by FNG on January 31, 2013
မိုးအေး
အုပ်စိုးသူအာဏာရှင်တွေ သဘောတူညီမူနဲ့ ပေါ်ပေါက်လာတဲ့ အသွင်ကူးပြောင်းရေး အကြိုကာလတွေမှာ အတိုက်အခံတွေအနေနဲ့ ရှောင်လွဲလို့မရ ထိတွေ့ဆက်ဆံရမဲ့သူတွေကတော့ ဒီကနေ့ ရေပန်းစားနေတဲ့ ခေတ်ပျက်သူဌေး ဒါမှမဟုတ် ခရိုနီလုပ်ငန်းရှင်ကြီးတွေပဲ ဖြစ်ပါတယ်။
အုပ်စိုးသူအာဏာရှင်တွေ သဘောတူညီမူနဲ့ ပေါ်ပေါက်လာတဲ့ အသွင်ကူးပြောင်းရေး အကြိုကာလတွေမှာ အတိုက်အခံတွေအနေနဲ့ ရှောင်လွဲလို့မရ ထိတွေ့ဆက်ဆံရမဲ့သူတွေကတော့ ဒီကနေ့ ရေပန်းစားနေတဲ့ ခေတ်ပျက်သူဌေး ဒါမှမဟုတ် ခရိုနီလုပ်ငန်းရှင်ကြီးတွေပဲ ဖြစ်ပါတယ်။
အာဏာရှင်လက်ထက်မှာ အုပ်စိုးသူအ၀န်းအပိုင်းနဲ့ပဲ ပူးပေါင်းဖို့လိုတဲ့ ခရိုနီစီးပွါးရေးလုပ်ငန်းရှင်တွေဟာ အသွင်ကူးပြောင်းရေးအကြိုကာလ စပြီဆိုတာနဲ့ အာဏာရှိသူကိုရော၊ အာဏာရှိမယ်လို့ ယူဆရသူတွေကိုရော၊ တချိန်ချိန်မှာ အာဏာရှိလာနိုင်ချေရှိတဲ့ ထင်ရှားတဲ့ အတိုက်အခံတွေနဲ့ပါ ပူးပေါင်းဖို့ လိုလာပါတယ်။ အာဏာရှိသူတွေနဲ့ မဟာမိတ်လုပ်ရတာက ခရိုနီအစဉ်အလာမို့ ပြသနာမရှိပေမဲ့ အာဏာမရှိသူ တနည်းအားဖြင့် အတိုက်အခံတွေနဲ့ မဟာမိတ်လုပ်ရချိန်မှာတော့ ခရိုနီရဲ့ မူလအဓိပါယ်သတ်မှတ်ချက်နဲ့ ခရိုနီရဲ့ဂုဏ်ပုဒ် ပုံပျက်သွားတယ်လို့ ယူဆသူတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ခရိုနီဆိုတာဟာ အာဏာရှိသူတွေနဲ့ပဲ ပေါင်းသင်းရပ်တည်သူတွေဆိုတဲ့ ယူဆချက်ကြောင့်ပါ။
တချို့ကတော့လဲ ခရိုနီရဲ့ မူလပထမ အဓိပ္ပါယ်ဟာ မိတ်ကောင်းဆွေကောင်း၊ ငယ်ပေါင်းရင်းချာ ဆိုတဲ့ အဓိပ္ပါယ်ရှိတာမို့ ထင်ရှားတဲ့ အတိုက်အခံတွေနဲ့ မိတ်ဆွေဖြစ်ရေးကို ခရိုနီတွေအနေနဲ့ မဖြစ်မနေ လုပ်လာရတယ်လို့ ယူဆပါတယ်။ အတိုက်အခံဘ၀ကတဲက မိတ်ဆွေဖွဲ့ထားမှ အာဏာရလာချိန်မှာ ငယ်ပေါင်းရင်းချာ ဆက်ဆံရေးမျိုး ရနိုင်မယ်ဆိုတဲ့ ယူဆချက်နဲ့ပါ။ အတိုက်အခံနဲ့ မဟာမိတ်လုပ်လာတာဟာ ခရိုနီဂုဏ်ပုဒ် ပျက်စီးစေဖို့ မဟုတ်ပဲ ခရိုနီရဲ့  အသွင်ကူးပြောင်းရေးအကြိုကာလ ရင်းနှီးမြုပ်နှံမူတခုသာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ခရိုနီနဲ့ အာဏာသံသရာ
အသွင်ကူးပြောင်းရေးရဲ့ တချိန်ချိန်မှာ အတိုက်အခံတွေလဲ အာဏာရလာနိုင်တယ် ဆိုတာကို ခရိုနီတွေက သဘောပေါက်ပါတယ်။ အာဏာရလာတဲ့ အတိုက်အခံနဲ့ ပေါင်းရသလို အတိုက်အခံပြန်ဖြစ်သွားတဲ့ အာဏာမဲ့တွေနဲ့လဲ ပေါင်းပါတယ်။ အာဏာရှိသူရော အာဏာပြန်ရလာမဲ့ အတိုက်အခံတွေကိုရော မိတ်ဆွေကောင်းတွေလုပ် ပေါင်းသင်းရင်းပဲ ခရိုနီဂုဏ်ကို ဆက်လက်ထိမ်း သိမ်းသွားဖို့ ကျိုးစားကြလေ့ရှိပါတယ်။
ဒီနေရာမှာ မေးစရာရှိလာတာကတော့ ခရိုနီတိုင်း ခရိုနီဘ၀နဲ့ပဲ တသက်လုံး ရပ်တည်သွားကြသလားဆိုတဲ့ မေးခွန်းပါ။
တချို့ခရိုနီလုပ်ငန်းရှင်တွေကတော့ ခရိုနီဂုဏ်ပုဒ်ကို လုံးဝဖျက်ဆီးလိုက်ပြီး အတိုက်အခံတွေနဲ့ပဲ တသက်လုံး ပေါင်းသွားတာတွေလဲ ရှိတတ်ပါတယ်။ ခရိုနီလုပ်ငန်းရှင်အဖြစ်ကနေ အသွင်ကူးပြောင်းရေး လူချမ်းသာဘ၀ကို ပြောင်းလဲရပ်တည်ပါတယ်။ အာဏာရှိသူနဲ့ ခပ်ကင်းကင်းနေပြီး အတိုက် အခံမှန်သမျှကို ကူညီပံ့ပိုးပါတယ်။ ခေတ်ပျက်စဉ်က ချမ်းသာကြွယ်ဝလာမှုတွေကို အသွင်ကူးပြောင်းရေးကာလ လိုအပ်ချက်တွေအတွက် ပြန်လည်ပေးဆပ်ဖို့ ကျိုးစားပါတယ်။ အသွင်ကူးပြောင်းရေး လူချမ်းသာတွေထဲမှာ အထင်ရှားဆုံး ပုဂ္ဂိုလ်ကတော့ ရုရှားက ခေတ်ပျက်သူဌေး မီခိုလ်း (မီခေးလ်) ခိုဒေါ်-ကောဗ့်စကီး ဖြစ်ပါတယ်။
ခိုဒေါ်ကောဗ့်စကီး ဘယ်သူလဲ
ခိုဒေါ်ကောဗ့်စကီးဟာ ၁၉၆၃ ခုနှစ်မှာ မော်စကိုမြို့တော်မှာ မွေးဖွါးကြီးပြင်းခဲ့သူပါ။ ဖခင်ဖြစ်သူက ဂျူး-လူမျိုး အင်ဂျီနီယာတဦးဖြစ်ပြီး ခိုဒေါ်ကော့ဗ်စကီးကိုယ်တိုင်လဲ ဓါတုအင်ဂျီနီယာဘာသာရပ်ကို သင်ယူခဲ့ပါတယ်။ တက္က သိုလ်ကျောင်းသားဘ၀မှာပဲ ကွန်မြူနစ်ပါတီရဲ့ လူငယ်ခေါင်းဆောင် ဖြစ်လာပါတယ်။ ၁၉၈၆ ခုနှစ် ဓါတုအင်ဂျီနီယာနဲ့ ဘွဲ့ရပြီးချိန်မှာ အဲဒီအချိန်က သမ္မတ ဂေါ်ဘာချော့ရဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို သဘောကျပြီး စီးပွါးရေးနယ်ထဲကို ၀င်ခဲ့ပါတယ်။ ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ အကူအညီနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ ရင်းနှီးမြုပ်နှံဖို့ နိုင်ငံတော်ချေးငွေ အမြောက်အများ ရခဲ့သူပါ။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲချိန်မှာ ခိုဒေါ်ကော့ဗ်စကီးဟာ ချမ်းသာတဲ့ လုပ်ငန်းရှင်တဦး ဖြစ်နေပါပြီ။ ရုရှားနိုင်ငံရဲ့  ပထမဆုံး ပုဂ္ဂလိကဘဏ် ထူထောင်ခွင့်ရခဲ့သလို မီလျှံနာသူဌေးတယောက် ဖြစ်လာပါတယ်။
ခေတ်ပျက်သူဌေးရဲ့ ဒီမိုကရေစီအိပ်မက်
ခိုဒေါ်ကောဗ့်စကီးနဲ့ တခြားရုရှားခေတ်ပျက်သူဌေးတွေ မတူတာတခုကတော့ လူငယ်တွေအပေါ် ထားရှိတဲ့ အနာဂတ်ရည်မှန်းချက် ဖြစ်ပါတယ်။ သူ့ရဲ့ချမ်းသာကြွယ်ဝမူတွေကို ရုရှားမျိုးဆက်သစ်ခလေးတွေအတွက် တစုံတရာ ဖန်တီးပေးခဲ့ရမယ်၊ ရင်းနှီးမြုပ်နှံပေးခဲ့ရမယ်လို့ ခိုဒေါ်ကော့ဗ်စကီးက ယုံကြည်ပါတယ်။ ရုရှားလူငယ်တို်င်းဟာ သူ့လိုမျိုး အခွင့်အရေးရခဲ့မယ်ဆိုရင် သူ့လိုပဲ ချမ်းသာ ကြွယ်ဝလာသူတွေ ဖြစ်လာမယ်လို့လဲ ယူဆသူပါ။ နိုင်ငံရေးအယူအဆနဲ့ ပတ်သက်ရင်လဲ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ၊ လမ်းညွန်ဒီမိုကရေစီ ဆိုတဲ့ အယူအဆတွေကို ခိုဒေါ်ကော့ဗ်စကီးက ဆန့်ကျင်ပါတယ်။ ဒီမိုကရေစီဟာ ဒီမိုကရေစီပဲဖြစ်တယ်လို့ ယုံကြည်သူပါ။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တွေလဲ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံရေးစင်မြင့်ထက်မှာ ပါဝင်ခွင့် ရှိသင့်တယ်လို့ သူက ယူဆပါတယ်။ ရှုရှားရဲ့  အနာဂတ်နိုင်ငံရေးဟာ မျိုးဆက်သစ်တွေရဲ့ ပညာရေးအပေါ် လုံးဝမှီတည်နေတယ်လို့လဲ ခိုဒေါ်ကော့ဗ်စကီးက ယုံကြည်သူပါ။ သူ ယုံကြည်တဲ့အတိုင်းပဲ ရုရှားမျိုးဆက်သစ်ခလေးတွေအတွက် ဒီမိုကရေစီ မျိုးစေ့ချနိုင်ဖို့ဆိုပြီး the-Open-Russian-Foundation ဆိုတဲ့ ဖေါင်ဒေးရှင်း ထူထောင်ပြီး နိုင်ငံရေး-လူမူရေး-လူ့အခွင့်အရေးနဲ့-နည်းပညာသင်တန်းတွေကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးပါတယ်။ သူ့သားကြီးဖြစ်တဲ့ ပါဗယ်-ခိုဒေါ် ကော့ဗ်စကီးကို အမေရိကန်နိုင်ငံကို သွားရောက်ပညာသင်စေခဲ့သလို တခြားအရည်အချင်းရှိတဲ့ လူငယ်တွေကိုလဲ နိုင်ငံရပ်ခြားမှာ သွားရောက်သင်ယူနိုင်ဖို့ ပညာသင်စားရိတ် ထောက်ပံ့ပေးတာတွေ လုပ်ပါတယ်။
ငွေကြေးမတောင့်တင်းတဲ့ နိုင်ငံရေးပါတီတွေကို ခိုဒေါ်ကော့ဗ်စကီးက နှောင်ကြိုးမဲ့ အကူအညီတွေ ပေးပါတယ်။ နိုင်ငံရေးပါတီတခုထဲကို ကူညီပေးတာမျိုးကိုတော့ သူက လုံးဝဆန့်ကျင်ပါတယ်။ နိုင်ငံရေးပါတီတွေ များများရှိလေ ရုရှားလူငယ်တွေကြားမှာ နိုင်ငံရေးအမြင် ပိုနိုးကြားလာလိမ့်မယ်လို့ ခိုဒေါ် ကော့ဗ်စကီးက ယုံကြည်ပါတယ်။ ဒီမိုကရေစီမှာ အာဏာရအစိုးရကို စောင့်ကြည့်ဖိအားပေးရမဲ့ အတိုက်အခံတွေ၊ အစိုးရမဟုတ်တဲ့ လူမူအခြေပြုအဖွဲ့အစည်းတွေ များများလိုအပ်တယ်လို့လဲ သူက ယူဆပါတယ်။ ယူဆတဲ့အတိုင်းလဲ လိုအပ်တဲ့ အကူအညီမှန်သမျှကို ခိုဒေါ်ကော့ဗ်စကီးက ထောက်ပံ့ပေးပါတယ်။ သူနဲ့ခေတ်ပြိုင် ခေတ်ပျက်သူဌေးတွေကိုလဲ လူ့အခွင့်အရေးဖေါင်ဒေးရှင်းတွေ လူသားချင်စာနာကူညီရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ရုရှားလူ့အဖွဲ့အစည်းကို တုန့်ပြန်ကျေးဇူးဆပ်ကြဖို့ စည်းရုံးခဲ့သူလဲဖြစ်ပါတယ်။
ခောတ်ပျက်သူဌေးတွေပဲ ကောင်းစားနေတယ်ဆိုပြီး အသွင်ကူးပြောင်း ရေးကာလကို စိတ်ပျက်နေတဲ့ ရုရှားလူထုဟာ ခိုဒေါ်ကော့ဗ်စကီး ရပ်တည်ချက်ကို အသိအမှတ်ပြု လေးစားခဲ့ကြပါတယ်။ သမ္မတယဲ့လ်ဆင်လက်ထက်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့  စီမန်ကိန်းတွေ၊ ရည်ရွယ်ချက်တွေဟာ တစုံတရာ အနှောက်အယှက် မရှိခဲ့ပေမဲ့ သမ္မတ ဗလာဒီမာပူတင်လက်ထက်မှာတော့ ပြသနာပေါင်းမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ခရိုနီလဲ ပါဝင်ခွင့်ရှိတယ်
နိုင်ငံခြားမသွားဘဲ ထောင်ထဲသွားဖို့ ရွေးချယ်ခဲ့သူ
ပူတင်နဲ့ အစည်းအဝေးပြီးချိန်ကစလို့ ရုရှားထောက်လှမ်းရေးတွေဟာ ခိုဒေါ်ကော့ဗ်စကီးနဲ့ ရင်းနှီးသူတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ လုပ်လာပါတယ်။ ခိုဒေါ်ကော့ဗ်စကီး ဖေါင်ဒေးရှင်းအကူအညီနဲ့ ပညာသင်နေတဲ့ ခလေးမိဘတွေကို အကျပ်ကိုင်ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ တခြားခေတ်ပျက်သူဌေးတွေလို ပိုင်ဆိုင်မူတွေနဲ့အတူ နိုင်ငံကနေ ထွက်ပြေးသွားဖို့ နည်းမျိုးစုံနဲ့ ခိုဒေါ် ကော့ဗ်စကီးကို ဖိအားပေးပါတယ်။ ဒါပေမဲ့ ခိုဒေါ် ကောဗ့်စကီးဟာ တခြားလူတွေလို တိုင်းပြည်က ထွက်မသွားတဲ့အပြင် လူငယ်တွေ ပညာရေးအတွက် နောက်ထပ် ဖေါင်ဒေးရှင်းအသစ်တွေ ထူထောင်ပါတယ်။ အတိုက်အခံပါတီတွေကိုလဲ အရင်အတိုင်း အကူအညီပေးပါတယ်။
၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ပူတင်ရဲ့  ထောက်လှမ်းရေးအဖွဲ့က ခိုဒေါ်ကော့ဗ်စကီးကို ဖမ်းဆီးပါတယ်။ အခွန်တိမ်းရှောင်မှု၊ အကျင့်ပျက်ခြစားမှု စတာတွေနဲ့ စွဲချက်တင်ပြီး ထောင် ၈ နှစ် ချမှတ်ခဲ့ပါတယ်။ သူ့ ဖက်က လိုက်ပါပေးတဲ့ ရှေ့နေတွေ ထောက်ခံသူတွေ အားလုံးကိုပါ ပူတင် ထောက်လှမ်းရေးက နည်းမျိုးစုံနဲ့ စွဲချက်တင် ဖမ်းဆီးတာ ရှေ့နေလိုင်စင်ပိတ်တာတွေ လုပ်ခဲ့တာပါ။ ထောင်မချခင်မှာ ပူတင်ဟာ ခိုဒေါ်ကော့ဗ်စကီးကို အပြစ်ရှိကြောင်း ၀န်ခံပြောမယ်ဆိုရင် ပြန်လွတ်ပေးမယ်၊ ပိုင်ဆိုင်မူတွေနဲ့အတူ နိုင်ငံခြားကို ထွက်ခွါနေထိုင်ခွင့် ပေးမယ်ဆိုပြီး နည်းမျိုးစုံနဲ့ စည်းရုံနားချဖို့ ကျိုးစားပါတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာ လူချမ်းသာတဦးလိုနေရမဲ့ ဘ၀ထက် ရုရှားမှာပဲ အကျဉ်းသားဘ၀နဲ့ နေရတာက အနာဂါတ် ရုရှားမျိုးဆက်သစ်တွေအတွက် စံနမူနာကောင်းဖြစ်တယ်ဆိုပြီး ခိုဒေါ်ကော့ဗ်စကီးဟာ အပြစ်ရှိကြောင်း ၀န်ခံဖို့ ငြင်းဆိုပြီး အကျဉ်းသားဘ၀ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသား ခိုဒေါ်ကော့ဗ်စကီး
ပူတင် အကြောက်ရဆုံး လူသား
(အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့ သား ပါဗယ်ဒေါ်ကော့ဗ်စကီးက ပြင်သစ်နိုင်ငံမှာ လာရောက် တွေ့ဆုံနုတ်ဆက်ရင်း သူ့ဖခင် ရေးသားပြုစုထားတဲ့ စာအုပ်တွေကို လက်ဆောင်ပေးခဲ့ပါတယ်။ ဒေါ်စုနဲ့ ပါဗယ်တို့ တွေ့ဆုံခဲ့တဲ့သတင်းဟာ ဥရောပသတင်းမီဒီယာတွေမှာ အထူးရေပန်းစားခဲ့တဲ့ သတင်းတပုဒ်လဲဖြစ်ပါတယ်)။
ဆက်တိုက်ဆိုသလိုပဲ ခိုဒေါ်ကော့ဗ်စကီးဘ၀ကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်လဲ ထွက်ပေါ်လာပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကို ရုရှားမှာ ရုံတင်မပြဖို့ ပူတင်အစိုးရက ညွန်ကြားထားပါတယ်။ ခိုဒေါ်ကော့ဗ်စကီးဟာ နိုင်ငံတော်ပိုင်တွေကို ခိုးယူထားတဲ့ ခေတ်ပျက်သူဌေး သူခိုးတယောက်အနေနဲ့ပဲ ပူတင်အစိုးရက ၀ါဒဖြန့်ချီနေဆဲပါ။
ခိုဒေါ်ကော့ဗ်စကီးတွေ များများလိုသလား
အသွင်ကူးပြောင်းရေးအကြိုကာလမှာ ရုရှားလူထုက ခေတ်ပျက်သူဌေးတွေကို စက်ဆုပ်ရွံ့ရှာစရာ အကောင်းဆုံးလူတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ သူတို့ လေးစားအားကျလာသူကတော့ တချိန်က ရွံရှာမုန်းတီးခဲ့သူတွေထဲမှာပါခဲ့တဲ့ ခေတ်ပျက်သူဌေးဟောင်း ခိုဒေါ်ကောဗ့်စကီး ဖြစ်လာပါတယ်။
ခိုဒေါ်ကော့ဗ်စကီးအနေနဲ့ ဖေါင်ဒေးရှင်းထောင်ပေးရုံ၊ ပညာတော်သင်ကြေးထောက်ပံ့ပေးရုံ၊ အတိုက်အခံတွေကို ကူညီပေးရုံသက်သက်နဲ့ အများရဲ့  ယုံကြည်လေးစားမူကို ရခဲ့တာ မဟုတ်ပါဘူး။ အကျင့်ပျက်ခြစားနေတဲ့ အစိုးရ ယန္တယားကြီးကို ပြုပြင်ဖို့၊ ပျက်စီးနေတဲ့ တရားစီရင်ရေးစနစ်ကို မီးမှောင်းထိုးပြဖို့နဲ့ စစ်မှန်တဲ့ဒီမိုကရေစီကို ဦးတည်နိုင်ဖို့ ပူတင်ရဲ့အကျဉ်းသားဘ၀နဲ့ ပြတ်ပြတ်သားသား စံနမူနာပြ ရပ်တည်ပြနိုင်ခဲ့လို့ အများက လေးစားလာတာပါ။
ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအကြိုကာလမှာလဲ ခရိုနီပဲ ခေါ်ခေါ် ခေတ်ပျက်သူဌေးလို့ပဲ သုံးသုံး အသွင်ကူးပြောင်းရေး လူချမ်းသာလို့ပဲ အမည်တပ်တပ် ခိုဒေါ်ကော့ဗ်စကီးလို ပုဂ္ဂိုလ်မျိုးတွေ ပေါ်မလာနိုင်ဘူးလို့ တော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီကနေ့ထိတော့ မတွေ့ရသေးဘူးလို့ပဲ ပြောရမှာပါ။
မိုးအေး
မှီငြမ်း
- Russia´s crony capitalism- the swing of the pendulum by Vladimir Gelman, 14 November 2011
- http://www.khodorkovsky.com
- http://www.kinolorber.com/khodorkovsky
- Khodorkovsky to be freed in 2014 after sentence cut (BBC- 20 December 2012)
- The Top of the World, Then Prison in Siberia by Stephen Holden , 29 November, 2011, The New York Times)
- Khodorkovsky, Seven magazine review by Jenny McCartney 06 March, 2012, the telegraph)
- Khodorkovsky Documentary (Filmed, directed and produced by Cyril Tuschi)
- The Oligarchs by David E. Hoffman
- http://www.khodorkovsky-movie.com
- http://www.khodorkovsky.com
- http://www.kinolorber.com/khodorkovsky
- Khodorkovsky to be freed in 2014 after sentence cut (BBC- 20 December 2012)
- The Top of the World, Then Prison in Siberia by Stephen Holden , 29 November, 2011, The New York Times)
- Khodorkovsky, Seven magazine review by Jenny McCartney 06 March, 2012, the telegraph)
- Khodorkovsky Documentary (Filmed, directed and produced by Cyril Tuschi)
- The Oligarchs by David E. Hoffman
- http://www.khodorkovsky-movie.com
Ref:FGN
No comments:
Post a Comment