Popular Posts!

Friday, December 30, 2011

မြန်မာပြည်ကဆေးရုံ ဆေးခန်းတွေမှာ တာဝန်ပေါ့လျော့မှုများ!




ရွှေဂုံတိုင်ဆေးရုံတွင် အမျိုးသမီးတစ်ဦး မီးဖွားပြီး သေဆုံးခဲ့မှုအပေါ် ဆေးရုံနှင့်ဆရာဝန်မှပြန်ရှင်း

ယမုံဖူးသစ်နှင့် ကျော်ဆုမွန်

အတွဲ ၂၈ ၊ အမှတ် ၅၅၀ ( ၃၀ ၊ ၁၂ ၊ ၂၀၁၁ - ၅ ၊ ၁ ၊ ၂၀၁၂)

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အထူးကုဆေးရုံကြီးတွင် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးမီးဖွား ပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့က သေဆုံးခဲ့ရမှုဖြစ်ပွားခဲ့ရာ ဆေးရုံကြီးမှ တာဝန်ကျ သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်များ၏ တာဝန် ပေါ့လျော့မှုကြောင့်ဖြစ်သည်ဟု ကျန်ရစ်သည့် မိသားစုများက စွပ်စွဲခဲ့သလို ဆေးရုံဘက်မှ တာဝန်ရှိသူများကလည်း ပြန်လည် ရှင်းလင်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင် မြို့နယ်၊ ကွက်သစ်ဖြတ်လမ်းတွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် မခင်ခင်ဌေးသည် ခုနစ်လရှိပြီဖြစ်သည့် ကိုယ်ဝန်ကို အဆိုပါဆေးခန်းကြီးတွင် ပုံမှန်ထိုင်သည့် သားဖွားနှင့် မီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာတင် မောင်အေးထံတွင် အပ်နှံထားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
အဆိုပါ ဆရာဝန်ကြီး မရှိသည့်အခါ တွင် ၎င်း၏ လက်ထောက် ဆရာဝန် ဒေါက်တာနိုင်ဝင်းဆိုသူနှင့် ဆက်လက် ပြသခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာလ ၉ ရက်နေ့မှစတင်ခါ ၀မ်းတွင်းမှ ကလေး၏ ပုံမှန်မဟုတ်သော အနေအထားကြောင့် မခင်ခင်ဌေးအား ဓာတ်မှန်ရိုက်ကြည့် ခဲ့ရာတွင် ၀မ်းတွင်းရှိ ခုနစ်လသားအရွယ် မိန်းကလေးငယ်မှာ လှုပ်ရှားခြင်းမရှိတော့သောကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဆေးရုံ တက်ရန် ဒေါက်တာနိုင်ဝင်းမှ ညွှန်ကြားခဲ့ပြီး အဆိုပါနေ့တွင်ပင် ၀မ်းတွင်းမှ ကလေး သေဆုံးပြီဖြစ်ကြောင်း ဆရာဝန်က အတည်ပြု ပြောကြားခဲ့သည်ဟု ဆိုသည်။
"ကလေးသေနေပြီလို့ ဆရာဝန်က ပြောကြားတဲ့အတွက် အဲဒီနေ့မှာပဲ ခွဲစိတ်ပေးဖို့ မိသားစုဝင်တွေက တာဝန်ကျ ဆရာဝန်တွေ ကိုကော ဒေါက်တာ နိုင်ဝင်းကိုပါ အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စနေနေ့ (ဒီဇင် ဘာလ ၁၀ ရက်နေ့) ညနေမှာ ဒေါက်တာနိုင်ဝင်း လာကြည့်ပြီး ခွဲဖို့ မလိုဘဲ ဆေးသွင်းပြီး ရိုးရိုး မွေးမယ်လို့ ပြောပါတယ်" ဟု မခင်ခင်ဌေး၏ အစ်ကိုရင်းဖြစ်သူ ကိုမြင့်အောင်က ပြောသည်။
ရိုးရိုးမွေးဖွားနိုင်ရန် ဆေးများသွင်းထားခဲ့ရာ နောက်တစ်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညပိုင်းအထိ ဆေးရုံမှ မည်သို့မျှ ခွဲစိတ် ကုသမှုများ မပြုလုပ်ပေးခဲ့ဘဲ ည ၁၁ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် သားအိမ်ပွင့်ကာ ကလေးထွက်လာသည်နှင့် တစ်ပြိုင်နက် မိခင်ပါ တစ်ခါတည်း အသက်မရှူတော့ကြောင်း မခင်ခင်ဌေး၏ မိခင်ဒေါ်သီတာဝင်းက ပြောသည်။
"သမီးက အသက်မရှူတော့ဘူး။ ကလေးလည်းထွက်လာရော သူလည်း နှစ်ချက်လောက် ရှိုက်ပြီး ငြိမ်သွားတယ်။ နောက် ည ၁ နာရီကျော်မှ မေ့ဆေးဆရာ ၀န်တွေကော ဒေါက်တာ နိုင်ဝင်းပါ ရောက်လာတယ်။ သူတို့က မျိုးစုံစစ်ဆေးကြတယ်။ ဒါပေမယ့် အသက်မရှိတော့ဘူး"ဟု ၎င်းက ပြောသည်။
ဆေးရုံမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာဒေါ်ဌေးဌေးကြည်ကလည်း ဒီဇင်ဘာလ ၉ ရက်နေ့တွင် ၀မ်းတွင်းမှ ကလေး သေဆုံး ကြောင်း ဓာတ်မှန်ရိုက် ယူ၍ သိရှိပြီးနောက် ဒီဇင်ဘာ ၁၀ ရက် နေ့တွင် ရွှေဂုံတိုင် ဆေးရုံတွင် တက်ရောက်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်အစောပိုင်းတွင်သေဆုံးခဲ့သည်ဟု မြန်မာတိုင်း(မ်)ကိုပြောသည်။
သားဖွားနှင့် မီးယပ်အထူးကု ဆရာ ၀န် ဒေါက်တာနိုင်ဝင်းကလည်း ယခုကဲ့ သို့သေဆုံးမှုမှာ မခွဲစိတ်ခြင်းကြောင့် သေဆုံးရခြင်းမဟုတ် ဟုပြောသည်။
သန္ဓေသားမှာ ရက်သတ္တပတ် ၂၄ ပတ်သာရှိပြီး မိခင်မှာလည်း အသက် ၂၃ နှစ်သာရှိသေးသည့်အတွက် နောက်ထပ် ကလေး မွေးဖွားရ လွယ်ကူစေရန် သားအိမ်ပွင့်ဆေးကို အသုံးပြု၍ ရိုးရိုး မွေးဖွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာနိုင်ဝင်းက ပြောသည်။
"ပုံမှန်ဆိုရင် အပတ် ၄၀ ရှိမှ နေ့စေ့ လစေ့ဖြစ်တယ်။ အခု ကလေးက ၂၄ ပတ်ပဲရှိပြီး တစ်ပေါင် သာသာပဲရှိတယ် ဆိုတော့ ခွဲပြီး ထုတ်ရမယ့် ထုံးစံမရှိဘူး။ အမေကလည်း သားဦးဆိုတော့ အရင် ခွဲကြောင်းတွေလည်း မရှိတဲ့အတွက် ဒီလိုခွဲမွေးလိုက်ရင် နောက်တစ် ယောက်ကိုလည်း ခွဲမွေးရဖို့ များသွားပြီ။ ဒီလို လူနာမျိုးကို ၁၀၀ မှာ ၉၉ ယောက်ကို ရိုးရိုးပဲမွေးပါတယ်"ဟု ၎င်းက ပြောသည်။
ထို့ကြောင့် သားအိမ်ပွင့်ဆေးကို ထည့်သွင်းခဲ့ပြီး မွေးဖွားရန်စောင့်ဆိုင်း ခဲ့သည်ဟု၎င်းက ပြောသည်။ လူနာမှာ နာကျင်သောကြောင့် လူနာရှင်ဘက် မှ ခွဲစိတ်မွေးရန်တောင်းဆိုခဲ့သည့် အတွက် နားလည်စေရန် အခြေအနေ ကို ရှင်းလင်းပြခဲ့သည်ဟု ၎င်းက ပြောသည်။
"အိုဂျီတစ်ယောက် အနေနဲ့ ကြည့်ရင် ဒီကေ့စ်မျိုးကခွဲစိတ်ရမယ့်အထဲမှာ မပါ ပါဘူး။ မခွဲစိတ်ခဲ့တဲ့အတွက် သေဆုံးရတာ မဟုတ်ပါဘူး" ဟု ဒေါက်တာနိုင် ၀င်းက ပြောသည်။
သေဆုံးရသည့် အကြောင်းရင်းမှာ လူနာမှာ ကလေးမွေးဖွားရန် သားအိမ်ဝ ပွင့်ချိန်တွင် ရေမြွှာရေ သွေးကြောတွင်း ရောက်ရှိပြီး ထိုမှတစ်ဆင့် အဆုတ်နှင့် နှလုံးသို့ ရောက်ရှိသွားခဲ့ပြီး သွေးသွားသည့် လမ်းကြောင်းတွင် ရေများဝင်လာသည့်အတွက် သွေးကြော များမှာ ရပ်တန့်၍ ပိတ်သွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
"ရောဂါကြီးကြီးမားမားလည်း မရှိ၊ ထုံဆေးထိုးတာ၊ ညှပ်ဆွဲတာတွေလည်း မရှိတဲ့အတွက် ဒါကြောင့် သေဆုံးရတာလို့ပဲ ယူဆလို့ရ ပါတယ်"ဟု ၎င်းက ပြောသည်။
"ဒီလို ကိစ္စမျိုးက ဖြစ်တောင့် ဖြစ်ခဲပါ။ မွေးလူနာတစ်သိန်းမှာ တစ်ယောက် လောက်ပဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပေါ့လျော့မှု ကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ မခွဲစိတ်လို့ သေရတာလည်း မဟုတ်ပါဘူး"ဟု ၎င်းက ပြောသည်။
မိခင်ဝမ်းအတွင်း ကလေးသေဆုံး ရမှုမှာလည်း မိခင်တွင် ထိခိုက်ဒဏ်ရာ ရခြင်း၊ သွေးဆင်းခြင်း၊ သွေးသွန်ခြင်း မရှိသည့်အတွက် ကလေး၏မွေးရာပါ ချို့ယွင်းချက်ကြောင့် ဖြစ်နိုင်ကြောင်း ဒေါက်တာနိုင်ဝင်းကပြောသည်။ ဆေးရုံက သေဆုံးသည့်အကြောင်းကို သေချာစွာသိရန် ရန်ကုန်ဆေးရုံ ကြီးသို့ ပို့ဆောင်မည် ပြောသော်လည်း ဓလေ့ထုံးစံအရ ရင်ခွဲစစ်ဆေးသည်ကို မလိုလားဘဲ မိသားစုက အလောင်းကို သာ ပြန်လည်ရယူလိုသောကြောင့် ပြန်လည်သယ်ယူကြောင်း၊ ဆေးရုံက လက်မှတ်ရေးထိုးပေးခဲ့ကြောင်း ဦးမြင့်အောင်က ပြောသည်။
"ကျွန်တော်တို့ တရားလည်းမစွဲပါ ဘူး။ ဆေးရုံကို ကုန်ကျစရိတ်တွေ တွက် ပေးဖို့ ပြောတဲ့အခါ လုံးဝမယူတော့ပါဘူး။ ပေးစရာ မလိုဘူးလို့ ပြောတယ်။အိမ်ပြန်ရောက်တော့ ရပ်ကွက်က ဆရာ ၀န်တစ်ဦးဆီက သေဆုံးကြောင်း လက် မှတ်ယူပြီး နောက်တစ်နေ့မှာ ရေဝေး မှာချခဲ့ပါတယ်"ဟု ၎င်းက ပြောကြားသည်။
ဆေးကုသစရိတ်များ တောင်းခံခြင်း မရှိသောကြောင့် မခင်ခင်ဌေး အဆိုပါ ဆေးရုံတွင် တက်ရောက်ကုသခဲ့သည့် ဆေးရုံမှတ်တမ်း များလည်း မရရှိခဲ့ကြောင်း သူကဆက်ပြောသည်။ 
ထိုသို့ သေဆုံးရမှုအပေါ် စိတ်မ ကောင်းသဖြင့် ဆေးရုံဘက်မှ ကျသင့် ငွေကို တောင်းခံခြင်းမပြုခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ ဒေါ်ဌေးဌေးကြည် က ပြောသည်။
အသက် ၂၃ နှစ်အရွယ်ရှိ မခင်ခင်ဌေးသည် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် စီးပွားရေးဆိုင်ရာ အထူးပြုဘွဲ့များ ရယူခဲ့ကာ မကြာ သေးမီးကပင် ရန်ကုန်တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရန် အစပျိုးခဲ့သည်။

Ref:Myanmartime news

အခြားသော ဆေးရုံဆေးခန်းနှင့်ပတ်သက်သောသတင်း-
မွေးဖွား ရမည့် ရက်ကို မှားယွင်း တွက်ချက်ပြီး မွေးဖွား ခဲ့ခြင်းကြောင့် ကလေးငယ် သေဆုံး ခဲ့သည့် ကိစ္စ

သို့ဖြစ်ပါ၍ ကျွန်မ၏ နစ်နာမှုများ၊ ခံစားချက်များအား ပြည်သူလူထု တစ်ရပ်လုံး သိရှိစေရန် အတွက် ကျယ်ကျယ်ပြန့်ပြန့် ဖော် ထုတ် တင်ပြပေးပါရန် ညှိုးငယ်စွာဖြင့် တင်ပြ အပ်ပါသည်။
Ref:themyanmarpost news

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!