Popular Posts!

Sunday, October 20, 2013

အရည်သွေးမီသရက်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့နိုင်ရေး”


မြန်မာနိုင်ငံသည် တောင်နှင့်မြောက် ရှည်လျားစွာတည်ရှိပြီး ကုန်းမြင့်တောင် တန်းများ၊ ကမ်းရိုးတန်း ဒေသများ၊ မြေနိမ့် လွင်ပြင်များစသဖြင့် သဘာဝစိုက်ပျိုးရေး ဂေဟစနစ်အမျိုးမျိုးရှိသော သီးနှံမျိုးစုံ စိုက်ပျိုး နိုင်သည့် ရေမြေရာသီဥတု၊ သဘာဝ ပတ်ဝန်းကျင်ဖြင့် ထူးခြားသည့် နိုင်ငံတစ်ခု ဖြစ်သည်။
ခေတ်မီ စိုက်ပျိုးနည်းပညာများနှင့် အရင်းအနှီးများရရှိပြီး ဈေးကွက်ကို ထိုးဖောက် တင်ပို့နိုင်မည့် အခြေခံ အဆောက် အအုံများ (Hard and soft infrastructure) ရှိလာပါက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးကာ တောင်သူလယ်သမားများ၏ လူနေမှုဘဝ မြင့်မားလာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးကိုများစွာ အထောက် အကူ ပြုလာနိုင် မည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ သည် ပဲမျိုးစုံ၊ ဆန်စပါး၊ နှမ်း၊ ပြောင်းစသည့် သီးနှံများကိုသာ အဓိကတင်ပို့နေပြီး တန်ဖိုး မြင့်ပို့ကုန်များဖြစ်သည့် သစ်သီးဝလံ (သရက်၊ ဖရဲ၊ သခွားမွှေး) များကိုမူ နယ်စပ် ကုန်သွယ်ရေးဖြင့်သာ အနည်းငယ်ပို့နိုင် သဖြင့် တစ်ဖက်နိုင်ငံများမှ ဈေးနှိမ်ဝယ်ယူ မှုများ မကြာခဏ ကြုံတွေ့ နေရသည်။ သစ်သီးဝလံများသည် အများအားဖြင့် သဘာဝအတိုင်းစားသုံးရသော သီးနှံများ ဖြစ်သောကြောင့် ချက်ပြုတ်စားသုံးရသော သီးနှံများထက် ပိုမိုစိတ်ချစွာစားသုံးနိုင်ရန် နှင့် အမြင်လှပစေရန် အထူးအရေးကြီး ပေသည်။

မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းသည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် သရက် စိုက်ပျိုးရေးဇုန်ကြီးတစ်ခု ထူထောင်ပြီး အရည်အသွေးမီ စိတ်ချစွာစားသုံးနိုင်သော သရက်သီးများကို ပြည်ပတင်ပို့နိုင်ရေး စတင် ဆောင်ရွက်နေပြီ ဖြစ်သည်။ သစ်သီးဝလံ အများစုသည် နှစ်ရှည်သီးနှံများဖြစ်သဖြင့် နေရာရွေးချယ်မှု မျိုးရွေးချယ်မှုနှင့် စိုက်ပျိုးနည်းစနစ်လွဲမှားပါက အချိန်နှင့် ငွေကြေးဆုံးရှုံးမှုမှာ ရာသီသီးနှံများထက် အဆများစွာ ကြီးမားသဖြင့် စတင်စဉ်ကပင် ဂရုစိုက် လုပ်ကိုင်ရန် လိုအပ်ပါသည်။

ယခုအခါ နိုင်ငံတကာတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို စိတ်ချစွာ စားသုံးနိုင်ရန် ကောင်းမွန်သည့် စိုက်ပျိုးရေး ကျင့်စဉ် (Good Agriculture Practices GAP) ကို စိုက်ပျိုးထုတ်လုပ်ခြင်း၊ ရိတ်သိမ်း ခြင်းနှင့် ရိတ်သိမ်းပြီး ကိုင်တွယ်ထုပ်ပိုး တင်ပို့ ခြင်း၊ အဆင့်အားလုံးတွင် အသုံးပြုနေပါသည်။ အဆိုပါ အဆင့်တိုင်းတွင် သတ်မှတ် ထားသော စံချိန် စံညွှန်းများနှင့် အညီ လုပ်ကိုင်ပြီး အသိအမှတ်ပြု အဖွဲ့အစည်း (Accredited Certification Organization) များမှ ထောက်ခံချက်ရရှိမှသာ နိုင်ငံတကာ ဈေးကွက်သို့ ဈေးကောင်းကောင်းနှင့် ရောင်းချနိုင်မည် ဖြစ်ပါသည်။

သို့ဖြစ်၍ နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် သရက် (သစ်သီး ဝလံ) စိုက်ပျိုးမည့် သူများသည် ကောင်းမွန် သော စိုက်ပျိုးရေးကျင့်စဉ် (GAP) ကို ကောင်းစွာ သိရှိနားလည်ပြီး လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဂျီအေပီ (GAP) တွင် စားနပ်ရိက္ခာလုံခြုံစိတ်ချရမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု၊ လယ်ယာ လုပ်သားများ၏ ကျန်းမာရေး အန္တရာယ် ကင်းရေးနှင့် လူမှုရေးကောင်းမွန်မှု၊ စိုက်ပျိုး ထွက်ကုန် အရည်အသွေးကောင်းမွန်မှု စသည့် လုပ်ငန်းကြီး လေးပိုင်းရှိပါသည်။ အဆိုပါ လုပ်ငန်းကဏ္ဍ အားလုံးကို သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ကိုက်ညီအောင် လုပ်ကိုင်ရပါမည်။

စားနပ်ရိက္ခာလုံခြုံစိတ်ချရမှု
ဂျီအေပီတွင် အရေးကြီးဆုံးဖြစ်သည့် စားနပ်ရိက္ခာ လုံခြုံစိတ်ချရမှုအတွက် စိုက်ပျိုးမြေနေရာ ရွေးချယ်ရာတွင် ဓာတုနှင့် ဇီဝဆိုင်ရာ ညစ်ညမ်းမှုမရှိခြင်း၊ သတ္တုလေး များဖြစ်သော အာဆင်းနစ်၊ ကတ်မီယမ်၊ ခဲ၊ ပြဒါး စသည်တို့မရှိခြင်း၊ ဓာတုနှင့်ဇီဝ အန္တရာယ် ကျရောက်နိုင်ခြင်းမရှိသော မြေနေရာကို ရွေးချယ်ရပါမည်။ မြေဆီလွှာ ကောင်းမွန်ရေးအတွက် အသုံးပြုသော ပစ္စည်း အားလုံးသည်လည်း အရည်အသွေးပြည့်ဝပြီး အန္တရာယ်ကင်းရှင်းကြောင်း အာမခံသည့် ပစ္စည်းများဖြစ်ကာ အသုံးပြုသမျှကို စနစ်တကျ မှတ်တမ်းထားရမည်။ စိုက်ပျိုး မည့် ပျိုးပင်၊ မျိုးစေ့များသည်လည်း ရောဂါ ပိုးမွှား ကင်းရှင်းကြောင်း အာမခံ လက်မှတ် ပါရှိခြင်း (သို့မဟုတ်) ရောဂါပိုးမွှားကင်းရှင်း ရန် ဂရုစိုက်ရပါမည်။ စိုက်ပျိုးရာတွင် အသုံး ပြုမည့် ရေသည်လည်း ဓာတုနှင့် ဇီဝအန္တရာယ် ရှိမရှိစစ်ဆေးရပါမည်။ စွန့်ပစ် အညစ်အကြေးများ ပါဝင်သည့် ရေဆိုး ရေညစ်များကို လုံးဝအသုံး မပြုရပါ။ သစ်သီး ဝလံများကို ဆေးကြောသန့်စင်ရာတွင် အသုံးပြုမည့် ရေ၏ အရည်အသွေးမှာ ပိုမိုကောင်း မွန်ရန် လိုအပ်ပါသည်။ ပိုးမွှား ရောဂါကျရောက်မှုကို ကာကွယ်ရန် အတွက် ဓာတုဆေးဝါးများအသုံးပြုရန် လိုအပ်ပါက နိုင်ငံတကာ အသိအမှတ်ပြု ကုမ္ပဏီများက ထုတ်လုပ်သော အရည် အသွေးစံချိန်မီ ဆေးဝါးများ ကိုသာ အသုံးပြု ရမည်။ စနစ်တကျအသုံး ပြုနိုင်ရေးနှင့် ပိုး သတ်ဆေးဓာတ်ကြွင်းများ မကျန်ရှိရေး အတွက် သင်တန်းတက်ရောက်အောင်မြင် ထားသော ကျွမ်းကျင်သူများကသာ ကိုင်တွယ်အသုံးပြုရပါမည်။ သစ်သီး ဝလံများကို ခူးဆွတ်ရာတွင် လည်းကောင်း၊ ထည့်သွင်း သိုလှောင်ရာတွင်လည်းကောင်း၊ အသုံးပြုသော ပစ္စည်းများသည် သန့်ရှင်းမှုရှိရမည်။ သိုလှောင် သိမ်းဆည်းရာတွင် ဓာတုဆေး ဝါးများ၊ မြေဩဇာများ၊ ရောဂါပိုးမွှားနှင့် ကြွက်ငှက်တိရစ္ဆာန် အညစ်အကြေးများ ကင်းရှင်းရန် သတိပြုဆောင်ရွက်ရမည်။ သစ်သီး ဝလံများကို ကိုင်တွယ်ဆေးကြော၊ သန့်ရှင်း၊ ထုပ်ပိုးသည့် အလုပ်သမားများ၏ တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် အဆိုပါနေရာ၏ သန့်ရှင်းမှုသည်လည်း အရေးကြီးပါသည်။ အထက်ပါ လုပ်ငန်းအားလုံးနှင့် ပတ်သက်သော အထောက်အထား မှတ်တမ်းများကို အနည်းဆုံး နှစ်နှစ်မှ သုံးနှစ်ခန့်ထိန်းသိမ်းထားပြီး သက်ဆိုင်ရာမှ တောင်းခံ လာပါက ထုတ်ပေးနိုင်ရပါမည်။

ပတ်ဝန်းကျင်စီမံခန့်ခွဲမှု
ပတ်ဝန်းကျင်စီမံခန့်ခွဲမှု လုပ်ငန်းသည် ရေရှည်တည်တံ့မည့် စိုက်ပျိုး၊ ထုတ်လုပ်မှု အတွက် အရေးပါ သဖြင့် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီး လွယ်သောနေရာများ၊ ရေလမ်း ကြောင်းနေရာများ၊ ရေသိုလှောင်ရာ အနီး အနားနေရာများနှင့် သဘာဝ ဇီဝမျိုးကွဲများကို ထိခိုက်နိုင်သောနေရာများတွင် စိုက်ပျိုးထုတ်လုပ်ခြင်းမပြုရပါ။ သဘာဝ ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်သော မျိုးစေ့၊ ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးရပါမည်။ ပတ်ဝန်းကျင်ကို မထိခိုက်ရန်နှင့် ရေဖြုန်းတီးဆုံးရှုံးမှု မဖြစ်စေရန် ထိရောက်သော ရေအသုံးချရေး စနစ်ကို အသုံးပြုရပါမည်။ စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးများကို မဖြစ်မနေလိုအပ် မှသာ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းတိုင်ပင် သုံးစွဲပြီး စွန့်ပစ်ရာတွင်လည်း ပတ်ဝန်းကျင် မပျက်စီးစေရန် သတိထားဆောင်ရွက်ရပါမည်။

အလုပ်သမား ကျန်းမာရေး၊ လုံခြုံရေးနှင့် လူမှုဖူလုံရေး လုပ်ငန်း
ဂျီအေပီတွင် စိုက်ခင်းလုပ်သားများ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် လူမှုဖူလုံရေး လုပ်ငန်းများသည်လည်း အရည်အသွေး ပြည့်ဝပြီး သန့်ရှင်းစိတ်ချရသော သစ်သီး ဝလံများ ထုတ်လုပ်ရေးအတွက် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း အကျိုးသက်ရောက်မှု ရှိသဖြင့် အလေးထား လိုက်နာရမည့် လုပ်ငန်း ဖြစ်ပါသည်။ စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးများကို သိုလှောင်ကိုင်တွယ် သုံးစွဲစွန့်ပစ် ရာတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို အတိအကျ လိုက်နာပြီး အလုပ်သမားများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို မထိခိုက်စေ ရန် သတိပြုဆောင်ရွက်ရပါမည်။ လိုအပ် ပါက ကျွမ်းကျင်သူများနှင့် ညှိနှိုင်းပြီး အန္တရာယ်ကင်းစွာ ကိုင်တွယ်ရေး၊ အသုံးချ ရေးသင်တန်းပေးရပါမည်။ အလုပ်သမားများ၏ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ကျန်းမာရေးအတွက် ဂရုစိုက်ဆောင်ရွက်ရ မည့်အပြင် လိုအပ်သော ရေချိုးခန်း၊ အိမ်သာစသည့်တို့ကို စိုက်ခင်းနှင့် သင့်တော်သော အကွာအဝေးနေရာတွင် စနစ်တကျဆောက်လုပ် ထားရှိရပါမည်။ အထူးသဖြင့် သစ်သီးဝလံများကို ခူးဆွတ် ဆေးကြော၊ ထုပ်ပိုးရာတွင် အဆိုပါ လုပ်ငန်း နေရာများ၏ သန့်ရှင်းရေးနှင့် ကိုင်တွယ်သူ အလုပ်သမားများ၏ တစ်ကိုယ်ရေ သန့်ရှင်း ရေးသည်လည်း အထူးအရေးကြီးပါသည်။

အရည်အသွေးကောင်းမွန်ရေး
ပြိုင်ဆိုင်မှုများသော ကမ္ဘာ့ဈေးကွက် သို့ သရက်သီး (သစ်သီးဝလံ) များကို တင်ပို့ နိုင်ရန်အတွက် အရည်အသွေးကောင်း မွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးသည် အလွန်အရေးကြီးပါသည်။ ထုတ်လုပ်သော သီးနှံများ အရည်အသွေး ကောင်းမွန်ရန် အတွက် အသုံးပြုသောမျိုး၊ အသုံးပြုသော သဘာဝနှင့် ဓာတ်မြေဩဇာများ၏ အရည်အသွေး ကောင်းမွန်စိတ်ချရန် လိုအပ်ပါသည်။ သစ်သီးဝလံများ၏ အရည်အသွေး ကို ထိခိုက်စေနိုင်သော ပိုးမွှားရောဂါများ ကို ကာကွယ်နှိမ်နင်းရာတွင် အသုံးပြုမည့် စိုက်ပျိုးရေး သုံးဆေးများ သည် နိုင်ငံတကာ အသိအမှတ်ပြု စံချိန်စံညွှန်းမီ ဆေးများ ဖြစ်ရမည့်အပြင် အမှန်တကယ်နားလည် တတ်ကျွမ်း သူများ၏ အကြံဥာဏ်ဖြင့် စနစ်တကျ လိုအပ်မှသာ သုံးစွဲရပါမည်။ သစ်သီးဝလံများတွင် ဓာတုဓာတ်ကြွင်းများ မကျန်ရှိစေရေးနှင့် မိတ်ဆွေပိုးများနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေသော အမျိုးအစား ကောင်းမွန်သည့် ဆေးဝါးများကိုသာ ရွေးချယ်သုံးစွဲရပါမည်။ စနစ်တကျ ခူးဆွတ်ခြင်း၊ သိုလှောင်ခြင်းနှင့် သန့်ရှင်း စင်ကြယ်စွာ ဆေးကြောထုပ်ပိုးတင်ပို့ရေး သည်လည်း နိုင်ငံတကာ ဈေးကွက် အတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် ဂျီအေပီစနစ် အနည်းဆုံး ခြောက်မျိုး၊ ခုနှစ်မျိုးခန့်ရှိသဖြင့် မိမိတို့၏ သစ်သီးဝလံအဓိက တင်ပို့မည့်နိုင်ငံမှ လက်ခံကျင့်သုံးနေသော ဂျီအေပီစနစ်နှင့် အံဝင်ခွင်ကျဖြစ်စေရန်အတွက် သတိထား စိုက်ပျိုး ထုတ်လုပ်သွားရန် လိုအပ်ပါသည်။ ထို့ပြင် မိမိတင်ပို့မည့်နိုင်ငံမှ သတ်မှတ်ထား သော Phytosanitary Certificate အတွက် လိုအပ်ချက်များကိုလည်း ပြည့်မီစေရပါမည်။

အထက်ဖော်ပြပါ ကောင်းမွန်သည့် စိုက်ပျိုးရေးကျင့်စဉ်များကို စနစ်တကျ လိုက်နာစိုက်ပျိုးရုံသာမက စိုက်ပျိုးထုတ် လုပ်မှု အဆင့်ဆင့်၏ မှတ်တမ်းများကို လည်း စနစ်တကျ မှန်မှန်ကန်ကန်ထား ရှိခြင်းဖြင့် သက်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေးအဖွဲ့များက လာရောက်စစ်ဆေးသည့်အခါ အဆင်သင့် တင်ပြအစစ်ဆေးခံနိုင်ရမည် ဖြစ်ပါသည်။ အဆိုပါနိုင်ငံတကာ အသိအမှတ်ပြု ထောက်ခံချက်များ ရရှိမှသာလျှင် နိုင်ငံ တကာဈေးကွက်မှ လက်ခံပြီး ဈေးကောင်း ရရှိနိုင်ပါမည်။ ယခုအခါ မြန်မာ့စိုက်ပျိုး ရေးလုပ်ငန်းက အပင်ရောဂါပိုးမွှားကင်းရှင်းကြောင်း လက်မှတ် (Phytosanitary Certificate) ထုတ်ပေးပြီး GAP နှင့် အော်ဂဲနစ် ထောက်ခံချက် (Organic Certificate) များ ထုတ်ပေးနိုင်ရေး စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ အထက်ပါ ကောင်းမွန်သော စိုက်ပျိုးရေး ကျင့်စဉ်များ ကို သိရှိလိုက်နာစိုက်ပျိုးခြင်းဖြင့် အထူး သရက်ဇုန်တွင် စိုက်ပျိုး ထုတ်လုပ်မည့် သူများသည် နိုင်ငံတကာ ဈေးကွက်ဝင်နိုင် မည့် အရည်အသွေးကောင်းပြီး စိတ်ချစွာ စားသုံးနိုင်သော သရက်သီးများ ထုတ်လုပ် တင်ပို့နိုင်ကာ မိမိအတွက်သာမက နိုင်ငံတော်အတွက်ပါ အကျိုးရှိမည့် နိုင်ငံခြား ဝင်ငွေ ရရှိနိုင်မည်ဖြစ်သည်။
လှကြည် (စိုက်ပျိုးစီးပွား)

Ref:http://agrotechni-pedia.com/myanmar-အရည်သွေးမီသရက်သီးစို/

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!