Published on May 11, 2012 by ထက်အောင်
တလောက ဆက်တိုက်ဆိုသလို အတည်ပြုပြဌာန်းခဲ့တဲ့ ဥပဒေတွေထဲမှာ လယ်ယာမြေဥပဒေနဲ့ မြေလွတ် မြေလပ်နဲ့ မြေရိုင်းဥပဒေတွေလည်း ပါဝင်ပါတယ်။ စိုက်ပျိုးရေး နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ မြေယာနဲ့အသက်မွေးဝမ်းကြောင်းပြုရတဲ့ သန်းနဲ့ချီတဲ့ ကျေးလက်နြေပည်သူတွေရဲ့ လူမှုစီးပွားဘဝအခြေအနေအပေါ် ဒီဥပဒေတွေက အကျိုးသက်ရောက်မှာဖြစ်တဲ့အတွက် အလွန်အရေးကြီးတဲ့ ဥပဒေတွေဖြစ်ပါတယ်။ ဒီတပတ်မှာ မြေယာဥပဒေတွေနဲ့ အစိုးရက လက်ရှိအကောင်အထည်ဖော်နေတဲ့ စက်မှုဇုန်တွေ အထူးစီးပွားရေးဇုန်တွေအြကား ဆက်စပ်မှုကို ရှာဖွေမိပါတယ်။
ပထမဆုံးအနေနဲ့ ဒီဥပဒေတွေကို ဘယ်သူတွေ ရေးဆွဲသလဲဆိုတာ လေ့လာဖို့လိုပါတယ်။ နိုင်ငံတကာမှာတော့ ဥပဒေတွေကို သက်ဆိုင်ရာနိုင်ငံရဲ့ လွှတ်တော်တွေက ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်တွေ (Lawmakers) က အများဆုံးလေ့လာပြုစုပြီး ရေးဆွဲပြဌာန်းကြပေမယ့် လက်ရှိမြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ လွှတ်တော်သစ်ရဲ့ သက်တမ်းနုနယ်သေးတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေက ဦးဆောင်ရေးဆွဲနိုင်တဲ့ အခြေအနေ မပေးသေးပါဘူး။
ဒါကြောင့် ပြဌာန်းခဲ့တဲ့ဥပဒေတွေ အားလုံးလိုလိုပဲ အုပ်ချုပ်ရေး အာဏာပိုင်ဖြစ်တဲ့ အစိုးရကရေးဆွဲပြီး လွှတ်တော်ကို တင်ပြလာတာကို လက်ခံဆွေးနွေး အတည်ပြုပြဌာန်းကြတဲ့ အခြေအနေ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အစိုးရရဲ့ စီးပွားရေးရည်မှန်းချက်နဲ့ မူဝါဒတွေဟာ အခုလို စီးပွားရေးအခြေခံ အဆောက်အအုံတခုဖြစ်တဲ့ မြေယာကကို စီမံခန့်ခွဲတဲ့ ဥပဒေမျိုးမှာ ထင်ဟပ်နေပါတယ်။
အစိုးရရဲ့ စီးပွားရေးရည်မှန်းချက်က ဘာလဲလို့မေးရင် သမ္မတဦးသိန်းစိန် အာဏာရယူတဲ့ ပထမဆုံးနေ့ ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်မှာ လွှတ်တော်နဲ့ တိုင်းပြည်ကို ပြောကြားခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းကို ပြန်လည် ကိုးကားရမှာဖြစ်ပါတယ်။ အဲ့ဒီ မိန့်ခွန်းထဲမှာ သမ္မတက “စိုက်ပျိုးရေးနဲ့ ချမ်းသာကြွယ်ဝတဲ့နိုင်ငံ ဖြစ်မလာနိုင်တဲ့အတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ၊ ချမ်းသာကြွယ်ဝတဲ့နိုင်ငံ၊ အလုပ်အကိုင်တွေပေါများပြီး လူတဦးချင်းဝင်ငွေတွေ တိုးပွားတဲ့နိုင်ငံဖြစ်အောင် စက်မှုနိုင်ငံ ထူထောင်ရပါမယ်”လို့ ပြောခဲ့ပါတယ်။
ဒီအချက်ဟာ အစိုးရသစ်ရဲ့ ၅ နှစ်တာ သက်တမ်းကာလအတွင်း ဆောင်ရွက်မယ့် စီးပွားရေးမူဝါဒလို့ ပြောရမှာ ဖြစ်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ အရင်ကလို လယ်ယာစိုက်ပျိုးရေးဘက်ကို ဇောင်းပေးလုပ်ဆောင်တာထက် စက်မှုဖွံ့ဖြိုးရေးကို အဓိကထားလုပ်မယ်ဆိုတဲ့ စီးပွားရေးဦးတည်ချက် ဖြစ်တယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ လက်တွေ့မှာလည်း နိုင်ငံမှာ စီးပွားရေးအရ အချက်အချာကျတဲ့ ဒေသတွေမှာ စက်မှုဇုန်တွေ အထူးစီးပွားရေးဇုန်တွေ ထူထောင်ဆောင်ရွက်နေတာ ဒါမှမဟုတ် ဆောင်ရွက်ဖို့ပြင်ဆင်နေတာ တွေ့ရမှာပါ။
အစိုးရရဲ့ စက်မှုဖွံ့ဖြိုးရေးမူဝါဒနဲ့ မြေယာမူဝါဒတွေက ဘယ်လိုသက်ဆိုင်နေလဲလို့ မေးစရာရှိပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ စက်မှုဖွံ့ဖြိုးရေးမူဝါဒက စက်မှုလုပ်ငန်းရှင်တွေ၊ မြို့နေလူတန်းစား စက်ရုံလုပ်သားတွေအတွက် ဖြစ်ပြီး ကျေးလက်က လယ်သမားတွေအတွက်က မြေယာမူဝါဒနဲ့သာ သက်ဆိုင်တယ်လို့ တွေးမိနိုင်ပါတယ်။ အမှန်တကယ်က ဒီ မူဝါဒနှစ်ရပ်က အြပန်အလှန် တိုက်ရိုက် ဆက်စပ်နေပါတယ်။
စက်မဖွံ့ဖြိုးရေးအတွက် အစိုးရက စက်မှုဇုန်တွေ အထူးစီးပွားရေးဇုန်တွေ ဖော်ထုတ်တဲ့နေရာမှာ အဓိကအခြေခံ လိုအပ်ချက်က စက်ရုံတွေတည်ဆောက်ဖို့ မြေနေရာရရှိဖို့ ဖြစ်ပါတယ်။ အဲ့ဒီအတွက် မြေယာတွေဖော်ထုတ်ဖို့ အစိုးရတရပ်အနေနဲ့ မဖြစ်မနေ ဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း ဥပဒေနဲ့အညီဆောင်ရွက်ဖို့ လိုအပ်တဲ့အတွက် အသစ်ပြဌာန်းလိုက်တဲ့ မြေယာဥပဒေတွေမှာ အစိုးရကို အထူးအခွင့်အာဏာတွေ ထည့်သွင်းခဲ့ပါတယ်။
ယခင်တပတ်ကဖော်ပြခဲ့တဲ့ “လယ်ယာမြေဥပဒေလေ့လာခြင်း” ဆောင်းပါးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ပုဒ်မ ၃၇/က အရ နိုင်ငံတော်ရဲ့ မြေအားလုံးရဲ့ မူလပိုင်ရှင်ဟာ နိုင်ငံတော်သာဖြစ်တယ်ဆိုတဲ့ အချက်ကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီဥပဒေနဲ့အညီ လယ်ယာမြေဥပဒေသစ် ပုဒ်မ ၂၆ က တည်ဆဲဥပဒေတရပ်ရပ်က ဘယ်လိုပဲ ပြောထားပါစေ နိုင်ငံတော်အကျိုးအတွက် အစိုးရကို မြေယာသိမ်းခွင့် အခွင့်အာဏာပေးထားခဲ့တာကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ထို့အတူ လယ်ယာမြေ ဥပဒေသစ် ပုဒ်မ ၄၀ အရ သမ္မတရဲ့ ခွင့်ပြုချက်နဲ့ အဆင့်ဆင့် ဖွဲ့စည်းထားတဲ့ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့တွေရဲ့ မြေယာစီမံခန့်ခွဲမှုတွေကို “မည်သည့် တရားရုံးတွင်မှ တရားစွဲဆိုခွင့် မရှိစေရလို့” အကာအကွယ် ပေးထားပါတယ်။ ဘာကြောင့်ပါလဲ။
ဒီနေရာမှာ လက်ရှိ အကောင်အထည်ဖော်နေတဲ့ အထူးစီးပွားရေးဇုန်တွေဖြစ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ သီလဝါအထူးစီးပွားရေးဇုန်တွေကို ဖော်ဆောင်တဲ့နေရာမှာ မြေယာတွေကို ဘယ်လိုရယူခဲ့သလဲဆိုတာနဲ့ နှိုင်းယှဉ်လေ့လာကြည့်ရင် အထက်ကဆွေးနွေးခဲ့တဲ့ မြေယာဥပဒေရဲ့ အဓိကအချက်တွေနဲ့ ဆက်စပ်နေတာ တွေ့ရပါလိမ့်မယ်။
ဖော်ပြပါ အထူးစီးပွားရေးဇုနကြီး ၃ ခုဟာ နိုင်ငံတော်ကပိုင်ဆိုင်တဲ့ မြေလွတ် မြေလပ်နဲ့ မြေရိုင်းတွေမှာ တည်ထောင်ထားတာ မဟုတ်ပါဘူး။ မြေဧရိယာပမာဏ ကြီးမားကျယ်ပြန့်တဲ့ အဲ့ဒီအထူးစီးပွားရေးဇုန်ကြီးတွေနေရာမှာ ဒေသခံ တောင်သူလယ်သမားတွေရဲ့ မြေယာတွေ၊ ကျေးရွာတွေနဲ့ အိုးအိမ်တွေ တည်ရှိနေပါတယ်။ အဲ့ဒီနေရာတွေဟာ အထူးစီးပွားရေဇုန် တည်ဆောက်ဖို့ အချက်အချာကျတဲ့ နေရာတွေအြဖစ် အစိုးရက သတ်မှတ်လိုက်တဲ့အခါမှာ မြေယာသိမ်းဆည်းမှုတွေ ရှိလာပါတော့တယ်။
အမှန်တကယ်က ထို စက်မှုဇုန်ကြီးတွေကို လက်ရှိအစိုးရလက်ထက်မှာ တည်ဆောက်ဖို့ လျာထားသတ်မှတ်ခဲ့တာမဟုတ်ဘဲ ယခင် စစ်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ အစိုးရအနေနဲ့ အရင်စစ်အစိုးရရဲ့ စီမံကိန်းတွေကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရတာဖြစ်ပြီး အထူးစီးပွားရေးဇုန်အတွက် ကြီးမားကျယ်ပြန့်တဲ့ မြေနေရာလိုအပ်ချက်အတွက် ဒေသခံ တောင်သူလယ်သမားတွေထံက မြေယာတွေကို သိမ်းယူမှုဟာလည်း ယခင်အစိုးရ လက်ထက်မှာရော လက်ရှိအစိုးရ လက်ထက်မှာရော ဖြစ်ပွားနေပါတယ်။
ယခင် စစ်အစိုးရလက်ထက်နဲ့ မတူတဲ့အချက်တခုကတော့ သိမ်းယူခဲ့တဲ့ မြေယာတွေအတွက် ပိုင်ရှင် တောင်သူလယ်သမားတွေ နစ်နာမှု “လုံးဝ” မရှိအောင် လျော်ကြေးပေးတာ ဒါမှမဟုတ် အခြားနည်းလမ်းနဲ့ ဆောင်ရွက်ပေးရမယ်လို့ လယ်ယာ မြေဥပဒေ ပုဒ်မ ၂၆ မှာ ထည့်သွင်းထားပါတယ်။
ယခင် စစ်အစိုးရလက်ထက်မှာ လယ်ယာမြေတွေကို လျော်ကြေး တစုံတရာမပေးဘဲ သိမ်းယူခဲ့တာနဲ့စာရင် တော်သေးတယ်လို့ ဆိုရမလိုပါပဲ။ စက်မှုနိုင်ငံထူထောင်မယ်လို့ ကြွေးကြော်ပြီး အာဏာရယူခဲ့တဲ့ လက်ရှိ အစိုးရအတွက် စက်မှုဇုန်တွေနဲ့ အထူးစီးပွားရေးဇုန်တွေ ထူထောင်ရုံသက်သက်နဲ့ စက်မှုနိုင်ငံဖြစ်လာဖို့ မပြည့်စုံသေးပါဘူး။ ဒီစက်ရုံတွေမှာ လိုအပ်မယ့် စက်မှုကုန်ကြမ်းသီးနှံတွေ စိုက်ပျိုးထုတ်လုပ်နိုင်မှ လိုအပ်တဲ့ကုန်ကြမ်းတွေကို ပြည်တွင်းမှာ ဈေးပေါပေါနဲ့ရနိုင်မှာဖြစ်ပါတယ်။
အဲ့ဒီအတွက် အစိုးရအနေနဲ့ မြေလွတ် မြေလပ်နဲ့ မြေရိုင်းဥပဒေကို ပြဌာန်းခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဆွဲဆောင်ခဲ့ပါတယ်။ ဥပဒေရဲ့ အခန်း ၄ ဖြစ်တဲ့ “မြေလွတ် မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့်စပ်လျဉ်း၍ စည်းကမ်း သတ်မှတ်ချက်များ” အခန်းကို လေ့လာကြည့်တဲ့အခါ စက်မှုကုန်ကြမ်းသီးနှံ စိုက်ပျိုးရေးအတွက် ရင်းနှီးမြှုပ်နှံချင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေအတွက် အခွင့်အလမ်းတွေ ပေးထားတာ တွေ့ရပါလိမ့်မယ်။
ဥပမာ ရာဘာနဲ့ ဆီအုန်းကဲ့သို့ နှစ်ရှည်စက်မှုကုန်ကြမ်းသီးနှံပင်တွေ စိုက်ပျိုးချင်ရင် ဥပဒေပုဒ်မ ၁၀ (က) မှာ မြေလွတ် မြေလပ်နဲ့ မြေရိုင်းတွေကို တကြိမ်လျှင် ဧက ၅ ထောင် အထိ လုပ်ကိုင်ခွင့်ပြုပြီး ထိုပမာဏာရဲ့ ၇၅ ရာခိုင်နှုန်း စိုက်ပျိုးပြီးပါက နောက်ထပ် ဧက ၅ ထောင် ထပ်မံ တိုးချဲ့စိုက်ပျိုးနိုင်ပြီး ထိုနည်းနဲ့ ဧက ၅ သောင်းအထိ တိုးချဲ့စိုက်ပျိုးခွင့်ပေးထားတဲ့အတွက် ဒီလောက်များပြားတဲ့ မြေဧကကို ပိုင်ဆိုင် လုပ်ကိုင်နိုင်ဖို့ဆိုရင် ဆင်းရဲတဲ့မြန်မာနိုင်ငံမှာ လက်ချိုးရေတွက်နိုင်တဲ့ အမေရိကန်ဒေါ်လာ သန်းချီကြွယ်ဝချမ်းသာကြတဲ့ ခရိုနီ (Crony) စီးပွားရေးသမားကြီးတွေပဲ ရင်းနှီးမြှုပ်နှံနိုင်မှာပါ။
အဲ့ဒီဥပဒေရဲ့ ပုဒ်မ ၁၀ (က) မှာပဲ ကျေးလက်နေ တောင်သူလယ်သမားတွေ တနိုင်တပိုင် လုပ်ပိုင်ခွင့်အတွက် မြေလွတ် မြေလပ်နဲ့ မြေရိုင်း ဧက ၅၀ ထက်မပိုဘဲ ခွင့်ပြုထားပါတယ်။ နဂိုက ဆင်းရဲလွန်းတဲ့ဘဝမှာ နြေကရတဲ့ တောင်သူလယ်သမားများအဖို့ မြေရိုင်း ဧက ၅၀ လောက်ကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးမြေအြဖစ် ပြောင်းလဲနိုင်ဖို့ရာ လိုအပ်တဲ့ ငွေကြေးနဲ့ ပစ္စည်းကိရိယာတွေအတွက် အရင်းအနှီးရရှိဖို့ အလွန်ခက်ခဲပါလိမ့်မယ်။
ဒီနေရာမှာ လက်တွေ့ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ် ဆင်ခြင်သုံးသပ်သင့်တဲ့ အချက်တွေ ရှိလာပါတယ်။ စက်မှုဇုန်တွေ အထူး စီးပွားရေးဇုန်တွေဖော်ဆောင်ဖို့ ဆင်းရဲချို့တဲ့စွာ ရုန်းကန်နေကြတဲ့ နိုင်ငံသားလူအများစု တောင်သူလယ်သမားတွေပိုင်ဆိုင်တဲ့ မြေယာတွေကို မသိမ်းယူဘဲ ငွေပင်ငွေရင်းအင်အား အလွန်တရာကြီးမားတဲ့ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ အကူအညီနဲ့ တိုင်းပြည်ရဲ့နေရာအနှံ့မှာ အသုံးမြပုရသေးတဲ့ မြေလွတ် မြေလပ်နဲ့ မြေရိုင်းတွေကို အသုံးပြုတဲ့နည်းကို အစိုးရက ဘာလို့ မရွေးချယ်ခဲ့တာလဲ။ အဖြေက ရှင်းပါတယ်။ စက်မှုလုပ်ငန်းရှင်ကြီးတွေဟာ စီးပွားရေးအရ အကျိုးအမြတ် ကြီးကြီးမားမားရရှိမယ့် နေရာမှာပဲ ရင်းနှီးမြုပ်နှံချင်ကြပါတယ်။ သူတို့တည်ထောင်မယ့် စက်မှုလုပ်ငန်းကြီးတွေဟာ ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံရမှာ ဖြစ်သလို ထွက်ရှိလာမယ့် စက်မှုထုတ်ကုန်တွေကို ဈေးကွက်တင်ပို့ဖို့ လမ်းပန်းဆက်သွယ်ရေး လွယ်ကူတဲ့နေရာ ဖြစ်ရမယ် ဆိုတဲ့ အချက်ကလည်း အရေးကြီးပါတယ်။
အဲ့လိုနေရာတွေဟာ မြေဩဇာကောင်းမွန်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းနေပြီဖြစ်တဲ့ နေရာတွေဖြစ်တော့ လယ်ယာမြေသိမ်းပိုက်မှုတွေ ဖြစ်ပေါ်လာရပါတယ်။ ဒီဖြစ်ရပ်တွေကို ထားဝယ်အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ သီလဝါအထူးစီးပွားရေးဇုန်တွေမှာ အထင်အရှား တွေ့နေရပါတယ်။
ဒါကြောင့် အစိုးရရဲ့ စက်မှုဖွံ့ဖြိုးရေးမူဝါဒနဲ့ မြေယာစီမံခန့်ခွဲရေးမူဝါဒတွေကြောင့် ကျေးလက်လူမှုအဖွဲ့အစည်းတွေ မတည်မြငိမ်ဖြစ်လာနေတာကို သုံးသပ် တွေ့ရမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ လယ်ယာမြေတွေ အသိမ်းခံလိုက်ရတဲ့ တောင်သူလယ်သမားတွေ လယ်မဲ့ယာမဲ့ဖြစ်ပွားမှု တိုးပွားလာနေပြီး အဲ့ဒီသူတွေဟာ နောက်ထပ် မြေယာပိုင်ဆိုင်နိုင်ဖို့အတွက် နေရာပြောင်းရွှေ့ အခြေချပြီး မြေရိုင်းတွေ ဖော်ထုတ်လုပ်ကိုင်စားသောက်ဖို့ အရင်းအနှီးမရှိကြပါဘူး။
ရလဒ်အနေနဲ့ သူတို့ကျွမ်းကျင်တဲ့ လယ်ယာလုပ်ငန်းခွင်မှာ လုပ်ကိုင်ခွင့်မရတော့တဲ့အခါ ရရာအလုပ်ရှာဖွေလုပ်ကိုင်ဖို့ ကျေးလက်ကနေ မြို့ပေါ်ကိုပြောင်းရွှေ့ အခြေချမှုတွေ ဖြစ်လာကြပါတယ်။ ထို့အတူ အသစ်ဖော်ထုတ်လိုက်တဲ့ အထူးစီးပွားရေးဇုန်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းရှာဖွေဖို့ အတတ်ပညာတခုခု ကျွမ်းကျင်မှုရှိတဲ့ မြို့နေလူတန်းစားတွေလည်း အထူးစီးပွားရေးဇုန်တွေဆီ ပြောင်းရွှေ့အခြေချမှုတွေ ကြုံတွေရမှာ ဖြစ်ပါတယ်။
ဒီလို စက်မှုဇုန်တွေနဲ့ အထူးစီးပွားရေးဇုန်တွေ ဖော်ဆောင်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ကျေးလက်နဲ့ မြို့ပြအကြား လူတွေ အစုလိုက် ရွှေ့ပြောင်းကြလို့ ဖြစ်ပေါ်လာတဲ့ လူမှုရေးပြဿနာတွေကို အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံတွေမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကြုံတွေ့ခဲ့ကြသလို လက်ရှိမှာလဲ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိမ်နီချင်းနိုင်ငံတွေက သင်ခန်းစာတွေကို လေ့လာသင်ယူပြီး တည်ငြိမ်တဲ့ လူမှုအဖွဲ့အစည်းတရပ်ဖော်ဆောင်ဖို့ နည်းလမ်းသစ်တွေ ရှာရမယ့်အချိန် ရောက်နေပါပြီ။
Ref:DVBBurmese
Ref:DVBBurmese
No comments:
Post a Comment