Popular Posts!

Saturday, May 21, 2011

ဥရောပ ဈေးကွက်နှင့် မြန်မာ့သရက်သီး

ယခုအခါ စီးပွားရေးနယ်ပယ် အသီးသီးတွင် စီးပွားရေးလုပ်ငန်း ပိုင်ရှင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့၏ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်မှုများကြောင့် ပြည်ပပို့ ကုန်လုပ်ငန်းများ လျင်မြန်စွာ တိုးတက်အောင်မြင် ဖြစ်ထွန်းနေသည်ကို တွေ့မြင်ကြရမည် ဖြစ်သည်။ အဆိုပါ ဖြစ်ထွန်းအောင်မြင်နေသော စီးပွားရေး လုပ်ငန်းများတွင် ပြည်ပပို့ကုန် သရက်သီးဈေးကွက်၏ ဖြစ်ထွန်း အောင်မြင်နေမှုမှာ အားရကျေနပ်ဖွယ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် သရက် သီးမျိုးစိတ်၊ မျိုးကွဲများစွာ ရှိနေသော်လည်း
သရက်ပင်များမှာ မြန်မာနိုင်ငံ အနှံ့ စိုက်ပျိုးဖြစ်ထွန်းအောင် မြင်နေသော နှစ်ရှည်ခံသီးပင် သစ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခင်က သရက်ကို စီးပွားဖြစ် စိုက်ပျိုးမှု မရှိသလောက်ပင် နည်းပါးနေခဲ့သည်။ သရက်ပင်များကို ဥယျာဉ်ခြံမြေလုပ်
ငန်းများတွင် ဆယ်ဘက်ရာဘက် အနေနှင့်သာ တွဲဖက်စိုက်ပျိုးခဲ့ကြပြီး ပြည်တွင်း စားသောက်မှုအတွက်သာ စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။ သရက် သီးစိမ်းကို တို့စရာ၊ သရေစာများ အဖြစ်သာစားသုံးခဲ့ကြပြီး သရက်သီး အမှည့်ကို အာဟာရ အစားအစာ အဖြစ်သာ စားသုံးခဲ့ကြသည်။ ထို့ကြောင့် ယခင်က မြန်မာနိုင်ငံတွင် သရက်သီး ဈေးကွက်ဟူ၍ ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့သလို သရက်သီး ကုန်သည်ဟူ၍ လည်း အနည်းငယ်မျှသာ ရှိနေခဲ့ သည်။

သို့သော် ယခုအခါ စီးပွားရေး လုပ်ငန်းများ၏ အခြေအနေများမှာ ယခင်နှင့် ယခု ဘာတစ်ခုမှ မတူတော့။ ပြည်တွင်း စီးပွားရေး လုပ်ငန်းများမှာ ခေတ်စနစ်နှင့် လိုက်လျောညီထွေ ပြောင်းလဲလာခဲ့ကြသည်။ အမြင်ကျယ်ပြီး မျက်စိပွင့် လာခဲ့ကြသည်။ ထို့ကြောင့် တို့စရာနှင့် ပြည် တွင်းစားသုံးမှုအတွက်သာ
စိုက်ပျိုး ထုတ်လုပ်ခဲ့သည့် သရက်သီးများမှာ ပြည်ပဈေးကွက်ဝင် ကုန်ပစ္စည်းတွေ ဖြစ်လာခဲ့ကြပြီး သရက်စိုက်ပျိုးရေး လုပ်ငန်းများကို စီးပွားဖြစ် လုပ်ကိုင်လာခဲ့ကြသည်။ ထို့ကြောင့် သရက် ဈေးကွက်မှာလည်း နိုင်ငံတကာ ဈေးကွက်တွေအထိ ကြီးမားကျယ်ပြန့်လာကာ သရက်ကုန်သည် အဆင့်သာ မကတော့ဘဲ သရက်ကုမ္ပဏီ အဆင့်အထိ တိုးတက်ဖြစ်ပေါ် လာခဲ့သည်။

လက်ရှိတွင် မြန်မာ့သရက်များမှာ ပြည်ပဈေးကွက်တွင် ဝင်ရောက် ထိုးဖောက် နေရာရရှိနေပြီး ဈေးကွက် ယှဉ်ပြိုင်မှုလည်း အသာစီးမှ အောင် မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ပြည်ပဈေးကွက်များမှ ဝယ်ယူရန် ကမ်းလှမ်းမှုများမှာလည်း တစ်နေ့တခြား တိုးတက်များပြား လာခဲ့သည်။ တရုတ်၊ ထိုင်း၊
ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူနိုင်ငံ ဈေးကွက်များ အပြင် မလေးရှား၊ ကိုရီးယားနှင့် ဟောင်ကောင်အထိ ဈေးကွက် ထိုးတက်ကျယ်ပြန့် လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် မြန်မာ့သရက်သီး ဈေးကွက်၏ အောင်မြင်မှုများမှာ အားရ ကျေနပ်စရာ ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။ သို့သော် မြန်မာ့ သရက်သီး ဈေးကွက်မှာ အဆိုပါ အောင်မြင်မှုလောက်နှင့် တင်းတိမ်ကျေနပ် မနေခဲ့။ ဥရောပ ဈေးကွက်အထိ ထိုးဖောက်ဝင်ရောက် နေရာယူနိုင်ရေးအတွက် ဆက်လက် ကြိုးစားလုပ်ကိုင် နေသည်ကို တွေ့ရသည်။ ထိုသို့ ကြိုးစားလုပ်ကိုင်နေ သကဲ့သို့ ဥရောပ ဈေးကွက်သို့ သေ ချာပေါက် ထိုးဖောက်နိုင်မည်ဟုလည်း ယုံကြည်မှု ရှိနေခဲ့သည်။


ထိုသို့ ယုံကြည်ချက် ခိုင်မာ နေခဲ့သည်မှာလည်း အကြောင်းမဲ့ မဟုတ်။ မြန်မာ့ သရက်သီးဈေး ကွက်တွင် ကိုယ်ပိုင်အရည်အသွေး တွေရှိနေပြီးဖြစ်သည်။ အဆိုပါ အရည်အသွေး များနှင့်ပင် ပြည်ပဈေး ကွက်ယှဉ်ပြိုင်မှုများကို အနိုင်ယူခဲ့သည်။ ထို့အပြင် မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း ၊မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း သစ်သီးဝလံ ကုမ္ပဏီများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အချိန်နှင့် တစ်ပြေးညီ ကူညီပံ့ပိုးမှု များကလည်း ထိရောက်မှု ရှိနေခဲ့သည်။ အဆိုပါ လုပ်ငန်းဌာန အသင်းအဖွဲ့များ၏ ဈေးကွက်သစ်များ ရှာဖွေပေးမှု နည်းပညာများ ပံ့ပိုးကူညီပေးနေမှု စသည်ဖြင့် လိုအပ်သလို ကူညီပံ့ပိုး နေမှုများကလည်း မြန်မာ့သရက်သီးကို ကမ္ဘာ့ဈေးကွက်မှာ ဝင့်ထည်လာ စေရန် တွန်းအားတွေဖြစ်စေခဲ့သည်။ ထို့အပြင် FAQ ကဲ့သို့ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများကလည်း ဈေးကွက်တွင်ကျယ်ပြီး ရောင်းပန်း လှစေရန်အတွက် သရက်သီးအိတ် စွပ်နည်းပညာများကို ပံ့ပိုးကူညီပေး ခဲ့သည်။ ပြည်ပဈေးကွက်များကလည်း ဈေးကွက်မှာ မျက်နှာပန်းလှပြီး ထိခိုက်ပျက်စီးမှု နည်းပါးစေရန် ထုပ်ပိုးမှု နည်းစနစ်များ စက္ကူဂျပ်မာများကို ပံ့ပိုးကူညီ ခဲ့ကြသည်။ ထိုကဲ့သို့ အခြေခံကောင်းတွေ ရှိနေခဲ့သဖြင့် မြန်မာ့သရက် ဈေးကွက်မှာ ဥရောပတွင် ခြေချနိုင်ရန် သေချာသည်ဟု ယုံကြည်ချက်ခိုင်မာ နေခဲ့ခြင်း ဖြစ်သည်။

မြန်မာ့သရက်သည် တို့စရာ ဘဝမှ ကမ္ဘာ့ဈေးကွက်ဝင် သစ်သီး ဖြစ်လာခဲ့ရသည်မှာ အလွယ်တကူ ဖြစ်လာခဲ့ရခြင်းမဟုတ်။ မြန်မာ့သ ရက်ဈေးကွက်၏ အတိတ်သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ခန့်တွင် မြန်မာ့ သရက်သီးများမှာ ထမင်းဝိုင်း အလယ်တွင် တို့စရာ စားစရာ ဘဝနှင့်သာ ရှိနေခဲ့ကြသည်။ ထိုမှမြေစမ်း ခရမ်းပျိုးသည့် အနေနှင့် နယ်စပ်ကုန် သွယ်ရေးမှ တစ်ဆင့် တရုတ်နိုင်ငံကို စမ်းသပ်တင်ပို့ခဲ့ကြသည်။ တရုတ်တို့ အကြိုက်တွေ့ သွားခဲ့သဖြင့် ဈေးကွက်တွင်ကျယ် ခိုင်မာလာခဲ့သည်။ ထို့နောက် နယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် ဆက်စပ်နေသည့် ထိုင်း နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့
ထပ်မံစမ်းသပ်တင်ပို့ခဲ့ရာ ဈေးကွက် အောင်မြင်မှုတွေ ရှိလာပြန်သည်။ ထို့ကြောင့် မြန်မာ့သရက်သီးများမှာ- ခိုင်မာသော ပြည်ပဈေးကွက်ဝင် သစ်သီးဖြစ်လာပြီး ပြည်ပသို့ တင်ပို့ ရောင်းချခဲ့ကြသည်။ ပြည်ပဈေး ကွက်များတွင် သရက်သီး တစ်တန် ကို အမေရိကန်ဒေါ်လာ ၂၂ဝ မှ ၃၅ဝ အထိ ဈေးနှုန်းရရှိလာခဲ့သည်။


မြန်မာ့သရက်သီးများမှာ တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် ဈေးကွက်တွင်ကျယ်ခိုင်မာ နေပြီဖြစ်သဖြင့် စင်ကာပူနိုင်ငံသို့ ထပ်မံစမ်းသပ် တင်ပို့ခဲ့ပြန်သည်။ မြန်မာ့သရက်သီးများ၏ ဇာတာစန်း လဂ်မှာလည်း ဝင်းလက် တောက်ပနေသည်။ မြန်မာ့ သရက်သီးများမှာ စင်ကာပူဈေးကွက်၏ စိတ်ဓာတ်နှင့် သိပ်ဟပ်သွားခဲ့သည်။ စင်ကာပူ သရက်သီးကြိုက်သူများက အလုအယက် ဝယ်ယူအားပေး ခဲ့ကြသည်။ စင်ကာပူ စူပါမားကက်ကြီးများ၏ ဈေးခေါ်ပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။ ဤတွင် ဈေးကွက်ယှဉ်ပြိုင်မှုများနှင့်ကြုံတွေ့ရတော့သည်။ မြန်မာ့ သရက်သီးမှာ အိန္ဒိယ၊ ပါကစ္စတန် နိုင်ငံတို့မှ
သရက်သီးများနှင့် သူနိုင်ကိုယ်နိုင် အပြိုင်နွှဲကာ ဈေးကွက် နေရာလုပွဲ ဆင်နွှဲခဲ့ရသည်။ အိန္ဒိယ နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ သရက်သီးများ စင်ကာပူ ဈေးကွက်သို့ ငုံ့ဝင်လာပြီး အရှိုက်ကို ပင့်ထိုးခဲ့ကြသည်။ စင်ကာပူဈေးကွက် သရက်သီးဈေးနှုန်းမှာ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် ဈေးနှုန်းတို့ထက် သာသည်။ သို့သော် အိန္ဒိယနှင့် ပါကစ္စတန် သရက်များက ဈေးပေါ ပေါနှင့်ရောင်းချကာ ဈေးကွက်နေရာ ရရှိရေး ကြိုးစားခဲ့ကြသည်။ မြန်မာ့ သရက်သီးများမှာ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံမှ သရက်သီးများ၏ ထိုးနှက်ချက်ကြောင့် စင်ကာပူဈေး ကွက်မှ ထွက်ပေးရတော့မည့်အခြေ အနေပင်ဖြစ်သည်။

သို့သော် စင်ကာပူဈေးကွက်တွင် ဈေးပေါပေါနှင့် ရောင်းချနေသည့် အိန္ဒိယနှင့် ပါကစ္စတန် သရက်သီးများကို စိတ်မဝင်စားကြ။ ဈေးနှုန်း မြင့်သည့် မြန်မာ့သရက်သီးများကိုသာ အလုအယက် ဝယ်ယူအားပေး နေခဲ့ကြသည်။ မြန်မာ့ သရက်သီးမှာ ဈေးကွက်သတ်မှတ်ချက်ဖြစ်သည့် အသီးအရွယ်အစား တူညီခြင်း၊ အရည်အသွေး ကောင်းမွန်ခြင်း၊ အရောင်အသွေး လှပခြင်း စသည့် အချက်အလက်များနှင့် ပြည့်စုံနေသည့် အပြင်အနံ့နှင့် အရသာမှာလည်း အခြား ပြည်ပ သရက်သီးများထက် ထူးကဲသာလွန် ကောင်းမွန်နေခဲ့သည်။ အဆိုပါ ပင်ကိုအရည်အသွေးများနှင့် ပြည့်စုံနေသည့် မြန်မာ့သရက်သီး များကို ခေတ်မီ ထုပ်ပိုးမှု နည်းပညာ များနှင့်ပေါင်းစပ်ကာ တင်ပို့ရောင်း ချခဲ့ခြင်းဖြစ်သဖြင့် စင်ကာပူဈေး ကွက်မှ မြန်မာ့ သရက်သီးတွေကိုသာ နှစ်နှစ်ခြိုက်ခြိုက်ဝယ်ယူ အားပေးနေ ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အိန္ဒိယ နှင့် ပါကစ္စတန် သရက်သီးများ၏ ဈေးကွက်ယှဉ်ပြိုင်မှုမှာ အရာမထင် ခဲ့။ စင်ကာပူ ဈေးကွက်မှ မြန်မာ့ သရက်သီးများကိုပင် ဆက်လက်မှာ ယူနေခဲ့သဖြင့် ဆက်လက်တင်ပို့ ပေးနေခဲ့ရသည်။ ထို့ကြောင့် မြန်မာ့ သရက်သီးများ၏ ဂုဏ်သတင်းမှာ အာရှဒေသအတွင်း ပျံ့နှံ့သွားခဲ့သဖြင့် ၂ဝ၁ဝ ခုနှစ်တွင် ဝယ်ယူရန်ဆက် သွယ်ကမ်းလှမ်းလာသည့် နိုင်ငံများ တိုးတက်များပြား လာခဲ့သည်။ လက်ရှိတွင် မြန်မာ့သရက်သီးများမှာ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ နိုင်ငံများအပြင် ဟောင်ကောင်၊ ကိုရီးယားနှင့် မလေးရှားနိုင်ငံများ အထိ ဈေးကွက်တွင်ကျယ် ခိုင်မာနေပြီ ဖြစ်သည်။ မကြာမီ ရောက်ရှိ လာတော့မည့် သရက်သီးရာသီတွင် သရက်သီးများကို ပိုမိုတင်ပို့ရတော့ မည်ဖြစ်သည်။


သရက်သီးများကို ပြည်ပဈေး ကွက်များသို့ ပိုမိုတင်ပို့ရောင်းချနိုင် ရေးနှင့် ဥရောပဈေးကွက်အထိ ထိုးဖောက်ရောက် ရှိနိုင်ရေး အတွက်လည်း စီစဉ်လုပ်ကိုင် ဆောင်ရွက်နေကြပြီ ဖြစ်သည်။ ထို့ကြောင့်မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူ များအသင်းမှ ဈေးကွက်သတ်မှတ် ချက်စံချိန် စံညွှန်းများနှင့်အညီ တင်ပို့ရောင်းချ နိုင်ရေးအတွက် ကူညီပံ့ပိုး ဆောင်ရွက်ပေးနေသည်။ မြန်မာ့ သရက်သီးများ ဈေးကွက်အသစ်များ တိုးချဲ့တင်ပို့နိုင်ရေး၊ လက်ရှိထက် ပိုမိုတင်ပို့ နိုင်ရေးနှင့် ဥရောပ ဈေးကွက်အထိ ထိုးဖောက်နိုင်ရေးအတွက် မန္တလေးတိုင်း ဒေသကြီး သရက်သီး အစုအဖွဲ့မှ ကြီးကြပ်ကာ သရက်စိုက် ပျိုးရာဒေသများတွင် သရက်စိုက်ဧက၊ သရက်ပင်အရေအတွက်၊ သရက်ပင် အမျိုးအစားနှင့် ထွက်ရှိမှု အခြေအနေများကို ၂ဝ၁ဝ ခုနှစ်ကုန်ပိုင်းတွင် ကွင်းဆင်းကာ စာရင်းကောက်ယူခဲ့သည်။ ထို့အပြင် ၂ဝ၁၁ ခု၊ မေလ ဆန်းပိုင်းတွင်လည်း သရက်သီးပြပွဲ ပြိုင်ပွဲများကို ကျင်းပပြုလုပ် ပေးသွားမည် ဖြစ်သည်။ သရက်သီးများ၏ အရည်အသွေး ပိုမိုကောင်းမွန် လာစေရန် မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ သရက်သီးစွပ်အိတ် ငါးသန်းကို သရက်စိုက်တောင်သူများထံ ဖြန့်ဝေ ပေးရန် စီစဉ်လုပ်ဆောင်နေပြီ ဖြစ်သည်။ မန္တလေး-နေပြည်တော် အမြန်လမ်းမကြီး နံဘေးရှိ မြေလွတ်၊ မြေရိုင်းများကို သရက်သီးဇုန်များ ထူထောင်နိုင်ရေးအတွက် သရက်စိုက် တောင်သူများကို ရောင်းချပေးခဲ့သည်။ သရက်သီး တင်ပို့ရောင်းချသည့် ကုမ္ပဏီများကလည်း သရက်စိုက် တောင်သူများထံ သွားရောက်ကာ သရက်စိုက်ပျိုး တင်ပို့ရောင်းချခြင်းနှင့် ပတ်သက်၍ နည်းပညာ ဖြန့်ဝေပေးခြင်း၊ ပြည်ပတင်ပို့ရန် ကူညီဆောင် ရွက်ပေးခြင်း၊ သွင်းအားစု အကူအညီ များပံ့ပိုးပေးခြင်းအစရှိသည်တို့ကို ပြုလုပ်ပေးနေပြီဖြစ်သည်။


ထို့ကြောင့် မြန်မာ့သရက် ဈေးကွက်မှာ ယခုနှစ် သရက်သီးရာသီတွင် ယခင်နှစ်များကထက် ပြည်ပ ဈေးကွက်များသို့ ပိုမိုရောင်းချ လာနိုင်မှာဖြစ်ပြီး ရည်မှန်းချက်အတိုင်း ဥရောပ ဈေးကွက်သို့ မကြာမီ ဝင်ရောက်ထိုးဖောက် နေရာရရှိရန် သေချာနေပြီ ဖြစ်ကြောင်း။ သရက်သီး ဈေးကွက်နှင့် ဆက်နွယ်ပတ်သက် သူအားလုံးမှ ယုံကြည်မှု အပြည့်ရှိ နေကြောင်း လေ့လာသိရှိရသည်။ 
မင်းသစ္စာလှိုင်၊ကဒုံကနိ

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!