Popular Posts!

Tuesday, June 26, 2012

ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာဟု ရှမ်းမူးယစ်စောင့်ကြည့်ရေးအဖွဲ့ ပြော


ချင်းမိုင်(မဇ္စျိမ) ။       ။ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များအတွင် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာနေသဖြင့် အစိုးရ၏ မူးယစ်ဆေးဝါး ပပျောက်ရေးသည်မှာ အတုအယောင်သာ ဖြစ်နေသည်ဟု ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့် လေ့လာရေး အဖွဲ့က ယနေ့ ဇွန် ၂၆ ရက်နေ့မှာ ပြောဆိုလိုက်သည်။

သမ္မတ ဦးသိန်းစိန်က ၂ဝ၁၂-၂ဝ၁၄ ခုနှစ်ထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်း လုပ်ဆောင်ရန် ကြေညာထား
သော်လည်း ၂ဝ၁၁ ခုနှစ်က ရှမ်းပြည်နယ် ၅၅ မြို့နယ်ထဲမှ ၄၉ မြို့နယ်အတွင်း ဘိန်းခင်းများ ပိုမိုများပြားလာသည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ၂ဝ၁၂ ခုနှစ် အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ဘိန်းစိုက် ပိုများလာတာက စားဝတ်ရေးခက်တာ၊ နိုင်ငံရေးကြောင့်လို့ ပြောလို့ရတယ်။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ လုပ်တော့ ကြံ့ဖွံ့ပါတီကနေ စည်းရုံးတဲ့အခါ ငါတို့မှာ မဲထည့်ရင် ဘိန်းစိုက်ခွင့် ပေးမယ်လို့ ကတိပေးတယ်။ ခြသေ့ပါတီ က မဲရတယ်။ စစ်တပ်ကတော့ အခွန်ရတယ် ဆိုပြီး တော်တော် ပြန့်နေခဲ့တယ်။ အခုဆိုရင် ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ ကတိအတိုင်း ဆက်လုပ်တဲ့ သဘောရှိတယ်” ဟု မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ဦးခွန်ဆိုင်း က ပြောသည်။
shandrugwatch
အစိုးရ၏ အဓိက ရည်မှန်းချက်မှာ မူးယစ်ဆေးဝါး ပပျောက်ရေးမဟုတ်ဘဲ အတိုက်အခံ ပပျောက်ရေးသာ ဖြစ်၍
နိုင်ငံရေး ပြဿနာကိုသာ ဖြေရှင်းမှ ပပျောက်နိုင်မည်ဟု သူက ဆက်ပြောသည်။

“နိုင်ငံရေးပြဿနာကို အရင်မဖြေရှင်းဘဲနဲ့ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းမယ် ဆိုတာက စိတ်ကူးယဉ်ပဲ ဖြစ်လိမ့် မယ်။ ကျနော်တို့က မူးယစ်ဆေးဝါး ပြဿနာကို ဥပဒေလမ်းကြောင်း ပြဿနာပဲလို့ တွေးမယ်ဆိုရင်တော့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ တဘက်က နိုင်ငံရေး၊ ဥပဒေလမ်းကြောင်း၊ လူမှုရေး၊ စီးပွားရေး ပြဿနာဖြစ်တယ်။ ဒါတွေ အားလုံး ဝိုင်းဝန်းဖြေရှင်းမှ သူနိုင်-ကိုယ်နိုင် ဖြေရှင်းမှ ပြေရှင်းနိုင်မယ်ဆိုတာ သေချာပါတယ်” ဟု ဦးခွန်ဆိုင်း က မဇ္စျိမကို
ပြောသည်။

ထို့ပြင် ယခင်နှစ်များတွင် ရာဘဆေး တလုံးလျှင် ကျပ် ၁,၂ဝဝ ဈေးနှုန်း ရှိသော်လည်း မေလက နမ်းခမ်းမြို့နယ် မန်းဝီးကျေးရွာအုပ်စုတွင် ရာဘဆေးပြားတပြားလျှင် ကျပ် ၅ဝဝ သာ ပေးဝယ်ရခြင်းကို ကြည့်ခြင်းအားဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု များပြားလာခြင်း ဖြစ်သည်ဟု ဆိုသည်။

ရှမ်းပြည်နယ်တွင် ဘိန်းရာဇာ တရုတ်ဖြူ လော်စစ်ဟန် မှတဆင့် ခွန်ဆာ၊ သူမှတဆင့် ဝ လက်နက်ကိုင်တပ်ဖွဲ့များ၊ ထိုမှ ပြည်သူ့စစ်များအဖြစ် အဆင့်ဆင့်ရှိခဲ့ရာ မူးယစ်ဆေးဝါး ပပျောက်သွားခြင်း မရှိသဖြင့် နည်းလမ်းများ ပြောင်းလဲရန် လိုအပ်ကြောင်း သူက အကြံပြုလိုက်သည်။

လွတ်လပ်ရေးရပြီးနောက် လက်နက်ကိုင် အဖွဲ့အစည်းများ ပေါ်ပေါက်လာကာ တရားဥပဒေ စိုးမိုးရေး မရှိတော့သဖြင့် မူးယစ်ဆေးဝါး ပြဿနာကိုလည်း ဖြေရှင်းနိုင်မည့် နည်းလမ်းမှာ အတိုက်အခံများနှင့် အစိုးရတို့ နိုင်ငံရေး သဘောတူညီ ချက်ရရေး ဖြစ်သည်ဟု ဦးခွန်ဆိုင်းက သူ့အမြင်ကို ရှင်းပြခဲ့သည်။

“ကျနော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲစေချင်ဘူး။ အချုပ်အခြာအာဏာတည်ရေးကိုလည်း အတိုက်အခံဘက်က လက်ခံတယ်။ ဒီအရေးသုံးပါး ဘောင်အတွင်းမှာ ကျနော်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရချင်တယ်။ ကျနော်တို့ရဲ့ ကံကြမ္မာကို ဖြေရှင်းချင်တယ်။ ဒီလိုတင်ပြတာကို အစိုးရကလည်း လက်ခံတယ်ဆိုရင် နိုင်ငံရေးအရ အဓိပ္ပါယ်က သဘောတူညီမှု ရသွားပြီဆိုရင် ရန်သူတွေ မဟုတ်တော့ဘူး၊ ရန်သူ မဟုတ်တော့ဘူးဆိုရင် တရားဥပဒေ စိုးမိုးရေး ရမယ်။ မူးယစ်ဆေးဝါး ပြဿနာကို ဘယ်နည်းနဲ့မဆို ကိုင်တွယ်ဖြေရှင်းနိုင်မယ်” ဟု ရှင်းပြခဲ့သည်။

ထို့ပြင် တောင်ကြီးခရိုင်၊ ဟိုပုန်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်း အစိုးရ ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် တောင်သူများ ၏ လယ်ယာမြေများ အသိမ်းပိုက်ခံရပြီးနောက် စားဝတ်နေရေး ထွက်ပေါက်အဖြစ် ဘိန်းစိုက်ပျိုး ပိုမို များပြားလာသည် ဟု ပအိုဝ်းလူငယ် အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး ကိုခွန်ထွန်းတင်က ပြောသည်။

၁၉၉၁ ခုနှစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ PNO က အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ရလလဖ က အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ဟိုပုန်းမြို့နယ်တွင် မြေဧက နှစ်သောင်းကျော်နှင့် ဆီဆိုင်မြို့နယ်တွင်လည်း
မြေဧက ထောင်ဂဏန်း အစိုးရက သိမ်းပိုက်ခဲ့သည်ဟု သူက ဆက်ပြောသည်။

“ဖွံ့ဖြိုးရေး အကြောင်းပြန်ချက်နဲ့ လုံခြုံရေးဆိုပြီး စစ်တပ်က ပြန်လာထိုင်တယ်။ ဒေသခံတွေက မူလက တောင်ယာစပါး၊ ဂျူံ၊ ပြောင်းတွေ စိုက်တယ်။ မြေသိမ်းလိုက်တော့ စားဝတ်နေရေး ကြပ်တည်းလာတယ်။ အဲဒီအတွက်ကြောင့် ဘိန်းကို စိတ်ဝင်စားလာတယ်။ အရင်းအနှီး မထုတ်ရဘူး။ အချိန်လည်း တိုတိုအတွင်း ငွေဖြစ်လွယ်တယ် ဆိုတော့ စိတ်ဝင်စား လာတယ်” ဟု ပြောသည်။

ဘိန်းကို ယခင်က ဝေးလံခေါင်းပါးသည့် တောတောင်များ၌သာ စိုက်ပျိုးခဲ့သော်လည်း ယခု ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်
နောက်ပိုင်း မြို့ပေါ် ကားလမ်းနှင့် မနီးမဝေးနေရာများတွင် စိုက်ပျိုးလာကြကာ ဆီဆိုင်မြို့ပေါ် အခြေစိုက်ထားသည့် အစိုးရတပ်ရင်း ၄၂၃၊ ၄၂၄ တပ်ဖွဲ့များက ဒေသခံများထံမှ ဘိန်းခွန်များလိုက်လံ ကောက်ယူနေသည်ဟု ခွန်ထွန်းတင် က ပြောသည်။

၁၉၉၉ ခုနှစ်မှစတင်၍ ၁၅ နှစ် မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းကို ရှမ်းပြည်နယ်တွင် ၄၃ မြို့နယ်၊ ကချင်ပြည်နယ် တွင် ၄ မြို့နယ်၊ ကယားပြည်နယ်တွင် ၂ မြို့နယ်၊ ချင်းပြည်နယ်တွင် ၂ မြို့နယ် စုစုပေါင်း ၅၁ မြို့နယ်တွင် ပစ်မှတ် ထားခဲ့သော်လည်း ၂ဝဝ၄ ခုနှစ်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ပြန်လည် ဖွဲ့စည်းခဲ့ရာ ၄၇ မြို့နယ်သာ ပစ်မှတ် ထားခဲ့သည်ဟု ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSA-S သည် အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီနှင့် ဆွေးနွေးမှုများ ရှိနေကာ မူးယစ်ဆေးဝါး ပပျောက်ရေးတွင် အစိုးရတပ်မတော် ပါဝင်မှသာလျှင် ဖြေရှင်းနိုင်မည်ဟု ဆွေးနွေးထားသည် ဟု ဦးခွန်ဆိုင်းက ပြောသည်။

ထိုင်းအစိုးရကို မူးယစ်ဆေးဝါး ပြဿနာများကို ကူညီရန်အတွက် သတင်းအချက်အလက်များ ပေးရန် ၁၉၉၈ ခုနှစ်မှ စတင်၍ ၁ဝ နှစ်ကြာ ပူးပေါင်း လုပ်ကိုင်ခဲ့သည်။ ဇွန်လ ၂၃ ရက်နေ့က ထိုင်းဘုရင်၏ အမတ်တဦးမှ SSA တောင်ပိုင်းမှ ကိုယ်စားလှယ်အား သတင်းပေးမှုအပေါ် အသိအမှတ်ပြုသောအားဖြင့် ရွှေလင်းယုန် တံဆိပ် Gold Eagle Award ဆုချီးမြင့်ခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် SHAN သတင်းဌာနသည့် ၂ဝဝ၇ ခုနှစ်မှ စတင်၍ မူးယစ်ဆေးဝါးစောင့်ကြည့်
ရေး အစီရင်ခံစာကို ထုတ်ဝေခဲ့ရာ ယခု အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေလိုက်သော အစီရင်ခံစာမှာ ပဉ္စမအကြိမ်မြောက်
ဖြစ်သည်။

ထိုအစီရင်ခံစာထဲတွင် ခေတ်အဆက်ဆက်က ဘိန်းဘုရင်များ၏ လုပ်ဆောင်မှုများ၊ ပြီးခဲ့သည့် ဧပြီလအတွင်းက
ရွှေတြိဂံနယ်မြေအတွင်း မူးယစ်ရာဇာ နော်ခမ်းအား လာအို အစိုးရ အာဏာပိုင်များ ဖမ်းဆီးခံမှုများကို ရေးသားဖော်ပြ ထားသည်။

သမ္မတ ဦးသိန်းစိန်က ယခုနှစ် တတိယ ၅ နှစ်စီမံကိန်းသို့ ရောက်ရှိနေပြီဖြစ်၍ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် ဘိန်းစိုက်ပျိုးရာ ဒေသများတွင် အစားထိုးဖွံ့ဖြိုးရေး သုံးနှစ်စီမံကိန်ုးများ ကို ချမှတ်ကာ အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေရှိကြောင်း ဇွန်လ ၂၆ ရက်နေ့ထုတ်
နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့များတွင် မီးရှုံ့ဖျက်ဆီးပွဲ ကျင်းပမည်ဟု ဆိုထားသည်။

၂ဝ၁၁ ခုနှစ်တွင် နိုင်ငံတဝန်း ဘိန်း၊ ဘိန်းဖြူ၊ ဘိန်းဆီ၊ အဆင့်နိမ့်ဘိန်း၊ ဆေးခြောက်၊ စိတ်ကြွ ရူးသွပ်ဆေးပြားနှင့် ဓါတုပစ္စည်းမျိုးစုံတို့အား ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၂,၆၁၇ မှုမှ မြစ်မှုကျူးလွန်သူ တရားခံ ၃,၉၉၁ ဦးအား ဥပဒေအရ အရေးယူနိုင်ခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာတွင် ရေးသားသည်။
Ref:mizzimaburmese

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!