Popular Posts!

Wednesday, May 2, 2012

မြန်မာနိုင်ငံ အတွင်းရှိ ရန်ကုန်မြို့တော် အပါအ၀င် မြို့ကြီးများ၌ တစ်နှစ်အတွင်း ၄လခန့် လျှပ်စစ်မီး ပြတ်တောက်မှုရှိမည် ဆိုခြင်းမှာ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွင်း နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေခဲ့၊

Monday, 02 April 2012 11:06

7271b
မတ်လ ၃၁ ရက်နေ့ ညပိုင်း ရန်ကုန်မြို့ မြင်ကွင်း
မြန်မာနိုင်ငံ အတွင်းရှိ ရန်ကုန်မြို့တော် အပါအ၀င် မြို့ကြီးများ၌ တစ်နှစ်အတွင်း ၄လခန့် လျှပ်စစ်မီး ပြတ်တောက်မှုရှိမည် ဆိုခြင်းမှာ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွင်း နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေခဲ့၊ ပြည်သူများ ဖောင်စီးရင်း ရေငတ်မဖြစ်စေရန် အိမ်နီးချင်းနိုင်ငံများသို့ စွမ်းအင် အရင်းအမြစ်များ အလွန်အကျွံရောင်းချ ထားခြင်းကို စဉ်းစားချိန်ဆရန် နယ်ပယ်စုံမှ ထင်ရှားသူများနှင့် ပြည်သူများ တောင်းဆို
မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်မြို့တော် အပါအ၀င် မြို့ကြီးများ၌ တစ်နှစ်အတွင်း လေးလခန့် လျှပ်စစ်မီး ပြတ်တောက်မှု ရှိမည်ဆိုခြင်းမှာ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေခဲ့ပြီး ပြည်သူများအနေဖြင့် ဖောင်စီးရင်း ရေငတ်မဖြစ်စေရန် အိမ်နီးချင်းနိုင်ငံများသို့ စွမ်းအင် အရင်းအမြစ်များ အလွန်အကျွံရောင်းချ ထားခြင်းအား စဉ်းစားချိန်ဆရန် နယ်ပယ်စုံမှ ထင်ရှားသူများနှင့် ပြည်သူများက တောင်းဆိုခဲ့ကြသည်။
“လျှပ်စစ်ပေးတာတော့ သိပ်နည်းတယ်။ အာဆီယံ ၁၀ နိုင်ငံမှာ လျှပ်စစ်က ၃၀ ရာခိုင်နှုန်းပဲ ရှိတယ်။ လျှပ်စစ်လိုအပ်ချက်ကတော့ မြန်မာပြည်က သိပ်ကိုလိုပါတယ်။ လိုသော်လည်း လျှပ်စစ်လိုအပ်ချက်ကို တိုင်းပြည်အတွက်မသုံးဘဲ ရောင်းစားတာတော့ ကျွန်တော်မကြိုက်ဘူး။ ရေအားလျှပ်စစ်ထုတ်လုပ်မှုရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းအတွက် သုံးပါ။ ကျန်တာတော့ ကြိုက်တာလုပ်။ ပိုလို့ရောင်းတယ်၊ လုပ်ပါ။ ၂၅ ကတော့ ပြည်သူအတွက် သုံးပါ။ ဒါဟာ တရားတယ်လို့ ယူဆတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတိုးတက်အောင် လုပ်တာ သဘောတူရမယ်။ ဒါပေမယ့် တိုးတက်အောင် လုပ်တိုင်း သဘာဝပတ်ဝန်းကျင်ကိုတော့ ထိခိုက်မှုနည်းအောင် လုပ်ရမယ်။ ရောင်းတာကရောင်းပါ။ ပြည်သူလူထုအတွက် လည်းစဉ်းစားပါ။ ပြည်သူလူထုအတွက် အနည်းဆုံး ၂၅ ရာခိုင်နှုန်းသုံးပါ။ ကျန်တာတော့ ရောင်းချင်ရောင်း၊ စက်မှုလက်မှုစက်ရုံတွေ လုပ်ချင်လုပ်လို့ အကြံပြုပါတယ်”ဟု Freda ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားခဲ့သည်။

အခုအချိန်မှာ နိုင်ငံတကာက By-election ကို အရမ်း အာရုံစိုက်နေတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေ အကုန်လုံး ရောက်နေတယ်။ ဒီအချိန်မှာ မီးဖြတ်တာ နိုင်ငံ့ဂုဏ်သိက္ခာကို ဘယ်လောက်အထိ ထိခိုက်စေတယ် ဆိုတာကို ဘာမှ တွက်ချက်ထားခြင်း မရှိဘူး။ နောက်တစ်ခုက ဧပြီလ ၁ ရက်နေ့ကစပြီး လစာတိုးထားတယ်။ ငွေကြေးကို float လုပ်ထားတယ်။ Inflation က အရမ်းကြောက်စရာ ကောင်းတဲ့ ဒီလို အခြေအနေမျိုးမှာ မီးကို ရုတ်တရက် ဖြတ်လိုက်တာ တိုင်းပြည်စီးပွားရေးကို အင်မတန်ထိုးနှက်ရာ ကျတယ်။ ပြည်သူလူထုကို မစာနာရာ ရောက်တယ်။

“မြန်မာနိုင်ငံဟာ လျှပ်စစ်တွေ ထုတ်တောင်ရောင်းနေရတာ ဆိုတော့ ပိုလျှံလို့ ထုတ်ရောင်းနေတယ် ဆိုတာ ငြင်းလို့မရဘူးပေါ့။ ဒီလိုဖြစ်ပြီး ပြည်တွင်းမှာ မီးတွေ ခဏ ခဏပျက်နေတာကတော့ ရှက်စရာ ကောင်းပါတယ်။ လျှပ်စစ်အတွက် တောင်းသမျှ ၀န်ဆောင်ခကို ပေးနေရတဲ့ ပြည်သူတွေအတွက်တော့ ၀မ်းနည်းစရာ ကောင်းပါတယ်။ စားသုံးသူတွေဟာ မီတာထိန်းသိမ်းခတွေ ပေးရသလို၊ မီတာခတွေ တိုးတောင်းတိုင်းလည်း ပေးရတာပဲ။ မီတာခတွေ တိုးတောင်းတိုင်း မီးမှန်ပါ့မယ်ပြောနေပြီး မရတော့ အလိမ်ခံရသလို ဖြစ်နေတာပေါ့။ နိုင်ငံတကာမှာတော့ မီးဖြတ်တောက်မယ်ဆိုရင် တောင်းပန်ရတယ်။ ဒီမှာတော့ ဒီမိုကရေစီလို့ ပြောနေပြီး အဲဒီလို တောင်းပန်တာမျိုးလည်း မတွေ့ရဘူး။ သဘာဝဓာတ်ငွေ့တွေဟာ နိုင်ငံတကာမှာ အရင်တုန်းက ရောင်းကုန်မဟုတ်ဘူး။ အခု က ပြည်တွင်းဖူလုံမှ ပြည်ပကို ရောင်းနိုင်တယ်ဆိုပြီး ရောင်းကုန်ဖြစ်လာတာပါ။ မြန်မာနိုင်ငံက ရောင်းနေတယ်ဆိုတော့ စွမ်းအင်တွေ ပိုလျှံနေတယ်လို့ ယူဆနိုင်တယ်။ အခုလို မီးတွေမရတော့ အစိုးရအနေနဲ့ဖြေရှင်းသင့်တယ်”ဟု စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦးက ပြောကြားခဲ့သည်။
7271a
ရွှေသဘာဝဓာတ်ငွေ့ လုပ်ကွက်တစ်ခု
ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးအဖွဲ့မှ အတွင်းရေးမှူး ဦးမောင်မောင်လတ်က “ရန်ကုန်မြို့မှာ အလှည့်ကျ မီးပေးစနစ်ကို ဧပြီလ ၂ ရက်နေ့မှာ ပြန်စပါမယ်။ လူနေရပ်ကွက်တွေမှာ a,b,c သုံးအုပ်စု ခွဲထားပါမယ်။ မနက် ၅ နာရီကနေ ၁၁ နာရီ အထိနှစ်အုပ်စု၊ မနက် ၁၁ နာရီကနေ ညနေ ၅နာရီအထိ နှစ်အုပ်စု၊ ညနေ ၅နာရီကနေ ည ၁၁ နာရီအထိ နှစ်အုပ်စု၊ ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ နှစ်အုပ်စုကို အလှည့်ကျ မီးပေးစနစ်နဲ့ ပေးသွားမှာပါ။ တစ်ရက် ( ၂၄ နာရီ)မှာ မီး ၆ နာရီလာ၊ ၆နာ ရီပြန်ပျက်၊ ၆ နာရီပြန်လာ၊ ၆ နာရီ ပြန်ပျက်တဲ့ စနစ်မျိုး ဖြစ်မှာပါ။ ၂၄ နာရီလျှပ်စစ်မီးရမယ့် အုပ်စုတစ်စုရှိပါမယ်။ အဲဒီအုပ်စုထဲမှာ ဘဏ်၊ အကျဉ်းထောင်၊ လေဆိပ်၊ သံရုံး၊ ရဲ စခန်း၊ ဆက်သွယ်ရေးဌာန၊ ဆေးရုံ တွေစတဲ့ အရေးကြီးနေရာတွေ ပါပါ မယ်။ စက်မှုဇုန်တွေကိုတော့ နှစ်ပိုင်း ခွဲပြီးမီးပေးပါမယ်။ မနက် ၆ နာရီ က ၁၁ နာရီတစ်ပိုင်း၊ ၁၁ နာရီက ညနေ ၄ နာရီတစ်ပိုင်း ခွဲပြီးပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ အလှည့် ကျ မီးပေးစနစ်ကို ခန့်မှန်းခြေ ဇူလိုင်လအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းအတွင်း အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးဝေမှုကို ၂၀၀၉ ခုနှစ်အတွင်းက ဒီဇင်ဘာလမှ ၂၀၁၀ ပြည့်နှစ်ဇွန်လအထိ လည်းကောင်း၊ ၂၀၀၈ ခုနှစ်အတွင်းက ၂၀၀၈ ခုနှစ်နိုဝင်ဘာလမှ ၂၀၀၉ ခုနှစ် ဇွန်လအထိ လည်းကောင်း၊ ၂၀၀၇ ခုနှစ်ခုနှစ်အတွင်းက ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှ ဇွန်လအထိလည်းကောင်း အသီးသီးကျင့်သုံးခဲ့ကြောင်း သိရှိရသည်။
သို့သော်၂၀၁၀ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ်၊ နှစ်ဆန်းပိုင်းကာလများတွင် ရန်ကုန်တိုင်းအတွင်းရှိ လူနေရပ်ကွက် များကို ၂၄ နာရီမီးပေးကာ အလှည့်ကျမီးပေးစနစ်ကို ပြန်လည်စတင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။လက်ရှိအချိန်တွင် ရန်ကုန်မြို့ အတွက် လျှပ်စစ်မီးပေးဝေမှုများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄ ရုံမှရရှိသော လျှပ်စစ်ဓာတ်အားများနှင့် မဟာဓာတ်အား လိုင်း (National Grip) မှ ဓာတ်အားများကို ရယူကာ ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
7271
ကျောက်ဖြူမှ ယူနန်သို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု လုပ်ငန်းခွင်တစ်နေရာ
“လက်ရှိရန်ကုန်မှာ အလှည့်ကျ မီးပေးတာထက် အပြည့်အ၀ပေးနိုင်ရင် ပိုကောင်းပါတယ်။ ရန်ကုန် ရဲ့ လျှပ်စစ်မီးလိုအပ်ချက်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုလာတယ်။ အထူးသဖြင့် ရန်ကုန်မှာ မီးမလာရင် ဘာမှလုပ်မရတော့ဘူး။ ရေတောင်ချိုးလို့ မရတော့ဘူး။ ထမင်းလည်း ချက်မရတော့ဘူး။ အထပ်မြင့်တိုက်တွေနဲ့ ပြွတ်သိပ်ကြပ်နေတဲ့ နေရာတွေမှာ ပန်ကာ၊ အဲယားကွန်းမရှိရင် လူတွေ မနေနိုင်ကြတော့ဘူး။ အဲဒီအတွက် မီးအပြည့်အ၀ရဖို့ လိုတယ်။ နောက်တစ်ခု က ဘဏ်လုပ်ငန်းတွေ၊ ငွေလွှဲလုပ်ငန်းတွေ၊ လိုင်စင်လုပ်ငန်းတွေမှာ e-banking ၊e-government စနစ်တွေနဲ့ ဆောင်ရွက်နေချိန်မှာ လျှပ်စစ်မီး မရှိရင် အပြည့်အ၀မရရင် လုပ်ငန်းတွေအားလုံး အလုပ်မဖြစ်တော့ဘူး။ ဒီတော့ ရန်ကုန်အတွက်က မီးအပြည့်အ၀ ရဖို့လိုတယ်”ဟု လည်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိဓာတ်အား စနစ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အ၀ပေးနိုင်ရန် လိုအပ်ချက်ပမာဏ မှာ ၁၅၅၅ ဒသမ ၂၅ မဂ္ဂါဝပ် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု တစ်ဝန်းလုံးရှိ ဓာတ်အားပေးစက်ရုံ ၃၁ ရုံမှ ၃၀၄၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲသူများအတွက် လျှပ်စစ်ဓာတ်အား အပြည့်အ၀ပေးနိုင်ရန် လိုအပ်ချက်ပမာဏမှာ ၁၅၅၅ ဒသမ ၂၅ မဂ္ဂါဝပ် ဖြစ်သည်ဟုသိရပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် လိုအပ်ချက် ပမာဏမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးအနက် အများဆုံးဖြစ် ကာ လိုအပ်ချက်ပမာဏမှာ ၆၆၆ ဒသမ ၇၈ မဂ္ဂါဝပ် ဖြစ်သည်ဟု သိရသည်။

အရင်မှားခဲ့တဲ့ အမှားတွေကြောင့် ဒီလိုပြဿနာမျိုး ရင်ဆိုင်နေရတာပါ။ အဓိက ကတော့ Decision Maker တွေကို အောက်ကလူတွေက မှန်မှန်ကန်ကန် မတင်ပြခဲ့ဘူး။ ဒီကြားထဲခိုးတဲ့သူက ရှိသေးတယ်

“ဒီမိုကရေစီခေတ်လို့သာ ပြောတယ်။ ၀န်ကြီးဌာနတွေနဲ့ တော်တော်များများမှာ အခုထက်ထိ ဒီမိုကရေစီ အနှစ်သာရကို မတွေ့နိုင်သေးဘူး။ ဒီကိစ္စမျိုးက တစ်ပြည်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ။ မီးကိစ္စက ကြိုတင် plan ရှိရမယ်။ ကြိုတင်ကြေညာရမယ်။ ဘာကြောင့်ပျက်တယ် ဆိုတာပြောရမယ်။ ဘယ်လို အခြေအနေကြောင့် ဒီလိုတစ်နှစ်ကို လေးလလောက် ဖြတ်ပစ်မယ်ဆိုတာ ပြောရမယ်။ အခုတော့ ဘာတစ်ခုမှ မပြောဘဲနဲ့ မီးကိုလေးလအထိ ဖြတ်မယ်။ ဒါဟာ ဒီမိုကရေစီ အစိုးရတစ်ရပ်ရဲ့ ၀န်ကြီးဌာနတစ်ခု အနေနဲ့ ပြည်သူလူထုနဲ့ အများကြီးဆိုင်တဲ့ကိစ္စကို ဒီလိုမလုပ်သင့်ဘူး။ အခုအချိန်မှာ နိုင်ငံတကာက By-election ကို အရမ်း အာရုံစိုက်နေတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေ အကုန်လုံး ရောက်နေတယ်။ ဒီအချိန်မှာ မီးဖြတ်တာ နိုင်ငံ့ဂုဏ်သိက္ခာကို ဘယ်လောက်အထိ ထိခိုက်စေတယ် ဆိုတာကို ဘာမှ တွက်ချက်ထားခြင်း မရှိဘူး။ နောက်တစ်ခုက ဧပြီလ ၁ ရက်နေ့ကစပြီး လစာတိုးထားတယ်။ ငွေကြေးကို float လုပ်ထားတယ်။ Inflation က အရမ်းကြောက်စရာ ကောင်းတဲ့ ဒီလို အခြေအနေမျိုးမှာ မီးကို ရုတ်တရက် ဖြတ်လိုက်တာ တိုင်းပြည်စီးပွားရေးကို အင်မတန်ထိုးနှက်ရာ ကျတယ်။ ပြည်သူလူထုကို မစာနာရာ ရောက်တယ်။ အခုနိုင်ငံတကာ image ဘယ်လောက် ထိခိုက်တယ်၊ တိုင်းပြည်စီးပွားရေး ဘယ်လောက်နစ်နာ စေတယ် ဆိုတာကို တွက်ချက်ကြည့်ပါဦး။ အရင် အစိုးရလိုပဲ ဖြတ်လိုက်ပြီဟေ့၊ မလာတော့ဘူးဟေ့။ ဒီလိုပြောလို့ မရနိုင်ဘူး။ အချိတ်အဆက်တွေက အများကြီးရှိတယ်။ ကွင်းဆက်တွေက အများကြီးရှိတယ်။ ဒီတစ်နှစ်ကို လေးလမီးပြတ်တဲ့ ကိစ္စဟာ အရင်တုန်းကလို ယူဆလို့မရဘူး။ တိုင်းပြည်အတွက် Impact တော်တော်ကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆိုးတဲ့သူတွေကြောင့် ကောင်းတဲ့သူတွေကို ၀ါးလုံးရှည်နဲ့ သိမ်းကြုံးမဝေဖန်ချင်ပါဘူး။ အဓိက တာဝန်ရှိတဲ့ သူတွေအနေနဲ့ လူကြီးလူကောင်း ပီပီသသ ကိုယ့်တာဝန်ကိုယ် ယူပေးကြရင် ဒီမိုကရေစီစနစ် အတွက် အစဉ်အလာကောင်း ဖြစ်သွားပါလိမ့်မယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံတော်က တည်ဆောက်လျက်ရှိသော ရေအားလျှပ်စစ်စီမံကိန်း ၁၆ ခုရှိပြီး ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း လေးခု၊ ၂၀၁၁ ခုနှစ်အတွင်း ငါးခု၊ ၂၀၁၂ ခုနှစ်အတွင်း သုံးခု၊ ၂၀၁၅ခုနှစ်အတွင်း တစ်ခုနှင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြီးစီးမည့် စီမံကိန်း သုံးခုတို့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်ရန် ဖြစ်နိုင်စွမ်းရှိသည့် ရေအရင်းအမြစ် ၃၀၀ ကျော်ရှိကြောင်း သိရသည်။
ယင်းအရင်းအမြစ်များမှ ရရှိနိုင်သော လျှပ်စစ်စက်တပ်ဆင်အားမှာ စုစုပေါင်း ၄၆၀၀၀ မဂ္ဂါဝပ်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တည်ဆောက်ရန် ဖြစ်နိုင်စွမ်းရှိသည့် ရေအရင်းအမြစ်များမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)တို့တွင် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေအရင်းအမြစ်များ ကို အခြေခံ၍ စီမံကိန်းများ အကောင်အထည်ဖော်နိုင်သည့် အရေအတွက် မှာ ၉၀ ကျော်ရှိပြီး ယင်းစီမံကိန်းများမှ စက်တပ်ဆင်အား မဂ္ဂါဝပ် ၄၆၀၀၀ ကျော် ထုတ်ယူရရှိနိုင်မည် ဖြစ်သည်ဟု သိရသည်။
ရေအားလျှပ်စစ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်တွင် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ အမ်းချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ လေးမြို့ ရေအားလျှပ်စစ်စီမံကိန်း၊ စိုင်းဒင် ရေအားလျှပ်စစ်စီမံကိန်း စသည့် ရေအားလျှပ်စစ် စီမံကိန်းများအား တည်ဆောက်နေကြောင်း သိရှိရသည်။
ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်များ၏ ၉၀ ရာခိုင်နှုန်းအား ထိုင်းနိုင်ငံသို့ ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“နောက်ဆုံး ကြားလိုက်တာ ဟတ်ကြီးရေကာတာက ၉၀ ရာခိုင်နှုန်းကို ထိုင်းကို ရောင်းမယ်ပေါ့။ ၁၀ ရာခိုင်နှုန်းက ဘာမှန်းမသိသေးဘူး။ ထိုင်းကို ရောင်းမယ်ပဲ သိသေးတယ်။ ၁၀ ရာခိုင်နှုန်း ကျန်တာလည်း လာအိုကို ရောင်းလိုက်တယ် ဆိုပါစို့။ ဒီမှာ တစ်ခုမှရမှာ မဟုတ်ဘူး။ အဲဒီလို ကမောက်ကမ ဖြစ်နေတာကတော့ တော်တော်လေးကို များနေပြီ။ တိုင်းပြည် ထူထောင်ရေး အတွက်၊ ရှေ့ကိုကောင်းတဲ့ စီမံကိန်းကြီးတွေ လုပ်ဖို့အတွက် အရင်တုန်းက ပျက်ခဲ့တာတွေကို ပြန်ပြင်နေရတာနဲ့ နိုင်ငံပြန်လည် ထူထောင်ရေးမှာ အများကြီးနစ်နာတယ်လို့ မြင်တယ်။ ဖြစ်သင့်တာကတော့ ဘာပဲပြောပြော ဒီနိုင်ငံရဲ့ အရင်းအမြစ်တွေ အားလုံးက ဒီနိုင်ငံ က ခံစားရမှာပေါ့။ ပိုမှရောင်းရမှာ ပေါ့။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်ရမယ်။ နိုင်ငံခြားငွေလည်း ရလိုမှုအတွက် ဒါလည်းလိုတာပဲ တိုင်းပြည်က။ ပြည်သူလူထု ကိုပဲ ပေးပြီးတော့ အခွန်အတုပ်မရှိရင်လည်း မဖြစ်ဘူး။ ဒါပေမယ့် ဒီလောက် များများစားစားကြီး ထုတ်ပြီးတော့ အမှောင်ချထားမယ်။ အငတ်ထားမယ်ဆိုလည်း မဟုတ်သေးဘူး။ အရင်တုန်းက ပြည်သူတွေမကြိုက်တဲ့ အုပ်ချုပ်ရေးရဲ့ ဆိုးမွေတွေလို့ ထင်တာပဲ။ အခုနိုင်ငံတော်ရဲ့ သဘာဝသယံဇာတ ကို နိုင်ငံတော်က ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်ဆိုတာ ဖွဲ့စည်းပုံထဲမှာ ပါလာပြီ။ ဖွဲ့စည်းပုံအရ ရပိုင်ခွင့်တွေကို သေချာလေ့လာပြီး ရပိုင်ခွင့်တွေကို ရအောင်ယူရမယ်။ နိုင်ငံ ရဲ့ယိုပေါက်တွေ၊ ပြည်သူတွေ မခံစားရတဲ့ကိစ္စတွေကို ရအောင်ပြန်ယူရမယ်”ဟု MBNS ဥက္ကဋ္ဌဦးစိုးညွန့်က ပြောပါသည်။

ငယ်ငယ်က သင်ခဲ့ရတဲ့ ရေနံမြေလုပ်သားတွေရဲ့ ဘ၀လိုပါပဲ။ ကျွန်တော်တို့တွေ ဖောင်စီးရင်း ရေငတ်နေရတယ်။ စွမ်းအင်ရင်းမြစ်တွေ အကုန်လုံးကို မရောင်းပါနဲ့တော့။ ၁၉၉၇ ခုနှစ်ဝန်းကျင်မှာ လျှပ်စစ်ဝန်ကြီးဌာန စတင်ပေါ်ပေါက်လာပြီး အခု ၁၅ နှစ်နီးပါး ရှိလာတဲ့အထိ လျှပ်စစ်မီးရရှိမှု ဘာမှမထူးဘူး။ အမှောင်ထဲမှာပဲ နေနေရတဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ဘ၀တွေကို စာနာကြည့် ကြပါ..

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ၏ ၆၅ ရာခိုင်နှုန်းမှာ သဘာဝ သယံဇာတနှင့် ရေအားလျှပ်စစ် စီမံကိန်းကြီးများရှိရာ ရခိုင်၊ ကချင်၊ ရှမ်း စသည့် ပြည်နယ်များတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် ထို့အတူ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောင်းချမည့် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့များကို ရခိုင်ပြည်နယ်ရှိ ပြည်သူများ အသုံးပြုနိုင်ရန် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ကိုရီးယားနိုင်ငံဒေ၀ူး အင်တာနေရှင်နယ် ကော်ပိုရေးရှင်း ဦးဆောင်သည့် စီမံကိန်းဆိုင်ရာ အစုရှယ်ယာရှင်များနှင့် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ မြို့များတွင် လျှပ်စစ်မီး အခက်အခဲကို ယနေ့တိုင် ကြုံတွေ့နေရဆဲ ဖြစ်ပြီး စစ်တွေမြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိသော်လည်း မီတာခမြင့်မားစွာ ကောက်ခံသည့်ဒဏ်ကို အများပြည်သူ ခံစားနေရကြောင်း၊ လမ်းမီးခများနှင့် မီတာထိန်းသိမ်း စောင့်ရှောက်ခများကို ထည့်သွင်း ကောက်ခံလာသည့် အပြင် တစ်ယူနစ်လျှင် ကျပ် ၄၅၀ ဖြင့် ကောက်ခံနေသည်ဟု သိရသည်။
လက်ရှိ လျှပ်စစ်မီးဖြန့်ဖြူးနေရာတွင် ရခိုင်ပြည်နယ်၏ မြို့အားလုံးတွင် တစ်အိမ်ထောင်လျှင် တစ်လ လျှပ်စစ် ၁၀ ယူနစ်စာအား အိမ်သုံးတစ်ယူနစ် ကျပ် ၃၅ နှုန်း၊ စီးပွား ရေးသုံး ကျပ် ၇၅ နှုန်းဖြင့် သုံးစွဲခွင့်ရပြီး ၁၀ ယူနစ်အထက် သုံးစွဲလျှင် အပိုတစ်ယူနစ်အတွက် ကျပ် ၄၀၀ မှ ကျပ် ၅၀၀ အထိ မြို့နယ်အလိုက် မတူကွဲပြားစွာ ပေးရကြောင်းလည်း သိရှိရပါသည်။
လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်း သာ ရှိသေးကြောင်း၊ ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၃၉၀၀ ကျော်ရှိကာ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုမှာ မဂ္ဂါဝပ် ၁၅၀၀ ကျော်သာ ရှိသေးကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ်အတွင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့ကို အများဆုံး တင်ပို့ထားပြီး ပြည်ပပို့ကုန်၏ ၄၀ ရာခိုင်နှုန်းအထိ ကို တင်ပို့နေခြင်းဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၁၀ ပြည့် နှစ်အတွင်း သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏမှာ ၂၈ ရာခိုင်နှုန်းအထိ တိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ ရေမြေ အနေအထားနှင့် အိမ်နီးချင်းနိုင်ငံ အချို့၏ စွမ်းအင်လိုအပ်ချက်များ ဖြစ်ပေါ်လာမှုကြောင့် မြန်မာနိုင်ငံသည် သဘာဝ ဓာတ်ငွေ့တင်ပို့မှုတွင် ထိပ်တန်းနိုင်ငံ တစ်ခုဖြစ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ သဘာဝဓာတ်ငွေ့ အပါအ၀င် ပို့ကုန်များကို ပြည်ပသို့ တင်ပို့ရာတွင် အာရှနိုင်ငံများသို့ အများဆုံး တင်ပို့နေခြင်း ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံစွမ်းအင် သုံးစွဲမှုပမာဏ၏ ၃၀ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံမှ ရရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။
သဘာဝဓာတ်ငွေ့သည် မြန်မာနိုင်ငံ၏ တင်ပိုမှု့ အများဆုံး ပို့ကုန်တစ်ခုဖြစ်လာပြီး သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ကျပ်သန်း ၁ သောင်း ၅ ထောင် ကျော် အထိ နိုင်ငံခြားငွေ အများဆုံး ရရှိလာသည့် ပို့ကုန်ပစ္စည်းတစ်မျိုး ဖြစ်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
အလားတူ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် မော်ကြီးကျေးရွာမှ ထိုင်းနိုင်ငံ ကန်ချဘူရီခရိုင် ဘန်အီတောင် ဒေသအထိ သွယ်တန်းသွားမည် ဖြစ်ကြောင်းနှင့် စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ကနဦးတစ်နေ့လျှင် ကုဗပေသန်းပေါင်း ၂၄၅သန်းခန့်ကို တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်း ဓာတ်ငွေ့ကုဗပေ သန်း ၆၀ ခန့်ကို ပြည်တွင်းသုံး အတွက် ပို့လွှတ်သွားမည်ဖြစ်ကြောင်း PTTEPI ရေနံကုမ္ပဏီမှရရှိသော သတင်းများအရ သိရှိရသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍမှ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ရေနံစိမ်း စည်သန်း ၆ ဒသမ ၉၆ သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၄၃၉၆၁၄ ဒသမ ၈၅ သန်း ထုတ်လုပ်ခဲ့ပြီး ဇောတိက၊ ရွှေ၊ ရွှေဖြူ၊ မြ သဘာဝဓာတ်ငွေ့မြေများမှ ဓာတ် ငွေ့များကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် စတင် တင်ပို့ရောင်းချရန် ပြင်ဆင်နေကြောင်း သိရသည်။ထိုင်းနိုင်ငံသို့ ရတနာသဘာဝ ဓာတ်ငွေ့မြေနှင့် ရဲတံခွန်သဘာဝ ဓာတ်ငွေ့မြေများမှ ဓာတ်ငွေ့များကို ၁၉၉၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်များ တွင် စတင် တင်ပို့ရောင်းချခဲ့ကြောင်း၊ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ ထိုင်းနိုင်ငံသို့ ၃၆ လက်မ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၇၀၀ ခန့် နေ့စဉ်ပေးပို့ရောင်းချနေပြီး ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ၂၄ လက်မပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၆၀ ခန့် နေ့စဉ်ပေးပို့ ရောင်းချလျက်ရှိကြောင်း သိရပါသည်။
တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည့် ရွှေ၊ ရွှေဖြူ၊ မြ စသည့်သဘာဝ ဓာတ်ငွေ့မြေ အသီးသီးတို့တွင် သဘာဝဓာတ်ငွေ့ ပမာဏ ၄ ဒသမ ၅၃၂ တီစီအက်ဖ် ခန့်ရှိကြောင်း ခန့်မှန်းထားပြီး တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ပိုက်လိုင်း သွယ်တန်းလျက် ရှိကြောင်း၊ ထို့အတူ ရတနာ သဘာဝဓာတ်ငွေ့သိုက် အနီးတွင် စိန်နှင့်ပတ္တမြား သဘာဝ ဓာတ်ငွေ့သိုက်များကို ထပ်မံတွေ့ရှိထားပြီး ရတနာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစင်ဖြင့် ပေါင်းစည်းထုတ်ယူနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရပါသည်။
လက်ရှိ ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချနေသော ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့မြေများသည် မုတ္တမကွေ့အနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံသို့ပင် တင်ပို့ရောင်းချရန် သဘောတူညီချက် ရထားသော ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှာလည်း မုတ္တမကမ်းလွန်ဒေသတွင် တည်ရှိကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် သဘောတူညီချက် ရထားသော ရွှေ၊ ရွှေဖြူ၊ မြ သဘာဝဓာတ်ငွေ့မြေ များမှာ ရခိုင်ကမ်းလွန်တွင် တည်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်တွင် စတင် တင်ပို့ရောင်းချမည့် အဆိုပါဓာတ်ငွေ့မြေများမှ ပိုက်လိုင်းများ သွယ်တန်းရာတွင် တရုတ်နိုင်ငံသို့ ၄၀ လက်မ ပိုက်လိုင်းဖြင့် သွယ်တန်းမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ၂၈ လက်မ ပိုက်လိုင်းဖြင့် သွယ်တန်းပို့လွှတ် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
“အခုလျှပ်စစ် ကိစ္စလိုမျိုးဖြစ်တာ က တကယ်မပေးနိုင်တဲ့ အခြေအနေဖြစ်လို့ ဆိုတာ ယုံကြည်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့စွမ်းအင် အရင်းအမြစ်တွေကို ထုတ်ရောင်းစားလို့ ဖြစ်လာတာပါ။ ရောင်းထားတယ် ဆိုတာကလည်း အခုလိုမျိုး ဖြစ်မှန်းမသိခဲ့လို့ လုပ်ထားတာလို့ ယူဆပါတယ်။ ကိုယ့်အရင်းအမြစ်က ထုတ်လုပ်တဲ့ ပမာဏကို ကိုယ်တောင် အပြည့်အ၀ မသုံးနိုင်ဘူး။ ရောင်းထားတာကလည်း တစ်ပိုင်း။ ကျန်တဲ့ပမာဏကိုလည်း ပြည်တွင်းမှာ အပြည့်အ၀ မသုံးနိုင်ဘူးဖြစ်နေတယ်။ ဓာတ်ကြိုးတို့ ထရန်စဖော်မာတို့လို အခြေခံ အဆောက်အဦးပိုင်းတောင် ပြည့်ဝအောင် မလုပ်နိုင်ဘူး။ ဒါတွေက Mismanagement ဖြစ်လို့ Planning ပိုင်းအားနည်းလို့ဖြစ်တာ။ အဲဒီတော့ အရည်အသွေး မပြည့်ဝဘူး။ ဒါပေမယ့် နောက်ပိုင်း ဒီလိုမျိုး မရတော့ဘူး။ ဥပမာ-ရခိုင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို သူတို့ဆီက တစ်ဆင့် တရုတ်ကို ဓာတ်ငွေ့ပိုက်လိုင်းသွယ်ပြီး ရောင်းမယ် ပြောတယ်။ နောက်တော့ လွှတ်တော်အမတ်တွေ ပြောတာနဲ့ အခုရခိုင်က တချို့တစ်ဝက်သုံးလို့ ရဖို့ဖြစ်လာတယ်။ နဂိုကတည်းက ဒီလိုမျိုး ထည့်စဉ်းစားသင့်တယ်။ တိုင်းပြည်က မချမ်းသာပေမယ့် ကိုယ့်အတွက်ကို ထည့်စဉ်းစားသင့်တယ်။ အခု ရန်ကုန်မြို့တော်ကြီးတောင် ဒီလိုဖြစ်လာတယ် ဆိုတာ မဖြစ်သင့်ဘူး။ အရင်မှားခဲ့တဲ့ အမှားတွေကြောင့် ဒီလိုပြဿနာမျိုး ရင်ဆိုင်နေရတာပါ။ အဓိက ကတော့ Decision Maker တွေကို အောက်ကလူတွေက မှန်မှန်ကန်ကန် မတင်ပြခဲ့ဘူး။ ဒီကြားထဲခိုးတဲ့သူက ရှိသေးတယ်။ အဲဒီတော့ စီမံကိန်း တော်တော်များများ ကမှန်းထားသလို ထင်ထားသလို ဖြစ်မလာဘူး။ စီးပွားရေးအရ ကြည့်ရင်လည်း ညံ့ဖျင်းတဲ့ရလဒ်တွေဖြစ်လာ တယ်။ အဲဒီတော့ အခုနောက်ပိုင်းမှာ မှန်ကန်အောင် တွေးနိုင်ဖို့အောက်က လူတွေက မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်ဖို့လိုသလို Decision Maker တွေကလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်အောင် ကြိုးစားသင့်ပါတယ်”ဟု ပါမောက္ခ ဒေါ်ရီရီမြင့်က သုံးသပ်ပါသည်။
“ကျွန်တော်တို့ လှိုင်သာယာ စက်မှုဇုန်မှာက မတ်လဆန်းလောက် ကစပြီး လျှပ်စစ်မီးပေးချိန်က နှစ်နာရီပျက် နှစ်နာရီလာစနစ်နဲ့ ဖြစ်နေပါတယ်။ မနှစ်တုန်းကဆို အလှည့်ကျ ပျက်ပေမယ့် ဇုန်အလိုက်ခွဲပြီး မနက် ၈ နာရီကနေ ညနေ ၃ နာရီ အထိပေးခဲ့တော့ ခံသာသေးတယ်။ အခုက နှစ်နာရီပျက် နှစ်နာရီလာဆို တော့ ထုတ်လုပ်မှုအပိုင်းမှာ အပျက်အစီး အများကြီးကြုံရတယ်။ မီးစက်နဲ့မောင်းရတော့ အကုန်အကျ ပိုများပေမယ့် တစ်ဖက်မှာကျတော့ ဈေးတင်လို့မရပါဘူး။ တစ်နေ့ကို မီးစက်မောင်းတာ ဆီတစ်ပေပါကုန်တယ်။ ဟိုတလောက သတင်းစာထဲမှာ မိန့်ခွန်းတစ်ခု ဖတ်လိုက်ရတယ်။ မြန်မာလုပ်ငန်းရှင်တွေက နည်းပညာ အခက်အခဲကြောင့် တရုတ်ထုတ်ကုန်တွေ လောက်ဈေးမလျှော့နိုင်ဘူးလို့ ပြောတယ်။ နည်းပညာ အခက်အခဲထက် အခုလို အခက်အခဲပေါင်းစုံနဲ့ ကြုံရ တာတွေ စက်မှုဇုန်မြေကွက်ဈေးတွေ အဆမတန် တက်နေတာတွေကြောင့် ဒီစက်မှုဇုန်လုပ်ငန်းတွေက ဘယ်လိုလုပ်ပြီး ဖွံ့ဖြိုးလာနိုင်မှာလဲ။ အိမ်နီးချင်းနိုင်ငံတွေကို လျှပ်စစ်တွေ ရောင်းစားနေတာ ကိုယ့်ပြည်တွင်းမှာ ဖူလုံ မှ ပိုလျှံမှသာ ရောင်းစားသင့်တယ်။ ကိုယ့်ပြည်တွင်းမှာ လျှပ်စစ်မီးဖူလုံတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ပြောတာတွေက ရွှန်းရွှန်းဝေ နေပေမယ့် တကယ့်လက်တွေ့မှာ အရင်ပုံစံပဲ ဘာမှမပြောင်းလဲဘူး”ဟု လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင် ဦးသန်းစိုးက ပြောပါသည်။
“ ခွဲမယ်စိတ်မယ်ဆို ရင် စက်ကိရိယာတွေ သုံးရတဲ့အတွက် မီးမလာရင် လုပ်လို့မရဘူး။ ၂၄ နာရီ စောင့်ကြည့်ရမယ့် လူနာတွေ၊ အချိန် မရွေးထဖောက်နိုင်တဲ့ လူနာတွေ၊ အောက်ဆီဂျင် ပေးထားရတဲ့ လူနာတွေဆိုရင် မီးမရှိလို့မရဘူး။ ဓာတ်ခွဲခန်းတွေ ဆိုတာကလည်း မီးရှိမှရတာ။ ရန်ကုန်မြို့က ဆေးရုံကြီးတွေမှာက မီးပျက်သွားရင်လည်း အရန်အနေနဲ့ မီးစက်တွေ၊ Generator တွေ အသုံးပြုလို့ရပေမယ့် နယ်တွေမှာဆိုရင် ဒီလိုစက်တွေရှိတာ တော်တော် နည်းပါတယ်။ ခွဲစိတ်နေတဲ့အချိန် မီးပျက်သွားလို့ ချက်ချင်းမလုပ်နိုင်ရင် လူနာအတွက် အန္တရာယ်ရှိပါတယ်။ အများပြည်သူအတွက် အသုံးပြုနေတဲ့ နေရာတွေကိုတော့ ပြည့်ပြည့်၀၀ ပေးစေချင်ပါတယ်။ မြန်မာနိုင်ငံက သူများနိုင်ငံတွေလို လျှပ်စစ်ကို ၀ယ်သုံးရတဲ့နိုင်ငံ မဟုတ်ပါဘူး။ ဆေးရုံတွေမှ မဟုတ်ပါဘူး။ စက်ရုံအလုပ်ရုံ တွေကအစ လူနေအိမ်တွေအဆုံး လူတိုင်းလိုအပ်နေတာပါ။ မြန်မာနိုင်ငံ မှာ တချို့လျှပ်စစ်မရသေးတဲ့ နေရာတွေ၊ လျှပ်စစ်တစ်ယူနစ်ကို ဈေးကြီးပေးပြီး သုံးနေရတဲ့နေရာတွေ အများကြီးရှိပါတယ်။ ဒီလိုနေရာတွေအတွက် ဖြည့်ဆည်းပေးနိုင်အောင် လုပ်ပေးစေချင်ပါတယ်”ဟု အငြိမ်းစား ဆေးရုံအုပ်ကြီး တစ်ဦးဖြစ်သူ ဒေါက်တာအောင်လွင်က ပြောပြခဲ့သည်။“သံလွင်မြစ်ပေါ်မှာ ဆောက်မယ့် ဟတ်ကြီးရေအားလျှပ်စစ်ကို ထိုင်းနိုင်ငံကို ရောင်းမယ်ဆိုတဲ့ သတင်းဖတ်လိုက်ရတယ်။ မြစ်ဆုံကဟာလည်း တရုတ်ကိုရောင်းထားတယ်။ ကျွန်တော်တို့နိုင်ငံမှာ ထွက်သမျှ လျှပ်စစ်တွေကို သူများနိုင်ငံ မီးလင်းဖို့အတွက် ရောင်းစားနေပြီး အခု ကျွန်တော်တို့နိုင်ငံမှာ ကျတော့ မီးပျက်နေတယ်။ မီးမလာလို့ ရေမရှိကြဘူး။ ဒါတောင် မြို့ပေါ်မှာနေလို့ မီး မြင်ရတာ။ နယ်တွေ သွားကြည့်ပါလား မီးမရသေးတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ ဒါတွေကို သူတို့တွေ မသိတာလား မသိချင်ယောင်ဆောင် နေတာလား သူတို့ပဲသိပါတယ်။ ကိုယ့်နိုင်ငံကပိုလျှံလို့ သူများကိုပေးတယ်ဆိုရင် ကြားကောင်းသေးတယ်။ အခု ကကိုယ့်နိုင်ငံမှာ ဒီလောက် လိုအပ်နေတဲ့နေရာတွေ အများကြီးရှိနေရဲ့သားနဲ့ သူများကိုရောင်းစားတော့ ကျွန်တော်တို့က ဘာတတ်နိုင်မှာလဲ။ အမှောင်ထဲမှာ နေရုံပဲ ရှိတော့တာပေါ့။ ပြည်သူတွေဘက်ကိုလည်း နည်းနည်းလောက် ပြန်ကြည့်ပါဦးလို့ပဲ ပြောချင်ပါတယ်”ဟု ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတစ်ခုမှ ဦးဝင်းနိုင်က ဆိုပါသည်။
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏတွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၃၉၄၇ ဖြင့် နံပါတ်တစ်နေရာတွင် ရှိနေကြောင်း သိရှိရသည်။
ယင်းစာရင်းဇယားများအရ တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း ၃၃ ခု ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာသန်း ၁၃၉၄၇ ဒသမ ၁၄၆ ဖြင့် ပထမနေရာ၌ ဦးဆောင်နေကာ ထိုင်းနိုင်ငံမှ ကုမ္ပဏီ ပေါင်း ၆၁ ခု လာရောက်ရင်းနှီးမြှုပ် နှံထားပြီး စုစုပေါင်း ပမာဏ အမေရိကန်ဒေါ်လာ ၉၅၆၈ ဒသမ ၀၉၃သန်း ဖြင့် ဒုတိယနေရာနှင့် ဟောင်ကောင်မှ ကုမ္ပဏီပေါင်း ၃၈ ခု လာရောက် ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုပမာဏ ၆၃၀၈ ဒသမ ၄၉၅ သန်း ရှိကြောင်း သိရှိရသည်။
လတ်တလော အခြေအနေတွင် ရင်းနှီးမြုပ်နှံမှု ပမာဏနှင့် ရင်းနှီးမြုပ်နှံသည့် နယ်ပယ်များကို လေ့လာကြည့်ပါက စွမ်းအင်ကဏ္ဍတွင် အများဆုံး ဖြစ်နေပြီး စုစုပေါင်း ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၈၈၇၃ ဒသမ ၇၂၀ သန်းဖြင့် ပထမ၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် စုစု ပေါင်း ရင်းနှီးမြုပ်နှံမှုပမာဏ ၁၃၈၁၅ ဒသမ ၃၇၅ ဖြင့် ဒုတိယ၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် စုစုပေါင်းပမာဏ ၂၇၉၄ ဒသမ ၄၆၃ ဖြင့် တတိယ စသည်ဖြင့် အသီးသီးရှိနေကြောင်း သိရသည်။
“လျှပ်စစ်မီးတွေ အလှည့်ကျပျက်တဲ့ အချိန်ဟာ FDI စီးဝင်ဖို့ စီးပွားရေး ဖွံ့ဖြိုးဖို့၊ စက်မှုဖွံ့ဖြိုးဖို့ အာဆီယံ အိမ်ရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့အချိန် ဖြစ်တဲ့အတွက် နိုင်ငံပုံရိပ်ကို ထိခိုက်စေတာကတော့ သေချာတာပေါ့။ အရင်တုန်းက စက်မှုလုပ်ငန်းရှင်တွေက လျှပ်စစ်မီးမရတဲ့ ကိစ္စကို အိုးအိမ်နဲ့ တစ်လျှောက်လုံး ပြောလာခဲ့ရတာ အခုလိုအချိန်မှာက အားလုံး နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ၊ စက်မှုလက်မှု အရပါ အားယူပြီး အင်နဲ့အားနဲ့ လုပ်ရမယ့်အချိန်မှာ အလှည့်ကျ မီးပေးတဲ့စနစ်က သေချာပေါက် ထိခိုက်နစ်နာတယ်။ လျှပ်စစ်မီးမှာ နည်းပညာပိုင်းက ကြည့်ရင် Supply Management နဲ့ Demand Management ဆိုတာရှိတယ်။ လျှပ်စစ်မီးမရတာ၊ ထုတ်လုပ်မှု မလောက်လို့ ဆိုတာမျိုး တစ်ခုတည်း မဟုတ်ဘူး။ ရတာကို စီမံခန့်ခွဲနိုင်ဖို့လည်း အရေးကြီးပါတယ်”ဟု ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်ဇော်က သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်း နှီးမြုပ်နှံမှု တိုးတက်လျက်ရှိပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ အထိ စုစုပေါင်း ရင်းနှီးမြုပ်နှံမှုပမာဏ သန်း ၄၀၀၀၀ ကျော်ရှိကာ လျှပ်စစ် ကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု ၄၆ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍ တွင် ၃၄ ရာခိုင်နှုန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ၆ ဒသမ ၃ ရာခိုင် နှုန်း ပါဝင်နေပြီး အခြားထုတ်လုပ်မှု ၀န်ဆောင်မှုကဏ္ဍတွင် နည်းနေသေးကြောင်း သိရှိရသည်။
“အဓိက က ကျွန်တော်တို့ နိုင်ငံမှာလိုနေတာ Policy ကြီးသုံးခု ခိုင်ခိုင်မာမာ၊ ညီညီညွတ်ညွတ်ပေါ်ဖို့ လိုတယ်။ (၁)က စီးပွားရေးပေါ်လစီ၊ (၂)က ပတ်ဝန်းကျင်ရေးရာ ပေါ်လစီ၊ (၃)က စွမ်းအင်ပေါ်လစီ၊ ဒီသုံးခု အခြေခိုင်ဖို့ လိုတယ်။ စီးပွားရေးနဲ့ ပတ်ဝန်းကျင် ရေးရာကို လွှမ်းမိုးနေတာက စွမ်းအင်မူဝါဒက လွှမ်းမိုးနေတာ။ စွမ်းအင်မူဝါဒမှာ လက်ရှိက ၀န်ကြီးဌာနလေးခုက တစ်ပြိုင်နက် ကိုယ်ကောင်းမယ် ထင်တာ ကိုယ်လုပ်နေတာ။ အမျိုးသားစွမ်းအင် လုံခြုံရေးမူဝါဒဆိုတာ ပေါ်မလာသေးဘူး။ ဒါပေါ်မလာသေးတော့ ကောင်းနိုးရာရာ လုပ်တဲ့အခါ လစ်ဟာနေတာတွေ၊ တစ်ခါတလေမှာ အပြိုင်သဘောမျိုး တစ်ဖက်နဲ့ တစ်ဖက်ပြိုင်ဆိုင်နေတာမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့်မို့ သာမန်ဝန်ကြီးဌာန တစ်ခုတည်းက လုပ်လို့ရတဲ့ ကိစ္စမျိုးလည်းမဟုတ်ဘူး။ နိုင်ငံတော်သမ္မတကအစ ဦးဆောင်ပြီးတော့ ဒါကို ညှိနှိုင်းဆောင်ရွက်ဖို့က လိုတယ်။ သို့ သော်လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ လုပ်ရမယ့်ဟာက များနေတော့ ဒီကိစ္စကို မသိလို့ မလုပ်တာတော့ မဟုတ်ဘူးလို့ ထင်တယ်။ အချိန် အတိုင်းအတာတစ်ခုမှာ ဆက်လက် ဆောင်ရွက်မယ်လို့ ထင်တယ်။
အခုဟာက သန့်စင်စွမ်းအင် သုံးဖို့ဆိုတာ တအားလိုသွားပြီ။ သန့်စင်စွမ်းအင်သုံးဖို့ လိုတဲ့အချိန်မှာ ကျွန်တော်တို့က ရှိနေတဲ့မြစ်တွေကို လျှပ်စစ်ထုတ်ပြီး သူများကို ရောင်းစားတယ်။ တစ်ချိန်တည်းမှာပဲ ကျောက်မီးသွေး စက်ရုံတွေနဲ့ မီးစက်တွေ လည်မယ်ဆိုတော့ ဒါကြီးဟာ နိုင်ငံတကာ က သွားနေတဲပုံစံနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ အခုရှိနေတဲ့ လူတွေအတွက်ရော နောက်ရှိလာမယ့်လူတွေ အတွက်ရော စဉ်းစားပြီး ကြိုတင်ပြင်ဆင်နိုင်မှ တော်ကာကျမယ်။ နည်းပညာအသစ်တွေလည်း လိုမယ်။ ဥပမာ ဆိုလာစွမ်းအင် တင်မကဘဲ တခြားစွမ်းအင်တွေရော ရရှိဖို့အတွက် သုတေသန ဖွံ့ဖြိုးရေးမှာ ရင်းနှီးမြှုပ်နှံမှု လိုတယ်။ လောလောလတ်လတ် မြင်တာကတော့ ရှိတဲ့ရေအားလျှပ်စစ်ကို အကောင်းဆုံးဖြစ်အောင် သုံးပေါ့။ ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင်သုံး။ လိုအပ်ချက် မရသေးရင် နောက်ထပ် စွမ်းအင်အသစ်တွေ ဖော်ထုတ်ရဦးမှာပဲ။ အဲဒီအတွက်လည်း စီးပွားရေး ကောင်းဖို့လိုတယ်။ သို့သော်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက ဒီမှာဘာကြောင့်လာပြီး ရင်းနှီးမြုပ်နှံရမှာလဲ။ လက်ရှိမှာ နိုင်ငံတကာ ကုမ္မဏီတွေက ကြည့်တာက ပတ်ဝန်းကျင်ရေးရာ အမြတ်ထုတ်ရုံလောက် သက်သက်ပဲ”ဟု Eco Dev မှ ဦးဝင်းမျိုးသူက ဆိုပါသည်။
“၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတော့ ပြောခဲ့ကြတာတွေ ဖတ်ရတယ်။ ရွေးကောက်ပွဲပြီးရင် လျှပ်စစ်မီး အချိန်ပြည့်ပေးနိုင်မယ်။ အကြိမ်ကြိမ် ပြောခဲ့ကြတာတွေ ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာတဲ့အတွက် လူထုကပိုပြီး မကျေမနပ် ဖြစ်လာကြတာပေါ့။ မီးပျက်လို့ မီးစက်တွေနှိုးရ၊ ကြာလာတော့ အဲဒီမီးစက်သံတွေ ကြားရဖန်များတော့ လူက ရူးတောင် ရူးချင်လာတယ်။ ကတိတွေကို အလွယ်တကူ မပေးကြပါနဲ့။ လူထုအတွက်၊ ပြည်သူလူထုအတွက် လုပ်ပေးနိုင်တာတွေကို ပြောကြပါ။ လုပ်ပေးနိုင်ပါတယ် ပြောပြီး ဖြစ်မလာရင် ပြည်သူလူထုက ဒေါသထွက် ရပါတယ်။ နောက်တစ်ခုက ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း မြင်အောင် ပြောကြပါ။ ကျွန်တော်တို့လည်း ဖတ်ခဲ့ရတာပဲ။ ရဲရွာကြီးပြီးသွားရင် ဘယ်လို ဘယ်လို၊ ပေါင်းလောင်းက ဘယ်လို ဘယ်လို။ ကိုယ့်နိုင်ငံမှာတင် မသုံးနိုင်ဘဲ ပိုနေလို့ရောင်းချရတာက ဘယ်လိုဘယ်လို။ တကယ်တန်း လက်တွေ့မှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာတောင် မီးကို လုံလောက်အောင် မပေးနိုင်သေးဘူး။ ထွက်လိုက်တဲ့ ရေအားလျှပ်စစ်တွေ၊ သဘာဝဓာတ်ငွေ့တွေ၊ စွမ်းအင်တွေ ထွက်နေပေမယ့် ရန်ကုန်မြို့မှာတင် လျှပ်စစ်မီးက မလုံလောက်ဘူးဆိုတော့ အဲဒီရေအားလျှပ်စစ်တွေ၊ သဘာဝဓာတ်ငွေ့တွေ၊ စွမ်းအင်တွေက ဘယ်တွေရောက်သွားလဲ ဆိုတာ နားမလည်နိုင်ဘူး။ ပြောနေတာတွေကို အဓိပ္ပာယ်ဖွင့်လို့တောင် မရတော့ဘူး”ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က ပြောကြားခဲ့သည်။
“ကျွန်တော်လည်း စဉ်းစားမရဘူး။ မနှစ်ကလည်း အခုလို အလှည့်ကျမဟုတ်ဘဲ ပေးလို့ရတယ်။ ပေးလည်း ပေးခဲ့တယ်။ အဲဒါကို အခုကျမှ ရုတ်ခြည်းပြောင်းသွားပြီး အလှည့်ကျ ဆိုတာ ဖြစ်လာတယ်။ စောစောပိုင်း က အဲလိုလုပ်လိမ့်မယ်လို့ ဘာသတင်းအစအနမှတောင် မရခဲ့ဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကြားဖြတ်ရွေးကောက်ပွဲ ကာလနဲ့ တိုက်နေချိန်မှာ အလှည့်ကျ မီးပေးစနစ် ပြန်လုပ်မယ် ဆိုတော့ ဘာရည်ရွယ်ချက်လဲဆိုတာ စဉ်းစားတယ်။ တွေးခေါ်ကြည့်တယ်။ ဒေါသဖြစ်စရာပဲ တွေ့လာတယ်။ ပေးလို့ရတဲ့နည်းတွေရှိပါတယ်။ ပေးလည်းပေးနိုင်ခဲ့တာပဲ။ အဲဒါကို မပေးနိုင်ဘူးဆိုတော့ လူထုကို ဒုက္ခပေးချင်တာလား။ ဒုက္ခတွေ ဆက်ပေးနေတာလား။ လူထုက အဲဒီလောက်အထိ စဉ်းစားပြီး ဒေါသထွက် လာတယ်။ အမှန်တကယ်ပဲ။ လူထုမှာ ဖောင်စီးရင်း ရေငတ်ဖြစ်နေတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက ဆိုပါသည်။
“မီးအလုံအလောက် မပေးနိုင်ဘူးဆိုတာကို အကြောင်းအမျိုးမျိုး ပြနေတော့ မယုံချင်တော့ဘူး။ တော်ကြာ မိုးကြောင့်၊ မိုးရွာလို့၊ ရေကြီးလို့၊ ရေမရှိလို့ဆိုပြီး အကြောင်းတွေ ပြနေတာ ပျင်းရိခြင်းခြောက်ပါး လိုပဲ။ ရှေ့စကားနဲ့ နောက်စကားတွေက ဘယ်တော့မှမညီဘူး။ အခုခေတ်က အရင်ကလို ပြည်သူတွေက ငြိမ်ခံနေတဲ့ခေတ် မဟုတ်တော့ပါဘူး။ သူတို့မှာလည်း စဉ်းစားဆင်ခြင်နိုင်တဲ့ အမြင်တွေရှိပါတယ်။ စကတည်း က မပေးနိုင်ဘူးဆိုရင်လည်း ဘာကြောင့် မပေးနိုင်သလဲဆိုတာကို လက်ခံလောက်တဲ့အထိ ပြောပေါ့။ ပြီးပြီးရော ပြောတာမျိုးတွေ မလိုချင်ဘူး။ ကိုယ့်ဖာသာ အသိစိတ်နဲ့ မလုပ်နိုင်ဘူး ဆိုတာသိရင် ထွက်ရမှာပဲ။ ကိုယ့်တာဝန်ကိုယ် ယူရမှာပဲ။ ကိုယ့်တာဝန်ကိုယ်ယူနိုင်မှ ပြည်သူ့ဝန်ထမ်းကောင်းဖြစ်မယ်။ တာဝန်ယူမှု မရှိဘူးဆိုရင်တော့ ထွက်လိုက်ပါ။ ပြည်သူက လုပ်နိုင်တဲ့သူကို ပြန်ခန့်ပါလိမ့်မယ်”ဟု သတင်းစာဆရာ ဦးကိုကိုကြီး(ကြေးမုံ)က ပြောဆိုခဲ့ပါသည်။
“ငယ်ငယ်က သင်ခဲ့ရတဲ့ ရေနံမြေလုပ်သားတွေရဲ့ ဘ၀လိုပါပဲ။ ကျွန်တော်တို့တွေ ဖောင်စီးရင်း ရေငတ်နေရတယ်။ စွမ်းအင်ရင်းမြစ်တွေ အကုန်လုံးကို မရောင်းပါနဲ့တော့။ ၁၉၉၇ ခုနှစ်ဝန်းကျင်မှာ လျှပ်စစ်ဝန်ကြီးဌာန စတင်ပေါ်ပေါက်လာပြီး အခု ၁၅ နှစ်နီးပါး ရှိလာတဲ့အထိ လျှပ်စစ်မီးရရှိမှု ဘာမှမထူးဘူး။ အမှောင်ထဲမှာပဲ နေနေရတဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ဘ၀တွေကို စာနာကြည့် ကြပါဦး။ နိုင်ငံတော် သမ္မတကြီးနဲ့ ဒုတိယသမ္မတ၊ လျှပ်စစ်ဝန်ကြီးတွေ ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ ပြည်သူတွေရဲ့ လက်ရှိအနေအထားကို စာနာပေးစေချင်ပါတယ်။ နိုင်ငံတကာမှာတော့ စွမ်းအင်ဝန်ကြီးဌာနပဲ ရှိပါတယ်။ လျှပ်စစ်ဝန်ကြီးဌာန မရှိပါဘူး။ ဟိုဘက်ခြမ်းတွေ မှာ လင်းထိန်နေတာကို အမှောင်ထဲက ကြည့်နေရတာမျိုး နယ်ခြားဒသတွေမှာ ခံစားနေရပါတယ်။ စွမ်းအင် ရင်းမြစ်တွေရောင်းလို့ ကြွယ်ဝချမ်းသာတဲ့သူတွေ ကြွယ်ဝ ချမ်းသာကြပေမယ့် ပြည်သူတွေကတော့ ဆင်းရဲနေတုန်းပါပဲ။ ဆင်းရဲချမ်းသာ ကွာဟချက် ပိုပိုများလာပါတယ်။ ကျွန်တော်တို့နဲ့အတူ အမှောင်ထဲမှာ လာနေပြီး ပြည်သူတွေကို စာနာပေးကြပါဦး”ဟု Weekly Eleven News Jou rnal ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့သည်။
ဘဏ္ဍာနှစ်အလိုက် သဘာဝဓာတ်ငွေ့တင်ပို့နိုင်မှု ပမာဏ (အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာနှစ် သဘာဝဓာတ်ငွေ့
၂၀၀၆-၂၀၀၇ ၂၀၃၉ .၁၃
၂၀၀၇-၂၀၀၈ ၂၅၂၀ .၇၄
၂၀၀၈-၂၀၀၉ ၂၃၈၄ .၆၉
၂၀၀၉-၂၀၁၀ ၂၉၂၆ .၆၉
၂၀၁၀-၂၀၁၁ ၂၅၂၂ .၅၃
၂၀၁၁-၂၀၁၂ ၂၉၄၇ .၃၀

သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း
၁။ သံတွဲမြို့၏ အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာတွင်ရှိ။
၂။ စီမံကိန်းပြီးစီးပါက လျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီပေါင်း ၃၈၆ သန်းထုတ်လွှတ်နိုင်မည်။
အမ်းချောင်း ရေအားလျှပ်စစ်စီမံကိန်း
၁။ အမ်းမြို့အထက်ပိုင်း အရှေ့မြောက်ဘက် ၃ ဒသမ ၅ မိုင်အကွာတွင်ရှိ။
၂။ ၂၀၀၆-၂၀၀၇ ခုနှစ်မှစတင်ကာ အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ တည်ဆောက်နေခြင်းဖြစ်။
၃။ ၂၀၁၁ ဇူလိုင်လကုန်အထိ စီမံကိန်းတစ်ခုလုံး၏ ၁၅ ဒသမ ၂၈ ရာခိုင်နှုန်းပြီးစီး။
၎။ စီမံကိန်းမှ တစ်နှစ်လျှင် ပျှမ်းမျှကီလိုဝပ်နာရီ ၄၄ သန်း ထုတ်လွှတ်နိုင်မည်။
လေးမြို့ ရေအားလျှပ်စစ်စီမံကိန်း
၁။ လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ထုတ်လွှတ်နိုင်မည်ဖြစ်။
၂။ တရုတ်နိုင်ငံအစိုးရပိုင် ကုမ္ပဏီနှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်။
၃။ လေးမြို့မြစ်စီမံကိန်း ၆၀၀ မဂ္ဂါဝပ်နှင့် လေးမြို့ (၂)စီမံကိန်း ၉၀ မဂ္ဂါဝပ်တည်ဆောက်မည် ဖြစ်။ လျှပ်စစ်ဓာတ်အားပမာဏ စုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း ၄၁၁၅ အထိထုတ် လုပ်နိုင်မည်ဖြစ်။
စိုင်းဒင်ရေအားလျှပ်စစ်စီမံကိန်း
၁။ ဘူးသီးတောင်မြို့၏အရှေ့ဘက် ၁၀ မိုင်အကွာတွင်ရှိ။
၂။ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များဖြစ်သော ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်းတောဒေသများသို့ လျှပ်စစ်ဓာတ်အား ပေးနိုင်မည်ဖြစ်။
စဉ် အမျိုးအစားခွင့်ပြုထားသည့် လုပ်ငန်း အရေအတွက်ခွင့်ပြုပမာဏရာခိုင်နှုန်း
စွမ်းအင် ၅ ခု ၁၈၈၇၃ ဒသမ ၇၂၀ ၄၆ ဒသမ ၆၈
ရေနံနှင့်သဘာဝဓာတ်ငွေ့ ၁၀၄ ခု၁၃၈၁၅ ဒသမ ၃၇၅ ၃၄ ဒသမ ၁၇
သတ္တုတူးဖော်ရေး ၆၄ ခု ၂၇၉၄ ဒသမ ၄၆၃ ၆ ဒသမ ၉၁
ထုတ်လုပ်မှုလုပ်ငန်း ၁၆၄ ခု ၁၇၆၀ ဒသမ ၇၀၁ ၄ ဒသမ ၃၅
ဟိုတယ်နှင့် ခရီးသွားလာရေး ၄၅ ခု ၁၀၆၄ ဒသမ ၈၁၁၂ ဒသမ ၆၃
အိမ်ခြံမြေ ၁၉ ခု ၁၀၅၆ ဒသမ ၄၅၃ ၂ ဒသမ ၆၁
သားငါးကဏ္ဍ ၂၅ ခု ၃၂၄ ဒသမ ၃၅၈ ၀ ဒသမ ၈၀
သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ ၁၆ ခု ၃၁၃ ဒသမ ၉၀၆၀ ဒသမ ၇၈
စက်မှုဇုန် ၃ ခု ၁၉၃ ဒသမ ၁၁၃၀ ဒသမ ၄၈
၁၀စိုက်ပျိုးရေး ၇ ခု ၁၇၃ ဒသမ ၁၀၁၀ ဒသမ ၄၃
၁၁ဆောက်လုပ်ရေး ၂ ခု ၃၇ ဒသမ ၇၆၇၀ ဒသမ ၀၉
၁၂အခြား ၆ ခု ၂၃ ဒသမ ၆၈၆၀ ဒသမ ၀၆
ဇောတိကစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း
ကုမ္ပဏီ ရောင်းချခွင့်ရာခိုင်နှုန်း
PTTEPI ၈၅ ရာခိုင်နှုန်း
MOGE၁၅ ရာခိုင်နှုန်း

ရွှေစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း
ကုမ္ပဏီ ရောင်းချခွင့် ရာခိုင်နှုန်း
DAEWOO ၈၅ ရာခိုင်နှုန်း
MOGE ၁၅ ရာခိုင်နှုန်း
OVL ၁၇ ရာခိုင်နှုန်း
GAIL ၈.၅ ရာခိုင်နှုန်း
KOGAS ၈.၅ ရာခိုင်နှုန်း

ရတနာစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း
ကုမ္ပဏီ ရောင်းချခွင့်ရာခိုင်နှုန်း
TOTAL ၃၁.၂၄ ရာခိုင်နှုန်း
MOGE ၁၅ ရာခိုင်နှုန်း
UNOCAL ၂၈ .၂၆ ရာခိုင်နှုန်း
PTTEP ၂၅ .၅၀ ရာခိုင်နှုန်း

ရဲတံခွန်စီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း
ကုမ္ပဏီ ရောင်းချခွင့်ရာခိုင်နှုန်း
PETRONAS ၄၀ .၇၅ ရာခိုင်နှုန်း
MOGE ၂၀ .၄၅ ရာခိုင်နှုန်း
NIPPON ၁၉ .၄၀ ရာခိုင်နှုန်း
PTTEP ၁၉ .၄၀ ရာခိုင်နှုန်း

Ref;Weeklyeleven

 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!