Popular Posts!

Sunday, February 2, 2014

မြန်မာ့ငွေကြေးဖောင်းပွမှုဆက်လက်မြှင့်မှုရဲ့ အန္ထရယ်!

ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်


မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့် တက်နေကြောင်း ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ အချက်အလက်များအရ သိရသည်။ စားသုံးသူဈေးဆနှုန်း (CPI) ကို အခြေခံသော ပျမ်းမျှ ငွေကြေးဖောင်းပွမှုသည် ၂၀၁၁ ခုနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၂ ဒသမ ၈၅ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းအထိ ဖြစ်လာကြောင်း အဆိုပါဥပဒေကြမ်းတွင် ပါရှိသည်။ 

ယင်းဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုပေးနိုင်ရန် အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများက တင်ပြထားသောကြောင့် ၂၀၁၄ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရန် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီနှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့က အစီရင်ခံစာတွင် ထည့်သွင်းထုတ်ပြန် ထားပြီဖြစ်ကြောင်း ကော်မတီဝင်တို့က ပြောဆိုသည်။

 ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်ရန် ဘဏ္ဍာရေးစနစ်၊ အခွန်စနစ်၊ ရသုံးမှန်းခြေငွေစာရင်း၊ ပြည်ပပို့ကုန်အခွန် ပြင်ဆင်ခြင်းနှင့် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများကို စီးပွားရေးဆန်ဆန် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ဥပဒေကြမ်းကို လေ့လာသည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ 

စီမံကိန်းဥပဒေကြမ်းပါ အချက်များအရ ယခုနှစ်တွင် လူတစ်ဦးချင်းစီ၏ ပျမ်းမျှစီးပွားရေးအရ ဝင်ငွေကို ကျပ်ဆယ်သိန်းခွဲကျော်အထိ ရရှိလာရန် ရည်မှန်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဥပဒေကြမ်းအရ သိရသည်။ 

လာမည့်နှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိလာနိုင်သဖြင့် အန္တရာယ်ရှိသော အနေအထားတွင် ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ခန့်မှန်းချက်အရ သိရသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။ ယနေ့မြန်မာငွေနှင့် ဒေါ်လာလဲလှယ်ရာမှာ မြန်မာငွေတန်ဖိုး တရိပ်ရိပ် တက်လာနေပါသည်။ မြန်မာငွေတန်ဖိုးတက်လာပေမယ့် ကုန်စည်ဈေးနှုန်းတွေဘာလို့မကျတာလဲလို့မေးတော့ ပတ်ဝန်းကျင်မှာရှိတဲ့စီးပွားရေးသမား တွေက ပြောကြပါတယ်။ဗမာငွေတက်တာမဟုတ်ဘူး၊ ဒေါ်လာဈေးကျတာတဲ့။ အဲဒီအဖြေဟာမှန်ပါသလား။ မှန်သည်ဟုယူဆလိုက်ပါ။ ဒါဆိုရင် ဒေါ်လာလို အင်အားကြီးတဲ့ ငွေမာတွေတောင်တန်ဖိုးကျတဲ့အချိန်မှာ ဗမာငွေက ဘာလို့ မကျဘဲနေတာလဲဆိုရင်ရော အဖြေကဘာလဲ။ ဗမာငွေတန်ဖိုး တက်နေလို့သာတန်ဖိုးကျမသွားတာ ဆိုတဲ့ အဖြေပဲ ဖြစ်လာရပါတယ်။ ထပ်ပြီးသုံးသပ်စရာတခြားနည်းလမ်းတွေလည်းရှိပါသေးတယ်။ 




တန်ဖိုးတက်လာတဲ့မြန်မာ့ငွေကြေး


ယခင်က ဒေါ်လာဈေးနှင့်ယွမ်ဈေးများတက်တယ်လို့ ပြောကြတုန်းကရော ....  အဲဒီငွေကြေးတွေက တက်တာလား၊ ဗမာငွေက ကျတာလား။ မြန်မာငွေနဲ့ ကန်ဒေါ်လာချိတ်ဆက်မှု၊ မြန်မာငွေနဲ့ ယွမ်ငွေချိတ်ဆက်မှုမှာ မြန်မာငွေတန်ဖိုးကျစဉ်တုန်းက ဒေါ်လာနဲ့ ယွမ်လဲနှုန်း၊ ဒေါ်လာနဲ့ ဘတ်လဲနှုန်း၊ ဒေါ်လာနဲ့ Singapore Dollar လဲနှုန်းတွေဟာ မပြောင်းလဲဘဲ ရှိနေကြတဲံအတွက် မြန်မာငွေကျတာ ထင်ရှားပါတယ်။ ယခုအချိန်မှာ မြန်မာငွေဟာ အမေရိကန်ဒေါ်လာနဲ့ လဲရာမှာတင်မကဘဲ ယွန်နဲ့ လဲရာမှာပါ တန်ဖိုးတက်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တခြားသောအိမ်နီးချင်းနိုင်ငံတွေရဲ့ ငွေကြေးတွေနဲ့ လဲလှယ်ရာမှာလည်း တန်ဖိုးတက်နေတာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးသမားများ မ၀န်ခံချင်လည်း မြန်မာငွေတန်ဖိုးတက်နေတာဟာထင်ရှားပါတယ်။ ဒီလိုဆိုရင်လိုရင်းကို ပြောကြပါစို့။



      မြန်မာငွေသည် ဒသမနောက်က အစွန်အဖျားလေးကျသွားခဲ့တာနဲ့ တပြိုင်နက် ကုန်စည်ဈေးနှုန်းတွေ ဒုန်းကနဲ ဒိုင်းကနဲ အားရပါးရ ခုန်တက်ခဲ့သလောက် မြန်မာငွေတန်ဖိုး တရိပ်ရိပ်တက်နေသော်လည်း import ကုန်စည်ဈေးများမကျဘဲ တင်းခံနေခြင်း၊ ချပေးတော့လည်း မဖြစ်စလောက် အနည်းငယ်မျှသာဖြစ်နေခြင်း တွေဟာ ဘာ့ကြောင့်ပါလဲ။ import တင်သွင်းလာသော ကုန်သည်ကြီးများနှင့် export ကုန်သည်ကြီးများကလည်း မြန်မာငွေတန်ဖိုးတက်လာသဖြင့် ငြီးငြူနေကြပါသည်။ ဒေါ်လာစားနှင့် FEC စားများကလည်း ညီးတွားနေကြပါသည်။ ဒါဆိုရင်မြန်မာငွေတန်ဖိုးတက်လာတာဟာ တိုင်းပြည်အတွက်အကျိုးမရှိဘူးဟု ယူဆနေကြပါ သလား။


     မြန်မာငွေတန်ဖိုးကျလို့ ကုန်စည်နဲ့ အခြေခံစားသောက်ကုန်တွေ မတန်တဆ ဈေးတွေမြင့်တက်ပြီး ငွေဖောင်းပွမှုတွေဖြစ်စဉ်တုန်းကပြင်ပ ၀န်ထမ်းတွေရဲ့ လစာတွေ တိုးတက်မှု   တစုံတရာမရှိခဲ့ပါဘူး။ နဂိုလုပ်ခ လစာအနေအထားနဲ့ပဲ ကုန်ဈေးနှုန်းတက်မှုဒဏ်ကို ခါးစည်းပြီး ခံခဲ့ကြရပါတယ်။ ငွေဖောင်းပွပြီး ကုန်ဈေးနှုန်းတွေတက်ချိန်မှာ ၀င်ငွေတိုးမလာမှုဒဏ်တွေနဲ့ ပတ်သက်ပြီး မိသားစု စားဝတ် နေရေးမပြေလည်မှု သားသမီးတွေရဲ့ ပညာရေးအသုံးစရိတ်မလုံလောက်မှုတွေ၊ ကိုယ်နဲ့ ကိုယ့်မိသားစုတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှုစရိတ် မသုံးစွဲနိုင်ကြမှုတွေနဲ့ ပတ်သက်တဲ့ ငိုညည်းသံတွေက ခပ်သဲ့သဲ့ ထွက်လာရှာပါတယ်။

     မြန်မာငွေတန်ဖိုးတက်လို့ ကုန်စည်ဈေးတွေ မဖြစ်စလောက်ကျတဲ့အတွက်ကြောင့် လူတစ်စုဆီက ပေါ်လာတဲ့ ညည်းတွားသံတွေက ကျယ်လောင်လွန်းလှပါတယ်။ ယခင်တုန်းက စာမျက်နှာတွေပေါ်မှာ ငွေဖောင်းပွမှု Inflation Rateနှင့်ပတ်သက်ပြီး ငွေတန်ဖိုးကျလည်း ဘာလုပ်ရမှာလည်း၊ ပို့စရာ Export မှ မရှိတာ၊ အကျိုးမရှိလှပါဘူး။ လို့ ရေးခဲ့ပြောခဲ့ကြတဲ့ လူတွေက ခုလိုမြန်မာငွေတန်ဖိုးတက်ချိန်မှာ လက်ခုပ်တီးပြီး ခပ်ရဲရဲ လေး ကြိုဆိုပေးကြရင်ကောင်းမယ်ထင်ပါတယ်။ ခုချိန်မှာမြန်မာငွေ တန်ဖိုးတက်လို့ ကုန်စည်ဈေးတွေကျသင့်သလောက်မကျတာတွေ၊ ပြည်သူတွေအကျိုးရှိသင့်သလောက်မရှိတာတွေနဲ့ ပတ်သက်ပြီး များများလေး ရေးစေပြောစေချင်ပါတယ်။ ပြည်သူတွေရဲ့ခံစားချက်နဲ့ တိုင်းပြည်အတွက် ရေရှည် အဆိုးအကောင်းကို ဝေဖန်ထောက်ပြပြီး ရေးပေးကြပါ။ လူတစ်စုရဲ့ ဆန္ဒနဲ့ခံစားချက်ကို သိပ်ဦးစားပေးပြီး ရေးလွန်းဖော်ပြပေးလွန်းလို့ မသင့်တော်ဘူးထင်ပါတယ်။
     ယခင်တစ်ဒေါ်လာဈေးနှုန်းမြန်မာငွေ (၁၃၅၀) ကျပ်ခန့်ရှိစဉ်က ဒေါ်လာနဲ့ တွက်ပြီးရောင်းချနေကြတဲ့ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးက ဒီနေ့ တစ်ဒေါ်လာဈေး (၇၅၀) ကျပ်နီးပါးဖြစ်နေချိန်မှာ ၅၀ ရာခိုင်နှုန်း (သို့မဟုတ်) ၄၀ရာခိုင်နှုန်းလောက် ဘာလို့ မကျတာလဲ။ မြတ်တုန်းက အမြတ်ယူပြီး ရှုံးတော့ကျ အရှုံးမခံနိုင်လို့ မရပါဘူး။ ဒီလိုသာလုပ်နေကြရင် ပီပြင်တဲ့ဈေးကွက်စီးပွားရေးစံနစ် Market Economy ဖြစ်မလာနိုင်ပါဘူး။ ယခုဆိုလျှင် Loreal cosmetic company က တစ်ဒေါ်လာကိုမြန်မာငွေ (၁၄၀၀) ကျပ်နီးပါးပေါက်ခဲ့စဉ်က ပစ္စည်းဈေးနှုန်းများကို ယခုအခါမှာ ၅၀ရာခိုင်နှုန်းလျှော့ပြီး ဈေးတင်ရောင်းချခြင်းမျိုးကို ကြိုဆိုရပါမယ်။

 မြန်မာငွေတန်ဖိုးတက်ရတဲ့ အဓိကအကြောင်းအရင်း(၃)ချက်ရှိပါတယ်။

၁။    Government ကနိုင်ငံရေးအလှည့်အပြောင်းကြီးကို တည်ငြိမ်စွာကိုင်တွယ်ထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့်  မြန်မာ့နိုင်ငံရေး အလားအလာ ကောင်းတွေ ပေါ်ထွက်လာခြင်းရဲ့ ရလဒ်ကလည်း တစ်ခုဖြစ်ပါတယ်။
၂။သဘာဝ ဓာတ်ငွေ့တွေ ပိုမိုတွေ့ရှိမှုနှင့် တင်ပို့နိုင်မှုတွေ များပြားလာတဲ့အတွက်ကြောင့် လည်းဖြစ်ပါတယ်။
၃။     နိုင်ငံတော်က ကျင့်သုံးနေတဲ့ စီးပွားရေးဆိုင်ရာ Fiscal Policy ပိုင်းမှာContractionary Monetary Policy ဘက်ခြမ်းကို ပြောင်းလဲ ကျင့်သုံးခဲ့ခြင်းဆိုတာတွေကြောင့်ဖြစ်ပါတယ်။

     မြန်မာငွေတန်ဖိုးတက်ခြင်းဟာ မြန်မာ့စီးပွားရေးတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေဖို့ အဓိကနေရာကနေ ပါဝင်နေသလို သန်းပေါင်းများစွာသော ပြည်သူတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံပြီး အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေပါလိမ့်မယ်။ ငွေတန်ဖိုးကျ ကုန်စည်ဈေးနှုန်းတွေတက်ပြီး ငွေဖောင်းပွမှုတွေဖြစ်နေတုန်းက ဝေဖန်ခဲ့သူတွေဟာ ခုလို ငွေတန်ဖိုးတက်ချိန်မှာ သတ္တိရှိရှိနဲ့ ထောက်ခံပေးစေချင်ပါတယ်။

     ယခုလက်ရှိအနေအထားဟာ ဆင်တစ်ကောင်လုံးမျက်စေ့ရှေ့ရောက်နေတာကို ဆင်ခြေရာဘယ်မှာလဲ၊ ဆင်ဖြစ်ကြောင်းဘာနဲ့ သက်သေ ပြမှာလဲလို့ ၀ိုင်းပြောနေကြသလိုပါပဲ။ မြန်မာငွေတန်ဖိုးကို ရေရှည်ခိုင်မာအောင် ဆက်လက်ထိန်းသိမ်းထားခြင်းဖြင့် တိုင်းပြည် စီးပွားရေးဖြစ်ထွန်းတိုးတက်မှု Economic Development ရအောင်ကြိုးစားပေးရမှာဖြစ်ပါတယ်။ လက်တစ်ဆုပ်စာငွေကြေးအင်အားကြီးသူ လူတစ်စုရဲ့ စီးပွားဖြောင့်အောင်၊ အခြေအနေကောင်းအောင် ဦးစားပေးကယ်တင်ခြင်း၊ လုပ်ကိုင်ပေးခြင်းတွေဟာ တိုင်းပြည်ရဲ့ စီးပွားရေး ကြီးထွားလာရုံ Economic Growth လောက်ပဲဖြစ်လာမှာကို သတိပြုရပါမယ်။ မြန်မာငွေ တန်ဖိုးတက်ပြီး ကုန်စည်ဈေးနှုန်းတွေကျဆင်းခြင်းဟာ လစာနည်း၊ ၀င်ငွေနည်းလူတန်းစားသန်းပေါင်းများစွာကို အလိုအလျောက်လုပ်ခလစာ တိုးပေးနေသကဲ့သလို့ ဖြစ်နေတယ်ဆိုတာကိုပါ သတိပြုမိကြစေလိုပါတယ်။


နေထက်ထက်အောင် (Mandalay Times Journal)



ကမ္ဘာ့ စီးပွားရေးနှင့် မြန်မာ့ငွေကြေး အဆက်အစပ်

by Khin Maung Nyo (Notes) on Thursday, May 16, 2013 at 4:10am

 နောက်ခံ အခင်းအကျင်း
လွန်ခဲ့သော နှစ်နှစ်ကျော် အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့ အ၀န်းအ၀ိုင်းအတွင်း၊ ကမ္ဘာ့ စီးပွားရေး အ၀န်းအ၀ိုင်း အတွင်း ပြန်လည် ရောက်ရှိလာပြီ ဟူသော စကားကို အများဆုံး ကြားရပါသည်။ ထိုစကား၏ အဓိပ္ပါယ် သက်ရောက်မှုကိုလည်း စဉ်းစားကြည့်သင့်ပါသည်။ အနည်းဆုံး အဓိပ္ပါယ်နှစ်ခု ကောက်ယူနိုင်ပါသည်။ ပထမ တစ်ခုမှာ ကမ္ဘာတစ်ဝှမ်း ယေဘုယျအားဖြင့် လက်ခံထားသည့် စံချိန်စံညွှန်းများကို အတိုင်းအတာ တစ်ခုအထိ မြန်မာနိုင်ငံက လက်ခံကျင့်သုံးလာခြင်းဟူသည့် အဓိပ္ပါယ် သက်ရောက်ပါသည်။ ဒုတိယတစ်ခုမှာ ကမ္ဘာ့ စီးပွားရေး အတက်အကျ၊ အပြောင်းအလဲ၊ အကောင်းအဆိုးတို့၏ အကျိုးသက်ရောက်မှုကို မြန်မာနိုင်ငံက ပိုမို ခံစားရမည်ဆိုသည့် အဓိပ္ပါယ် ထွက်ပါသည်။

မျှော်လင့်ချက်များ


နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ၀င်ရောက်လာသည်နှင့်အမျှ မြန်မာငွေတန်ဖိုး ပို၍ ခိုင်မာလာမည်ဟု တွက်ဆကြပြီး အစိုးရိမ် အကြီးဆုံးသူများမှာ နိုင်ငံတကာဈေးကွက်တွင် ပြိုင်ဆိုင်နိုင်စွမ်း လျော့ပါးမည်ကို ပူပင်ကြသော ပို့ကုန်လုပ်ငန်းရှင်များ ဖြစ်ပါသည်။ တစ်ဖက်တွင် သွင်းကုန်လုပ်ငန်းများ၊ သွင်းကုန်များကမူ ဒေါ်လာဈေးတက်သွားလျှင် (မြန်မာငွေတန်ဖိုး ကျဆင်းသွားလျှင်) သွင်းကုန်ဈေးနှုန်းများ တက်မည်ကို စိုးရိမ်ပူပန်ကြပါသည်။
အချို့သော စီးပွားရေးပညာရှင်များက မြန်မာကျပ်ငွေဈေးနှုန်း ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း (အများအားဖြင့်) တက်လာခဲ့သည်ကို သဘောမကျပါ။ မြန်မာကျပ်ငွေသည် ဖြစ်သင့် ဖြစ်ထိုက်သည်ထက် တန်ဖိုးမြင့်နေသည်။ ထို့ကြောင့် ပို့ကုန် ထုတ်လုပ်သူ တောင်သူလယ်သမားများ ဈေးကောင်းကောင်း မရ၍ ထိခိုက်ရသည်ဟု တွက်ဆကြပါသည်။ သို့သော လယ်သမားများ ရင်ဆိုင်နေရသော ကိစ္စများမှာ မြေယာပိုင်ဆိုင်မှု ကိစ္စ၊ ချေးငွေ ကိစ္စ အစရှိသဖြင့် တစ်ခုမက များပြားပါသည်။



မြန်မာငွေကြေးမူဝါဒ?


အစိုးရသစ်၊ အခင်းအကျင်းသစ်အောက်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ၏ နည်းပညာ အကြံဥာဏ်များ ရယူ၍ ဘတ်ဂျက်လိုငွေ လျော့ချရန် ရည်ရွယ်ခြင်း၊ လိုငွေကို ငွေစက္ကူ ရိုက်သည့်နည်းထက် ငွေချေးစာချုပ် ထုတ်ဝေရောင်းချသည့် နည်းကို ပိုမိုအားကိုးခြင်း၊ ငွေလဲလှယ်နှုန်းကို လွှတ်ပေးလိုက်ပြီးနောက် အနီးကပ် စောင့်ကြည့်ခြင်းတို့ ပြုလုပ်လျှက် ရှိသည်ဟု သိရပါသည်။ ဈေးနှုန်း တည်ငြိမ်ရေး၊ ငွေဖောင်းပွမှု ဆန့်ကျင်ရေး မူဝါဒ ရှိသည်ဟု တွက်ဆရပါသည်။
သို့သော် လွှတ်တော်ဘက်တွင် မြန်မာငွေဈေးနှုန်း ကျဆင်း၊ ဒေါ်လာဈေးနှုန်း တက်စေလိုသော မူဝါဒ ရှိသည်ဟု မှန်းဆရပါသည်။



အနီးကပ် မြင်ကွင်းများ



နိုင်ငံအကြီးအကဲ၏ မိန့်ခွန်းတွင် ယခင်နှစ်ကထက် ရင်းနှီးမြှုပ်နှံမှု ငါးဆတိုးလာသည်ဟု ပြောကြားသွားခဲ့ပါသည်။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ငွေသား အဖြစ် မြင်လျှင် မြန်မာနိုင်ငံအတွင်း ဒေါ်လာ အမြောက်အများ ၀င်ရောက်နေခြင်းကြောင့် ဒေါ်လာဈေး ကျဆင်းသင့်ပါသည်။ သို့သော် ငွေသားစီးဝင်မှု အဖြစ် မမြင်ဘဲ အရင်းအနှီး စက်ကိရိယာ ပစ္စည်းများ၊ အသုံးအဆောင်များ ၀င်ရောက်ခြင်း အဖြစ် ရှုမြင်လျှင် ဒေါ်လာဈေး ကျဆင်းစရာ အကြောင်း မရှိပါ။
သင်္ကြန်အနီးတ၀ိုက်တွင် မြန်မာ ပုဂ္ဂလိကဘဏ်များ ATM ငွေထုတ်စက်ကို Visa, Mastercard များ သုံး၍ နိုင်ငံခြားငွေလဲလှယ်နိုင်စေရန် စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ တိုးပွားလာနေသော ကမ္ဘာလှည့် ခရီးသည်များသည် ပြင်ပဈေးကွက်ကို အားမကိုးပဲ ဘဏ်နှင့် နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာများ တွင် မြန်မာငွေ တရားဝင် ထုတ်ယူနိုင်သည်။ တရားဝင်လမ်းကြောင်းမှ ဒေါ်လာ စီးဝင်မှု များပြား မည် ဖြစ်၍ ဒေါ်လာဈေး တက်စရာ အကြောင်း မရှိပါ။



သို့သော် မကြာသေးမီက အမေရိကန်နိုင်ငံတွင် ထွက်ပေါ်လာသော ကိန်းဂဏန်းများအရ အမေရိကန်၏ စီးပွားရေး အပေါ် ယုံကြည်မှု တိုးပွားလာသဖြင့်လည်းကောင်း၊ ဥရောပနှင့် အခြားနိုင်ငံ၏ စီးပွားရေးမှာ မရေမရာ ဖြစ်နေသေးသဖြင့်လည်းကောင်း ရွှေဈေးကျဆင်းကာ ဒေါ်လာဈေးတက်လာခဲ့ပါသည်။ ရွှေဈေး ဆက်တိုက် ကျဆင်းမည်ဟု တွက်ဆမှုများလည်း ရှိနေပါသည်။

မသေချာ မရေရာသော ခန့်မှန်းချက် တစ်ခုမှာ ပြည်တွင်းတွင် ဒေါ်လာဝယ်ယူမှု တိုးပွားလာခြင်း၊ သွင်းကုန်များ အတွက် ဒေါ်လာဝယ်ယူမှု များပြားခြင်း ဟူသော ကိစ္စ ဖြစ်ပါသည်။
အနာဂတ်တွင် အနည်းဆုံး ရေ၊ မီး၊ လမ်း၊ တံတား အစရှိသော အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး အတွက် အရင်းအနှီး အသုံးစရိတ်များ၊ မြင့်မားလာသော နေထိုင်မှု ပုံစံများ အတွက် သာမန် အသုံးစရိတ်များ ဟူ၍ နိုင်ငံခြားငွေ သုံးစွဲမှု (သို့မဟုတ်) သွင်းကုန် တင်သွင်းမှု ဆက်လက် များပြားနေဖွယ်ရာ ရှိပါသည်။ ကုန်သွယ်မှု လိုငွေကို ဖြည့်ဆည်းရန် အတွက် အမေရိကန် ဒေါ်လာ ၀ယ်ယူရန် လိုအပ်ပါသည်။
ပြည်တွင်း အကြောင်းတရား အနေဖြင့် ဒေါ်လာ ၀ယ်ယူမှုက ရောင်းအားထက် များပြားလျှင် ဒေါ်လာငွေ၏ တန်ဖိုး (ယခု ကြုံတွေ့နေရသကဲ့သို့) တက်လာနိုင်ပါသည်။ သို့သော် ဤသို့ တက်ခြင်းသည် ပြည်တွင်း အကြောင်းတရား၏ ပဓာန လွှမ်းမိုးမှုကြောင့် ဖြစ်သည်၊ နိုင်ငံတကာ ဈေးကွက်တွင် ဒေါ်လာ တန်ဖိုးတက်ခြင်း၏ ပဓာန လွှမ်းမိုးမှုကြောင့် ဖြစ်သည်ကို ခွဲခြားရန် ခက်ပါသည်။



 ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းမှု ကြီးမားလာနေသော အချိန်တွင် ကမ္ဘာ့ စီးပွားရေး အလားအလာကို မြန်မာ့ စီးပွားရေးက ဆန့်ကျင်နိုင်မည့် အလားအလာ ရှိသည်ဟု မယူဆပါ။ (ကမ္ဘာတွင် ဒေါ်လာဈေးတက်နေသည်ကို မြန်မာနိုင်ငံတွင် ဒေါ်လာဈေးကျအောင် လုပ်နိုင်မည် မထင်ပါ။)

မြန်မာ့ စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေး ပေါင်းစည်းမှုကို ကြည့်ရာတွင် ညွှန်းကိန်းတစ်ခု အနေဖြင့် နိုင်ငံတကာ ကုန်သွယ်ရေး၏ အရေးပါမှုကို ကြည့်ရန် လိုအပ်ပါသည်။ ဤညွှန်းကိန်းအရ ကြည့်လျှင် မြန်မာနိုင်ငံတွင် ကုန်သွယ်ရေး အချိုးအစား အလွန်နိမ့်ကျနေပါသေးသည်။ သို့သော် အမှန်တကယ် ကုန်သွယ်မှုသည် တရားဝင် ကိန်းဂဏန်းများက ဖော်ပြသည်ထက် သိသိသာသာ များပြားနိုင်ပါသည်။ သို့ဖြစ်ရာ ယခင့် ယခင် အချိန်ကာလများနှင့် နှိုင်းယှဉ်လျှင် မြန်မာ့ကုန်သွယ်မှု အချိုးအစား ကြီးမားလာပြီး ကမ္ဘာ့ကုန်သွယ်ရေးနှင့် ပေါင်းစည်းမှု မြင့်မားလာသည်ဟု သေချာပေါက် ဆိုနိုင်ပါသည်။
တဖန် ဗဟိုဘဏ်တွင် အခြေခံငွေလဲလှယ်နှုန်း သတ်မှတ်ရာတွင် နှစ်နှင့်ချီ၍ အတော်အတန် တည်ငြိမ်မှု ရှိခဲ့သော်လည်း ယခုရက်ပိုင်း (မေလလယ်)တွင် သိသိသာသာ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းသည်လည်း ကမ္ဘာ့စီးပွားရေးနှင့် ဈေးကွက်ကို တုံ့ပြန်ဆောင်ရွက်မှုဟု ယူဆပြီး ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်း မှု မြင့်မားလာသည့် သာဓက တစ်ခု အဖြစ် ရှုမြင်နိုင်ပါသည်။



ရှေ့အလားအလာ


မြန်မာ့စီးပွားရေး အလားအလာကို တွက်ဆရာ၌ ကိုယ်ရရှိထားသော အချက်အလက်များ၊ အခြေအနေများထက် မိမိ လက်လှမ်းမမီသော အချက်အလက်များ၊ အခြေအနေများကို လျော့တွက်၍ မရကြောင်း သင်ခန်းစာ အထပ်ထပ် ရရှိခဲ့ပြီး ဖြစ်ပါသည်။ သာဓက တစ်ခု အနေဖြင့် ဘဏ်အတိုးနှုန်း လျှော့ချ၍ အပ်ငွေ လျော့ကျမည်ဟု တွက်ဆရသော်လည်း အခြား ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်း မရှိသော အခြေအနေတွင် ဘဏ်အပ်ငွေ လျော့ကျသွားခြင်း မရှိသည်ကို တွေ့ရပါသည်။
မြန်မာ့ဈေးကွက် အတွင်း၌လည်း အပြောင်းအလဲများ ဖြစ်ပေါ်လျှက် ရှိရာ ကားဈေးကွက်သည် ဈေးကစားစရာ နယ်ပယ်တစ်ခု မဟုတ်တော့ဘဲ အိမ်ခြံမြေဘက် လှည့်လာခဲ့သကဲ့သို့ ယခုနှစ်အတွင်းတွင် အိမ်ခြံမြေလည်း အတက်ဈေး၌ အရောင်းအ၀ယ် အေးနေသည်ကို တွေ့ရပါသည်။ ယခင် တစ်နှစ်ခန့် အတွင်း ဒေါ်လာဈေးကွက်သည်လည်း ဈေးကစား၍ ကောင်းသော နယ်ပယ်တစ်ခု ဖြစ်ခဲ့ပုံ မရပါ။
နိုင်ငံခြား ငွေလဲလှယ်နှုန်း အလားအလာသည် အဓိကအားဖြင့် နိုင်ငံတကာ ဈေးကွက်၏ အပြောင်းအလဲ အပေါ် မူတည်မည်ဟု ယူဆပါသည်။ ရွှေဈေး ဆက်လက် ကျဆင်းနိုင်မည်ဟု တွက်ဆကြရာ ကမ္ဘာတစ်ဝှမ်းတွင် (အခြား ထူးခြားသော အပြောင်းအလဲ တစ်စုံတစ်ရာ မရှိပါက) ဒေါ်လာဈေး ဆက်လက် အားကောင်းနေနိုင်ပါသည်။



ပြည်တွင်း စီးပွားရေး အကြောင်းတရားများသည် နိုင်ငံတကာ စီးပွားရေး ရေစီးကြောင်းကို ဆန့်ကျင်နိုင်စွမ်း မရှိဘဲ အားဖြည့်ပေးသည့် အကြောင်းတရားများ အဖြစ်သာ ရပ်တည်နိုင်မည်ဟု တွက်ဆပါသည်။



ခင်မောင်ညို (ဘောဂဗေဒ) 

၁၆.၅.၂၀၁၃

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!