စံချိန်စံညွှန်းများဖြင့် ချိန်ထိုးကြည့်ပါက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရမှတ်များသည် လွန်စွာ စိုးရိမ်စရာကောင်းသည့် အနေအထားတွင် ရောက်ရှိ နေပါသည်။ သို့သော် ဤနေရာတွင် နိုင်ငံရေးနှင့် လူမှုရေး အညွှန်းကိန်းများကို အလေးပေး ပြောလိုခြင်း မဟုတ်။ ဘောဂဗေဒသမား ဖြစ်သည့် အလျောက် ဖွံ့ဖြိုးမှုကို ရှေးရှုခြင်းသာ ဖြစ်သဖြင့် စီးပွားရေး အညွှန်းများကိုသာ အထူးပြုပါမည်။ ပြောရလျှင် မြန်မာပြည်၏ စီးပွားရေး Structure အရ စံချိန် စံညွှန်းများကို ထောက်ပြရာမှ စီးပွားရေး ပေးထားချက်များ၌ မည်သည့်အရာများ ဖြစ်သနည်းကို ဝိုင်းဝန်း အဖြေရှာကြရမည် ဖြစ်သည်။ ထိုစီးပွားရေး Structure အရ မြန်မာပြည်၏ စီးပွားရေး ပေးထားချက်များ အဖျင်းဆုံး လူတိုင်း သိမှသာ ကိုယ့်ပြဿနာ၊ ကိုယ့် အခက်အခဲများကို မိမိတို့ကိုယ်တိုင် အဖြေရှာကြရာတွင် လမ်းစကို တွေ့မည်။ အားမနာတမ်း ဆိုရလျှင် တိုင်းတစ်ပါး၏ လက်ဝေခံ ဈေးကွက်၊ အချဉ် ဈေးကွက် (Damping Market) ဖြစ်နေခြင်းမှ လွတ်မြောက် နိုင်ပါလိမ့်မည်။
ထိုစီးပွားရေး အလွှာအရ ပေးထားချက်များကို သိရှိမှသာလျှင် သီအိုရီထုတ် အဖြေရှာရာတွင် Other Factors များ မည်မျှ အရေးပါမည်ကို မူဝါဒ ချမှတ်သူများ၊ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ စီးပွားရေး ပုံဖော်သူများ ကွက်ကွက်ကွင်းကွင်း သိရှိ နိုင်ပေလိမ့်မည်။ မြန်မာ့စီးပွားရေး အလွှာကို အထိုင်ချရာတွင် Comparative Advantage (စီးပွားရေး လုပ်ငန်းများ နှိုင်းယှဉ်အားသာချက်) မှ မိမိတို့မှာ မည်သည့် အလွှာတွင် နောက်ကျနေသည်၊ မည်သည့်အလွှာမှ လိုက်လျှင် မီနိုင်သေးသည်ကို သတ္တုချနိုင်မည် ဖြစ်သည်။ ထို့ကြောင့် စီးပွားရေး၏ အခြား Factor များကို စဉ်းစားရန် လိုအပ်လာပြီး မြန်မာပြည် ပေးထားချက်များကို အမှန်အတိုင်း သိမြင်နိုင်မှသာ ပြည်ပနိုင်ငံ ထုတ်ကုန်များ၏ လက်ဝေခံ ဈေးကွက်မှ လွတ်မြောက်နိုင်မည် ဖြစ်သည်။ ထိုအစီအစဉ်မျိုးကို ပီပီပြင်ပြင်သာ အကောင်အထည်ဖော်နိုင်ပါက အခြား Factor များလည်း အထိုက်အလျောက် ဖြေရှင်းနိုင်လိမ့်မည်ဟု သုံးသပ်မိသည်။
မြန်မာပြည် ပေးထားချက်များ
ပေးထားချက်များကို ဆိုရာတွင် စီးပွားရေးအလွှာ၌ မြန်မာ့ လုပ်ငန်းရှင်များ မည်မျှ နေရာယူထား သနည်း။ တစ်နည်းအားဖြင့် ပြည်တွင်း စားသုံးသူ ဈေးကွက်၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်း၊ ဇိမ်ခံပစ္စည်းများ၊ လယ်ယာထွက်ကုန် ပစ္စည်းများ၊ စားသောက်ကုန်၊ ဖုန်းနှင့် ဆက်သွယ်ရေး ပစ္စည်း၊ အီလက်ထရွန်နစ် ပစ္စည်း၊ အလူမီနီယံနှင့် သံထည်ပစ္စည်း၊ မော်တော်ယာဉ် အမျိုးမျိုး၊ အဖျော်ယမကာပစ္စည်း ထုတ်လုပ်ရေးများ စသည့် အလွှာလိုက် ရှိနေသော လုပ်ငန်းများတွင် မြန်မာများ မည်မျှ အခြေကျနေပါသနည်းမှာ ဆောင်းပါး တစ်ခုလုံး၏ ပထမ အဖြေသာ ဖြစ်သည်။ ထို့ကြောင့် ပေးထားချက်များနှင့် Other Factors သည် တစ်ချိန်တည်းတွင် စဉ်းစားရန်နှင့် အဖြေရှာရန် ပူးတွဲ ပါရှိပြီး ဖြစ်သည်။
ထိုပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများမှ မြန်မာ ထုတ်ကုန်များ၊ မြန်မာ့ Brand များက ပြည်တွင်း ဈေးကွက်နှင့် ပြည်ပ ဈေးကွက်ကို မည်မျှ တွင်တွင်ကျယ်ကျယ် နေရာ ယူထားနိုင်သနည်း။ ထိုသို့မဟုတ်ဘဲ မြန်မာပြည်၏ ဖြုန်းအား ဈေးကွက်၊ ဝယ်လိုအား ဈေးကွက်အတွင်း ပြည်ပ သွင်းကုန်များက မည်မျှ များပြားစွာ နေရာ ယူထားကြပြီး ဖြစ်သနည်း ဆိုသည်မှာ ဒုတိယ အဖြေ ဖြစ်လာမည်။ ပိုပြီး တိတိကျကျ ပြောရလျှင် လူတို့၏ နေ့စဉ်သုံးပစ္စည်း၊ အိမ်အတွင်းရှိ အလုံးစုံသောပစ္စည်း၊ နိစ္စဓူဝ လူတို့ ထိတွေနေရသော စက်ပစ္စည်းများက ပြည်တွင်းတွင် မည်မျှ ထုတ်လုပ်ပါသနည်း၊ ပြည်ပမှ မည်မျှ တင်သွင်း သုံးစွဲနေသနည်း တို့ကိုကား နောက်ဆုံး စဉ်းစားရန် အဖြေ ဖြစ်ပါသည်။ ထို့ကြောင့် ပေးထားချက်များအား ခရေစေ့တွင်းကျ လေ့လာရန် လိုအပ်လာပါသည်။
လူသုံးကုန်ပစ္စည်းနှင့် ထိုလုပ်ငန်းများ (ဤနေရာတွင် ကုန်ပစ္စည်း တစ်ခုချင်းဆီ၌ အမျိုးမျိုး ပါရှိသည်ကို သိရှိထားရန် လိုအပ်သည်) ဥပမာ-ခေါင်းလိမ်းဆီ အမျိုးမျိုး၊ ဖိနပ်၊ ယောက်ျား၊ မိန်းမ၊ ကလေးအင်္ကျီနှင့် ဘောင်းဘီ၊ အတွင်းခံများ၊ မိတ်ကပ်၊ နှုတ်ခမ်း ဆိုးဆေး၊ ရေမွှေးနံ့သာ၊ ဘောပင်၊ စာရေးကိရိယာ၊ စာအုပ်၊ စက္ကူ၊ သွားတိုက်တံနှင့် သွားတိုက်ဆေး၊ ဖဲထုပ်၊ ကွန်ဒုံး၊ ဆေးထိုးအပ်၊ ဆေးအမည်စုံ၊ ထီး၊ ပိုက်ဆံအိတ်၊ ဆပ်ပြာများ၊ ခေါင်းလျှော်ရည်၊ ဆံပင်ဆိုးဆေး၊ လွယ်အိတ်၊ ကျော်ပိုးအိတ်၊ သော့၊ ဓာတ်မီး၊ ဂစ်တာ၊ စန္ဒရား၊ တယော စသည်ဖြင့် ရေတွက်ပါက လူသုံးကုန်ပစ္စည်း အမျိုး အမည်ပေါင်း ၇၀၀ ကျော် ရှိပါသည်။ ထိုလုပ်ငန်းများတွင် မြန်မာ လုပ်ငန်းရှင်များ မည်မျှ အချိုးအထိ ရှိပါသနည်း။ ဈေးကွက်ကို မည်မျှ နေရာ ရယူထားပါသနည်း။
လျှပ်စစ်ပစ္စည်း၊ အိမ်ထောင်ပရိဘောဂနှင့် ဇိမ်ခံပစ္စည်းနှင့် လုပ်ငန်းများ (ဤနေရာတွင် ကုန်ပစ္စည်း တစ်ခုချင်းစီ၌ အမျိုးမျိုး ပါရှိသည်ကို သိရှိထားရန် လိုအပ်သည်) ဥပမာ-မီးချောင်း၊ မီးသီး၊ ချုပ်၊ မီးအားမြှင့်စက်၊ အင်ဗာတာ၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူ၊ အဝတ်လျှော်စက်၊ အပေါ်စက်၊ အောက်စက်၊ ပန်ကာ၊ ရေခဲသေတ္တာ၊ ဟင်းနွှေးစက်၊ သစ်သီးဖျော်စက်၊ ရေတင်စက်၊ မော်တာများ၊ နာရီ၊ ကက်ဆက်၊ အသံသွင်းစက်၊ ကင်မရာ၊ ရီကော်ဒါ၊ ဗီဒီယိုရိုက်စက်၊ ခေါက်စားပွဲ၊ မွေ့ရာ၊ ကုလားထိုင်၊ ခုတင်အမျိုးမျိုး၊ စောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း၊ ခြင်ထောင်၊ မီးခံသေတ္တာ၊ စာအုပ်စင်နှင့် ပစ္စည်းတင်ခုံ အမျိုးမျိုး၊ အဝတ်ဗီရို၊ အဝတ်လှန်းစင်၊ ဖျာ၊ ခြေသုတ် အမျိုးမျိုး၊ ဘိလပ်မြေ၊ သွတ်ပြား၊ အုတ်အမျိုးမျိုး၊ ကွန်ပို့စစ်၊ အလူမီနီယံများ၊ ပန်းချီ ဆေး၊ အိမ်သုတ်ဆေး စသည်ဖြင့် ဤလုပ်ငန်းထဲတွင် အမျိုးအပေါင်း ၅၀၀ ကျော် ပါလိမ့်မည်။ ထိုလုပ်ငန်းအဝဝနှင့် မြန်မာထွက်ကုန်၊ Brands များ မည်မျှ ဈေးကွက် နေရာယူထား သနည်း။
ဆက်သွယ်ရေး၊ ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းမျိုးစုံ လုပ်ငန်းများ (ဤနေရာတွင် ကုန်ပစ္စည်း တစ်ခုချင်းဆီ၌ အမျိုးမျိုး ပါရှိသည်ကို သိရှိထားရန် လိုအပ်သည်) ဥပမာ-လေယာဉ်၊ ရဟတ်ယာဉ်၊ မီးရထား၊ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ် မော်ဒယ်လ်အမျိုးမျိုး၊ သင်္ဘော ကြီးငယ်၊ သမ္ဗန်များ၊ ဆွဲသင်္ဘော၊ ရှော်တယ်၊ ဒီဇယ်၊ ရေနံဆီ၊ ဓာတ်ဆီ၊ စက်သုံးဆီ အမျိုးမျိုး၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်း အမျိုးမျိုး၊ ဖုန်း အမျိုးမျိုး၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်း အမျိုးမျိုး၊ ဓာတ်ခဲ အားသွင်းစက်၊ ဖိုက်ဘာ ကြိုးများ၊ အင်တာနက် ကွန်ရက်များ၊ ဆာဗာများ၊ Memory Card ၊ Bluetooth ၊ နားကြပ်၊ မီးတိုင်၊ ဓာတ်အားကြိုး၊ ဓာတ်တိုင်၊ လျှပ်စစ် မီးကြိုးများ၊ မီတာဘောက်များ၊ မီတာတိုင်များ၊ ဝေါ်ကီတော်ကီများ စသည်ဖြင့် ထိုအမျိုးအစားထဲတွင် အမျိုးအမည်ပေါင်း ၄၅၀ ကျော် ရှိပါသည်။ ထိုလုပ်ငန်းများတွင် မြန်မာ လုပ်ငန်းများ မည်မျှ နေရာ ယူထားပါသနည်း။ သို့မဟုတ် မြန်မာ ဈေးကွက်ကို နိုင်ငံခြားဖြစ် ထွက်ကုန်များက မည်မျှ အပိုင်သိမ်း ထားကြပါသနည်း။
စားသောက်ကုန်၊ အချိုရည်နှင့် အဖျော်ယမကာပစ္စည်းမျိုးစုံနှင့်လုပ် ငန်းများ (ဤနေရာတွင် ကုန်ပစ္စည်း တစ်ခုချင်းစီ၌ အမျိုးမျိုး ပါရှိသည်ကို သိရှိထားရန် လိုအပ်သည်) ဥပမာ-စီးကရက် အမျိုးမျိုး၊ သစ်သီးယိုအခြောက် အမျိုးမျိုး၊ သစ်သီးများ၏ ယိုအစိုမျိုးမျိုး၊ လိမ္မော်၊ သခွား၊ စပျစ် စသည်ဖြင့် ရောစပ်ထားသော အချိုရည် အမျိုးမျိုး၊ ကျွဲရိုင်း၊ လီပို စသည့်အားဖြင့် အချိုရည် အမျိုးမျိုး၊ ချိုချဉ်၊ အာလူးကြော်၊ ဆီးထုပ်များ၊ ဘီစကွက်နှင့် မုန့်ခြောက်များ၊ ဝီစကီ၊ ချီပစ်၊ ဟိုက်ကော်မရှင်နာ၊ Red လေဘယ်၊ ဘလက်လေဘယ်၊ ဒါန်းဖိုက်၊ မြန်မာဘီယာ၊ ဘီယာချမ်း၊ တရုတ်ဘီယာ အမျိုးမျိုး၊ ဝိုင် စသည်ဖြင့် အဆိုပါလုပ်ငန်းများ ခရေစေ့တွင်းကျ နှိုက်ကြည့်ပါက အမျိုးအမည်ပေါင်း ၃၄၀ ကျော်ပါသည်။
Economic Structure
ဆိုရလျှင် အဆိုပါ လုပ်ငန်းများနှင့် ထုတ်ကုန်များ၊ Brand များတွင် ပြည်တွင်း ထုတ်လုပ်အား မည်မျှ ရှိပါသနည်း၊ ပြည်ပမှ တင်သွင်းထားသည်များ မည်မျှ ရှိပါသနည်းကို ဖြေဆိုပါက အဖြေက ရှင်းပါလိမ့်မည်။ အများစုမှာ တရုတ်ပြည်ထွက် ကုန်ပစ္စည်းများ၊ စင်ကာပူထွက် ကုန်ပစ္စည်းများ၊ ထိုင်းထွက် ပစ္စည်းများကသာ အများစု ဖြစ်ပါလိမ့်မည်။ဈေးကွက်ကို နေရာယူထားပြီး ဖြစ်ပါလိမ့်မည်။
ဤနေရာတွင် မိမိတို့၏ ပြည်ပ ပို့ကုန်များနှင့် စီးပွားရေး Structure ကို လည်း တီးခေါက် ကြည့်ရမည် ဖြစ်သည်။ ပို့ကုန်များမှာ ဆန်စပါး၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံ ကုန်ကြမ်းပစ္စည်း အမျိုးမျိုး ဖြစ်သည်။ ကျွန်းသစ်များနှင့် အခြားသစ်များ အလုံးလိုက်၊ ကျောက်စိမ်း၊ တွင်းထွက် ရတနာများ၊ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကြေးနီ စသည့် သဘာဝ တွင်းထွက်များ ဖြစ်ပါသည်။ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်း အမျိုးမျိုးလည်း ပါသည်။ ထိုပို့ကုန်များက ကုန်ချော ဈေးကွက်မှာ မြန်မာပြည် ပြန်လည်ဖြစ်နေပါသည်။
စီးပွားရေး Structure အရ အလုပ်ဖြစ်နေသော စီးပွားရေး လုပ်ငန်းများမှာ၊ ဘဏ်လုပ်ငန်း၊ လေယာဉ်နှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း၊ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း၊ အထက်ဖော်ပြပါ ပစ္စည်းများကို ထွက်ကုန်၊ သွင်းကုန် တင်ပို့သည့် Trading လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ အိမ်၊ ခြံ၊ မြေ ပွဲစား လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ဆူပါမားကက်နှင့် စတိုးဆိုင် လုပ်ငန်း၊ အရောင်းပြခန်း အမျိုးမျိုး စသည့် ကုန်ထုတ်လုပ်ငန်းနှင့် ဆက်စပ်မှု နည်းပါးသော လုပ်ငန်းများတွင်သာ ဖြစ်ပါသည်။ ထိုအချက်များသည် အမျိုးသား ထွက်ကုန်နှင့် ဂျီဒီပီ ဇယားများကို ကြည့်လျှင်လည်း အထင်းသား တွေ့ရမည် ဖြစ်သည်။ မိမိတို့ ပို့ကုန်များကို လယ်ယာနှင့် ကုန်ကြမ်းတင်ပို့မှု အချိုးကား ၇၀ ရာခိုင်နှုန်း ရှိခြင်းသည် လည်းကောင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်း များကား လယ်ယာ ထွက်ကုန်များအပေါ် အခြေခံထားသည်ကို လည်းကောင်း၊ CMP လုပ်ငန်းများ ပြည်ပ အမှာစာအပေါ် အခြေခံထားသည်ကို လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် တွင်းထွက်များကို ပြည်ပသို့ အစိမ်းလိုက် တင်ပို့နေခြင်းသည် လည်းကောင်း ထိုအချက်များကို ထင်ရှားစေမည် ဖြစ်ပါသည်။
Other Factors
မက်ခရိုစီးပွားရေး Structure နှင့် ဘောဂဗေဒ၏ အခြေအနေ တစ်ရပ်ရပ်ကို ရှင်းလင်းခြင်း ပြုလုပ်ရာတွင် Other Factors များ ပါဝင် ထည့်သွင်းရသည့် အချက်မှာ သီရိအို၏ မူပိုင် ဖြစ်သည်။ စီးပွားရေး ပြဿနာများကို အဖြေရှာရာတွင် ဘောဂဗေဒ ဘာသာရပ်အရ အခြား Factors များကို ထည့်သွင်း တွက်ချက်ရသည်မှာ စီးပွားရေး ပညာရှင်များ အလိုလို သိပြီးသား ဖြစ်နေရမည်။ ဆိုလိုသည်မှာ မြွေခြေထောက်ကို လူတွေက မမြင်နိုင်။ မြွေတွင် ခြေထောက် ရှိသည်ကို မြွေမှသာ မြင်နိုင်မည်။ မြန်မာ့ဆိုရိုးတွင် မြွေမြွေချင်း ခြေမြင်သည် ဆိုသည့် စကားပုံမှာ အလိုလို ပေါ်လာသည် မဟုတ်။ ဆိုရလျှင် ဘောဂဗေဒအကြောင်း ပြောဆိုသည် ဖြစ်စေ၊ စီးပွားရေး ပြဿနာများ တင်ပြကြရာတွင် အခြား Factor များ ရှိသည်ကို ဘောဂေဗေဒသမားတိုင်း ပြောစရာ မလိုသည့် အချက်ဖြစ်သည်။ ဤအချက်ကို သိလျက်ဖြစ်စေ၊ မသိလျက်ဖြစ်စေ ပြောကြရာတွင် အခြား Factor များ တင်ပြပုံ၊ ကောက်ချက် ဆွဲပုံ မတူသောကြောင့် ထွက်လာသော စီးပွားရေး ပြဿနာ ဖြေရှင်းနည်းများ အမျိုးမျိုးကို ချပြရမည် ဖြစ်သည်။ မှားသည် မှန်သည့် ယေဘုယျ လက္ခဏာမှာ မိမိတို့ အသုံးပြုရခြင်း မရှိမီ သုံးသပ်ခြင်းကား ဘောဂဗေဒသမား သို့မဟုတ် စီးပွားရေး ပညာရှင် အစစ်အမှန် ဖြစ်လိမ့်မည် မထင်။
ပြောလိုသည်မှာ ဘဏ်များနှင့် အတိုးနှုန်း ကိစ္စများကြောင့် ဆက်စပ်ပြီး ဖြစ်လာနိုင်ခြေရှိသော စီးပွားရေး အလားအလာကို ခန့်မှန်းကြရာတွင် Other Factors များ၏ အင်အား ကြီး မကြီး၊ အခြား Factors များ ပါဝင် ထည့်သွင်း သင့် မသင့်၊ အလေးပေးသင့် မပေးသင့် ချိန်ဆရာတွင် အလေးအဆ မတူနိုင်ခြင်းမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ဘဏ်တိုးနှုန်းတွင် Other Factors များ မည့်မျှ ထည့်သွင်းသင့် သနည်း။ ထိုဖက်တာများမှ ရလဒ် သို့မဟုတ် သက်ရောက်မှု အကောင်းအဆိုး နှစ်မျိုး ရှိနိုင်သည်။
ဘဏ်တိုးနှုန်း မြင့်တက်နေမှုကို လျှော့ချလိုက်ပါက အကောင်းဘက်က မည်သို့ ဖြစ်လာနိုင်သနည်းမှာ ပထမ မေးခွန်း ဖြစ်သည်။ အဆိုးဘက်မှ ဖြစ်နိုင်ခြေသည် ဒုတိယ အဖြေ ဖြစ်သည်။ ဤနှစ်ခု၏ အတိမ်အနက်နှင့် အကျိုးသက်ရောက်မှု ဖြစ်နိုင်ခြေကို Other Factors များဟု ခေါ်ပါသည်။ အဆိုးဘက် ဖြစ်နိုင်ခြေ၊ အကောင်းဘက်က ဖြစ်နိုင်ခြေကို ဖြေရှင်းကြရာတွင် သီအိုရီသမားများက Virus ကင်းရန် လိုသလို ရှုထောင့် တစ်ဖက်တည်းက ရပ်တည်ပြီး ရှင်းရန်မှာ မည်သို့မျှ မျှတမည် မဟုတ်ပေ။
အဆိုးဘက်မှ စပြောရလျှင် ပင်စင်စားများ၏ ဘဏ်စုဆောင်းငွေ အတိုးကျလာခြင်းကြောင့် အသုံးစရိတ်ကို ထိခိုက်လာနိုင်သည်။ ဘဏ်အတွင်း ငွေစုဆောင်းမှု နည်းလာနိုင်ခြင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်လာ နိုင်ခြင်း၊ ဘဏ်များ ပျက်စီးခြင်းတို့ကို ထောက်ပြကြသည်။
အကောင်းဘက်မှ ဖြစ်နိုင်ခြေမှာ အထက်က ပြခဲ့သော စီးပွားရေး လုပ်ငန်းများအတွက် မိမိတို့ ပြည်တွင်း လုပ်ငန်းရှင်များ၊ စွန့်ထွင်ဦးစီးများ မည်မျှ နေရာယူရန်၊ ဈေးကွက် ပြန်ယူရန်၊ လုပ်ငန်း အရပ်ရပ်တွင် အတင်းတိုးဝင်ကြရန် မည်မျှအထိ လိုနေသနည်းကို ဖြေကြည့်ပါက ထိုအဖြေသည် အကောင်းများ ဖြစ်လာပါလိမ့်မည်။ ထိုလုပ်ငန်းများ၊ ထွက်ကုန်များကိုသာ ဖြည့်ဆည်းပါက စီးပွားရေး၏ အခြား Factors များအဖြစ် ပေါ်ပေါက်လာနိုင်သော အလုပ်အကိုင် အရေအတွက်၊ လုပ်ခနှင့် ဝင်ငွေ၊ ကုန်ထုတ်လုပ်မှု အချိုးအစား၊ စားသုံးသူများ၏ ဝယ်လိုအား၊ ရောင်းချသူများ၏ ရောင်းလိုအား၊ ရင်းနှီးမြှုပ်နှံမှု၊ တစ်ဦးချင်းနှင့် အမျိုးသား စုဆောင်းမှု အချိုး စသည့် Factors များကို မည်မျှ သက်ရောက်မှု ရှိသည်ကို ဆက်စပ် ရှင်းပြနိုင်မှသာ အတိုးနှုန်း ချခြင်းသည် လည်းကောင်း၊ မချခြင်းသည် လည်းကောင်းကို သက်သေပြနိုင်မည် ဖြစ်သည်။
ထိုအတိုးနှုန်းများနှင့် စပ်လျဉ်းပြီး လွန်ခဲ့သော နှစ်များက ဘဏ်တိုးနှုန်း ၁၂ ကျပ်မှ ၁၀ ကျပ်အထိ ချခဲ့ခြင်းဖြင့် အကောင်းဘက်နှင့် အဆိုးဘက်တွင် မည်သည့် Factors များ ဖြစ်ပေါ်ခဲ့သနည်း ဆိုသည့် သမိုင်းကို တူးဆွကြပါရန်လည်း ဆော်သြ လိုသည်။ မည်သူသာ ထိခိုက်သနည်း ဆိုသည်မှာ ထိုအချိန်က ဖြစ်ပေါ်လာသော ရလဒ်က အဖြေ ဖြစ်ပါလိမ့်မည်။ သို့သော် ဘဏ်တိုးနှုန်းများ ချခဲ့သည့် ကာလသည် စီးပွားရေး ပိတ်ဆို့မှုကြောင့် အထီးကျန် တံခါးပိတ် ဖြစ်နေသော အခြေအနေဖြစ်ပြီး လက်ရှိ တံခါး ကျယ်ကျယ် ဖွင့်သည့် ကာလနှင့်တော့ မတူပေ။
နိဂုံးချုပ်ရလျှင် မြန်မာ ပြည်သူလူထု အတော်များများ၏ စီးပွားရေး ပြဿာနာမှာ အရင်းအနှီး ရှားပါးမှုသည် ပထမ ကြီးမားသော အချက်ဖြစ်သည်။ ဒုတိယ ပြဿာနာမှာ မည်သည့် လုပ်ငန်းများ မည်သည့် ထုတ်ကုန်များကို ထုတ်လုပ်ရန် မစဉ်းစား တတ်ကြခြင်း ဖြစ်သည်။ တတိယ အချက်မှာ ထိုလုပ်ငန်းများ လုပ်ရန် နည်းပညာနှင့် အတတ် ပညာရှင်များ အားနည်းခြင်းကို မည်သို့ မည်ပုံ စတင်ရမည်ကို မသိခြင်း ဖြစ်သည်။ စတုတ္ထ အချက်မှာ ထိုအားနည်းချက် အားလုံးကို အစိုးရက သော်လည်းကောင်း၊ သက်ဆိုင်သော မူဝါဒ ချမှတ်သူများက သော်လည်းကောင်း မမြင်တတ်ကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ကိုယ့် အတွေ့အကြုံနှင့်ကိုယ်၊ ကိုယ့်အစွဲနှင့်ကိုယ်၊ ကိုယ့်ရပ်တည်ချက်နှင့်ကိုယ်၊ ကိုယ့်စေတနာနှင့်ကိုယ် ကြည့်တတ်မှသာ မည်သို့ ဖြေရှင်းရမည်ကို တွေ့ပါလိမ့်မည်။
သန်းစိုး (ဘောဂဗေဒ)
Ref;thevoiceweeklynews
No comments:
Post a Comment