၂၀ရာစုနှစ် ဒုတိယပိုင်းတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ၌ အစိုးရများ၏ စီးပွားရေးကဏ္ဍ သိသိသာသာ ကြီးမားလာခဲ့ပါသည်။ အလားတူပင် ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း ကိုလိုနီဘ၀မှ လွတ်မြောက်လာခြင်း၊ နိုင်ငံအတွက် စက်မှု လက်မှု တည်ထောင်ရန် လိုအပ်လာခြင်းတို့ကြောင့် အစိုးရ၏ အခန်းကဏ္ဍ ကြီးမားလာခဲ့ပါသည်။ အစိုးရက စွမ်းအားစုများကို စုစည်းကာ စီးပွားရေး တိုးတက်မှု ရရှိအောင် ကြိုးစားအားထုတ်လာခဲ့ကြပါသည်။ သို့သော်လည်း ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အစိုးရ၏ အသုံးစရိတ်မှာ နည်းပါးနေဆဲ ဖြစ်ပါသည်။
ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အစိုးရ အသုံးစရိတ် အများစုကို ပင်စင်၊ လူမှုဖူလုံရေး၊ အလုပ်လက်မဲ့ ခံစားခွင့် အစရှိသည်တို့အတွက် အသုံးပြုမှု များပြားပါသည်။ သို့သော် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ပညာရေး၊ ကျန်းမာရေး စသည်တို့အတွက် အသုံးပြုမှု နည်းပါးပြီး နိုင်ငံပိုင် လုပ်ငန်းများကို အထောက်အပံ့ ပေး၇န်အတွက် အများဆုံး အသုံးပြုကြရသည်။ တစ်နည်းအားဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အရ စီးပွားရေး လုပ်ငန်းများကို အစိုးရက ၀င်ရောက် ဆောင်ရွက်နေရသည်။ စင်စစ် အချို့နိုင်ငံပိုင် လုပ်ငန်းများသည် ပုဂ္ဂလိက လုပ်ငန်းများက ဆောင်ရွက်သင့်ပြီး ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အကျိုးအမြတ် ရရှိနိုင်ပါသည်။ သို့သော် အချို့ လုပ်ငန်းများကို အစိုးရက မိမိတို့ ထိန်းချုပ်မှုအောက်တွင် ထားရှိလိုကြသည်။ ဆင်းရဲသော နိုင်ငံများ၌ တိုင်းပြည်ဝင်ငွေ (ဂျီဒီပီ)တွင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၏ အချိုးအစား ကြီးမားကြောင်း တွေ့ရသည်။
နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများသည် စီးပွားရေး တိုးတက်မှုကို အထောက်အကူ ပြု၊ မပြု ဆိုသည့် အပေါ် အမြင် ကွဲပြားမှု ရှိပါသည်။
အထင်ကရ စီးပွားရေး လုပ်ငန်းကြီးများ ခေတ်မီတိုးတက်ရန် အတွက် အစိုးရကသာ လိုအပ်သော ရင်းနှီးမြှုပ်နှံမှု အပြည့်အ၀ လုပ်နိုင်စွမ်း ရှိခြင်း၊ အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ရှိသဖြင့် လောင်စာ၊ အိမ်ယာ၊ သယ်ယူ ပို့ဆောင်ရေး ကဲ့သို့သော အခြေခံ ကုန်စည်များ၏ ဈေးနှုန်းသည် အများ လက်မခံနိုင်လောက်အောင် မြင့်မားခြင်း မရှိစေရန် ကာကွယ်နိုင်ခြင်း၊ လူအများအပြား အလုပ်အကိုင် ရရှိစေနိုင်ခြင်း ဟူသော ကောင်းကျိုးများကို ထောက်ပြကြပါသည်။
သို့သော်လည်း တစ်ဘက်တွင် နိုင်ငံပိုင် လုပ်ငန်းများသည် စွမ်းဆောင်ရည် နိမ့်ကျမှု ရှိပါသည်။ အဓိက အားနည်းချက်မှာ နိုင်ငံပိုင် လုပ်ငန်းများ၏ မန်နေဂျာများက အမြတ်ရရှိရန် ကြိုးပမ်းအားထုတ်စေမည့် မက်လုံး လုံးဝ မရှိခြင်း ဖြစ်ပါသည်။ အစိုးရ၏ ထောက်ပံ့ကြေး ရရှိနိုင်ခြင်း၊ အတိုးနှုန်း သက်သာစွာ ချေးငွေ ရရှိနိုင်ခြင်း၊ ဒေ၀ါလီ ခံရမည့် အန္တရာယ် မရှိခြင်း၊ အစိုးရက ရောင်းဈေးကို မတန်တဆ နှိမ့်ချထားခြင်း၊ ပိုလျှံဝန်ထမ်းများအား ထုတ်ပယ်ခွင့် မရှိခြင်း စသည့် အားနည်းချက်များ ရှိပါသည်။
စွမ်းဆောင်ရည် နိမ့်ပြီး လေလွင့်ဆုံးရှုံးမှု များလျှင် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို သေချာပေါက် ထိခိုက်သည်။ ဘတ်ဂျက်လိုငွေကို ငွေစက္ကူရိုက် ဖြေရှင်းရာမှ ငွေဖောင်းပွစေခြင်း၊ ချေးငွေရယူရာမှ ပြည်တွင်း ပြည်ပ ကြွေးမြီများပြားခြင်း၊ ထို့ကြောင့် နိုင်ငံ၏ စီးပွားရေး မတည်မငြိမ် ဖြစ်ကာ စီးပွားရေး တိုးတက်ရန် အလားအလာ အခွင့်အလမ်းများကိုလည်း ထိခိုက်စေပါသည်။ သို့ဖြစ်ရာ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ မည်သည့် အတိုင်းအတာအထိ ထားရှိသင့်သည်ကို စဉ်းစားလာကြပါသည်။
ယခုခေတ်တွင် အစိုးရ၏ နယ်ပယ် (Scope of the Government) နှင့်၊ အစိုးရ၏ စွမ်းရည် (Capacity of the Government) ကို ယှဉ်တွဲ၍ စဉ်းစားလာကြပါသည်။ အဓိကအားဖြင့် တစ်ဘက်တွင် အစိုးရ၏ နယ်ပယ် ကျယ်ပြန့်ပြီး အစိုးရ၏ စွမ်းရည် နိမ့်ကျနေလျှင် မနိုင်မနည်း ဖြစ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
အစိုးရက ဈေးကွက် (သို့) ပုဂ္ဂလိကက ဆောင်ရွက်ခြင်း မပြုနိုင်သော နယ်ပယ်များ၌သာ ၀င်ရောက် ဆောင်ရွက်သင့်ကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ် ပြုလာကြပါသည်။ ပုဂ္ဂလိက (သို့) ဈေးကွက်က အဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်သော ကိစ္စ ၅ခု ရှိပါသည်။ ၎င်းတို့ကို ဈေးကွက်၏ အားနည်းချက်များ (Market Failures) ဟူ၍ ခေါ်ဝေါ်လေ့ ရှိပါသည်။ ၎င်းတို့မှာ
ကာကွယ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ လမ်းတံတားများ၊ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး ဟူသော အများပြည်သူ ကောင်းကျိုး ရှိစေမည့် ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို လုံလောက်အောင် ထုတ်လုပ် ဖြည့်ဆည်းမပေးနိုင်ခြင်း
မိမိတို့ လုပ်ငန်း အပြင်ဘက်တွင် ကောင်းကျိုး ဖြစ်စေနိုင်သည့် (Positive Externalities) ပညာရေး၊ ကျန်းမာရေး ကဲ့သို့သော လုပ်ငန်းမျိုးကို ထုတ်လုပ်ဆောင်ရွက်မှု နည်းပါးခြင်း၊ စီးကရက် ကဲ့သို့သော ဆိုးကျိုး ဖြစ်စေနိုင်သည့် (Negative Externalities) လုပ်ငန်းမျိုးကို ထုတ်လုပ်ဆောင်ရွက်မှု များခြင်း
လျှပ်စစ်နှင့် ရေပေးဝေရေး လုပ်ငန်းများ ကဲ့သို့သော သဘာဝအရ လက်ဝါးကြီးအုပ် လုပ်ကိုင်နိုင်သော လုပ်ငန်းများတွင် ထုတ်လုပ်မှု နှိမ့်ချကာ ဈေးတင်ထားလေ့ ရှိခြင်း
အငြိမ်းစား ခံစားခွင့်၊ ကျန်းမာရေး ခံစားခွင့်၊ အလုပ်လက်မဲ့ ခံစားခွင့်တို့ကဲ့သို့သော လူမှု ဖူလုံရေး ခံစားခွင့်များ အပြည့်အ၀ မပေးနိုင်ခြင်း
ဈေးကွက်အတွင်း ပါဝင်သူအားလုံး တပြေးညီ သတင်းအချက်အလက် မရရှိနိုင်ကြခြင်း (ဥပမာ- စားသုံးသူများသည် မိမိတို့ကို အန္တရာယ် ဖြစ်စေနိုင်သည့် ဆေးဝါးများ၊ အစားအသောက်များ အကြောင်းကို ကောင်းစွာ မသိရှိကြခြင်း) တို့ ဖြစ်ပါသည်။
အထက်ပါ အားနည်းချက်များကြောင့် အစိုးရက စီးပွားရေး လုပ်ငန်းများ ၀င်ရောက်ဆောင်ရွက်ရာတွင်လည်း အကောင်းဆုံးရလဒ် ထွက်ပေးမည်ဟု မမျှော်လင့်နိုင်ပါ။ စွမ်းရည် နိမ့်ကျခြင်း၊ အကျင့်ပျက်ခြင်း၊ ရည်ရွယ်ချက် မပြတ်သားခြင်း၊ ၀န်ထမ်းများက လုပ်ငန်းသဘာဝကို ကောင်းစွာ နားမလည်ခြင်း၊ အစရှိသော အားနည်းချက်များ တွေ့ကြုံရပါသည်။ (အမေရိကန် ပြည်ထောင်စုတွင် ပုဂ္ဂလိက အကျဉ်းထောင်များ ပြုလုပ်စေကာ အစိုးရက ထောက်ပံ့သည့် သာဓကပင် ရှိပါသည်။)
အစိုးရက စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုရသည့် ငွေများကို ပညာရေး၊ ကျန်းမာရေးတို့ အတွက် လွှဲပြောင်း တိုးမြှင့် အသုံးပြုနိုင်သည့် သာဓကများ ရှိပါသည်။
တဖန် အစိုးရ လုပ်ခဲ့သော လုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းများက ဆောင်ရွက်ခြင်း ပြုနိုင်ရန်၊ စည်းမျဉ်း စည်းကမ်းများ ဖြေလျှော့ပေးသောနည်း၊ ပုဂ္ဂလိက လုပ်ငန်းများ ကြီးထွား တိုးတက်လာစေရန် ဆောင်ရွက်သောနည်း (Market Liberalization) ကိုလည်း အသုံးပြုကြပါသည်။
ခင်မောင်ညို (ဘောဂဗေဒ)
ReflKhitlunge
No comments:
Post a Comment