စာရေးသူဟာ အလုပ်က ပြန်ရောက်တိုင်း ညနေပိုင်းဆို အညောင်းအညာပြေ လမ်းလျှောက်ထွက်လေ့ ရှိပါတယ်။ အိမ်နဲ့ မနီးမဝေး ပါဆားရစ်ပန်းခြံဘေးက မြစ်တူးမြောင်းကြီး ဘေးတလျှောက်မှာပါ။ လေညှင်းလေးတွေ ကဆုန် ဆိုင်းပြီး ခရမ်းနီရောင်မြက်ရိုင်းပင်တွေ ယိမ်းနွဲ့ လှိုင်းထလို့၊ အုန်းပင်တန်းတွေ အစီအရီနဲ့ ရေငှက်မျိုးစုံ အော်မည် ကျက်စားနေတဲ့ မြစ်တူးမြောင်းကြီး ဘေးတလျှောက် လမ်းလျှောက်ရတာ ကိုယ်စိတ်နှစ်ပါးလုံး အပန်းပြေစေပါ တယ်။ တူးမြောင်းဆိုလို့ အထင်မသေးလိုက်ပါနဲ့။ အကျယ်ပေ ၁၀၀ နီးပါး ရှိတာမို့ မြစ်ပေါက်စလို့ တောင် ပြောလို့ ရပါတယ်။ တူးမြောင်းတလျှောက်မှာလည်း စကိတ်ဘုတ်နဲ့ စက်ဘီးလမ်း၊ လူသွားလမ်းတွေကို ဘေး နှစ်ဖက်ဝဲယာမှာ စနစ်တကျ ခင်းပေးထားတဲ့အပြင် နားနေစရာ ထိုင်ခုံတွေလည်း ဆောက်ပေးထားတယ်။ နေ့ရော ညပါ ဘေးအန္တရာယ်ကင်းကင်း အပန်းဖြေ သုံးစွဲနိုင်အောင် မီးတိုင်တွေ၊ လက်ရမ်းအကာအကွယ်တွေ၊ လမ်းညွှန် ဆိုင်းဘုတ်တွေလည်း စီမံ ပေးထားတယ်။
ဒီဆောင်းပါးကို ရေးတဲ့ရည်ရွယ်ချက်ရင်းက ဒီမြစ်တူးမြောင်းရဲ့ အလှကို စာဖွဲ့ဖို့ မဟုတ်ပါဘူး။ ဒီတူးမြောင်းနဲ့ ဆက်စပ်ပြီး စင်ကာပူနဲ့ မြန်မာနိုင်ငံ အုပ်ချုပ်သူအစိုးရ ၂ ရပ်ကြားမှာ ရှိတဲ့ ကွာခြားတဲ့ အမျှော်အမြင်၊ မတူညီတဲ့အတွေးအကြံ လုပ်နည်းကိုင်ဟန်နဲ့ ဆန့်ကျင်ဘက် လားရာ တိုင်းပြည်အပေါ် ထားတဲ့စေတနာတွေကို နှိုင်းယှဉ်ပြခြင်လို့ပါ။
လူခန္ဓာကိုယ်မှာရှိတဲ့ သွေးလွှတ်ကြော၊ သွေးပြန်ကြောနဲ့ သွေးကြောမွှာပေါင်းများစွာ ဖြန့်ကျက်ပြီး နှလုံးအိမ်ထဲ ၀င်ထွက် စီးဆင်းနေသလို စင်ကာပူကျွန်းနိုင်ငံလေးရဲ့ ချောင်းငယ်၊ မြစ်လက်တက်နဲ့ တူးမြောင်းများစွာအနက်က တခုသော မြစ်တူးမြောင်း ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ တွေ့နေကြ အညစ်အကြေး အမှိုက်သရိုက်တွေနဲ့ ပိတ်ဆို့ နံစော်ပြီး ရေမစီးတော့တဲ့ မြောင်းပုတ်တူးမြောင်းမျိုး မဟုတ်ပါဘူး။
အလျားအားဖြင့် ၁.၁ ကီလိုမီတာ ရှည်ပြီး ဆူငိုင်းတမ်းပနီးစ် ( Sungei Tampines ) လို့ အမည်ရှိတဲ့ ဒီမြစ် တူးမြောင်းဟာ ရိုးရိုးတူးမြောင်းတခု မဟုတ်ပါဘူး။ စင်ကာပူနိုင်ငံအတွက် မရှိမဖြစ် အလွန်အရေးကြီးတဲ့ ရေချိုလိုအပ်ချက်ကို တထောင့်တနေရာက ဖြည့်ဆည်းပေးနေတဲ့ အဖိုးတန် မြစ်တူးမြောင်းတခုပါ။
၁၉၆၅ ခုနှစ်မှာ မလေးယားပြည်ထောင်စုကနေ သီးခြားလွတ်လပ်တဲ့နိုင်ငံ ဖြစ်လာတဲ့ စင်ကာပူနိုင်ငံရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခုကတော့ သောက်သုံးရေချို လုံလောက်စွာ ရရှိရေးပါဘဲ။ ဖို့မြေအပါအ၀င်မှ ၇၁၈.၃ စတုရန်းကီလိုမီတာ အကျယ်အ၀န်း သာရှိတဲ့ စင်ကာပူနိုင်ငံရဲ့ ရေလိုအပ်ချက်ဟာ နေ့စဉ် ဂါလန်သန်းပေါင်း ၄၀၀ (400 million gallons a day) လိုတယ်လို့ PUB (Public Utility Board) Singapore ၀က်ဒ်ဆိုက် က ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါ တယ်။
၁၉၆၂ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ ၉၉ နှစ် သဘောတူညီစာချုပ်အရ မလေးရှားနိုင်ငံက တင်သွင်း ရေပမာဏဟာ နေ့စဉ် ရေဂါလံသန်းပေါင်း ၂၅၀ အပြင် ထပ်မံချုပ်ဆိုတဲ့ ၁၉၉၀ စာချုပ်ထဲမှာ ပါတဲ့ အပိုဆောင်းတင်သွင်းရေ ပမာဏလည်း ပါဝင်ပါတယ်။
စင်ကာပူနိုင်ငံအတွက် လက်ခံရုံမှတပါး ရွေးချယ်စရာလမ်း မရှိဘူးလို့ ထင်မှတ်ထား တာကြောင့် ၁၉၉၈ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်တွေမှာ မလေးရှားအစိုးရဟာ ရေဈေးနှုန်းကို ၂ ကြိမ် တိုးတောင်းခဲ့တယ်။ နောက်ဆုံးတောင်းတဲ့ ဈေးနှုန်းက ရေဂါလံ ၁၀၀၀ ကို မလေးရှားငွေ ၆.၄ ရင်းဂစ် ဖြစ်တယ်။ အဲဒီဈေးနှုန်းဟာ ပင်လယ်ရေငန်ကို ရေချိုဖြစ်အောင် ချက်လုပ်ဖို့ (Desalination) ကုန်ကျစရိတ်နီးပါး ဖြစ်နေတယ်။ မလေးရှားနိုင်ငံက စင်ကာပူကျွန်းပေါက်စ နိုင်ငံလေးအပေါ် နွားသေကို ကြိုးတုပ်ရိုက်လိုတဲ့ ကြိုးပမ်းချက်ပါပဲ။ မလေးရှားအစိုးရဟာ စင်ကာပူခေါင်းဆောင် လီကွမ်ယူးရဲ့ အမြော်အမြင်နဲ့ စိတ်ပိုင်းဖြတ်မှုကို အထင်သေးခဲ့ပုံ ရပါတယ်။
ဘာဆို ဘာမှမထွက်ဘဲ ဇီးရွက်သာသာရှိတဲ့ ကျွန်းပေါက်စလေးရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကောင်းကောင်းသိတဲ့ လီကွမ်ယုကလည်း မလေးရှားလက်အောက်က ခွဲမထွက်ခင်ကတည်းက သောက်သုံးရေ လိုအပ်ချက်ဟာ အလွန်အရေးပါကြောင်း သတိပြုတာမို့ သေသေချာချာ ပြင်ဆင်ထားခဲ့တာပါ။
စင်ကာပူနိုင်ငံရဲ့ ရေလိုအပ်ချက်ကို လုံလောက်စိတ်ချရအောင် ဖြည့်ဆည်းနိုင်မယ့် အမျိုးသားရေပိုက်ခေါင်း ၄ သွယ် (The Four National Taps) လို့ ခေါ်တဲ့ အောက်ပါ မဟာစီမံကိန်းကြီးကို နိုင်ငံတော်ဘဏ္ဍာတွေ အကြီးအကျယ် သုံးစွဲပြီး သုတေသနပြု နောက်ဆုံးပေါ်နည်းပညာတွေနဲ့  စနစ်တကျ အကောင်အထည်ဖော်ခဲ့ပါတယ်။
ပထမရေပိုက်ခေါင်း – သဘာဝမိုးရေ စုဆောင်းသိုလောင်မှု (Local Catchment Water)။
ဒုတိယရေပိုက်ခေါင်း – ပြင်ပရေတင်သွင်းမှု (Imported Water)
တတိယရေပိုက်ခေါင်း – ရေဟောင်းမှ ရေသစ်သန့်စင်မှု (NEWater)
စတုတ္ထရေပိုက်ခေါင်း – ပင်လယ်ရေမှ ရေချိုချက်မှု (Desalinated Water)
ဒီဆောင်းပါးမှာတော့ ရှေ့ပိုင်းမှာ ရေးပြခဲ့တဲ့ မြစ်တူးမြောင်းနဲ့ ဆက်စပ်နေတဲ့ သဘာဝမိုးရေ စုဆောင်းသိုလောင်မှု (Local Catchment Water) အကြောင်းပဲ ရေးလိုက်ပါတယ်။
(စင်ကာပူ ရေကာတာ ၁၇ ခုနဲ့ မြစ်တူမြောင်း ၃၁ မြောင်းပြ မြေပုံ)
Photo credited to PUB ( Singapore)
ပထမရေပိုက်ခေါင်း – သဘာဝမိုးရေ စုဆောင်းသိုလောင်မှု (Local Catchment Water)
ပင်လယ်ဝိုင်းရံထားတဲ့ စင်ကာပူနိုင်ငံဟာ သဘာဝက ပေးထားတဲ့ ရှားပါးလက်ဆောင်တခု ဖြစ်တဲ့ ၁ နှစ် ပျမ်းမျှ မိုးရေချိန် ၂၄၀၀ မီလီမီတာ ရှိအောင်ရွာသွန်းတဲ့ မိုးရေတွေကို အလဟဿမဖြစ်ရအောင် သဘာဝအတိုင်းရှိတာနဲ့ တည်ဆောက်ဆည်ဖို့ထားတဲ့ ရေကာတာကြီး ၁၇ ခုထဲရောက်အောင် မြစ်တူးမြောင်းတွေကို ဆက်သွယ် ဆောက်လုပ် သိုလှာင်ခဲ့ပါတယ်။ ပြီးတော့ အဲံဒီကာတာတွေထဲက ရေတွေကို သန့်စင်မှု (Treatment) မလုပ်ခင်ထိ သိုလှောင်ထားစဉ်မှာ ရေအရည်အသွေး ပြည့်မီနေအောင် သန့်ရှင်း စင်ကြယ်နေအောင် အထူးဂရုပြု ထိန်းသိမ်း စောင့်ကြည့်နေတာပါ။ စောင့်ကြည့်အာရုံခံစနစ်တွေ (Online Sensors) ကင်မရာတွေ တပ်ဆင်ပါတယ်။ ပုံမှန် ရေနမူနာစစ်ဆေးမှုတွေ ဆောင်ရွက်ပါတယ်။
အဲဒါအပြင် စင်ကာပူနိုင်ငံရဲ့ အဓိက မြစ်ချောင်းတူးမြောင်း ၃၁ မြောင်းထဲက ရေကာတာတွေဆီ မဆက်သွယ်နိုင်ဘဲ ပင်လယ်ထဲ စီးဝင်သွားတဲ့ မြစ်ချောင်းတူမြောင်းတွေက ရရှိစုဆောင်းမိတဲ့မိုးရေတွေကို ပင်လယ်ထဲ စီးဝင်မသွားခင် ပင်လယ်ဝမှာ ခေါက်ထားနိုင် ဖြန့်ကားနိုင်တဲ့ ရာဘာလေအိပ်ရှည်ကြီးတွေနဲ့ တားပြီး မြေကြီးအောက် မီတာ ၂၀ ကနေ မီတာ ၅၀ ထိ နက်တဲ့ မြေအောက်မြောင်းစနစ် Deep Tunnel Sewerage System (DTSS) က တဆင့် ရေသန့်စင် စက်ရုံတွေဆီ ပို့ပြီး သန့်စင်ယူပါတယ်။ အဲ့ဒီလို ရှေ့မျိုးဆက်က အမြော်အမြင်နဲ့ အားထုတ်ခဲ့ကြ၊ ကြိုးစားခဲ့ကြတော့ မျက်မှောက်ခေတ် စင်ကာပူဟာ ရေအတွက်နဲ့ တော့ အိမ်နီးချင်းတိုင်းပြည်ကို ဒူးထောက်စရာ၊ အောက်ကျို့ခံစရာ မလိုတော့ပါဘဲ မျိုးဆက်သစ်တွေ စိတ်အေးချမ်းသာစွာ သုံးစွဲနိုင်တာ ဖြစ်တယ်။
(ရေငန်နဲ့ရေချို ပိုင်းခြားထားတဲ့ ရာဘာလေအိပ်ရှည်ကြီး နှင့် အလုပ်လုပ်ပုံစနစ်ပြရုပ်ပုံ)
အဲဒါအပြင် ရှင်သန်လှပ ရေချိုမြလို့ ဘာသာပြန်သင့်တဲ့ Active, Beautiful, Clean Waters (ABC Waters) Programmeနဲ့ မြစ်တူးမြောင်းတွေရဲ့ ၀ဲယာနှစ်ဖက်မှာ စင်ကာပူနိုင်ငံသားတွေကို အပန်းဖြေနိုင်အောင်၊ လေ့ကျင့်ခန်း ယူနိုင်အောင် စက်ဘီးလမ်း၊ လူသွားလမ်းတွေ ဖောက်ပြီး တကျွန်းလုံးကို ဆက်သွယ်ပေးထားတယ်။ မြောင်းတွေရဲ့ တလျှာက်လုံးမှာ ကျေးငှက်တိရစ္ဆာန်လေးတွေ မြူးတူး ကျက်စားနိုင်အောင် အုန်းပင်တန်းနဲ့ သစ်ပင်ပန်းဥယျာဉ်တွေလည်း စိုက်ပျိုးပေးထားတယ်။ ကမ္ဘာက စင်ကာပူကို ဥယျာဉ်မြို့တော် ( Garden City ) လို့ အသိအမှတ်ပြုခံခဲ့ရတာ အကြောင်းမဲ့ မဟုတ်ဘူး ။ နှစ်ပေါင်း ၅၀ အတွင်းမှာ တကျွန်းလုံးရဲ့ ရှိရှိသမျှ လမ်းဘေးဝဲယာတွေမှာ သစ်ပင်ပေါင်း ၁ သန်း ၄ သိန်းကျော် စိုက်ပျိုးခဲ့တယ်လို့ သိရတယ်။
ဆူငိုင်းတမ်းပနီးစ်မြစ် ( Sungei Tampines River ) photo
ဒါတွေကို ရေးပြနေတာဟာ စင်ကာပူရဲ့ ဘုန်းတော်ဘွဲ့ သီဖွဲ့နေတာ မဟုတ်ဘူး။ ကိုယ့်တိုင်းပြည်မှာ ရှိတဲ့ သဘာဝက ပေးအပ်ထားသမျှ အားလုံးကို တန်ဖိုးထားတတ်တဲ့ တိုင်းပြည်ကို တိုးတက်ကြီးပွားစေလိုတဲ့ စိတ်ရင်းစေတနာရှိတဲ့ အုပ်ချုပ်သူအစိုးရမင်းရဲ့ အမြော်အမြင်ရှိမှု၊ ကြိုးပမ်း အားထုတ်မှု ထင်ရှားစေလိုရင်း ဖြစ်တယ်။
စင်ကာပူနိုင်ငံအကြောင်း ရေး တာ တော်လောက်ပြီ။ အခု မြန်မာနို်င်ငံဘက် ပြန်ကြည့် ရ အောင်။ ရာစုနှစ်ဝက်ကျော် တိုင်းပြည်ကို စစ်ဖိနပ်အောက်ထား အုပ်ချုပ်ခဲ့ကြတဲ့ စစ်အာဏာရှင် တွေ ဘယ်လို အုပ်ချုပ်ဖျက်ဆီးခဲ့သလဲ။ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတတွေ ဘယ်လို ပြုန်းတီးဆုံးရှုံးခဲ့ရသလဲ၊ နိုင်ငံဟာ ဘယ်လို မွဲပြာညှိုးခြောက် အရောင် မတောက်ခဲ့ရသလဲဆိုတာ မြန်မာပြည်သူတွေသာမက ကမ္ဘာသူကမ္ဘာသား တွေတောင်သ သိနေပါပြီ။
လွန်ခဲ့တဲ့အနှစ် ၅၀ ကျော်က အလွန်နက်တဲ့ ရိုးမတောကြီးတွေဟာ စစ်အာဏာရှင်ခေတ် အဆက်ဆက်မှာ ကြောက်ခမန်းလိလိနှုန်းနဲ့ ပြုန်းတီးခဲ့ရာမှာ အခုဆို တောအုပ်လိုက်ပျောက်၊ တောင်ကတုံး၊ ရိုးကတုံးကြီးတွေ ဖြစ်နေခဲ့ပြီ မဟုတ်လား။ ပဲခူးရိုးမကြီးဆိုတာ ကျနော်တို့ မျက်စေ့အောက်တင် ပျောက်သွားပြီ။ တလောလေးက ဖတ်လိုက်ရတဲ့သတင်းတပုဒ်ထဲမှာ မန္တလေးမြို့ အခြေစိုက် သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ထိမ်းသိမ်းရေးအဖွဲ့ ဖြစ်တဲ့ စိမ်းရောင်စို အသင်းကြီးရဲ့ အစီရင်ခံစာမှာ ဧရာဝတီမြစ်ကြောင်းတလျှောက်နေရာ ၁၇ နေရာ ကို လူထု အခြေပြု စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခဲ့ရာမှာ မန္တလေးမြို့ မြစ်အထက်ပိုင်းဒေသတွေမှာ သစ်တော ကြိုးဝိုင်းတွေ ပြုန်းတီး ပျောက်ကွယ်သွားကြောင်း ၀မ်းနည်းဖွယ်ဖတ်လိုက်ရတယ်။ အထက်ပိုင်းဒေသ ထီးချိုင့်၊ ကသာနားကနေ မြစ်ဆုံအနီးထိ ဧရိယာတွေမှာ သစ်တော ပြုန်းတီးမှုတွေ တွေ့ရှိရပြီး တချို့နေရာတွေမှာ ကြိုးဝိုင်းအလိုက် ပြုန်းတီးပျောက်ကွယ်သွားတာတွေ တွေ့ရတယ်”လို့ မန္တလေးမြို့ စိမ်းရောင်စို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားခဲ့တယ်မဟုတ်လား ။
မပြုန်းခံနိုင်ရိုးလား၊ မပျောက်ခံနိုင်ရိုးလား၊ တရားဥပဒေစိုးမိုးမှုဆိုတာ နတ္ထိ၊ အကျင့်ပျက်ခြစားမှုဆိုတာ အစိုးရထိပ်တန်းခေါင်းဆောင်တွေက စတာမို့ အောက်ခြေအထိ ဗွက်ထနေတာ မဟုတ်လား။ အချင်း ၁ ပေ အောက် မျှောတိုင်ခုတ်ခွင့် ပါမစ် ရတဲ့သူက အချင်း ၁ ပေအထက် သစ်လုံးတွေ ခုတ်လို ခုတ်နိုင်တယ်။ သစ်တောဝန်ထမ်းတွေက အလုပ်မလုပ်၊ သစ်လုံး ၅ ထောင် ခုတ်ခွင့် ပါမစ်ရတဲ့သူက လာဘ်ထိုးပြီး အလုံး ၅ သောင်း ၁ သိန်း ခုတ်ချင် ခုတ်နိုင်တာကိုး။
သယံဇာတတွေရဲ့ တန်ဖိုးကို နားမလည်၊ နားလည်ပေမယ့်လည်း လောဘဇော တက်နေကြတဲ့အပြင် တိုင်းပြည်အပေါ် စေတနာမရှိကြတာမို့ သိင်္ဂီရွှေခွက်ကို ပဲကြီးလှော် ထန်းလျက်နဲ့ လဲစားသလို နိုင်ငံပိုင် အများပိုင် သယံဇာတတွေကို တန်ဖိုးမထားဘဲ ဖြုန်းတီးပစ်ခဲ့ကြတာမဟုတ်လား ။
စင်ကာပူနိုင်ငံဟာ မစ္စတာလီကွမ်ယူကို ရခဲ့တာရယ်၊ သူရဲ့ အမြော်အမြင်နဲ့ ထက်မြက်မှုကို သူတို့နိုင်ငံအတွက် အသုံးချနိုင်ခွင့်ရခဲ့တာဟာ သိပ်ကံထူးတယ်လို့ ပြောရမှာ ဖြစ်တယ်။ ဒါကြောင့်လည်း မလေးရှားပြည်ထောင်စုက ခွဲထွက်စဉ်က ရွှံ့တောညွှန်တောကြီးကနေ ကမ္ဘာ့ ထိပ်တန်းနိုင်ငံ ဖြစ်လာအောင် ဇီးရိုးကို ဟီးရိုးဖြစ်အောင် လုပ်နိုင်ခဲ့ကြတာပေါ့။
တို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာရဲ့ လေးစားအသိမှတ်ပြုခံရမှု၊ အမြော်အမြင်ကြီးမားမှု၊ ရဲရင့်ပြတ်သားမှု၊ စေတနာမှန်နဲ့ တိုင်းပြည်ကို ချစ်တတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ သည်းခံ ခွင့်လွှတ်တတ်မှု၊ သမိုင်းကြောင်းဖြူစင်မှုနဲ့ ခေတ်ပညာတတ်မှု စတာတွေမှာ မစ္စတာ လီကွမ်ယူထက် လုံးလုံးမလျော့ကျတဲ့အပြင် ပိုတောင်ပိုနိုင်မဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အမျိုးကောင်းသမီး၊ ကမ္ဘာ့အဆင့်မီခေါင်းဆောင်ကောင်း တယောက်ရှိနေခဲ့ပါပြီ။ သူမရဲ့ ကြီးမြတ်တဲ့ဂုဏ်ရည်တွေ၊ ထက်မြက်တဲ့စွမ်းရည်တွေ၊ မြင့်မားတဲ့ ဥာဏ်အမြော်အမြင်တွေကို မြန်မာနိုင်ငံအတွက် အကျိုးရှိရှိ အသုံးချခွင့်ရအောင်၊ စစ်အာဏာရှင်ငရဲတွင်းထဲက အပြီးတိုင် လွတ်မြောက်နိုင်အောင် မြန်မာနိုင်ငံသားအားလုံး တညီတညာတည်း အတွေးသစ်အမြင်သစ်တွေနဲ့ လက်တွဲ စုစည်းလုပ်ဆောင်ကြဖို့ လိုနေပြီ။ ဒီလောက် တန်ဖိုးကြီးပြီး ရခဲလှတဲ့ ခေါင်းဆောင်တယောက် ပိုင်ဆိုင်ရရှိနေတာတောင် တိုင်းပြည်အတွက် အသုံးမချနိုင်ခဲ့ရင် တို့မြန်မာတွေ ညံ့ရာကျပြီး နှောင်းလူတွေ ကဲ့ရဲ့ အပြစ်ဆိုတာ ခံရလိမ့်မယ်။