Popular Posts!

Wednesday, May 23, 2012

ရန်ကုန်မြို့ လျှပ်စစ်မီး ဖြတ်တောက် လိုက်သောကြောင့် စက်ရုံ လုပ်ငန်းများ အရှုံးပေါ်နိုင်

23 May 2012 -By Venus News Journal 
ရန်ကုန်မြို့ လျှပ်စစ်မီး ဖြတ်တောက် လိုက်သောကြောင့် စက်ရုံ လုပ်ငန်းများ အရှုံးပေါ်နိုင် ရန်ကုန်မြို့ရှိ စက်ရုံများအား လျှပ်စစ်မီး ဖြတ်တောက် လိုက်ခြင်းကြောင့် စက်ရုံ လုပ်ငန်း ရှင်များ အရှုံး ပေါ်လာနိုင်ကြောင်း ရန်ကုန်မြို့ရှိ စက်မှုဇုန်များ အတွင်းမှ စုံစမ်း သိရှိရသည်။ “မီးမလာတော့ စက်ကဘာနဲ့ လည်မလဲ။ ပင်မစက်နဲ့ အရန်စက်ရုံ နှစ်ရုံ ရှိတာအခု အရန်စက်ရုံရပ်လိုက် ရပြီ၊ ဆီဖိုး မလိုက်နိုင် လို့”ဟု တောင်ဒဂုံ စက်မှုဇုန်ရှိ စန်းဝင်းအောင် အထည်ချုပ်စက်ရုံပိုင်ရှင်က ပြောသည်။
အစိုးရက ယခင် နံနက် ၇ နာရီ မှ ၁၂ နာရီ၊ ၁၂ နာရီမှ ညနေ ၅ နာရီထိ အချိန်ပိုင်းဖြင့် လျှပ်စစ်မီး ပေးခဲ့သော်လည်း ယခုလုံးဝ ဖြတ်တောက် လိုက်သောကြောင့် ကိုယ်ပိုင် မီးစက်ဖြင့်သာ စက်ရုံလည်ပတ်ပါက စက်သုံးဆီဖိုး၊ အလုပ်သမားစရိတ်များဖြင့် အချိန်ကြာမြင့်လာပါက အရှုံးပေါ်လာနိုင်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
“အရင်မီးရတုန်းက တစ်ရက်ကို ဆီ ၈ ဂါလံ ၉ဂါလံပဲကုန်တယ်။ အခု တစ်နေ့ကုန်ဆိုတော့ ဂါလံ ၂၀ လောက်ကုန်မယ်”ဟု စန်းဝင်းအောင် အထည်ချုပ် စက်ရုံ ပိုင်ရှင်က ဆိုသည်။ ယခု အစိုးရလျှပ်စစ်မီးမရရှိသဖြင့် ထုတ်လုပ်မှုစရိတ်မြင့်တက်လာပြီး အချို့ကုန်ချောဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း၊ ယခုကဲ့သို့ လျှပ်စစ်မီး ဖြတ်တောက် လိုက်သဖြင့် အထည်ချုပ်စက်ရုံအများစုမှာ ရေရှားပါးမှုအခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း BEST MAKER အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။
“ကျွန်တော်တို့ ပိတ်စတွေလျှော်တဲ့ လျှော်ရုံမှာဆို ဂျိုးဖြူရေပဲသုံးတာ။ ဂျိုးဖြူရေကလည်း မီးလာမှ ရတာ။ အခုမီးဖြတ်လိုက်တော့ ရေပါဒုက္ခရောက်တာ”ဟု ၄င်းကဆိုသည်။ အဆိုပါအထည်ချုပ် စက်ရုံတွင် ယခင်အချိန်ပိုင်းလျှပ်စစ်မီးရရှိစဉ်က တစ်ရက်လျှင် ဒီဇယ်တစ်ပီပါခန့် ကုန်ကျခဲ့ပြီး ယခုမီးမရရှိပါက ၂ ပီပါ ၃ ပီပါခန့် ကုန်ကျနိုင်ကြောင်း ယခုကဲ့သို့မီးဖြတ်တောက် မှုအချိန်ကြာမြင့် လာပါက ကုန်ကျစရိတ်မြင့်မားလာသဖြင့်နောက်ပိုင်းတွင် အလုပ်သမားများ လျှော့ချရန်သာ ရှိတော့ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။
“ကုန်ကျစရိတ်ကလည်း မြင့်လာပြီ။ အော်ဒါကလည်း နည်းလာရင်တော့ အလုပ်သမား လျှော့ချဖို့ ပဲရှိတော့တယ်။ နောက်ဆုံးအဓိက ထိခိုက်တာကတော့ အလုပ်သမားတွေပဲ”ဟု ၄င်းကဆိုသည်။
ဖြိုးဝေလင်း
Ref:yoyalay

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!