၀န်ကြီးချုပ်ရဲ့အထုပတ္ထိလေးလဲဖြစ်တာကြောင့်ပါ အပိုင်း နှစ်ပိုင်းနှင့်ဖော်ပြထားပါတယ်၊
- Published on Monday, 04 June 2012 08:32
- Written by ၀င့်ထန်း
စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း ကို ၁၉၅၂ ခုနှစ်မှာ မွေးဖွားသည်။ မူလတန်းမှ အထက်တန်းအထိ တရုတ်ဘာသာစကားဖြင့် သင်ကြားသော ကျောင်းတွေမှာ ပညာသင်ယူခဲ့သည်။ စင်္ကာပူ အမျိုးသားကောလိပ် (National junior College) ရောက်မှ အင်္ဂလိပ် ဘာသာစကားဖြင့် ပညာရပ်များကို ဆည်းပူးခဲ့သည်။ အသက် ၆ နှစ်မှာ မလေး ဘာသာစကားနဲ့ အသက် ၁၄ နှစ်မှာ ရုရှားဘာသာစကား တို့ကို သင်ယူခဲ့သည်။ ယခု သူရဲ့ ဘာသာစကား သင်ယူမှုနဲ့ ပညာရေးအတွေ့အကြုံကို ပြန်ပြောထားကို တင်ပြလိုက်ပါသည်။
_________________
အင်္ဂလိပ်စကားပြောတဲ့ အသိုင်းအ၀ိုင်းတွေကြားမှာ ကျနော့်ကို မွေးဖွားခဲ့ပါတယ်။ ကျနော့် မိသားစုနှစ်ဖက်စလုံးက ပရနကန် တရုတ်တွေပါ။ ကျနော့် အဖိုးအဖွားတွေက မလေးနဲ့ အင်္ဂလိပ်စကား နှစ်မျိုး ရောပြောတယ်။ တရုတ်တွေဖြစ်ပေမဲ့ မန်ဒရင်း စကားလည်း မပြောသလို၊ အခြားတရုတ် ဒေသိယစကားတွေလည်း မပြောတတ်ဘူး။
ကျနော့် မိဘနှစ်ဦးစလုံးက အင်္ဂလိပ်စာတတ်တွေပါ။ သူတို့ချင်း အင်္ဂလိပ်စကားနဲ့ပဲ ပြောတယ်။ ကျနော် မွေးခါစမှာ ကျနော့်အဖေက လူထုကို နိုင်ငံရေး စကားတွေပြောနိုင်ဖို့အတွက် မန်ဒရင်း ဘာသာစကား သင်ယူနေတယ်။ အရွယ်အတော်ကြီးမှ မန်ဒရင်းစကားကို သင်ရတာမို့ သူ အများကြီး အားထုတ်ရပါတယ်။
ဒီတော့ မိဘတွေက ကျနော့်ကို ငယ်ငယ်ကတည်းက တရုတ်ဘာသာစကား သင်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျနော့်ညီမနဲ့ ညီကိုလည်း တရုတ်ကျောင်းမှာပဲ ထားတယ်။ မိဘတွေက ကျနော်တို့ မောင်နှမသုံးယောက် ကိုယ့်ဘာသာစကားနဲ့ ယဉ်ကျေးမှုသိပြီး ကြီးပြင်းလာစေချင်တယ်။ ဘ၀ကို အကျိုးမဲ့ မဖြစ်စေချင်ဘူး။ အိမ်မှာ ကျနော်တို့ကို အင်္ဂလိပ်စာ ကျွမ်းကျင်အောင် သင်ပေးနိုင်တယ်လို့ အဖေနဲ့ အမေက ယုံကြည်ထားတယ်။
နောက် ကျနော့်အဖေက တရုတ်ကျောင်းက ကျောင်းသားတွေဟာ အင်္ဂလိပ်ကျောင်းက ကျောင်းသားတွေထက် အရာရာမှာ ပိုပြီး လေးနက်တည်ငြိမ်မှုရှိတာ တွေ့ထားတယ်။ ဒါကြောင့် ကျနော်တို့ကို တရုတ် တန်ဖိုးတွေနဲ့ သဘောထားအမြင်တွေ ရရှိစေချင်တယ်။
ကျနော် ပညာစသင်တာ အလွန်ငယ်ပါတယ်။ သုံးနှစ်သားမှာ ‘ကင်း’ လမ်းက နန်ယန်းကျောင်းမှာ သူငယ်တန်း စတက်ရတယ်။ အဲဒီမှာ သုံးနှစ်တက်ပြီး၊ နန်ယန်း မိန်းကလေး အထက်တန်းကျောင်းမှာ မူလတန်း ဆက်တက်ပါတယ်။ မိန်းကလေးကျောင်းလို့ နာမည်ပေးထားပေမဲ့၊ မူလတန်းအဆင့်မှာ ယောက်ျားလေးတွေလည်း လက်ခံပါတယ်။ နောက်တော့ ညီမနဲ့ ညီငယ်လည်း အဲဒီ မိန်းကလေး အထက်တန်းကျောင်းမှာ ကျနော်နဲ့ လိုက်တက်ပါတယ်။
အိမ်မှာက ကျူတာတယောက် ငှားသင်ပါတယ်။ အဲဒီဆရာမလေးနာမည်က လီယွန် ဆုဟန် ပါ။ ကျနော် ၈ နှစ် ရောက်တဲ့အထိ သူက တရုတ်စာ သင်ပေးတယ်။ ကျနော့်ညီနဲ့ ညီမလည်း သူနဲ့ပဲ သင်ရတယ်။ ကလေးတွေနဲ့ အဆင်ပြေသူမို့၊ သူလည်း မိသားစု မိတ်ဆွေ ဖြစ်လာတယ်။ နောက်တော့ ဆရာမနဲ့ ကျနော်တို့ နှစ်အတော်ကြာ အဆက်ပြတ်သွားတယ်။ တစ်နှစ်က အမေ (လီကွမ်ယူ ဇနီး) ဆုံးတော့မှ၊ သူ့မိသားစုနဲ့အတူလာကြလို့ ကျနော်တို့ ပြန်ဆုံရတယ်။ အဲဒီကျမှ ကျနော်တို့ ဆရာမလည်း ဘီးတတ်ကုလားထိုင်နဲ့ အငြိမ်းစားတစ်ယောက် ဖြစ်နေတာ တွေ့ရပါတယ်။
ဆရာမ လီယွန်နဲ့ သင်ပြီးတော့၊ ကျနော့်အဖေကို စာသင်ပေးတဲ့ မစ္စတာဆန် နဲ့ အိမ်မှာ ဆက်ပြီးသင်ရတယ်။ သူက အသက်ကြီး ရုပ်ခပ်ကြမ်းကြမ်းပေမဲ့၊ လူကြီးလူကောင်းတစ်ယောက်ပါ။ သူက ပေကျင်းမြို့ဇာတိမို့ မန်ဒရင်းစကားကို ပေကျင်းလေသံနဲ့ ပြောနိုင်တယ်။ တရုတ်ပြည်မှာ မန်ဒရင်းစကားပြောရင် ပေကျင်းအသံထွက် ဖူထွန်းဟွ ကို စံအဖြစ်ထားပါတယ်။ မလေးရှားနဲ့ စင်္ကာပူမှာတော့ မန်ဒရင်းစကားပြောရင် နန်ယန်းအသံထွက်ကို စံအဖြစ်ထားပါတယ်။
ကျနော့်မိဘတွေက ကျနော့်ကို အကောင်းဆုံးအသံထွက်နဲ့ မန်ဒရင်းစကား သင်ယူစေချင်တယ်။ ဒါပေမဲ့ မစ္စတာဆန် ဆီက ပေကျင်းအသံထွက်မျိုးရအောင် ကျနော် မကြိုးစားနိုင်ခဲ့ဘူး။ ကျနော့်အပေါ် အဓိကလွှမ်းမိုးနေတာက နန်ယန်းကျောင်းက ဆရာ ဆရာမတွေနဲ့ အတန်းဖော်တွေရဲ့ ပြောစကားပါ။ သူတို့နဲ့ပဲ အချိန်အတော်ကြာကြာ နေရတာကြောင့်မို့ပါ။
ဒီကနေ့ စင်္ကာပူမှာ ပညာရေးဝန်ကြီးဌာနက တရုတ်ဘာသာစကား ဆရာတွေကို မှန်ကန်တဲ့ ပေကျင်းအသံထွက် ဖူထွန်းဟွကို ပြောနိုင်အောင် ကြိုးစားခိုင်းပါတယ်။ ဒါက စင်္ကာပူကျောင်းသားတွေ ကျောင်းမှာ မန်ဒရင်းစကားအမှန် သင်ယူနိုင်ဖို့ပါ။ အခုဆိုရင် စင်္ကာပူ လူငယ်တွေဟာ ကျနော်နဲ့ ကျနော်တို့ မျိုးဆက် တရုတ်စကားပြောသူတွေထက် ပိုပြီး မှန်ကန်တိကျတဲ့ မန်ဒရင်းစကားကို ပြောနိုင်ကြပါတယ်။
ကျနော်တို့အိမ်မှာ ကန်တုံစကားပြောတဲ့ အိမ်ဖော်တွေရှိတယ်။ ကျနော်တို့ မောင်နှမတွေ သူတို့ဆီက ကန်တုံစကား ရပါတယ်။ ဒါပေမဲ့ ကျနော်တို့မိသားစုကြားမှာ အင်္ဂလိပ်နဲ့ မန်ဒရင်း နှစ်မျိုးကိုပဲ ပြောတယ်။ အမေနဲ့ အင်္ဂလိပ်လိုပြောပြီး၊ အဖေနဲ့ မန်ဒရင်းလို ပြောပါတယ်။ အဖေက ကျနော်တို့နဲ့အတူ မန်ဒရင်း ပြောကျင့်လုပ်တာပါ။
နန်ယန်း မိန်းကလေး အထက်တန်းကျောင်းမှာတော့ ကျောင်းသားအားလုံး တရုတ်လိုပဲ ပြောပါတယ်။ ကျောင်းမှာ ကျနော် တစ်ယေက်ပဲ အင်္ဂလိပ်လို ပြောတတ်သူ ရှိတယ်။ ဒါပေမဲ့ နန်ယန်း သူငယ်တန်းမှာ အခြားအတန်းဖော်တွေနဲ့ ပေါင်းရတာ၊ တရုတ်စာ သင်ရ ပြောရတာ ကျနော့်အတွက် ဘာမှ အခက်ခဲမရှိပါဘူး။ မူလတန်းကျမှ ကျနော်ကြုံရတဲ့ အခက်အခဲလေးတစ်ခုက ကျနော့်မိဘတွေရဲ့ မိသားစုအမည်ကို ရေးခိုင်းတဲ့အခါ၊ အမေ့ ရဲ့ ဆာနိမ်း Kwa ကို တရုတ်အက္ခရာ (湾) နဲ့ မရေးတတ်တော့၊ Lee လို့ (李) ရေးလိုက်ပါတယ်။ အဆူခံရပါတယ်။
ကျနော့်အတန်းဖော်တွေကျတော့ အင်္ဂလိပ်စာ တစ်လုံးတလေတောင် မသိဘူး။ မူလတန်းမှာ ကျနော်တို့ သင်ရတဲ့ အင်္ဂလိပ် ဖတ်စာအုပ်မှာ စကားလုံးတစ်လုံးမှမပါဘဲ၊ ရုပ်ပုံတွေချည်း ပါပါတယ်။ ကျောင်းသားတွေ ဝေါဟာရ နားထဲဝင်အောင် ဆရာက ပုံတွေအကြောင်းကို အင်္ဂလိပ်လို ပြောပါတယ်။
နန်ယန်းမှာ မူလတန်းအဆင့်ပြီးတော့ ကျနော့်မိဘတွေက ကျနော့်ကို ‘ကွင်း’ လမ်းမှာ ရှိတဲ့ ဘရင်ဂျီ အထက်တန်းကျောင်းမှာ ထားပါတယ်။ အဲဒီကျောင်းကို မိဘတွေ ရွေးရတဲ့အကြောင်းက ဘာသာစကားနှစ်မျိုးနဲ့ သင်ကြားတာ (bilingual education) နာမည်ကြီးလို့ပါ။ တကယ်က တရုတ်စကားနဲ့သင်တဲ့ ကျောင်းဖြစ်ပေမဲ့၊ အဲဒီက အိန္ဒိယဆရာတချို့က အင်္ဂလိပ်စာကို ဘာသာရပ် တစ်ခုအနေနဲ့ သင်ရုံမကဘူး၊ သင်္ချာ ရူပဗေဒ တို့လို အဆင့်မြင့်ဘာသာရပ်တွေကိုလည်း အင်္ဂလိပ်လို သင်တာကြောင့်ပါ။ စာမေးပွဲမှာ ကျနော်တို့ တရုတ်လိုရော၊ အင်္ဂလိပ်လိုပါ ကြိုက်ရာနဲ့ ဖြေဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကျောင်းသားအများစုက နန်ယန်းကျောင်းမှာလိုပဲ တရုတ်စကားပဲပြောကြတာမို့ တရုတ်လိုနဲ့ပဲ ဖြေပါတယ်။
ဒါကြောင့် အထက်တန်းကျောင်းပြီးတဲ့အထိ ၁၅ နှစ်လုံးလုံး တရုတ်စကားပြောတဲ့ ပတ်ဝန်းကျင်မှာပဲ ကျနော် ပညာသင်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျနော့်ကိုယ်ကျနော်က ဘာသာစကားနှစ်မျိုး ပြောသူအဖြစ်သာ သတ်မှတ်ပါတယ်။ တရုတ်စကားနဲ့ သင်တဲ့ အတန်းမှာ ထိပ်ဆုံးကျောင်းသား မဖြစ်ပေမဲ့၊ ဘာသာရပ်တွေက ကျနော့်အတွက် အခက်ခဲမရှိပါဘူး။ အမှတ်ကောင်း အဆင့်ကောင်းတွေ ရခဲ့ပါတယ်။ အလယ်တန်းဆင့်မှာ တရုတ်ဂန္တ၀င်တွေ စာသားတွေနဲ့ ကဗျာတွေ သင်ရ ကျက်ရတာတွေက အချို့ကို အခုထိ အလွတ်ရနေပါသေးတယ်။
အထက်တန်းဆင့်မှာ ကျနော့်တရုတ်စကား အသုံးအနှုန်းက အင်္ဂလိပ်စကားလောက် မကောင်းတာ ကျနော် သတိထားမိပါတယ်။ တစ်နေ့ ကျင့်ဝတ်နီတိ သင်ခန်းစာအချိန်မှာ ကျနော့်ရဲ့ အမြင်ကို ထဆွေးနွေးဖို့ ဖြစ်လာပါတယ်။ ‘personal style’ ဆိုတဲ့ အင်္ဂလိပ် ဝေါဟာရကို တရုတ်လို ဘယ်လို ပြောရမှန်းမသိ ဖြစ်နေတယ်။ ကျနော့်ဆရာက စဉ်းစားပြီး ‘风格’ လို့ ပြန်ပေးပါတယ်။ အဲဒီတော့မှ ကျနော်ဟာ အရာရာကို အင်္ဂလိပ်လို တွေးပြီးမှ တရုတ်လို ဘာသာပြန်ပြောတယ်ဆိုတာ ကိုယ့်ဖာသာ သဘောပေါက်မိပါတယ်။
တရုတ်ကျောင်းတွေ တက်ပြီး၊ တရုတ်လို အမျိုးသားစာမေးပွဲကို ကျနော် ဖြေဆိုခဲ့ရပေမဲ့၊ ဘရင်ဂျီ အထက်တန်းကျောင်းမှာတော့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သီးသန့်ကျောင်းသားအနေနဲ့ အင်္ဂလိပ်လိုဖြေပြီး အောင်လက်မှတ် ရခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အခြားတော်တဲ့ ကျောင်းသားတချို့လည်း ကျောင်းအောင်လက်မှတ်စာမေးပွဲ (School Certificate examination) ကို အင်္ဂလိပ်လို ဖြေဆိုတာ ရှိပါတယ်။ အလုပ်အကိုင်ကောင်း ရဖို့ဆိုရင် တရုတ်ဘာသာစကားတစ်ခုထဲနဲ့ မလုံလောက်တာကို ကျောင်းသားတွေ သိလာကြပါတယ်။
ကျောင်းသားတွေဟာ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်နေဖို့လိုသလို၊ အင်္ဂလိပ်စာမှာ အကယ်ဒမစ် အရည်အသွေးရှိနေဖို့လည်း လိုလာပါတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးစနစ်က အင်္ဂလိပ်ဘာသာစကားအပေါ် အခြေပိုပြုလာတာကြောင့်၊ ကျနော်တို့ ပညာရေးစနစ်ကလည်း ဘာသာစကားမျိုးစုံ သုံးတဲ့ လမ်းကြောင်းကနေ အင်္ဂလိပ်စာတစ်ခုထဲကိုပဲ ကြားခံ အမျိုးသား ဘာသာစကား (national medium of instruction) အဖြစ် ပြောင်းသုံးဖို့ ကြိုးစားနေပါတယ်။ ဒါက ကျနော်တို့မျိုးဆက် ကျောင်းသားတွေဟာ အဓိက လူမှုရေးနဲ့ ပေါ်လစီအပြောင်းအလဲတွေမှာ လိုက်ပါနိုင်ဖို့ ကြိုးစားခဲ့ရတဲ့ လက်တွေ့ဥပမာတစ်ခု ဖြစ်ပါတယ်။
ဘရင်ဂျီ အထက်တန်းကျောင်းကနေ အောင်လက်မှတ်ရပြီးနောက်၊ Natioanl Junior College မှာ တစ်နှစ်လောက် အင်္ဂလိပ်စာနဲ့ အထက်တန်းအောင်လက်မှတ်ရအောင် ပြန်လုပ်ပါတယ်။ အဲဒီကျောင်းမှာက ဘာသာရပ်အသစ်တွေ သင်ရလို့၊ နောက်ပိုင်း အဲဒါက ကျနော့်အတွက် အများကြီး အထောက်အကူပြုပါတယ်။ အထူးသဖြင့် ဘောဂဗေဒ ဘာသာရပ်ပါ။
အထက်တန်းကျောင်း နောက်တစ်ခု ပြန်တက်တဲ့အကြောင်းက ကျနော့် သူငယ်ချင်းတွေထက် ကျနော်က ၁ နှစ် ငယ်နေလို့ပါ။ စစ်မှုထမ်းဖို့ အသက်က အရမ်းငယ်နေသေးတယ်။ မူလတန်းကို ၁ နှစ် စောတက်ခဲ့တာကြောင့် အထက်တန်းအောင်ပေမဲ့ ၁၈ နှစ် မပြည့် ဖြစ်နေတယ်။ ၁ နှစ်လောက် အချိန်ဖြုန်းပြီးမှ စစ်မှုထမ်း၊ နောက် တက္ကသိုလ်ကို သွားနိုင်ပါတယ်။ ဒါကြောင့် တက္ကသိုလ် တန်းမသွားသေးဘဲ အထက်တန်းကျောင်းနောက်တစ်ခုမှာ အသက်တစ်နှစ်ကျော်ဖို့ စောင့်ခဲ့ရတာပါ။
တကယ်လို့ ကျနော် တက္ကသိုလ် အရင်ဝင်တက်လိုက်တယ်ဆိုရင်၊ အသက်ပြည့်လာရင် စစ်မှုသွားထမ်းပါ့မလားဆိုတာ အချို့က သံသယ ရှိလိမ့်မယ်။ အဲဒီတုန်းက သံသယရှိနိုင်ပေမဲ့၊ ဒီကနေ့တော့ စင်္ကာပူရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကတော့၊ ၀န်ကြီးချုပ်သား ဖြစ်ရင်တောင် အသက်ပြည့်ရင် ချွင်းချက်မထားဘဲ၊ ၂၂ လ စစ်မှုထမ်းရပါမယ်။
အမျိုးသားကောလိပ်မှာ HSC စာမေးပွဲဖြေဖို့ အဓိက ဘာသာရပ်အတွက် တရုတ်စာကို ယူပါတယ်။ ကျနော့်အက်ဆေးနဲ့ စာစီစာကုံး တွေက ကျေနပ်လောက်စရာ မရှိပါဘူး။ ကျောင်းမှာ ဂရိတ်ကောင်းရဖို့ မလိုတော့ပေမဲ့၊ ကျနော့်ရဲ့ တရုတ်စာကို တိုးတက်ချင်တယ်။ အဲဒီလို တရုတ်စာတိုးတက်ဖို့ လုပ်တာက တက္ကသိုလ် လျှောက်ဖို့နဲ့ စကော်လားရှစ် လျှောက်ဖို့ လိုအပ်လို့ မဟုတ်ပါဘူး။ တရုတ်ကျောင်းတွေမှာ နှစ်များစွာ အချိန်ကုန်ပြီးတာတောင် တရုတ်ဘာသာစကားနဲ့ စာပေကို ကျနော် ပိုလေ့လာချင်နေတာပါ။
ဒါပေမဲ့ ကျနော့်ရဲ့ တရုတ်စာအရေးသားက မကောင်းမွန်ပါဘူး။ ကျနော့်ရဲ့ အက်ဆေး အမှတ်တွေက သာမန်အဆင့်ပါ။ NJC မှာ လ အတော်ကြာ တက်ပြီးတော့ ဆရာက “မင်းအက်ဆေး အရေးအသားက စုတ်ပြတ်နေတာပဲ” လို့ ပြောပါတယ်။ အဲလို ပြောတာကို ကျနော် အံ့အားသင့်တယ်။ ဘာလို့လဲဆိုတော့ ကျနော့်ရဲ့ အင်္ဂလိပ် အက်ဆေးအရေးအသားတွေမှာ အဲဒါမျိုး ပြဿနာ မရှိလို့ပါ။
ကျနော် ကြိုးစားပြင်ပါမယ်လို့ ဆရာကို ပြောလိုက်ပါတယ်။ နောက် ကျနော့်ရဲ့ အင်္ဂလိပ်စာအရေးအသား ကျွမ်းကျင်မှုမျိုး၊ တရုတ် အက်ဆေး အရေးအသား ကျွမ်းကျင်မှုမှာပါ ဖြစ်လောအောင် အဆိုင်းမင့်တွေမှာ ကြိုးစားကြည့်တယ်။ မလွယ်ပါဘူး။ သူငယ်တန်းကတည်းက ကျောင်းပေါင်းစုံမှာ ၁၅ နှစ်ကျော် တရုတ်စာ သင်လာပေမဲ့၊ ကျနော် ကျွမ်းကျင်တဲ့ ဘာသာစကားက တရုတ်မဟုတ်ဘဲ အင်္ဂလိပ်စာ ဖြစ်နေပါတယ်။ တရုတ်စာ အဖတ်နဲ့ အပြောမှာ ကျနော် အတော်ရပေမဲ့၊ အရေးအသားမှာတော့ ကျေနပ်လောက်စရာ မရှိပါဘူး။
အကြောင်းကတော့ တရုတ်လို တွေးတောမှုက ခေါင်းထဲ သဘာဝအတိုင်း စီးဆင်းမလာလို့ပါ။ ကျနော့်အတွေးက အင်္ဂလိပ်လို အရင်လာပြီးမှ တရုတ်လို ပြန်ကြည့်နေရပါတယ်။ ဆက်ပြီး ကြိုးစားလိုစိတ်ရှိပေမဲ့၊ ကျနော် ဆက်မသွားနိုင်တဲ့ အကန့်အသတ် ရှိနေမယ်လို့ ထင်ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ တရုတ်ဘာသာစကား နက်နက်ရှိုင်းရှိုင်းထိ လေ့လာလိုစိတ်ကို လက်လျှော့လိုက်ရပါတယ်။
ကျနော့် အိမ် ပတ်ဝန်းကျင်ကြောင့် အင်္ဂလိပ်စာက ကျနော့်အတွက် ပိုလွယ်ကူပါတယ်။ မိဘတွေဆီက ကလေးတစ်ယောက် သင်ယူရရှိတဲ့ ပထမ ဘာသာစကား ဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ် ကျူတာတွေ အိမ်မှာ တစ်ယောက်ပြီးတစ်ယောက် ကျနော့် အတွက် ငှားခဲ့ရပါတယ်။ ကျနော့်ကို သင်ပေးတဲ့အထဲမှာ ကျနော့်ဦးလေး Earnest Lau လည်း ပါပါတယ်။ သူက Anglo-Chinese School ကျောင်းမှာ အင်္ဂလိပ်စာပြပြီး၊ နောက်ပိုင်း အဲဒီမှာ ကျောင်းအုပ်ဖြစ်လာတယ်။
ကျနော့်ဦးလေးက ထူးချွန်တဲ့ဆရာပါ။ စာတစ်ပုဒ်ဖတ်ပြီးတိုင်း comprehension မေးခွန်းတွေ လေ့ကျင့်ခိုင်းတယ်။ တစ်ပတ်ကို အက်ဆေးတစ်ပုဒ် ရေးခိုင်းတယ်။ စာပိုဒ်တွေကို အကျဉ်းချုပ်ပြီး ပြန်ရေးခိုင်းတယ်။ ရေးတဲ့အခါတိုင်း စာလုံးအရေအတွက် ဘယ်လောက် ဆိုတာ အတိအကျ ရေတွက် ရေးရတယ်။ စာလုံးတိုင်းရဲ့ အဓိပ္ပါယ်နဲ့ ရေးထုံးကို နားလည်အောင် လေ့ကျင့်ရတယ်။ အဲဒီနည်းနဲ့ ကျနော့်ကို နှစ်အတော်ကြာအောင် လေ့ကျင့်ပေးလို့ အထက်တန်း စာမေးပွဲကို အခက်အခဲမရှိ အောင်မြင်ခဲ့ပါတယ်။
အဲဒီလို ဘာသာစကား ကျွမ်းကျင်မှုက ကျနော့်အလုပ်တွေမှာ တန်ဖိုးမဖြတ်နိုင်အောင် အထောက်အကူပြုပါတယ်။ အစိုးရ လုပ်ငန်းမှာ ကြေငြာချက်တွေ၊ ပေးစာတွေ မကြာခဏ ရေးရတဲ့အခါ၊ စာလုံးအရေအတွက်ကို အတိအကျတွက်ပြီး ကျစ်လစ် ထိမိအောင် ရေးသားနိုင်ပါတယ်။
ဗြိတိသျှ လုပ်အားပေး ၀န်ထမ်းငယ် အချို့ကလည်း ကျနော့်ကို အိမ်မှာ သင်ပေးပါတယ်။ သူတို့က တက္ကသိုလ်က ဘွဲ့ရကာစ အမျိုးသား အမျိုးသမီးတွေပါ။ စင်္ကာပူကို ရောက်လာပြီး ဗြိတိသျှကောင်စီအောက်မှာ တစ်နှစ် နှစ်နှစ် စာလာသင်ကြတာပါ။ သူတို့က ကျနော်ဖတ်ဖို့ စာအုပ်တွေ ဆောင်းပါးတွေ ပေးပြီး ဆွေးနွေး ငြင်းခုန်ခိုင်းတယ်။ အဲဒီကနေမှ ဝေါဟာရရော စကားပြော စွမ်းရည်ပါ တိုးတက်လာတယ်။
ကျောင်းသားဘ၀တလျှောက်မှာ ကျနော် စာကို သဲကြီးမဲကြီး ဖတ်ပါတယ်။ အင်္ဂလိပ်သတင်းစာနဲ့ တရုတ်သတင်းစာ နှစ်ခုလုံး ဖတ်တယ်။ အမျိုးသားစာကြည့်တိုက်က စာအုပ်တွေ ငှားဖတ်တယ်။ အမေက ကျနော်တို့ မောင်နှမတွေကို စတမ်းဖို့လမ်းက အမျိုးသား စာကြည့်တိုက်ဟောင်းကို တစ်ပတ်နှိမ်ကြိမ် ခေါ်သွားတယ်။ သူ စာအုပ်တွေ ချစ်သလို ဖတ်သလိုမျိုး ကျနော်တို့ ဖြစ်လာအောင် ပျိုးထောင်ပေးတယ်။
တရုတ် ခေတ်ပေါ်ဝတ္ထုတွေကို ဖတ်တဲ့အခါ Lu Xun နဲ့ Ba Jin တို့လို စာရေးဆရာတွေကို ကျနော် ကြိုက်တယ်။ ဂန္တ၀င်မှာတော့ The Romance of the Three Kingdoms (三国演义) နဲ့ The Journey to the West (西游记) တို့က ကျနော် စိတ်ထဲ နက်နက်ရှိုင်းရှိုင်း စွဲဝင်နေတယ်။ မျိုးဆက်တိုင်း ဖတ်ရမယ့် စာအုပ်ကောင်းတွေပါ။
ဒါပေမဲ့ ကျနော်က တရုတ်စာထက် အင်္ဂလိပ်စာကို ပိုဖတ်ပါတယ်။ စာကြည့်တိုက်က ကျနော်တို့ မောင်နှမတွေ အငှားများတဲ့ စာအုပ်တွေကလည်း အင်္ဂလိပ်စာအုပ်တွေချည်းပါပဲ။ အဓိကအချက်ကတော့ အင်္ဂလိပ်စာအုပ်တွေနဲ့ မဂ္ဂဇင်းတွေမှာ ဘာသာရပ်အကြောင်းရာပေါင်းစုံ ပါဝင်လို့ပါ။ ကျနော်တို့ စိတ်ဝင်စားတဲ့ သင်္ချာနဲ့ သိပ္ပံအကြောင်းတွေ အများကြီးပါလို့ပါ။ ဒါကြောင့်လည်း အင်္ဂလိပ်စာက ကျနော်တို့အပေါ် တဖြည်းဖြည်းနဲ့ လွှမ်းမိုးတဲ့ ဘာသာစကား ဖြစ်လာပါတယ်။
(ဒုတိယပိုင်း ဆက်ပြောပါဦးမယ်)
ရည်ညွှန်း။ My Language Journey by Lee Hsien Loong
ဝင့်ထန်း
Ref:Maukkha.org
No comments:
Post a Comment