ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရကို ဘယ်သူတွေ ငွေချေးခဲ့သလဲ?
Published on May 10, 2012 by စိုင်းစိုးဝင်းလတ်
မြန်မာနိုင်ငံ ဘဏ္ဌာရေးဝန်ကြီး ဦးလှထွန်း၏ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထုတ်ဖော်ပြောပြချက်အရ မြန်မာပြည်တွင် နိုင်ငံခြားကြွေးမြီ ဒေါ်လာ ၁၁ ဘီလျံ ရှိနေကြောင်း သိရသည်။ ထိုအကြွေး ၁၁ ဘီလျံကို မည်သည့်နိုင်ငံတို့မှ ချေးခဲ့သည်၊ ထိုချေးငွေများကို မြန်မာနိုင်ငံအစိုးရမှ မည်သို့မည်ပုံ သုံးစွဲခဲ့သည်ကိုမူ အများပြည်သူများ သိသာစေရန် ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိခဲ့ပေ။
အချို့သော စီးပွားရေး ပညာရှင်များက အခြားသော ကြွေးမြီထူပြောသည့် နိုင်ငံများနှင့် နိုင်းယှဉ်လျှင် မြန်မာနိုင်ငံမှ တင်ရှိနေသော အကြွေး ၁၁ ဘီလျံမှာ မများလှဟု သုံးသပ်ကြသည်။ သို့သော် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်လည်းဖြစ်၊ ပညာရေး၊ ကျန်းမာရေး အစစတွင် နောက်ကျနေသည့်ကြားက ထိုအကြွေးများ ပြန်လည်ပေးဆပ်ရန် တနည်းတဖုံ တာဝန်ယူရမည့် ပြည်သူများ သိရှိစေရန်အတွက် မိမိတို့နိုင်ငံမှ တင်ရှိနေသော အကြွေး ၁၁ ဘီလျံ၏ အချို့သော အကြွေးရှင်များကို စုစည်း တင်ပြလိုက်ပါသည်။
ထိုအကြွေးများကို အစိုးရဝန်ကြီးဌာနများက မည်သို့မည်ပုံ သုံးစွဲခဲ့သည်များကို အများပြည်သူများ ပွင့်လင်းမြင်သာ စေရန်အတွက် ရှင်းလင်းရန် ထိုစဉ်က သက်ဆိုင်ရာ အာဏာပိုင်များ၏ တာဝန်ပင် ဖြစ်ပေသည်။ ထို အကြွေးငွေများမှာ မြန်မာပြည်သူများအတွက် ကောင်းကျိုးသက်ရောက်ခဲ့သည်ဖြစ်စေ၊ သက်ရောက်ခြင်း မရှိခဲ့သည်ဖြစ်စေ နောင်အစိုးရများမှ ပြည်သူ့ဘဏ္ဌာငွေကို အသုံးပြု၍ ပြန်လည်ပေးဆပ်ရမည် ဖြစ်သောကြောင့် မြန်မာပြည်သူများ အားလုံးအပေါ် တိုက်ရိုက်အကျိုးသက်မှု ရှိနေသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကြောင်းပြု၍ ဖွံ့ဖြိုးပြီး နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါနှင့် အီးယူနိုင်ငံတို့က လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း စီးပွားရေးအရ ပိတ်ဆို့ အရေးယူခဲ့ပြီး ငွေကြေးချေးငှားခြင်းများ ရပ်ဆိုင်းခဲ့ကြသည်။
ယခုအခါ မြန်မာပြည်သည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဘက်သို့ ကူးပြောင်းလာနေသည့်အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးချီးမြှင့်သည့် အနေဖြင့် စီးပွားရေးပိတ်ဆို့ထားမှုများကို အနောက်နိုင်ငံတို့က တဖြည်းဖြည်းချင်း ရုပ်သိမ်းလာနေပြီ ဖြစ်သည်။
အမေရိကန်၊ ကနေဒါ၊ နော်ဝေးနှင့် ဩစတြေးလျတို့က ပိတ်ဆို့မှုအချို့ကို လျှော့ချပေးပြီး၊ ဥရောပသမဂ္ဂ ကလည်း ပိတ်ဆို့မှုကို တနှစ်ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ ငွေကြေးအကူအညီပေးမည့်နိုင်ငံများ၊ ချေးငှားပေးမည့် နိုင်ငံများလည်း ပေါ်လာသဖြင့် လာမည့်နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံတွင်းသို့နိုင်ငံခြားမှ အကူအညီများ၊ ချေးငွေများ ဒေါ်လာ ဘီလျံနှင့်ချီ၍ ဝင်လာနိုင်သည်။ ထိုသို့ အကြွေး သစ်များ ထပ်မံချေးယူခြင်းပြုလုပ်လာပါက ပြည်သူများအနေဖြင့် ယခင်ချေးယူထားသော အကြွေးဟောင်းများအား သာဓက ယူ၍ နိုင်ငံခြားကြွေးမြီဖြင့် လုပ်ဆောင်မည့် မည်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်က ကောင်းကျိုးဖြစ်စေမည်၊ ဆိုကျိုးဖြစ်စေမည် စသည်ဖြင့် မိမိတို့သက်ဆိုင်ရာ လူထုကိုယ်စားလှယ်များမှ တဆင့် တင်ပြဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ အကြွေးဟောင်းများကို စုစည်းတင်ပြ လိုက်ခြင်းဖြစ်သည်။
လက်ရှိ နိုင်ငံတကာအသိုင်းအဝိုင်း၏ မြန်မာနိုင်ငံအပေါ်ထားရှိသော ပေါ်လစီအပြောင်းအလဲများသည် မြန်မာနိုင်ငံ၏ “ဒီမိုကရေစီ” အသွင်ကူးပြောင်းလာသော နိုင်ငံရေးစနစ်ကြောင့်ဟု ပြောကြသည်။ အနောက်နိုင်ငံများ၏ မြန်မာပြည်နှင့် ဆက်ဆံရေးသည် ဒီမိုကရေစီကို အခြေခံသည်ဟုဆိုလျှင် “မြန်မာပြည်၏ မည်သည့် ဒီမိုကရေစီ ခေတ်ကာလတွင် မြန်မာအစိုးရအား ငွေထုတ်ချေးပေးခဲ့သနည်း” ဟု မေးလိုသည်။ အဘယ်ကြောင့် ဆိုသော် ဘဏ္ဘာရေးဝန်ကြီးက အကြွေး ၁၁ ဘီလျံအနက် ၈.၄ ဘီလျံကို ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ အတွင်း ချေးယူထားသည်ဟု ဆိုသည်။ ဤကာလသည် ဗိုလ်ချုပ်ကြီး နေဝင်းက စစ်အာဏာရှင်စနစ်ဖြင့် ဖိနှိပ်အုပ်ချုပ်နေသောကာလ၊ ၁၉၇၄ ခုနှစ်မှစ၍ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ဖြင့် ပြည်သူများအား ဆင်းရဲတွင်းနက်အောင် ထင်ရာစိုင်းနေသောကာလပင်ဖြစ်သည်။
သို့သော် ၁၉၇၄ ခုနှစ်မှစ၍ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အမေရိက၊ ဂျာမနီ၊ ဂျပန်၊ ဩစတြေးလျ၊ ဖင်လန်၊ နော်ဝေ စသည့် နိုင်ငံတို့က သန်းရာပေါင်းများစွာ ထုတ်ချေးပေးခဲ့သည်။
မြကာသေးခင်က စာရေးသူ စကားပြောခွင့်ရခဲ့သည့် ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရလက်ထက် ဝန်ကြီးတယောက်၏ အဆိုအရ – ဦးနေဝင်း အစိုးရသည် အိမ်နီးချင်းနိုင်ငံများအပါအဝင် အြခားစက်မှုနိုင်ငံများနှင့် အမီလိုက်ရန် နိုင်ငံခြားမှ ငွေချေးယူခဲ့သည်။ အရာရှိများသည် စိတ်ထားဖြူစင် ရိုးသားစွာဖြင့် တိုင်းပြည်အတွက် လုပ်ခဲ့ကြသည်။ မှန်သည်ထင်၍ စက်ရုံများတည်ခဲ့ကြသည်။ သို့သော် ငွေကြေးများအား မအောင်မြင်နိုင်သော စက်ရုံများ၊ နိုင်ငံတကာ ဈေးကွက် မရှိသော ကိစ္စများနှင့်၊ သဘာဝအရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စများတွင် မှားယွင်းသုံးမိကြောင်း နောက်ပိုင်းမှ သိရှိလာရသည်ဟု ဆိုသည်။
စစ်တိုက်ရန် လေ့ကျင့်ထားသော စစ်အရာရှိကြီးများသည် စီးပွားရေးနှင့် တိုင်းပြည်စီမံခန့်ခွဲရေးကို နားမလည်နိုင်ပေ။ ပိုဆိုးသည်မှာ ကိုယ်ထင်ရာမှန်၏ ယူဆကာ တံခါးကိုပိတ်၊ အာဏာကိုသုံးပြီး စစ်တပ်တွေး တွေးကာ ဆုံးဖြတ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သော စစ်ဗိုလ်ဟောင်းများနှင့် ဖွဲ့စည်းထားသော လက်ရှိ အစိုးရသစ် လက်ထက်တွင်လည်း ထိုကဲ့သို့သော အဖြစ်ဆိုးများနှင့် ထပ်မံကြုံကြိုက်မည့်အရေးကို ဆင်ခြင်မိသည်။
အချုပ်ဆိုရလျှင် ဒီမိုကရေစီ၏ ချန်ပီယံဆိုသော အခိျု့အင်အားကြီး နိုင်ငံများသည် ကမ္ဘာပေါ်တွင် အဆိုးဆုံး အာဏာရှင်အစိုးရများကို ငွေကြေးအကူအညီများ ပေးခဲ့ကြောင်း တွေ့ရသည်။ သူတို့ အကူအညီပေးသော စီးပွားရေးများမှာ ပြည်သူများအား ဖိနှိပ်အုပ်ချုပ်သည့် စစ်အစိုးရအတွက် ဝင်ငွေရှာပေးသော သဘာဝအရင်းအြမစ် ကဏ္ဌဖြစ်သည်။ ဥပမာအားဖြင့် စက်မှုဖွံ့ဖြိုးရေးနှင့် ယှဉ်တွဲ၍ မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့၊ ရေနံ၊ တွင်းထွက်၊ ရေကာတာ၊ ကျွန်းသစ် စသည့် စွမ်းအင်နှင့် သဘာဝသယံဇာတဖွံဖြိုးရေးတို့အတွက် ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရအား ထိုအင်အားကြီးနိုင်ငံများမှ အားပေး အားမြှောက်ပြုခဲ့သည်။
မြန်မာပြည် အကြွေး ၁၁ ဘီလျံတင်နေကြောင်း ကြော်ညာသည့်အချိန်မှစ၍ ပြည်သူများ စိတ်ဝင်စားသည်မှာ ဘယ်သူက၊ ဘယ်တုန်းက၊ ဘာအတွက် ငွေချေးပေးသည် ဆိုတာဖြစ်သည်။ သုံးသပ်ချက်အခိျု့ကို စီးပွားရေး စာအုပ် အချို့တွင် တွေ့ရသော်လည်း ပိုမိုအသေးစိတ် အချက်အလက်များ ရှားပါး သေးသဖြင့် ငွေချေးသည့်ခုနှစ်၊ နိုင်ငံ၊ ချေးသည့်အကြောင်းအရာတို့ကို အကြမ်းဖျင်း တင်ပြရန် ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များအတွင်း ထုတ်သည့် BBC၊ The New York Times၊ The Washington Post၊ The Harald၊ The Globe and Mail သတင်းဌာနများ၊ ကမ္ဘာဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ချေးငှားပေးသည့် အစိုးရဌာနအချို့တို့မှ အချက်အလက်အချို့ကို စုစည်း တင်ပြရပါသည်။
(မှတ်ချက်။ အောက်ပါ ဇယားသည် သဘောတူညီမှုဆိုင်ရာ အခိျု့ အချက်အလက်များကို အခြေခံခြင်းဖြစ်သည်။ ငွေဝင်၊ ငွေထွက်နှင့် သုံးစွဲလည်ပတ်မှု စသည့် အချက်အလက်အသေးစိတ်ကို အစိုးရဌာနများက ထုတ်ပြန်ရန် လိုအပ်သည်။)
Ref;DVBburmese
No comments:
Post a Comment