Popular Posts!
Saturday, May 21, 2011
ကာစီနိုလောကထဲ ခြေစုံပစ်ဝင်လာတဲ့ စင်ကာပူ
       ''ကျွန်တော် ဘဏ္ဍာရေးဝန်ကြီး တာဝန်ထမ်းဆောင်
နေတဲ့အချိန် တစ်နေ့မှာ အစီရင်ခံစာတစ်စောင် ဖတ်ရတယ်။ စင်ကာပူမှာ
ကာစီနိုလောင်းကစားလုပ်ငန်းနဲ့ အပန်းဖြေစခန်းတွေဖွင့်ဖို့။ ဒီလုပ်ငန်းဟာ
နိုင်ငံအတွက် ဝင်ငွေအများဆုံးရမယ့် လုပ်ငန်းတစ်ခုလို့ နိဒါန်းအစမှာ ဖော်ပြထားပါတယ်။
အဲဒီ စာကြောင်းလဲဖတ်ပြီးရော ဒီအစီရင်ခံစာကို ကျွန်တော် အမှိုက်ခြင်းထဲ ထည့်ပစ်
လိုက်တယ်။
        ''ဒါပေမယ့် အခုကျွန်တော် ဝန်ကြီးချုပ်တာဝန်
ထမ်းဆောင်ရတဲ့အခါမှာတော့ တစ်ချိန်က ကျွန်တော် အမှိုက်ခြင်းထဲ ထည့်ပစ်ခဲ့ဖူးတဲ့
အစီရင်ခံစာပါအတိုင်း ကာစီနိုကစားဝိုင်းတွေ၊ အပန်းဖြေစခန်းတွေ ဖွင့်ဖို့အစီအစဉ်ကို
ကျွန်တော်ကိုယ်တိုင် ရေးဆွဲပြီး ပါလီမန်လွှတ်တော်ကို တင်ပြဖို့ စီစဉ်နေရပါပြီ''
         အထက်ပါစကားကို စင်ကာပူဝန်ကြီးချုပ် လီရှင်လောင်းက သူဝန်ကြီးချုပ်ဖြစ်ပြီး
မကြာမီနိုင်ငံသို့ ပြောသည့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ လွန်ခဲ့သည့်
ငါးနှစ်ခန့်က ဖြစ်သည်။
                လောင်းကစားခြင်းသည် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဖွံ့ဖြိုးလာခြင်းကြောင့် လူအများအကျင့်စာရိတ္တပျက်ပြားမည်။ ကိုယ်ကျင့်တရား ပျက်ယွင်းမည်။ ရာဇဝတ်မှုခင်းများ ပေါများမည်။
ဘိုးဘွားစဉ်ဆက်စောင့် ထိန်းလာခဲ့သော ယဉ်ကျေးမှု ကျဆင်းမည်။
နိုင်ငံဝန်ထမ်းလောက၌ လာဘ်ပေး လာဘ်ယူမှုများ ထူပြောလာမည်။ စီမံခန့်ခွဲမှုယိုယွင်းမည်။
မည်ကဲ့သို့သော ဆင်ခြေရှိသည်ဖြစ်စေ၊ မည်ကဲ့သို့သော ဝင်ငွေရသည်ဖြစ်စေ၊
မည်သို့မည်ပုံဖြင့် နိုင်ငံဖွံ့ဖြိုးလာမည်ဟု ဆိုစေ၊ နိုင်ငံထိခိုက်မှုနှင့်
နိုင်ငံအကျိုးရှိမှုကို ချိန်စက်တွက်ချက် စဉ်းစားသင့်ကြောင်း သူ့အနေနှင့် သုံးသပ်
အဖြေရှာခဲ့ရသည်ဟု ဆိုသည်။
                  ယခု..၂ဝ၁ဝ ခု ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌မူ..စင်ကာပူနိုင်ငံပိုင် ဆန်တိုစာ Sentosa ကျွန်းငယ်ပေါ်၌ ကာစီနိုကစားဝိုင်း အပြည့်အစုံပါရှိသော အပန်းဖြေစခန်း Resorts
World Sentosa ကို ဖွင့်လှစ်ခဲ့သည်။
             တစ်ချိန်က စင်ကာပူနိုင်ငံသားများ တွေးပင်မတွေး ခဲ့ဖူးသောဖြစ်ရပ်များကို
တစ်ခုပြီးတစ်ခုတွေ့ကြရတော့ မည်ဖြစ်သည်။
ဆန်တိုစာ - Sentosa
               ဆန်တိုစာဆိုသည့် စကားလုံးမှာ မလေးဘာသာ စကားဖြစ်ပြီး အဓိပ္ပာယ်မှာ ငြိမ်းချမ်းခြင်း၊
တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့် ကြည်နူးချမ်းမြေ့ခြင်းဟူသော အနက်ကိုဆောင်သည်။
    ယင်းကျွန်းငယ်ပေါ်သို့ လာရောက်လည်ပတ်သော သူတစ်နှစ်လျှင် ငါးသန်းခန့်ရှိသည်။
ဆန်တိုစာကျွန်း၏ ဆိပ်ကမ်းသာမှာ နှစ်ကီလိုမီတာ ရှည်လျားသည်။
            Fort Siloso ဟု အမည်ပေးထားသည့် ခေတ်မီ ဂေါက်ကွင်းနှစ်ကွင်းရှိသည်။ ကြယ်ငါးပွင့်အဆင့်
ဟိုတယ်ကြီးနှစ်လုံး တည်ဆောက်ထားသည်။
            ယခုဖွင့်လှစ်လိုက်သော အပန်းဖြေစခန်းနှင့်အတူ ယူနီဗာဆယ် ရုပ်ရှင်လုပ်ငန်းပိုင် စတူဒီယိုကြီးနှင့် ကျယ်ဝန်းသော အပန်းဖြေဥယျာဉ်ကြီးလည်းရှိနေသည်။
            ဆန်တိုစာကျွန်းနှင့် ပတ်သက်၍ ရှည်လျားသော သမိုင်းနောက်ခံများကရှိနေခဲ့သည်။ အမည်လည်း အမျိုး မျိုးပေးခဲ့ကြသည်။ သို့သော် ၁၉၇၂ ခုနှစ်တွင် စင်ကာပူ ခရီးသွားလာရေးလုပ်ငန်းက
ယင်းကျွန်းကို ဆန်တိုစာ ဟူသော မလေးဘာသာအမည်ဖြင့် တရားဝင်သတ်မှတ်
အတည်ပြုပေးခဲ့သည်။
              ဆန်တိုစာကျွန်း၏ အကျယ်အဝန်းမှာ ၅.ဝဝ စတုရန်းကီလိုမီတာရှိသည်။ စင်ကာပူကျွန်းမကြီးနှင့် တစ်ကီလိုမီတာ သို့မဟုတ် မိုင်ဝက်ခန့်သာဝေးသည်။
            ဆန်တိုစာ ကျွန်းတစ်ခုလုံး၏ ၇ဝရာခိုင်နှုန်းကို မိုးသစ်တောများက ဖုံးလွှမ်းထား၏။ အိမ်မြှောင်၊ ပုတ်သင်ညို၊ ကင်းလိပ်ချော၊ မျောက်၊ ဒေါင်းနှင့် ကြက်တူ ရွေးကဲ့သို့သော တိရစ္ဆာန်အကောင်ငယ်များ
ကျက်စား နေထိုင်လျက် ရှိသည်။
               ယခု ဆန်တိုစာ အပန်းဖြေစခန်း ဖွင့်လှစ်မည့် အစီအစဉ်အရ ဆန်တိုစာကျွန်းပေါ်၌ မူလရှိနှင့်ပြီး ကြယ်ငါးပွင့် ဟိုတယ်ကြီး နှစ်ခုအပြင် အခြားအဆင့်မြင့် ဟိုတယ်ငါးလုံး ထပ်မံဆောက်လုပ် ပြီးစီးနေပြီ
ဖြစ်သည်။
ဆန်တိုစာကျွန်း၏ ဆွဲဆောင်မှုများဆန်တိုစာ အပန်းဖြေ ကျွန်းငယ်ပေါ်၌ မြေပြင်မှ မီတာ ၁၁ဝ၊ ပင်လယ်ရေပြင်မှ ၁၃၁ မီတာ အမြင့်ထိ မြင့်မားသော Tiger Sky Tower ရှုခင်း ကြည့်မျှော်စင်ကြီးကိုလည်း
တည်ဆောက်ထားသည်။
                  ယင်းမျှော်စင်ကြီးသည် ပြင်သစ် နိုင်ငံ ပါရီမြို့ရှိ Eiffel Tower ထက်ပင် ပို၍မြင့်သည်ဟုဆိုကြ၏။
ယင်းမျှော်စင်ပေါ်မှနေ၍ စင်ကာပူ ကျွန်းကြီးတစ်ခုလုံးအပြင် အခြားဘေးပတ်ပတ်လည်ရှိ
ကျွန်းများကိုလည်း ကြည့်ရှုနိုင်သည်။ မိုးလေဝသကောင်း၍ မြူများကင်းစင်သည့် အချိန်၌
အဝေးခပ်လှမ်းလှမ်း၌ရှိသော မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများကိုပါ
လှမ်းမြင်နိုင်သည်။
           မျှော်စင်ပေါ်ရှိ စက်ဝိုင်းသဏ္ဍာန် ခန်းမကြီးတစ်ခုလုံး လေအေးစက် တပ်ဆင်ကာ မှန်များအပြည့်ကာ ထားသည်။ လာရောက်သည့် ဧည့်
သည်များ မှန်ခန်းတွင်းမှနေ၍ ကြည် လင်ပြတ်သားစွာမြင်နိုင်သည်။
             ယင်း Sky Tower ကို ၂ဝဝ၄ခု ဖေဖော်ဝါရီလ ၇ရက်ကတည်းက ဖွင့်လှစ်ခဲ့ပြီး ကောင်းကင်ကြိုး
ပုခက်တွဲ များဖြင့်လည်းကောင်း၊ မြေပြင်မှ ဘတ်စ်ကားများဖြင့်လည်းကောင်း
သွားရောက်နိုင်သည်။
လိပ်ပြာနှင့် ပိုးမွှားဥယျာဉ်
လိပ်ပြာများ စုဆောင်းထားသည့် ပန်းဥယျာဉ်အတွင်း၌ အသက်ရှင်ပျံသန်းနေသော လိပ်ပြာတစ်သောင်း
ငါးထောင်ကိုလည်း တွေ့ရနိုင်သည်။
                  ပိုးမွှားဥယျာဉ်အိမ်အတွင်း၌ ကမ္ဘာပေါ်ရှိ ရှားပါးသော ပိုးမွှားမျိုး ရင်းသုံးထောင်ကို
တွေ့ကြရမည်။
ရေအောက်ကမ္ဘာနှင့် လင်းပိုင်ရေကူးကန်
            ဆန်တိုစာကျွန်းငယ်၏ အနောက်ဘက်အရပ်၌ ရေအောက်ကမ္ဘာဟု အမည်ပေးထားသည့် နေရာတစ်ခုရှိသည်။
၁၉၉၁ခုနှစ် ကတည်းက ဖွင့်လှစ်ထားခဲ့ပြီး ကမ္ဘာအရပ်ရပ်မှ ရေငန်၊ ရေချိုသတ္တဝါ ၃ဝဝဝ
နီးပါး စုဆောင်းပြသထားသည်။
               ၈၂ မီတာရှည်လျားသည့် ရေအောက်မှန်ကာ စင်္ကြံလမ်းမှနေ၍ ရေနေသတ္တဝါများကို သဘာဝအတိုင်း တွေ့ကြရသည်။
လင်းပိုင်ရေကူးကန်သို့ လာရောက်သည့် ဧည့်သည်များအနေနှင့် ခါးလယ်အထိနက်သော
ရေထဲသို့ဆင်းကာ လင်းပိုင်များကို အနီးကပ်
ထိတွေ့လေ့လာနိုင်သည်။
ပင်လယ်ပြင်မှတေးသံပြပွဲ
   ပင်လယ်ပြင်မှ တေးသံပြပွဲကို ၂ဝဝ၇ ခု မတ်လ ၂၆ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းပြပွဲ အတွက် US$ သန်း ၃ဝ အကုန်ကျ ခံတည်ဆောက်ထားရသည်ဆိုသည်။ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်
နိုင်သည့် ပြပွဲတစ်ခုဟု ဆိုကြသည်။
             တစ်နေ့လျှင် နှစ်ပွဲသာ ဖျော်ဖြေ တင်ဆက်ပြီး ပွဲတစ်ပွဲတင်ဆက်ချိန်မှာ ၂၅မိနစ်သာကြာသည်။ ဝင်ကြေးမှာ တစ်ဦးလျှင် စင်ကာပူဒေါ်လာ ၁ဝဝဝ ဟုဆို၏။
အခြားစိတ်ဝင်စားဖွယ်နေရာများ
              ကောင်းကင်ဘားတန်းများ၊ အမြင့်ကြောက်သူများ စိတ်ပြေပျောက်စေရန် ကစားကွင်း၊
ပင်လယ်ပြင်လှိုင်း စီးအားကစား လေ့ကျင့်ကွင်း၊ ထိတ်လန့်တုန်လှုပ်ဖွယ် ကစားနည်းနှင့်
ခရီးလမ်း၊ မီးတောင်တုသဏ္ဌာန်ပြုလုပ် ထားသည့်နေရာ စသဖြင့် စိတ်ဝင်စားဖွယ်နေရာ
အများအပြားကိုလည်း တည်ဆောက်ထားသည်။
စင်ကာပူနိုင်ငံ၏ ကာစီိနိုအစ
            စင်ကာပူနိုင်ငံ၌ ကာစီနိုကစားဝိုင်းနှင့် အပန်းဖြေစခန်းဖွင့်ပွဲကို ယခုနှစ်
ဖေဖော်ဝါရီလ တရုတ်လူမျိုးတို့၏ နှစ်သစ်ကူးကာလ၌ ပြုလုပ်ခဲ့သည်ဟု ဆိုကြသော်လည်း
၂ဝဝ၉ခု ဒီဇင်ဘာလ ဒုတိယသီတင်းပတ် စနေတစ်ညတွင် ကလေးများအတွက် အလှူပွဲအဖြစ်ရည်စူးကာ
အကြိုဖွင့်ပွဲ တစ်ရပ်ကျင်းပခဲ့သည်။
           ထိုညက ကာစီနိုဥယျာဉ်အကြို ဖွင့်ပွဲတွင် ဖဲချပ်မပါ၊ အံစာတုံးမပါ၊ လောင်းကြေးမပါ၊ ကလေးများ အတွက် သီးသန့်အပန်းဖြေပွဲ ကစားပွဲများသာ ပါဝင်ခဲ့သည်ဟု ဆိုသည်။
ယင်းပွဲကို တက်ရောက်ခဲ့သူ တစ်ဦးက မကြာလှသော ကာလ၌ ယင်းနေရာတွင် လောင်းကြေးများ
အပြိုင်အဆိုင်၊ ငွေများပုံအော၍ ထပ်ကြတော့မည်။ ဆန်တိုစာ၏ အပန်းဖြေစခန်းကို
ထင်ဟပ်မည့် မှန်သားပြင်ပေါ်၌ မျိုးဆက်သစ် စင်ကာပူ ကလေးငယ်များနှင့် မျိုးဆက်ဟောင်း
စင်ကာပူသားကြီးများပါ တစ်ခါမျှ မမြင်ရသော မမြင်ဖူးသော လောင်းကြေးများ
လောင်းကစားပွဲများ ပေါ်လာတော့မည်။
စင်ကာပူနိုင်ငံ၏ အနာဂတ်ခရီးသည်
မည်သို့ဆိုသည်ကို အသေအချာ မပြောနိုင်သော်လည်း မျှော်မှန်း၍ပင် မရနိုင်လောက်အောင်
များပြားသည့် အလိမ်အကောက် အလှည့်အပတ်များ၊ တစ်ဦးကိုတစ်ဦးတစ် ပတ်ရိုက်မှု၊
ကွက်ကျော်လုပ်ရပ်များ အားလုံးသည် စီကာစဉ်ကာ ပေါ်ပေါက်လာတော့မည်ကား အသေ
အချာဖြစ်၏။
             အမည်ထုတ်ဖော် မပြောလိုသော အာရှဒေသ ကစားပွဲအမှုဆောင်တာ
ဝန်ခံတစ်ဦးလည်းဖြစ်၊ ထိပ်တန်း အဆင့်အကြံပေး ပုဂ္ဂိုလ်တစ်ဦးလည်း
ဖြစ်သောပုဂ္ဂိုလ်ကြီးက ''ရှေ့လာမယ့် ငါးနှစ်ကာလမှာ စင်ကာပူအစိုးရဟာ သူပြင်ဆင်ထားတဲ့
အားလုံးပူးပေါင်းထားတဲ့ ဒီအပန်းဖြေစခန်းဆိုတဲ့ နေရာကြောင့်
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လည်းဖြစ်ထွန်းလာမယ်။ လာရောက်တဲ့ ဧည့်သည်တွေကလဲ
ငွေကြေးသုံးစွဲကြမယ်။ ဒါပေမယ့် ဒီလုပ်ငန်းကို ဦးစီးဦးဆောင် ကိုင်တွယ်တဲ့
တာဝန်ရှိသူတွေကတော့ တကယ့် သမိုင်းမှတ်တမ်းဝင် ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ပေမယ့်
သူတို့လည်ပင်းမှာ ကြိုးချည်ထားသလို အဖြစ်မျိုးနဲ့ ရင်ဆိုင်ရတော့မယ်''ဟုဆိုသည်။
          ဆန်တိုစာအပန်းဖြေစခန်း၏ စုစု ပေါင်းကုန်ကျစရိတ်မှာ မူလရည်ရွယ်ထားသည့် US$
၃.၉ ဘီလီယံမှ ၄.၇ ဘီလီယံအထိ ထပ်မံတိုးလာတော့မည်ဟု ခန့်မှန်းထားကြ၏။
ယင်းအပန်းဖြေစခန်းကို စတင် ဆောက်လုပ်ကတည်းက တစ်ဆင့်ပြီး တစ်ဆင့်
တိုးမြှင့်ဖွင့်လှစ်မည်ဟု ရည်ရွယ်ထားခဲ့သည်။
              စင်ကာပူ စီမံခန့်ခွဲမှုတက္ကသိုလ်မှ ဥက္ကဋ္ဌ Howard Hunter က ''စင်ကာပူနိုင်ငံအတွက် တရားဝင်
ကာစီနို လုပ်ငန်းဆိုတာက အသစ်ဖြစ်ပေမယ့် လောင်းကစားခြင်း ဆိုတာကတော့ အသစ်
မဟုတ်တော့ပါဘူး'' ဟု ကောက်ချက်ချသည်။
         အဘယ်ကြောင့်ဆိုသော် စင်ကာပူ နိုင်ငံသား အတော်များများအတွက် လောင်းကစားခြင်း အပြုအမူသည် လုပ်နေကျ အလုပ်တစ်ခုသာဖြစ်သည်။
               စင်ကာပူနိုင်ငံ၌ တစ်နှစ်လျှင် မြင်းပြိုင်ပွဲ ၇၂ကြိမ်ကျင်းပသည်။ စင်ကာပူ မြင်းစီးကလပ်ကတာဝန်ယူ ကျင်းပခြင်းဖြစ်၏။
ပုဂ္ဂလိကပိုင်ရှင်များက ဖွင့်လှစ်ထားသော လောင်းကစားစက် Slotများ၌လည်း နေ့စဉ်လိုလို
ကစားနေကြသည်မှာ စက်များပင်မအားရ။ ယခု နှစ်သစ်ကူး ပိတ်ရက်များ၌ မိသားစုတိုင်း
မာကျောက် ဖဲကစားကြသည်။
            ကာစီနို ကစားဝိုင်းဆိုသည်မှာ ငွေကိုသန်းထောင်နှင့်ချီ၍ကိုင်ကာ ကစားသည့် ဗဟိုအချက်အချာနေရာ တစ်ခုဖြစ်သည်။
ယင်းလောင်းကစား ဝိုင်းများနှင့်အတူ အလွန်အသိရခက်၊ လျှို့ဝှက်လွန်းလှသည့်
ဖျော်ဖြေရေး အစီအစဉ်များကလည်း နောက်က ကပ်၍လိုက်ပါလာသည်။ ယင်းသို့သော
ကာစီနိုကစားဝိုင်းလုပ်ငန်းကို အပန်းဖြေစခန်း အမည်ခံထားသော်လည်း နောက်ကွယ်၌
လောင်းကစား ခြင်းလုပ်ငန်းအတွက် အခွင့်အလမ်း များစွာပေါ်ထွက်နေ၏။
ကျွန်းငယ်အရွယ်မျှသာရှိသည့် စင်ကာပူကို နိုင်ငံတစ်ခုဖြစ်လာအောင် အပင်ပန်း အဆင်းရဲခံ
တည်ထောင်ခဲ့သူ စင်ကာပူ ခေါင်းဆောင်ကြီး လီကွမ်ယူ၏ အမျိုးသားရေး
မျှော်မှန်းချက်များနှင့် ဆန့်ကျင်သည်ဟုဆိုကာ ကန့်ကွက်သံများကလည်း ပွက်လောညံလျှက်
ရှိသည်။
           မည်သို့ပင်ဆိုစေကာမူ စင်ကာပူ၏ ရှေးအစဉ်အလာနှင့် ကာစီနို
လောင်းကစားဝိုင်းသည် သင့်တော်ပါ၏။ အဘယ်ကြောင့်ဆိုသော် မြို့တော်နိုင်ငံနှင့်
လောင်းကစားဝိုင်းဆိုသည့် စကားလုံးသည် လိုက်ဖက်ညီပြီးဖြစ်သည်။ စင်ကာပူနိုင်ငံ၏
ရှေးအစဉ် အဆက်လက်ခံထားခဲ့သည့် မိသားစု တို့၏လိုက်နာကျင့်သုံးဆဲ ကျင့်သုံးမြဲ
အပြုအမူပင်မဟုတ်ပါလား။
          စင်ကာပူနိုင်ငံကို အုပ်ချုပ်သူများကလည်း သူတို့၏စိတ်ထားကို အချိန်အခါ အခြေအနေနှင့် ကိုက်ညီစေရန် လိုက်လျောသည့်အနေဖြင့် တရုတ်နှစ် သစ်ကူးကာလတွင် စင်ကာပူနိုင်ငံ၏ ကာစီနိုဥယျာဉ်ကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသို့သော နှစ်သစ်ကူးကာလ၌ စင်ကာပူအပါအဝင် အာရှဒေသရှိ တရုတ်လူမျိုးအားလုံး နှစ်သစ်ကူးပွဲ များ ကျင်းပနေချိန်ဖြစ်သည်။
သို့သော် ယင်းဆန်တိုစာအပန်း ဖြေစခန်း၏ အဓိကပန်းဥယျာဉ်ကြီး တစ်ခုဖြစ်သော
ယူနီဗာဆယ်ရုပ်ရှင် စတူဒီယိုကြီး အပိုင်းကမူ အပြီးသတ် ဆောက်လုပ်နေဆဲဖြစ်၏။ ယင်း
စတူဒီယိုကြီးကိုလည်း ညနေခင်းများ ၌ ဖွင့်လှစ်ပေးထားပြီး ဝင်ကြေးကမူ စင်ကာပူ $
၁ဝ(US$ ၇)သာ ကောက် ခံမည်ဆို၏။ ယင်းဝင်ကြေးနှုန်းထား သည်
အထူးလျှော့ဈေးဖြစ်သည်။
              များမကြာမီ၌ ဖွင့်လှစ်တော့မည် ဖြစ်သော အထက်ဖော်ပြပါ ယူနီဗာဆယ
ရုပ်ရှင်စတူဒီယိုကြီးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်ပြီး အရှေ့ တောင်အာရှ၌ ပထမဦးဆုံးဖြစ်သည်။
             မရီနာပင်လယ်ကွေ့တွင် တည်ဆောက်မည့် အခြား ကာစီနိုကစား ဝိုင်းနှင့်အပန်းဖြေစခန်းအတွက် Las Vegas Sands -LVS လုပ်ငန်းကို စင်ကာပူနိုင်ငံက ၂ဝဝ၆ခုနှစ်၌ လေလံ စနစ်နှင့် ပေးအပ်ခဲ့သည်။
ယင်းလုပ်ငန်းသည် အမေရိကန် အခြေစိုက်လုပ်ငန်း တစ်ခုဖြစ်သည်။ ကုန်ကျစရိတ်မှာ US$ ၃.၆
ဘီလီယံဖြစ်သည်။ ယင်းလုပ်ငန်းအစီအစဉ်၌ ကစားဝိုင်းသာမက အပန်းဖြေ အဆောက်အအုံများလည်း
ပါဝင်သည်။ သို့သော် ၂ဝဝ၈ခုနှစ်၌ အဆိုပါ LVS လုပ်ငန်းသည်
အမေရိကန်စီးပွားပျက်ကပ်နှင့် ကြုံရ၍ လုပ်ငန်းဆက်လက်လုပ်ဆောင်ရန် မရှူနိုင်
မကယ်နိုင် ဖြစ်လာခဲ့သည်။ ထိုအခါ မလေးရှားအခြေစိုက် Genting လုပ်ငန်းက ယင်းလုပ်ပိုင်
ခွင့် လိုင်စင်ကိုရရှိသွားသည်။
                Genting လုပ်ငန်းက ပြီးခဲ့သည့်လ ဇန်နဝါရီလ၌ ဟိုတယ်လေးခုကို တည်ဆောက်ပြီးစီးခဲ့သည်။ လုပ်ငန်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ် ကြောင်း ရုပ်သံကြော်ငြာများပင်
စတင်ထုတ်လွှင့်နေပြီဖြစ်သည်။
        နီဗားဒါးတက္ကသိုလ်မှ ဌာနမှူး Andy Nazarechuk က ''စင်ကာပူက ကာစီနိုတစ်ခုတည်း ဖွင့်ဖို့ရည် ရွယ်ထားတာမဟုတ်ဘူး။ အရာရာ ပြီးပြည့်စုံတဲ့ အပန်းဖြေစခန်းပါ ဖွင့်လှစ်ဖို့ပါ။ ဒီလုပ်ငန်းကို တာဝန်ယူတဲ့
သူတွေအနေနဲ့ အဘက်ဘက်က ပြည့်စုံတဲ့ လုပ်ငန်းကြီး တစ်ခုပုံစံကျနစွာ
လုပ်ငန်းလည်ပတ်နိုင်အောင် ကိုင်တွယ်နိုင်ဖို့ပါပဲ။ စင်ကာပူနိုင်ငံအနေနဲ့က
နိုင်ငံတကာအလယ်မှာ သူ့မျက်နှာဘယ်လိုနည်းနဲ့မှ အပျက်မခံနိုင်ပါဘူး။
အပန်းဖြေစခန်းဆိုတာ အပန်းဖြေ စခန်းအမည်နဲ့လိုက်ဖက်အောင် အဘက်ဘက်က
ပြည့်စုံဖို့ပဲ''ဟု ဆို သည်။
          YWS အာရှဒေသလုပ်ငန်းဆိုင်ရာ အဖွဲ့မှ
ညွှန်ကြားရေးမှူး Michael Stewart က ''စင်ကာပူအနေနဲ့
ဒီ ကာစီနိုလောကထဲ တကယ်ဝင်တော့မယ်ဆိုရင် ဟိုတယ်လုပ်ငန်း၊ စား သောက်ဆိုင်လုပ်ငန်း၊ တခြားဖျော်
ဖြေရေးလုပ်ငန်း၊ ဇိမ်ခံခရီးသွားလုပ်ငန်းနဲ့ ကစားဝိုင်းဆိုင်ရာ ဆက်စပ်လုပ်ငန်းတွေကိုပါ အပီအပြင်လုပ်ရဲဖို့ လိုလာပြီ။ ဒီလုပ်ငန်းမျိုးက မစို့မပို့နဲ့ ဟိုဟာထိန်း၊ ဒီဟာထိန်း ဟိုကိစ္စငဲ့ ဒီကိစ္စငဲ့နဲ့လုပ်လို့မရဘူး။
တရုတ်နှစ် သစ်ကူးကာလမှာ စင်ကာပူကာစီနို လုပ်ငန်းကို စဖွင့်တယ်ဆိုကတည်းက အဓိပ္ပာယ်တစ်ခုကို ဆောင်ထားပြီးသား ဖြစ်နေတယ်။ စင်ကာပူသားတွေ ဒီလုပ်ငန်းထဲခြေစုံပစ်ဝင်တော့မယ်။ အကြီးအကျယ် အပီအပြင်လုပ်တော့ မယ်ဆိုတဲ့ သဘောပဲလို့ ကမ္ဘာကနား လည်လိုက်ပြီ''ဟု မှတ်ချက်စကား ဆိုရင်းသတိပေးခဲ့သည်။
     အာရှဒေသရှိ လောင်းကစားဝိုင်း ဆိုင်ရာလုပ်ငန်းများ သုတေသနအဖွဲ့ -CLSA မှ Andrew
Fischer ကလည်း ''ကာစီနိုလောကမှာ ပထမဆုံးဖောက် သည်တွေကို နှစ်ကာလအကန့် အသတ်တစ်ခုနဲ့
အထူးဦးစားပေး အစီအစဉ်တွေလုပ်ပေးဖို့ ခုကတည်း ကကြိုတင်စီစဉ်ထားရမယ်။
ဥပမာ-ကာစီနိုဥယျာဉ်ထဲ ဝင်ခွင့်ကို နှစ်စဉ် ကြေးအထူးနှုန်း၊ လစဉ်ကြေး အထူး နှုန်း၊
နေ့စဉ်ကြေးအထူးလက်မှတ် တွေလုပ်ပေးတာမျိုးပေါ့''ဟု အကြံ ပြုသည်။
PRလက်မှတ် ထုတ်ပေးထားသူများကိုလည်း အထက်ပါအထူးအခွင့်အရေး မျိုးပေးသင့်ကြောင်း။
အထူးလျှော့ဈေး ကာလအတွင်း နေ့စဉ်ဝင်ကြေးကို စင်ကာပူဒေါ်လာ ၁ဝဝ ခန့်၊ နှစ်စဉ် ကြေး
စင်ကာပူ ဒေါ်လာ ၂ဝဝဝ ခန့် သာသတ်မှတ်သင့်ကြောင်းပြောခဲ့သည်။
       အချို့သော ကျွမ်းကျင်သူများ သည် စင်ကာပူနိုင်ငံအနေဖြင့် ယခုဖွင့် လှစ်လိုက်သည့်
ဆန်တိုစာ-ကာစီနို ဥယျာဉ်သည် မကြာမီထပ်မံဖွင့်လှစ် တော့မည့် မာရီနာပင်လယ်အော် ကာ
စီနိုဥယျာဉ်ကို ရေရှည်ကာလ၌ ယှဉ် ပြိုင်ဖို့ ခက်ခဲနိုင်ကြောင်း သတိပေး ကြသည်။
မာရီနာပင်လယ်အော် ကာစီနိုဥယျာဉ်ကို စင်ကာပူကျွန်းမ ကြီးရှိ မာရီနာကမ်းခြေ၌
ဖွင့်လှစ် မည်ဖြစ်သည်။ ယင်းကာစီနိုဥယျာဉ် သည် ကမ္ဘာတွင် ရင်းနှီးမြှုပ်နှံမှု
ပမာဏအကြီးဆုံးဖြစ်ပြီး စင်ကာပူ ၏စီးပွားရေးရပ်ကွက်များနှင့်လည်း
အိမ်ဦးနှင့်ကြမ်းပြင်ဆိုသလို မိနစ်ပိုင်း အတွင်းသွားရောက်နိုင်မည့် အနေအထားတွင်
ရှိနေသည်။ အဆိုပါ မာရီနာပင်လယ်အော် ကာစီနိုဥယျာဉ်ကို ၂ဝ၁ဝ ခုနှစ် ဧပြီလတွင်
ဖွင့်လှစ်နိုင် ရန်စီစဉ်နေကြသည်။ တရုတ်လူမျိုး တို့၏ရိုးရာပြက္ခဒိန်အရ ယခုနှစ်သည်
ကျားနှစ်ဖြစ်သည်။ ထို့ကြောင့် စင်ကာပူအတွက် ထူးခြားသော တိုး
တက်ပြောင်းလဲမှုများနှင့် ကြုံတွေ့ရတော့မည်ဟု ယုံကြည်နေကြသူများ က အမျှော်လင့်ကြီး
မျှော်လင့်နေကြ သည်ဟုဆိုသည်။
                 မာရီနာသဲသောင်တွင် ဖွင့်လှစ်မည့် ကာစီနိုဥယျာဉ်ကို တာဝန်ယူ ထားသည့် Las Vegas Sandsလုပ် ငန်းမှ ဥက္ကဋ္ဌလည်းဖြစ်၊ CEO လည်း ဖြစ်သူ Sheldon Adelson ကမူ ကွဲပြားသော အမြင်ရှိ၏။ ''ကျွန်တော် ကတော့ သူတို့စောစောကြိုဖွင့်နိုင် တာကိုဝမ်းသာပါတယ်။ ဆိုလိုတာက ဘာမှန်းမသိတဲ့
ကာစီနိုလောကပင် လယ်ပြင်မှာ သူတို့စပြီး ရွက်ကုန် ဖွင့်နေကြကာကိုး။ ဒီတော့ ကျွန်တော်
တို့က ဆန်တိုစာကျွန်းကိုစောင့်ကြည့် ရမယ်။ သူတို့အမှားတွေ ဖြစ်လာတာကို
ကျွန်တော်တို့သင်ခန်းစာယူရ မယ်။ ဒါမှ ကျွန်တော်တို့ အမှားနဲ့ မကြုံရမှာပါ''
ဟုဆိုသည်။
ကာစီနိုကစားဝိုင်းများ၏ လျှို့ဝှက်ချက်
တရုတ်နှစ်သစ်ကူးမတိုင်မီ တစ်ရက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ စင်ကာပူ အာဏာပိုင်များသည်
ကာစီနိုနှင့် ပတ်သက်၍ သဘောတူညီချက် တစ်ခုထုတ်ပြန်ခဲ့သည်။ ဆိုလိုသည်မှာ
ကာစီနိုကစားဝိုင်းကို တာဝန်ယူသည့် လုပ်ငန်းရှင်များနှင့် စင်ကာပူအစိုးရတို့၏
သဘောတူညီချက်ဖြစ်သည်။
            စင်ကာပူ ကာစီနိုလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာကျွမ်းကျင် သူတို့ အမြင်အမျိုးမျိုး ကွဲပြားနေကြသော်လည်း ၄င်းတို့အားလုံးတညီ တညွတ်တည်း သဘောတူ အကြံပြုကြသည့်အချက်မှာ အိမ်နီးချင်း မကာအိုကျွန်းပေါ်ရှိ ကာစီနိုလောကအကြောင်း ကြေညက်စွာသိထားရန် ဖြစ်သည်ဆို သော
အချက်ပင်ဖြစ်သည်။
              မကာအို ကာစီနိုဝိုင်းများတွင် လာရောက်ကစားကြသော VIP ဆိုသူများသည် ကာစီနိုဝင်ငွေ အခွန်၏ သုံးပုံနှစ်ပုံကို ပိုင်ဆိုင်လေ့ရှိကြသည်။ အဓိပ္ပာယ်မှာ ကစားဝိုင်းလုပ်ငန်း တာဝန်ယူသူများနှင့်ငွေရှင်ကြေးရှင်များ သည်တစ်နည်းမဟုတ်တစ်နည်းနှင့် ဆက်နွယ်နေတတ်ကြသည်။ ယင်းငွေရှင်ကြေးရှင်များသည် ကာစီနိုဝိုင်းများတွင် ငွေကိုအမြောက်အမြား သုံးကြသည်။ သူတို့သုံးသော
လောင်းကြေးများသည် ပမာဏများသည့်နည်းတူ အမြတ်ဝေပုံကျလည်း များစွာပြန်ရလေ့ရှိသည်။
ထိုသို့ပြန်ရမှလည်း သူတို့၏ ငွေပမာဏ အများအပြားကို ကစားဝိုင်း၌ လာရောက်
ဖြုန်းကြလေ့ရှိသည်။ ကာစီနို ကစားဝိုင်းဆိုသည်မှာ ငွေများများနှင့်လောင်း ကြေးများလေ
အမြတ်အစွန်း ကြီးမားလေဖြစ်၏။ မကာအိုသို့ ငွေများစွာနှင့် လာရောက်ဖြုန်းသူ
ငွေရှင်ကြေးရှင် အများအပြားမှာ တရုတ်နိုင်ငံမှ လုပ် ငန်းရှင်ကြီးများ
ဖြစ်နေလေ့ရှိသည်။
            တရုတ်ပြည်မကြီးမှ မကာအိုသို့ လာရောက်ကစားကြသူများ၊
သို့မဟုတ် ခရီးသည်အမည်ခံ လာရောက်သူများအနေနှင့် ငွေကြေးယူဆောင်ခွင့်ကို
ကန့်သတ်ထားသည်။ သို့ဖြစ်၍ ကာစီနိုသို့လာရောက်ကစားသူ ငွေရှင်ကြေးရှင်များသည်
ကစားဝိုင်းတာဝန် ရှိသူများနှင့် ကြိုတင်လက်ဝါး ရိုက်ထားကာ အကြွေးကစားကြသည့်
ထုံးစံရှိ၏။ သို့သော် တရုတ်နိုင်ငံတွင် လောင်းကစား အကြွေးပြန်ဆပ်ရန်အတွက်
အာမခံမှုသည် အခက်အခဲ ကရှိပြန်သည်။ လောင်းကစားဝိုင်း လုပ်ငန်းသည် ငွေရရှိရေးအတွက်၊
လုံခြုံရေးအတွက် လက်နက်ကိုင်ဆောင်ရပြန်သည်။ မကာအိုကာစီနိုကစား ဝိုင်းများမှ
လုပ်ငန်းရှင်များသည် မြေအောက် အဖွဲ့အစည်းများနှင့်လည်း
အဆက်အသွယ်လုပ်ထားလေ့ရှိသည်။
             ဆိုလိုသည်မှာ ကာစီနိုလုပ်ငန်း သည် ငွေနှင့်ပတ်သက်သည်။ ငွေကို အထင်ကရလည်း သယ်ယူခွင့် မရ သည့်အခါ အကြွေးစနစ်ကျင့်သုံးရ သည်။ အကြွေးပြန်ရရန် ဥပဒေ ဘောင်ကျော်သည့်နည်းများကိုသုံးရ သည်။ ဥပဒေဘောင်ကျော်သည်
ဆို သည်နှင့်လက်နက်ကိုင်ဆောင်ရသည်။ လက်နက်ကိုင်ဆောင်သူများမှာ မြေအောက်
လောကမှကြေးစားလူမိုက် သာဖြစ်တတ်သည်။
       ယင်းသို့သော သဘောသဘာဝရှိသည့် ကာစီနိုလုပ်ငန်းကို ကိုင်တွယ်သည့် လုပ်ငန်းရှင်များသည် စင်ကာပူနိုင်ငံ၌ မည်သို့ပြုမူဆောင်ရွက်မည် နည်းဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ် လာသည်။ ယခု
စင်ကာပူအစိုးရက ထုတ်ပြန်သော ကာစီနိုကစားဝိုင်းများ နှင့် ပတ်သက်သည့်စည်းမျဉ်းစည်း
ကမ်းတွင် အထက်ဖော်ပြပါ ငွေ မြောက်မြားစွာနှင့် စင်ကာပူနိုင်ငံသို့ ရောက်လာမည့်ငွေရှင်ကြေးရှင်များကို လက်သင့်မခံလိုခြင်းဖြစ်သည်။ အလွန်ကြီးမားပြင်းထန်သော တင်းကြပ်မှုနှင့် လိုအပ်ချက်တစ်ခုကို အာဏာပိုင်များ ကတောင်းဆိုထားသည်။ စင်ကာပူနိုင်ငံသို့ ထိုသို့သော ပုဂ္ဂိုလ်မျိုးရောက်လာကာ ကာစီနို
ကစားမည်ဆိုပါလျှင် အစိုးရထံ တစ်နာရီကြိုတင်၍ အကြောင်းကြားရန်ဖြစ်သည်။
          Macquarie အာမခံလုပ်ငန်းမှ ကစားဝိုင်းဆိုင်ရာ အဆင့်မြင့်ခွဲခြမ်း စိတ်ဖြာသုံးသပ်သူ
Gary Pinge က ''ကျုပ်အမြင်အရတော့ ကာစီနို ထိန်းချုပ်မှုအာဏာပိုင်အဖွဲ့ရဲ့
စည်းမျဉ်းဟာ ပြည်မကြီးကနေ လာမယ့် ကစားသမားတွေကို တားမြစ်တာပဲ။ သူတို့ စင်ကာပူမှာ
လွတ်လွတ်လပ် လပ်လာပြီး ကစားမှာကို ခွင့်မပြုချင်တာပဲ''ဟုဆိုသည်။
            သို့သော် ယင်းအာဏာပိုင်အဖွဲ့သည် ကာစီနိုသို့ လာရောက်ကစား မည့် VIP များကိုမူ
အထက်ပါကဲ့သို့ ပြောင်ပြောင်းတင်းတင်း ကြေညာခြင်း မပြုလုပ်ထားပေ။ ကာစီနိုကို
လွတ်လပ်စွာ ကစားနိုင်ရန် ဆွဲဆောင်မှုပြု လုပ်ထားသည်။ ပမာအားဖြင့် VIP
ကစားသမားများအနေနှင့် ကစားမည့်ငွေ၏ ၁၂ ရာခိုင်နှုန်းသာ အခွန် ကောက်မည်ဆိုထားသည်။
ယင်းနှုန်းထားသည် မကာအိုကစားဝိုင်းများ အဆင့်နှင့်ယှဉ်လျှင် တတိယတန်း အဆင့်
အခွန်နှုန်းထားသာဖြစ်သည်။ ယင်းသို့ပြုလုပ်ထားခြင်းဖြင့် ကာစီနို ကစားသမားများကို
အခွင့်အလမ်း ပိုပေးထားခြင်းဖြစ်သည်။ လွတ်လပ်စွာ ကစားနိုင်သည့် အဓိပ္ပာယ်လည်းသက်
ရောက်သည်။
                 သို့သော် ကစားဝိုင်းဆိုင်ရာ ကျွမ်းကျင်သူများကမူ သံသယအမြင် ဖြင့် စောင့်ကြည့်နေကြဆဲဖြစ်သည်။
                မည်သို့ပင်ဖြစ်စေ၊ ကျွမ်းကျင်သူများ၏ ခန့်မှန်းထားမှုမှာ စင်ကာပူ အစိုးရသည် ကစားဝိုင်းများ၊ ကစားဝိုင်းလုပ်ငန်း တာဝန်ယူသူများနှင့် ကစားသမားများအပေါ် အလေးပေး ၍၊ မလွဲမသွေ
အလျှော့ပေးရမည်က သေချာသည်ဟုဆိုကြသည်။
စင်ကာပူနှင့် မကာအို
               ယခု သီတင်းပတ်များအတွင်း၌ ပင် မကာအိုကို ပေါ်တူဂီများက တရုတ်နိုင်ငံ လက်ဝယ်သို့
ပြန်လည်ပေးအပ်ခဲ့သည်မှာ ဆယ်နှစ်ပြည့်မြောက် ခဲ့သည်။
                အဆိုပါ ဆယ်နှစ်ကာလအတွင်း၌ မကာအို ကာစီနိုလုပ်ငန်းများသည် အများမျှော်လင့်ထားသည်ထက် ပို၍ အောင်မြင်ခဲ့သည်။ ပို၍ဝင်ငွေရခဲ့သည်။
                ၁၉၉၉ ခုနှစ်ကာလများ၌ မကာ အိုလမ်းမများပေါ်၌ ရာဇဝတ်ဂိုဏ်း သားများအချင်းချင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
                 မကာအို၌နေထိုင်သည့် လူဦးရေ မှာငါးသိန်းခွဲခန့်သာရှိသည်။ အကျယ် အဝန်းမှာ ၁၁.၃ စတုရန်းမိုင်ဖြစ်၏။ မည်သည့်သယံဇာတမျှ ထွက်ခြင်းမရှိ။ ရာစုနှစ်များစွာ ဥပဒေမဲ့၊ စည်းကမ်း မဲ့နှင့်
နေထိုင်ခဲ့ကြသည်။
                  ယခု ဆယ်နှစ်အကြာတွင် မကာအို၌ US$ ဘီလီယံပေါင်းများစွာနှင့် ရင်းနှီးလုပ်ကိုင်သည့် လုပ်ငန်း ကြီးများပေါ်ပေါက်ခဲ့သည်။
                 ကမ္ဘာပေါ်တွင် ကစားဝိုင်းများ စုဝေးရာနေရာအဖြစ် ထင်ရှားလာခဲ့သည်။ မကာအို၌ လူများ၏ဝင်ငွေမှာ ကမ္ဘာ့စတုတ္ထနေရာတွင် ရှိလာသည်။
                  မကာအို၏အောင်မြင်မှုနှင့် ပတ် သက်၍ ဝမ်းသာကြည်နူး၊
ကျေနပ် နေသည့်နိုင်ငံမှာ တရုတ်နိုင်ငံဟု ဆို ရပေမည်။
စင်ကာပူနိုင်ငံသည် မကာအို
လျှောက်သောလမ်းကို အားကျခဲ့သည်။ မကာအိုထက် စင်ကာပူနိုင်ငံ က ပိုသာလွန်သည့်အချက်မှာ
စင်ကာ ပူနိုင်ငံ၌ ယခင်ကတည်းက နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသည့်
လုပ်ငန်းကြီးများရှိပြီးဖြစ်သည်။ ယင်း လုပ်ငန်းကြီးများ စင်ကာပူနိုင်ငံ၌
လာရောက်လုပ်ကိုင်ပြီး မြတ်စွန်းသည့် ငွေ လုံးငွေရင်းမြောက်မြားစွာသည် စင်
ကာပူနိုင်ငံမှ ပြန်လည်ထွက်သွားခဲ့ သည်။ စင်ကာပူနိုင်ငံသည် ယင်းငွေ များထဲမှ
အခွန်အကောက်အနေနှင့် အနည်းငယ်မျှသော ငွေသာရခဲ့သည်။
           စင်ကာပူနိုင်ငံ၌သာ မကာအိုကဲ့ သို့ ကာစီနိုကစားဝိုင်းများ ရှိမည်ဆို ပါက ယင်းလုပ်ငန်းရှင်ကြီးများ
စင်ကာပူနိုင်ငံမှရသော ငွေများကို မကာအိုသို့ သွားရောက်ဖြုန်းတီးခြင်းမပြုဘဲ
စင်ကာပူနိုင်ငံရှိ ကာစီနိုဝိုင်းများ၌ ကစားကြ၊ ဖြုန်းတီးကြမည်မှာ သေချာသည်။
        စင်ကာပူနိုင်ငံအနေနှင့် ချိန်ဆစဉ်းစားရမည့်အချက် တစ်ခုသာရှိသည်။
စင်ကာပူမြေပေါ်၌ ကာစီနို ကစားဝိုင်းများဆက်လက်တိုးချဲ့တည် ထောင်ခွင့်ပြုမည်လား။
အလျော်အစား အနည်းငယ်တော့ရှိနိုင်သည်။ ရမည့် အမြတ်ငွေနှင့် ပေးဆပ်ရမည့်အရာတို့ ကို
ချိန်ဆတတ်ဖို့သာလိုသည်။
             ယခုပင် အရှေ့တောင်အာရှ ဒေသရှိ အကြီးမားဆုံးဘဏ်ဟု သတ် မှတ်ထားကြသည့်  DBS Group Holdings Ltd လုပ်ငန်းသည် ဖွံ့ဖြိုးတိုး တက်နေသော တရုတ်နှင့် အိန္ဒိယနိုင်ငံ များသို့ပြောင်းရွှေ့ရန်ကြံစည်နေကြ သည်။ စင်ကာပူနိုင်ငံတစ်ခုတည်း အပေါ်မှီခိုနေမှုထက် အခွင့်အလမ်းပိုမို သာလွန်သော
နေရာသို့ပြောင်းကြရန် ဖြစ်သည်။
           DBS ဘဏ်နှင့် ပခုံးချင်းယှဉ်နိုင် သည့် United Oversea Bank Ltd-UOB နှင့် တရုတ်နိုင်ငံမှ Oversea -Chinese Banking Corp-OCBC တို့ကလည်း စင်ကာပူမှ ထွက်ခွာရန် စီစဉ်နေကြသည်။
              အကယ်၍ စင်ကာပူနိုင်ငံ၌ ငွေလုံးငွေရင်း အပြောင်းအရွှေ့များမည်။ ငွေရှင်ကြေးရှင်များ
စင်ကာပူနိုင်ငံသို့ အဝင်အထွက်များမည်ဆိုလျှင် အဆို ပါထင်ရှားသည့် ဘဏ်ကြီးများသည်
စင်ကာပူနိုင်ငံမှ ပြောင်းရွှေ့ကြမည် မဟုတ်ပေ။
           DBS  သည် ဟောင်ကောင်ကျွန်း သို့လည်း ရွှေ့ကောင်းရွှေ့သွားနိုင် သည်။ အဘယ်ကြောင့်ဆိုသော် ဟောင်ကောင်သည် စင်ကာပူပြီးလျှင် နောက်နားကကပ်နေသော ဒုတိယ အကြီးမားဆုံးဈေးကွက်တစ်ခု ဖြစ်နေ သည်။
              နိဂုံးချုပ်ရသော် စင်ကာပူနိုင်ငံမှ ခေါင်းဆောင်များသည် နိုင်ငံ၏ အနာဂတ်ကိုကြည့်သည်။ နိုင်ငံ၏စီး ပွားရေးတွင် နိုင်ငံတကာနှင့် ကူးလူး ဆက်ဆံမှုကိုကြည့်သည်။ မိမိနိုင်ငံသို့ နိုင်ငံတကာမှ
ရင်းနှီးမြှုပ်နှံမှုများ ရောက်လာစေရန် ဆွဲဆောင်မှု လုပ်ငန်းများတိုးချဲ့လိုက်ခြင်းမျှသာ ဖြစ်သည်ဟုသာ ဆိုရပေမည်။
Source: J.Koh/
Bloomberg.com
M.Lohen / Online.
စိုးမင်းဦး-Myanmarmarket journal
No comments:
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!