Popular Posts!

Saturday, May 21, 2011

တရုတ်ကုန်သည် ၀ါဒသစ်

နှစ် ၃ဝ လောက်အတွင်းမှာ တရုတ်ပြည်ဟာ အစစအရာရာ ပြောင်းလဲသွားတယ်။ မပြောင်းလဲဘဲ ကျန်ခဲ့တာက Great Wall ရယ်၊
Forbidden City ရယ်၊ ပြီးတော့ ကွန်မြူနစ် ပါတီရယ်။ ဒါပဲ ကျန်ခဲ့တယ်လို့ ပြောကြတယ်။

ရှေးတုန်းကဆိုရင် တရုတ်ပြည် သူအတော်များများဟာ ငြီးငွေ့စရာ ကောင်းပြီး
စိတ်ပျက်ဖို့ကောင်းတဲ့ စီးပွားရေးဒဏ်ကို ကြိတ်မှိတ်ခံခဲ့ ကြရတယ်။ အခုတော့ အဲဒီနေရာမှာ များများထုတ်လုပ်ပြီး များများစားသုံးတဲ့ ဝါဒ Consumerism က အစားထိုး
ဝင်ရောက်လာခဲ့ပါပြီ။ ဒါပေမယ့် တရုတ်ပြည်သူတိုင်း ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်၊
ကောင်း ကောင်းနေနိုင်ကြတာတော့ မဟုတ်ပါဘူး။ ကြွယ်ဝချမ်းသာမှုနဲ့ ဘေးချင်းကပ်ပြီး
ဆင်းရဲမွဲတေမှုကလဲ ရှိနေတာပါ။

ပြောင်းလဲနေတဲ့ တရုတ်ပြည်ကြီးကို စီမံခန့်ခွဲ
အုပ်ချုပ်နေတာကတော့ ပြောင်းလဲမှုမရှိတဲ့ ကွန်မြူနစ် ပါတီကြီး ဖြစ်တယ်။ ကွန်မြူနစ်
ပါတီဟာ တရုတ်ပြည်ကြီးအတွင်း နိုင်ငံရေး အာဏာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့တာ
နှစ် ၆ဝ လောက် ကြာညောင်းခဲ့ပါပြီ။

အစိုးရဟာ မဟာဗျူဟာမြောက်
အလောင်းအစားတစ်ခု လုပ်ထားတယ်။ စီးပွားရေး လွတ်လပ်မှုကို ခွင့်ပြုအားပေးပြီး
နိုင်ငံကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားနိုင်တယ် ဆိုပြီးတော့ပေါ့။ ဒီမဟာဗျူဟာ
အောင်မြင်ဖို့အတွက် အဓိက လိုအပ်ချက်က တရုတ်ပြည်ဟာ အစဉ်အမြဲ တိုးတက်ကြီးပွားနေပြီး
အလုပ်သစ် အကိုင်သစ်တွေ အမြဲတမ်း ဖြစ်ပေါ် နေရမယ်ဆိုတဲ့ အချက်ဖြစ်တယ်။ ဒီအချက်က
တရုတ်ခေါင်းဆောင်ကြီးတွေ အပိုင်းမှာ အမြဲဦးစားပေး အဆင့်များမှာ ရှိနေတယ်။ ဒါကို
တစ်နည်း ပြောရရင် တရုတ်ပြည်ကောင်းစားရေး ဝါဒလို့ ခေါ်နိုင်တယ်။ ဒါမှမဟုတ်
တရုတ်ပြည်ရဲ့ ကုန်သည်ဝါဒသစ် New Mercantilism လို့ ကင်ပွန်း တပ်နိုင်တယ်။


တရုတ်ပြည် ကောင်းစားရေး ဝါဒ အောင်မြင်ဖို့ အတွက် နိုင်ငံခြား ကို
ကုန်စည်များ စဉ်ဆက်မပြတ် တင်ပို့ရောင်းချနေရဖို့ အရေးကြီးပါ တယ်။ အပြည်ပြည်ဆိုင်ရာ
ငွေကြေး ရန်ပုံငွေအဖွဲ့ International- Mone-tary Fund - IMF အဆိုအရ ၂ဝ၁ဝ
ပြည့်နှစ်က တရုတ်ပြည်တိုးတက်မှု ဟာ ကမ္ဘာတစ်ခုလုံးတိုးတက်မှုရဲ့ ငါးပုံ
တစ်ပုံနီးပါးရှိခဲ့တယ်လို့ ဖော်ညွှန်းတယ်။ နိုင်ငံခြား တင်ပို့ ရောင်းချရေးဟာ တရုတ်
& Great Wall ရှင်သန်နေဖို့အတွက် မဟာ လိုအပ်ချက်ကြီး တစ်ခုဖြစ်တယ်။


ဒီလို နိုင်ငံခြားသို့ ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချနိုင်ဖို့အတွက် သူရဲ့
တန်ဖိုးလျော့ငွေကြေး-Undervalued Currency ကို ကိရိယာ တန်ဆာပလာ တစ်ခုအဖြစ်
အသုံးချတယ်။ ဒါမှပဲ တရုတ်ကုန်ပစ္စည်းတွေ ကမ္ဘာ့ဈေး ကွက်မှာ အဝယ်လိုက်ပြီး
နိုင်ငံခြား တင်ပို့မှု မြင့်မားနေမှာဖြစ်တယ်။

နိုင်ငံခြားကို ကုန်ပစ္စည်း
အမြဲမပြတ် တင်ပို့နိုင်ရေးအတွက် စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ဖို့လိုတယ်။ စဉ်ဆက်မပြတ်
ထုတ်လုပ်နိုင်ဖို့အတွက်ဆိုရင် သွင်းအားစုတွေ Inputs လိုတယ်။ တစ်နည်းပြောရရင်
နိုင်ငံခြားကို ကုန်ပစ္စည်းတွေ တင် ပို့နိုင်ရေးအတွက် ကုန်ကြမ်းတွေ Raw Materials
လိုတယ်။

ဒါကြောင့်ပဲ တရုတ်ပြည်ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစလို့
ကမ္ဘာပတ်ပြီးကုန်ကြမ်းအဝယ်ထွက် ခဲ့တယ်။ ကုန်ကြမ်းရမှပဲ တရုတ် ပြည်က
စက်ရုံအလုပ်ရုံတွေ ဂျုံးဂျုံး ဂျက်ဂျက်နဲ့ လည်ပတ်နိုင်မှာဖြစ် တယ်။
စက်ရုံလည်ပတ်နိုင်မှ အလုပ် သမားတွေ အလုပ်အကိုင် ရရှိကြမယ် မဟုတ်လား။ တရုတ်ပြည်မှာ
နှစ်စဉ် နှစ်တိုင်း အလုပ်သမား အသစ်စက် စက်တွေ သန်းနဲ့ချီပြီး အလုပ်သမား
အင်အား-Workforce ထဲ ရောက်လာ တတ်ကြတယ်။ ဒီအတွက်လဲ အစိုးရက အလုပ်သစ် အကိုင်သစ်တွေ
ဖန်ဆင်းပေးဖို့လိုတယ်။

တရုတ်ပြည်က လိုအပ်တဲ့ ကုန်ကြမ်းတွေကတော့
အများကြီးပဲ။ ကျောက်မီးသွေးလိုတယ်။ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လိုတယ်။ သတ္တုရိုင်းနဲ့
ဓာတ်သတ္တုတွေ လိုတယ်။ ပြီးတော့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပစ္စည်းတွေလိုတယ်။
ဒီပစ္စည်းတွေ အတွက် တရုတ်ပြည်ရဲ့ ဝယ်လိုအားဟာ ကြီးမားလွန်းတာကြောင့် ဂလိုဘယ်
ကုန်စည်ဈေးကွက် တွေမှာတောင် အပြောင်းအလဲတွေ ဖြစ်ကုန်တယ်။

ဒါပေမယ့် တရုတ်က
အပြောင်း အလဲ မြန်တဲ့ ဂလိုဘယ် ဈေးကွက်တွေကို စိတ်မချဘူး။


ဂလိုဘယ် ဈေးကွက်တွေက
ဝယ်ယူမှုလောက်နဲ့ တရုတ်က မတင်းတိမ် မရောင့်ရဲနိုင်ဘူး။ တရုတ်က ကုန်ကြမ်းတွေကို
ရေရှည်အာမခံရှိရှိနဲ့ ဝယ်ယူချင်တယ်။ ဒါကြောင့် တရုတ်ပြည်က သူတို့လိုအပ်တဲ့
ကုန်ကြမ်းရရှိနိုင်တဲ့ နိုင်ငံတွေကို ချဉ်းကပ်တယ်။ သူတို့လိုချင်တဲ့ကုန်ကြမ်းကို
ရေရှည် ရရှိနိုင်မယ်ဆိုရင် ကုန်ထုတ်အရင်း အနှီးများ-Means of Production ကို
ထိန်းချုပ်နိုင်တဲ့အထိ ရေဆုံးရေးဖျား လိုက်တယ်။ အဲဒီနိုင်ငံအတွင်းမှာ ဆိပ်ကမ်းတွေ
တည်ဆောက်ပေးတယ်။ ရထားလမ်းတွေ ဖောက်ပေးတယ်။ ဆိုလိုတာကတော့ အဲဒီနိုင်ငံရဲ့ အခြေခံ
အဆောက်အအုံ - Infrastructure တည်ဆောက်ရေးမှာ ပါဝင်ဆောင် ရွက်ပေးတယ်။


ကုန်ကြမ်းတွေ တရုတ်ပြည် ရောက်လာခဲ့ရင် ဒါတွေကို တန်ဖိုးမြှင့် Value Added
ကုန်ချော ပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်ပြီး တရုတ်ပြည်က ကမ္ဘာတစ်ဝန်းကို ပြန်လည်
တင်ပို့ရောင်းချတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ ကုန်သည်ဝါဒ
မဟာဗျူဟာ-Mercantilist Strategy ဖြစ်တယ်။ ဒီဝါဒရဲ့အူတိုင်က ပြည်တွင်းနိုင်ငံရေး
လိုအပ်ချက်သာ ဖြစ်တယ်။

ဒါပေမယ့် တရုတ်ပြည်ရဲ့ မဟာ ဗျူဟာဟာ ကမ္ဘာကြီးကို
ပြောင်းလဲပစ်နိုင်တယ်။ ဘယ်လိုပြောင်းလဲ ဖြစ်ပေါ်နိုင်သလဲဆိုတာ တရုတ် - လက်တင်အမေရိက
စီးပွားရေးကုန်သွယ်မှု ကြည့်ရင် သိနိုင်တယ်။

လက်တင်အမေရိကနဲ့ ကာရေဘီယံ ဒေသဟာ
အမေရိကန် နိုင်ငံရဲ့ အိမ်နောက်ဖေးက ဈေးကွက်ဖြစ်လို့ အစောပိုင်း ကာလမှာ
တရုတ်နိုင်ငံက လက်ရှောင်ခဲ့တယ်။ ဒါပေမယ့် ကုန်ကြမ်းရလိုမှုရဲ့ တွန်းအားပေးမှုကြောင့်
မကြာသေးမီက တရုတ်ဟာ လက်တင်အမေရိက ဈေးကွက်ထဲရောက် လာတယ်။ ကုန်ကြမ်းတွေ တောင်လို
ပုံနေတဲ့ လက်တင်အမေရိကနိုင်ငံ အချို့ဟာ တရုတ်နဲ့ နှစ်ပါးသွား လိုက်တော့
နေ့ချင်းညချင်း ဆိုသလို ကြီးပွားသွားကြတယ်။ ၂ဝဝဝ နဲ့ ၂ဝဝ၉ ခုနှစ်များအကြား တရုတ်ရဲ့
လက်တင်အမေရိကနဲ့ ကာရေဘီယံ ဒေသမှ တင်သွင်းမှု -Imports ဟာ အမေရိကန် ဒေါ်လာ ၅ ဘီလီယံကနေ
ပြီး ၄၄ ဘီလီယံအထိ တိုးမြင့်သွားတယ်။ တရုတ်နိုင်ငံက အဲဒီနိုင်ငံ တွေဆီ အဆိုပါ
ကာလအတွင်း တင်ပို့မှု - Exports ဟာ အမေရိကန် ဒေါ်လာ ၄.၅ ဘီလီယံကနေ ၄၂ ဘီလီယံ အထိ
ခုန်တက်သွားတယ်။

ရလဒ်ကတော့ အဲဒီနိုင်ငံတွေနဲ့ အမေရိကန် ကုန်သွယ်ရေး
ကျဆင်းသွားတယ်။ ၂ဝဝဝ-၂ဝဝ၈ နှစ်များ အတွင်း အဲဒီနိုင်ငံတွေဆီ အမေရိကန်ရဲ့
တင်ပို့မှုဟာ ၄၈ ရာခိုင်နှုန်းကနေ ၃၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်။ တရုတ်ရဲ့
အဲဒီကာလအတွင်း တင်ပို့မှုက ၄ ရာခိုင်နှုန်းကနေ ၁ဝ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်။
အလားအလာကတော့ လာမယ့်နှစ်တွေမှာ ဒီအတိုင်းဆက်လက်
ဖြစ်ပေါ်နေနိုင်တယ်။

ဘာကြောင့်လဲ။

နိုင်ငံခြား တိုင်းပြည်တွေနဲ့
စီးပွားကူးသန်း လုပ်တဲ့အခါမှာ တရုတ် လုပ်ပုံကိုင်ပုံနဲ့ အမေရိကန်တို့
လုပ်ပုံလုပ်နည်း မိုးနဲ့မြေလောက် ကွာခြားတယ်။ အမေရိကန်တွေက နိုင်ငံခြားမှာ
စီးပွားရေး လုပ်တဲ့အခါ အဲဒီနိုင်ငံဟာ ဒီမိုကရေစီလား၊ ကွန်မြူနစ်လား ကြည့်တယ်။
လာဘ်ပေးလာဘ်ယူ ရှိသလား၊ မရှိဘူးလား ကြည့်တယ်။ အလုပ်သမား ဥပဒေ ဘယ်လိုလဲ စိစစ်တယ်။
လူ့အခွင့်အရေး အခြေအနေ ဘယ်လိုလဲ မေးမြန်းတယ်။

တရုတ်တွေက ပင်လယ်ရပ်ခြား
သွားရောက်ပြီး စီးပွားကုန်သွယ်ရေး လုပ်တဲ့အခါ အမေရိကန်တွေလို အပိုတွေ လုပ်မနေဘူး။
ကုန်သွယ်ဘက် နိုင်ငံက ဒီမိုကရေစီနိုင်ငံ ဖြစ်နေရင်လဲ ဒါသူတို့နဲ့ မဆိုင်ဘူး။
ကွန်မြူနစ်နိုင်ငံ ဖြစ်နေရင်လဲ ဒါသူတို့အလုပ် မဟုတ်ဘူး။ ဒီဘက်ခေတ်မှာ တရုတ်ပြည်ဟာ
သူတို့ပြည်တွင်းမှာ ကွန်မြူနစ်စနစ် ကျင့်သုံးပေမယ့် ကွန်မြူနစ် ဝါဒကို
ရောင်းကုန်တစ်ခုလို နိုင်ငံခြား တင်ပို့မှု မရှိဘူး။ နိုင်ငံတစ်နိုင်ငံဟာ
ကွန်မြူနစ်နိုင်ငံ ဖြစ်နေပေမယ့် တရုတ် အတွက် တွက်ခြေမကိုက်ဘူးဆိုရင် အဲဒီနိုင်ငံနဲ့
စီးပွားဘက် မလုပ်ဘူး။

တရုတ်က စီးပွားရေး လုပ်ကိုင်ဖို့ အတွက် အဲဒီနိုင်ငံဟာ
လာဘ်စားမှု များသလား၊ နည်းသလား ဒါမှ မဟုတ် လာဘ်စားမှု ရှိသလား မရှိသလား မကြည့်ဘူး။
ဒါဟာ သူ့အလုပ် မဟုတ်ဘူး။ အဲဒီနိုင်ငံမှာ လာဘ်စားစား၊ မစားစား သူနဲ့မဆိုင်ဘူး။ အဲဒီ
နိုင်ငံမှာ လူ့အခွင့်အရေး ရှိရှိ၊ မရှိရှိ ဒါလဲ သူတို့နဲ့မပတ်သက်ဘူး။ အဲဒီ
နိုင်ငံရဲ့ အလုပ်သမား အက်ဥပဒေတွေ ဘယ်လိုလဲ။ ဒါကိုလဲ တရုတ်က လုံးဝ ဂရုမစိုက်။
အဲဒီနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေက အဲဒီနိုင်ငံရဲ့ ဥပဒေပဲပေါ့လို့
သဘောထားတယ်။

ဒါနဲ့ပတ်သက်လို့ ပြောစရာ ရှိတယ်။ တရုတ်နိုင်ငံက ပြည်ပမှာ
စီးပွားရေးလုပ်ရင် ရေရှည်ကြည့်ပြီး လုပ်ငန်းကြီးတွေပဲ လုပ်တယ်။ သာဓက ပြစရာ
အများကြီး ရှိတဲ့အနက် တစ်ခုလောက်ပဲ ကြည့်ကြရအောင်ပါ။ တရုတ်ဟာ အာရေဗျကျွန်းဆွယ်
ရေနံလမ်းကြောင်းနဲ့ နီးနီးကပ်ကပ် ပါကစ္စတန် နိုင်ငံမှာ ဆိပ်ကမ်းမြို့ကြီး တစ်မြို့
တည်ဆောက်ပေးလျက် ရှိတယ်။ စီမံကိန်းကတော့ အရှေ့အလယ်ပိုင်းက ရေနံတင် သင်္ဘောကြီးတွေနဲ့
သယ်ယူလာတဲ့ ရေနံစိမ်းတွေကို အဲဒီ ဆိပ်ကမ်းမှာ သိုလှောင်ထားပြီး၊ အဲဒီကတစ်ဆင့်
ပိုက်လိုင်းသွယ်တန်းကာ ပါကစ္စတန်နဲ့ တာဂျစ်ကစ္စတန်နိုင်ငံတွေကျော်ဖြတ်ပြီး တရုတ်ပြည်
အနောက်ပိုင်းက မြို့တစ်မြို့ဆီ ပို့ဆောင်ဖို့ ဖြစ်တယ်။

ဒီလို
အလုပ်ကြီးအကိုင်ကြီး လုပ်တဲ့နေရာမှာ လုပ်ငန်းတစ်ခုလုံးအတွက် တရုတ်အလုပ်သမားနဲ့
တရုတ်အတတ်ပညာရှင်တွေကိုပဲ အသုံးပြုတယ်။ ဒေသဆိုင်ရာက အလုပ်သမားတွေကို
ငှားရမ်းမသုံးဘူး။ အားသာချက်ကတော့ ကိုယ့်အလုပ်သမားတွေ ဖြစ်လို့
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်တိုင်အုပ်ချုပ်နိုင်တယ်။ ပါကစ္စတန် အလုပ်သမား
ဥပဒေတွေနဲ့ ငြိစွန်းစရာ မရှိတော့ဘူး။ အားနည်းချက်ကတော့ တရုတ်ကုမ္ပဏီကြီး
ပါကစ္စတန်နိုင်ငံမှာ အလုပ်လာလုပ်ပေမယ့် ပါကစ္စတန် အလုပ်သမားတွေ အလုပ်လုပ်ခွင့်
မရကြဘူး။

သိပ်ပြီး မကြာသေးတဲ့အချိန်က အိန္ဒိယ နိုင်ငံမှာ
လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းရေးအတွက် ပြည်တွင်း ကုမ္ပဏီကြီးတွေနဲ့ မလုံမလောက်
ဖြစ်နေလို့ တရုတ်နိုင်ငံက ကုမ္ပဏီကြီး တစ်ခုကို ငှားရမ်းလုပ်ဆောင်ခဲ့ရတယ်။
ထုံးစံအတိုင်း တရုတ်ကုမ္ပဏီကြီးဟာ အိန္ဒိယ ရောက်လာပြီး သူ့လူတွေနဲ့သူ
လုပ်ငန်းဆောင်ရွက်တယ်။ ဒါကိုတော့ အိန္ဒိယအစိုးရက မကန့်ကွက်ဘူး။ ခွင့်ပြုတယ်။
ဒါပေမယ့် တရုတ် အလုပ်သမားတွေ တဖြည်းဖြည်းနဲ့ များလာခဲ့တယ်။ လုပ်ငန်းဆောင်ရွက်ဖို့
လိုအပ်တာထက် တရုတ်အလုပ်သမားတွေ အလွန်များပြား လာတယ်လို့ အိန္ဒိယ အစိုးရက ယူဆတဲ့အတွက်
အပိုအလုပ်သမားတွေကို အိန္ဒိယက တရုတ်ပြည် ပြန်ပို့ပေးခဲ့ရတယ်။

ဒီနည်းကတော့
တရုတ်ပြည် အတွက် ကောင်းတယ်လို့ ဆိုနိုင်တယ်။ တရုတ်ကုမ္ပဏီတွေ ပြည်ပ
သွားရောက်လုပ်ကိုင်ကြပေမယ့် တရုတ်အလုပ်သမားတွေကိုပဲ အသုံးပြုတော့ တရုတ်အလုပ်သမားတွေ
အလုပ်အကိုင် ရရှိကြတယ်။ သွားရောက်လုပ်ကိုင်တဲ့ နိုင်ငံတွေမှာရှိတဲ့ ဒေသတွင်း
အလုပ်သမားတွေနဲ့ ပြဿနာ မတက်တော့ဘူး။ အဲဒီနိုင်ငံတွင်း ဥပဒေတွေနဲ့လဲ ငြိစွန်းစရာမရှိ
တော့ဘူး။

တရုတ်ဟာ နိုင်ငံခြားမှာ စီးပွားရေး လုပ်တဲ့အခါ စီးပွားရေးကို
စီးပွားရေး အတွက်ပဲ လုပ်တယ်။ တရုတ် ပြည်အတွက် တွက်ခြေကိုက် မကိုက်ကိုပဲ ကြည့်တယ်။
တွက်ခြေကိုက်ရင် လုပ်မယ်။ တွက်ခြေမကိုက်ရင် မလုပ်ဘူး။ တစ်နည်းပြောရင်တော့
ကိုယ့်စီးပွားရေးအတွက်ပဲ ကိုယ်ကြည့်တယ်။ တရုတ်ပြည် ကောင်းစားရေး
တစ်ခုတည်းသာကြည့်ပြီး စီးပွားရေးလုပ်ဆောင်တယ်။ နောက် ထပ် ဘာကိုမှ
မကြည့်ဘူး။

လောလောဆယ်မှာ တရုတ် အစိုးရဟာ နိုင်ငံခြား
သွားရောက်လုပ်ကိုင်လိုတဲ့ တရုတ်ကုမ္ပဏီကြီးတွေကို ထောက်ခံအားပေးလျက် ရှိပါတယ်။
တရုတ်ဘဏ်ကြီးတွေကလဲ အဲဒီ ကုမ္ပဏီတွေကို အတိုးနှုန်းသက်သက် သာသာနဲ့ ငွေထုတ်ချေးပေးတယ်။
ဒီလို အတိုးနှုန်းနည်းနည်းနဲ့ ချေးငွေရရှိတဲ့အတွက် နိုင်ငံခြားမှာ လေလံဆွဲတဲ့ အခါ
ဈေးပိုပေးပြီး ဆွဲယူနိုင်တယ်။

နိုင်ငံတစ်နိုင်ငံမှာ ငွေကြေးရင်းနှီး
မြှုပ်နှံတော့မယ်ဆိုရင် တရုတ်ဟာ ပြန်ပေါ်နှုန်း - Returns ကောင်း မကောင်း အသေအချာ
တွက်ချက် ကြည့်တယ်။ ဒီနေရာမှာ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေလိုပဲ တရုတ်က
ပြန်ပေါ်နှုန်းကောင်းမှ ရင်းနှီးမြှုပ်နှံမှု လုပ်တယ်။ မဟုတ်ရင် မလုပ်ဘူး။ တရုတ်ပြည်ဟာ
ဗင်နီဇွဲလား၊ အီကွေဒေါ၊ ကျူးဘားနဲ့ ဘိုလီးဗီးယား နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှု
လုပ်ထားတယ်။ ကြည့်ရင်တော့ ဒီနိုင်ငံတွေ အားလုံးက လက်ဝဲနိုင်ငံချည်း ဖြစ်နေတယ်။
ဒါပေမယ့် တရုတ်က စီးပွားရေး လုပ်တဲ့အခါ ဝါဒကို
ရှေ့တန်းမတင်ဘူး။

တရုတ်ပြည်အနေနဲ့ ဒီနိုင်ငံတွေနဲ့ စီးပွားရေးလုပ်တာ
သိပ်ပြီး အဆင်ပြေလှတယ် မဟုတ်ဘူး။ တရုတ်နဲ့ အီကွေဒေါ
ကူးသန်းရောင်းဝယ်ရေးနဲ့ပတ်သက်ပြီး ကတောက်ကဆ ဖြစ်နေကြတယ်။ တရုတ်က အမေရိကန် ဒေါ်လာ
ဘီလီယံ ၂ဝ ဗင်နီဇွဲလား နိုင်ငံကို ထုတ်ချေးဖို့ ကတိပေးထားပေမယ့် လောလောဆယ်
ဆိုင်းငံ့ထားတယ်။ ဘိုလီးဗီးယား နိုင်ငံက ပြည်သူပိုင်သိမ်းတဲ့ အထဲမှာ တရုတ်ရဲ့ သဘာဝ
ဓာတ်ငွေ့သိုက်လဲ ပါသွားတယ်။ ဒါပေမယ့် တရုတ်က ဂရုမစိုက်ဘူး။ ဘာကြောင့်လဲဆိုတော့
တရုတ်ဟာ ရေရှည်အကျိုးကိုပဲ ကြည့်တတ်လို့ဖြစ်တယ်။

ဒီနေရာမှာလဲ တရုတ်နဲ့
အမေရိကန် ကွာခြားမှု ရှိတယ်။ အမေရိကန်ဟာ နိုင်ငံတစ်နိုင်ငံမှာ
ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားကူးသန်း လုပ်ကိုင်တဲ့အခါ တောင်းဆိုမှုတွေ
များတဲ့အပြင် ပြည်တွင်းနိုင်ငံရေးမှာလဲ ဝင်ရောက်စွက်ဖက်မှု ရှိတယ်။ တရုတ်ကတော့ ဒီလို
မဟုတ်ဘူး။ ပြည်တွင်းနိုင်ငံရေးမှာ ဝင်မစွက်ဘူး။ ဒါကြောင့် လက်တင် အမေရိက
နိုင်ငံအတော်များများဟာ တရုတ်နဲ့ စီးပွားရေး လက်တွဲလုပ်ချင်လာကြတယ်။
လုပ်လဲလုပ်နေကြတယ်။ လက်တင်အမေရိကနဲ့ ကာရေဘီယံ ဒေသဟာ မကြာမီ တရုတ်လက်ခုပ်ထဲ
ရောက်တော့မယ်လို့ပြောနေကြလေရဲ့။

Ref : Eric Farnsworth: "The New
Mercantilism: China's Emerging Role in the Americas"; Current History, 2011 Feb.
issue.

မင်းရွှေမောင် Ref:myanmarmarket journal

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!