အစိုးရသစ် စတင် တာဝန်ယူလာသည်မှာ တစ်လကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း ပြည်တွင်း စီးပွားရေးလုပ်ငန်း အများစုမှာ နှေးကွေးသော စီးပွားရေး အခြေအနေကို ရင်ဆိုင်နေရသောကြောင့် ရန်ကုန်မြို့တော် အခြေစိုက် ရွှေ၊ အမေရိကန်ဒေါ်လာနှင့် FEC ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူ နည်းပါးလျက် ရှိကြောင်း ပြည်တွင်းစီးပွားရေး ဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။
နိုင်ငံတကာ စီးပွားရေး ဈေးကွက်တွင် ရွှေတစ်အောင်စ အမေရိကန် ဒေါ်လာ ၁၅၅၀ ကျော်အထိ ဈေးနှုန်းများ မြင့်တက်ပြီး ဝယ်ယူစုဆောင်းသူ များပြားသော အနေအထား ဖြစ်နေသော်လည်း ပြည်တွင်း ရွှေဈေးကွက်သည် နိုင်ငံတကာ ရွှေဈေးကွက်နှင့် ပြောင်းပြန် အနေအထား သက်ရောက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်း ပြောကြားသည်။
အမေရိကန် ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းထားတွင် အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းပြီး မြန်မာငွေ တန်ဖိုး ဆက်လက် မြင့်တက်မှုကြောင့် ပြည်တွင်း ရွှေဈေးကွက်တွင် ရွှေဈေးနှုန်းများ အလွန်အမင်း မြင့်တက်နိုင်ခြင်း မရှိဘဲ တဖြည်းဖြည်းသာ တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

နိုင်ငံတကာ ရွှေဈေး တစ်အောင်စ အမေရိကန်ဒေါ်လာ ၁၅၅၀ ကျော်ချိန် မြန်မာ့ရွှေဈေးသည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၇၄,၅၀၀ ကျပ် ဝန်းကျင်ရှိကြောင်း မေလ ၃ ရက်နေ့ ဈေးကွက် သတင်း အချက်အလက်များအရ သိရှိရသည်။
မြန်မာ့ရွှေဈေး မြင့်တက်နိုင်ခြင်း မရှိမှုနှင့်အတူ အရောင်းအဝယ်မှာလည်း ကျဆင်းလျက် ရှိကြောင်း ဈေးကွက် ကျွမ်းကျင်သူများက ပြောကြားသည်။
"နိုင်ငံတကာ ရွှေဈေးအောက် ရွှေ တစ်ကျပ်သားကို တစ်သောင်းကျော်လောက် နိမ့်သွားရင် နယ်စပ်ဒေသက ရွှေကုန်သည်တွေက ရန်ကုန်နဲ့ မန0x081တလေးက ရွှေတွေဝယ်ပြီး အိမ်နီးချင်းနိုင်ငံ ဈေးကွက်တွေဆီ ပို့တာမျိုး ရှိတယ်။ လေးထောင်၊ ငါးထောင်လောက်ပဲ နိမ့်နေတာမျိုး ဆိုရင်တော့ ဈေးကွက်က ရွှေ အရောင်းအဝယ် အရမ်းနည်းသွားတယ်။ ရောင်းချင်သူ များပြီး ဝယ်ချင်သူ နည်းတဲ့ ဈေးကွက် ဖြစ်သွားတယ်။အခုဈေးကွက် ဖြစ်နေတဲ့ပုံစံက ရောင်းသူ များပြီး ဝယ်သူ နည်းတဲ့ ဈေးကွက်ပုံစံ ဖြစ်နေတာ။ အရောင်းအဝယ် မရှိတော့ ကုန်သည်တွေလည်း အေးအေးဆေးဆေးပဲ" ဟု လမ်းမတော်မြို့နယ်မှ ရွှေကုန်သည် တစ်ဦးက ဆိုသည်။
အမေရိကန် ဒေါ်လာတန်ဖိုးမှာလည်း မြန်မာ့ဈေးကွက်တွင် အနည်းငယ် အတက်အကျ ရှိပြီး ဈေးနှုန်း အနိမ့်ပိုင်းကိုသာ ဦးတည်နေကြောင်း စုံစမ်း သိရှိရသည်။
အမေရိကန် ဒေါ်လာသည် မေလ ၂ ရက်နေ့က တစ်ဒေါ်လာလျှင် ၈၂၅ ကျပ်အထိ ထိုးကျခဲ့ပြီး ဝယ်ယူသူများ ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
"ဈေး တအားကျတော့ ဝယ်တဲ့သူတွေ ရှိတယ်။ ဈေးကျတော့ ငွေပိုရှိတဲ့သူတွေက ဝယ်ထားတာမျိုးပါ။ ဒေါ်လာ တစ်ရာကို ငွေရှစ်သောင်းကျော်လောက်ပဲ ရှိတော့ ငွေရှိတဲ့သူတွေ ဝယ်မယ်ဆိုရင်လည်း ဝယ်ပျော်တဲ့ ဈေးပဲ" ဟု ကျောက်တံတား မြို့နယ်အတွင်းမှ နိုင်ငံခြားငွေ လဲလှယ်ဒိုင်တစ်ဦးက ရှင်းပြသည်။
မေလ ၃ ရက်နေ့တွင်မူ အမေရိကန် တစ်ဒေါ်လာ ၈၃၇ ကျပ်အထိ ဈေးနှုန်း အနည်းငယ် ပြန်လည် မြင့်တက်ခဲ့သည် ဟု ဈေးကွက် သတင်း အချက်အလက်များက ဆိုသည်။
အိုစမာဘင်လာဒင် သေဆုံးသွားကြောင်း အမေရိကန် ပြည်ထောင်စုက တရားဝင် သတင်းထုတ်ပြန် ခဲ့သည့်အတွက် နိုင်ငံတကာ စီးပွားရေး ဈေးကွက်တွင် စတော့ရှယ်ယာ ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာတန်ဖိုး ပြန်လည် မြင့်တက်နိုင်သော အလားအလာများ ရှိကြောင်း စီးပွားရေး ကျွမ်းကျင်သူများ၏အဆိုကို ကိုးကားပြီး နိုင်ငံတကာ စီးပွားရေး သတင်းဌာနများက သတင်း ဖော်ပြကြသည်။
မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေထားသော FEC ငွေကြေး တန်ဖိုးသည် အမေရိကန် ဒေါ်လာနှင့်တန်ဖိုး ကွာဟမှု ကျဉ်းမြောင်းလာကြောင်း ဈေး ကွက် အတွင်းမှ စုံစမ်း သိရှိရသည်။
" အမေရိကန် တစ်ဒေါ်လာ ၈၂၅ ကျပ် ဖြစ်နေတုန်း FEC တစ်ယူနစ် ၈၂၀ ဈေး ရှိတယ်။ တစ်ဒေါ်လာ ၈၃၇ ကျပ် ဖြစ်နေတုန်းက FEC တစ်ယူနစ်က ၈၃၅ ကျပ် ရှိတယ်" ဟု FEC ငွေကြေးကိုသာ သီးသန့် ရောင်းဝယ်သော အသက် ၃၀ နှစ်အရွယ် ငွေလဲဒိုင်တစ်ဦးက ပြောကြားသည်။
ပို့ကုန်ရငွေ ဈေးကွက်မှာမူ သွင်းကုန်သမားများ၏ ဝယ်ယူမှုကြောင့် အရောင်းအဝယ် ဖြစ်နေဆဲဖြစ်ပြီး ပို့ကုန်ရငွေ အမေရိကန် တစ်ဒေါ်လာ မြန်မာငွေ ၉၁၈ ကျပ် ဝန်းကျင် ရှိကြောင်း ဈေးကွက် သတင်း အချက်အလက်များအရ သိရှိ ရသည်။
Ref:thevoiceweekly
No comments:
Post a Comment