Popular Posts!

Friday, January 10, 2014

လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်




မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း  နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေ လုပ်ဆောင်လာရာမှာ နိုင်ငံတကာကပါ အသိအမှတ် ပြုလာရတဲ့အထိ ဖြစ်ပါတယ်။ 

ဒါပေမယ့် နိုင်ငံမှာ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတဲ့ လာဘ်ပေး လာဘ်ယူမှုတွေက တိုင်းပြည် ပြန်လည် ထူထောင်ရေးမှာ အလွန်အဟန့်အတားဖြစ်နေတာပါ။ 

ဒါကို သတိထားမိတဲ့ သမ္မတ ဦးသိန်းစိန်ဟာ သမ္မတ ရာထူး စတင်ယူပြီးနောက်ပိုင်း လာဘ်ပေး လာဘ်ယူ မှုတွေ နည်းပါးသွားအောင် သတိပေး ပြောဆိုမှုတွေ ဆက်တိုက်လို ပြောလာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လာဘ်ပေး လာဘ်ယူမှုမျိုးဟာ စနစ်တကျ လာဘ်ပေးလာဘ်ယူမှုမျိုးဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး လောက က ထင်ရှားသူတချို့ကလည်း ထောက်ပြဝေဖန်နေပါတယ်။ 

စနစ်တကျ လာဘ်ပေး လာဘ်ယူမှုမျိုးဆိုတာက နေရာ၊ ရာထူးတွေနဲ့ပတ်သက်သက်ပြီး သက်ဆိုင်ရာ ဌာန အလိုက် ပေါက်ဈေးတွေ ဖြစ်ပေါ်နေတာကို ဆိုလိုတာပါ။  ဒီအပြင် လက်ဖက်ရည်ဖိုးဆိုတဲ့ အသုံးအနှုန်းနဲ့ လာဘ်ပေးလာဘ်ယူမှုမှာ အပြစ်မရှိသလို ပေးသူ၊ ယူသူ ၂ ဖက်စလုံးက သတ်မှတ်နေကြတာလည်းဖြစ် ပါတယ်။ 

လခစား ၀န်ထမ်းလောကသားတွေမှာလည်း ( အောက်ဆိုက်) ဆိုတဲ့စကားလုံးနဲ့ ဘယ်လောက် ရတယ် ဆိုတာက ဂုဏ်ယူစရာ တခုလိုဖြစ်နေတာပါ။ တကယ်တော့ ဟိုး အောက်ခြေ ၀န်ထမ်းကအစ ထိပ်ပိုင်း အပေါ်ဆုံးထိ လာဘ်ပေး လာဘ်ယူမှုနဲ့ စိစစ်အရေးယူနိုင်မယ်ဆိုရင် အနာဂါတ် မြန်မာနိုင်ငံသားတို့ အတွက် ဂုဏ်သိက္ခာကို ကြိုတင် ပြင်ဆင်မွမ်းမံတာဖြစ်လို့ တိုင်းပြည်လည်း ဂုဏ်တင့်တယ်မှာပါ။

အခုတော့ အဆိုပါ လာဘ်ပေး လာဘ်ယူမှုတွေကို တိုက်ဖျက်ဖို့အတွက် အရေးယူ ဆောင်ရွက်ရေး ကော် မတီ ကို သမ္မတ က ယမန်နေ့ ဇန်န၀ါရီလ ၈ ရက်နေ့ ရက်စွဲနဲ့ အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ပါတယ်။ အခုလို သမ္မတရဲ့ အမိန့် ထုတ်ပြန်မှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လာမှုဟာ ကြိုဆိုသင့်တဲ့ အရာ ဖြစ်ပေမယ့် ဘယ်လောက်အထိ အောင်မြင်မယ်ဆိုတာတော့ မေးခွန်းထုတ်စရာဖြစ်နေဆဲပါ။ 

သမ္မတရုံးမှ ထုတ်ပြန်သည့် လာဘ်ပေး လာဘ်ယူအရေးယူဆောင်ရွက်ရေး ကော်မတီဆိုင်ရာ အမိန့်ကြေငြာချက်ကို ဧရာဝတီက ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 


  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
 နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်၊ ၉ /၂ဝ၁၃ 

၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက် 
(၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်) 

လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီဖွဲ့စည်းခြင်း ပြည်ထောင်စုအစိုးရအဖွဲ့သစ် တာဝန် ယူပြီးနောက် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေးအတွက် အစိုးရ အဖွဲ့အစည်းများအတွင်း အဂတိတရားများ ကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေရေး တို့အတွက် “လာဘ်ပေး လာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ” ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည် - 

 (၁) ဒေါက်တာစိုင်းမောက်ခမ်း       -- ဒုတိယသမ္မတ ဥက္ကဋ္ဌ 

(၂) ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို     -- ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင် 

(၃) ဦးသိန်းညွန့်     -- ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန (၁) ---အဖွဲ့ဝင် 

(၄) ဦးစိုးမောင်     -- ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန(၂) --အဖွဲ့ဝင် 

(၅) ဦးစိုးသိန်း    -- ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန(၃) -- အဖွဲ့ဝင် 

(၆) ဦးတင်နိုင်သိန်း    -- ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန(၅) --အဖွဲ့ဝင် 

(၇) ဒေါက်တာ ထွန်းရှင်    -- ပြည်ထောင်စုရှေ့နေချုပ် ပြည်ထောင်စုရှေ့နေချုပ်ရုံး ---အဖွဲ့ဝင် 

(၈) ဦးသန်းကျော် - အဖွဲ့ဝင် -- နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ အဖွဲ့ဝင် 

(၉) ဦးလှထွန်း    -- ညွှန်ကြားရေးမှူးချုပ် နိုင်ငံတော်သမ္မတရုံး အတွင်းရေးမှူး 
(ပုံ) သိန်းစိန် 
နိုင်ငံတော်သမ္မတ 
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Ref;Irrawaddy

လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို ဦးဆောင်သူ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း (ဓာတ်ပုံ – သမ္မတရုံး ၀က်ဘ်ဆိုက်)

အရှုံးပေါ်တယ်ဆိုတဲ့ အစိုးရဌာနတွေရဲ့ အရှုံးကို ကာမိဖို့ ပြည်သူတွေဆီက အခွန်တိုးကောက်မယ့်အစား သက်ဆိုင်ရာ ဌာနတွေရဲ့ အောက်ခြေ အတွင်းပိုင်းက ခြစားယိုစိမ့်မှုတွေကို အရင်ဆုံး အဖြေရှာ သုံးသပ်ဖို့ ရေးသားထားတာကို နိုဝင်ဘာလအတွင်းက ထုတ်တဲ့ ကုမုဒြာဂျာနယ်မှာ ဖတ်လိုက်ရပါတယ်။

တဆက်တည်းမှာပဲ ဥပမာအဖြစ် ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်များပေါ် မူတည်ပြီး က.ပ.ရ လို့ ခေါ်တဲ့ ကုန်လမ်း ပို့ဆောင်ရေး ဌာနနဲ့ ပတ်သက်လို့ စဉ်းစားမိသွားပါတယ်။ မြန်မာပြည်အလယ်ပိုင်း မြို့တမြို့က က.ပ.ရ ဝန်ထမ်းဟောင်းတဦး အဆိုအရကတော့ က.ပ.ရ ဟာ အရှုံးပေါ်တယ် ဆိုပြီး ၀န်ထမ်း (ယာဉ်မောင်း) တွေဆီက စံနှုန်းတွေ တိုးကောက်ပြီး ဒီဇယ်ဆီများကို ပီပါတွေနဲ့ တမျိုး၊ (ဘောက်ဆာ) ဆီသယ်ယာဉ် အစီးလိုက်နဲ့ တဖုံ စီးပွားရေး သမားများနဲ့ အင်းတကော် ဆီဆိုင်တွေဆီ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်တိုင်း ထုတ်ယူ ပို့ဆောင် ရောင်းချနေတာ၊ ယိုယွင်းလာနေတာ ယနေ့ထိဖြစ်ကြောင်း၊ ဒါတွေကိုတော့ လုံးဝ မဖော်ထုတ်ကြကြောင်း၊ ယာဉ်မောင်းတွေ၊ လိုင်းထွက်ယာဉ်တွေ ဆီကနေ မြင့်မားတဲ့ စံနှုန်းတွေ၊ မပြည့်ဝတဲ့ ဆီဂါလံတွေနဲ့ပဲ ခုနှိမ်ခံခဲ့ရကြောင်း သိရပါတယ်။

တချို့ယာဉ်ပိုင်တွေ ယာဉ်မောင်းတွေဆိုရင် သတ်မှတ်ထားသည့် ငွေကြေးစံနှုန်း မသွင်းနိုင်လို့ သူတို့ရဲ့ လစာငွေတောင် ထုတ်ယူခွင့် မရှိကြရပါဘူး။ တချို့ ယာဉ်မောင်းတွေဆို နှစ် ၂၀ ကျော် လုပ်သက်ရှိပြီး ဌာနမှ ထုတ်ပယ် ခံရတာတွေလည်း ရှိခဲ့ကြပါတယ်။ ထုတ်ပယ်ခံ ၀န်ထမ်း တချို့နဲ့ မိမိဆန္ဒနှင့် ထွက်ရှိခဲ့တဲ့ ၀န်ထမ်းတချို့ကို မေးမြန်းကြည့်တော့ သူတို့တွေရဲ့ ယာဉ်တွေကို ပြေးဆွဲနိုင်အောင် ဌာနရဲ့ ထောက်ပံ့မှု မလုံလောက်တာ၊ မရရှိတာတွေကြောင့် မိမိ အစီအစဉ်နဲ့ အသိမိတ်ဆွေ၊ ငွေကြေး ချေးငှားသူ များထံမှ အတိုးနှုန်း အမျိုးမျိုးနဲ့ ချေးယူပြီး စိုက်ထုတ် ပြင်ဆင်ကြ ရကြောင်း၊ ထိုယာဉ် ထွက်ရှိ ပြေးဆွဲတဲ့ အခါမှာ ထိုဌာန တာဝန်ခံ အင်ဂျင်နီယာမှ ထိုယာဉ်တို့၏ ပြင်ဆင်စရိတ် ငွေများကို ထုတ်ယူပြီး အထက် အဆင့်ဆင့်နှင့် ခွဲဝေယူလေ့ ရှိကြောင်း၊ ချေးငှား၊ စိုက်ထုတ်၊ ပြင်ဆင်မောင်းနှင် ကြရတဲ့ ယာဉ်ပိုင်၊ ယာဉ်မောင်းတို့မှာ ပြေလည်တဲ့ ခရီးစဉ် ရှိသလို မပြေလည်တဲ့ ခရီးစဉ်တို့ ပြေးဆွဲဖန် များတဲ့အခါ အကြွေးနဲ့ လုံးချာလိုက်ပြီး နောက်ဆုံး ယာဉ်ကိုလည်း ထပ်မံ မပြင်ဆင်၊ မစိုက်ထုတ်နိုင်တော့ဘဲ ယာဉ်ကို လက်လွှတ် ဆုံးရှုံးခံရပြီး ဌာနကို ကျောခိုင်းခဲ့ကြရတယ်လို့ ဆိုပါတယ်။

ကုန်းလမ်း ပို့ဆောင်ရေးရဲ့ ဌာနခွဲ အသီးသီးမှာ လာဘ်ပေး လာဘ်ယူမှုတွေ သာမက ဌာနပိုင်၊ ပြည်သူပိုင် ပစ္စည်းတွေကို တရားမ၀င် နည်းလမ်းတွေနဲ့ ခိုးထုတ်နေတာ တချို့ဟာ ယနေ့အထိ ရှိနေဆဲပါပဲ လို့ လေ့လာသူတွေက ဆိုကြပါတယ်။

ရထားဝန်ကြီး ဌာနအောက် ရောက်ရှိစဉ် ကာလ အစောပိုင်း တုန်းက က.ပ.ရ မှ ကုန်ကား အများစုဟာ ကုန်စည်တင်တဲ့ ဘော်ဒီဖရိမ်တွေကို ပြုပြင် ပုံစံပြောင်းပြီး ရထားသံလမ်းများ တင်တဲ့ ဖရိမ်တွေအဖြစ် ပြောင်းပြီး ရထားလမ်းသစ် စီမံကိန်းရှိရာ ဒေသ အသီးသီးကို တာဝန်ပေး ခိုင်းစေခြင်း ခံခဲ့ရပါတယ်။ ထိုစီမံကိန်းများ ရှိရာ အရပ်ဒေသဟာ မြေမျက်နှာပြင် ပုံသဏ္ဍာန် အမျိုးစုံလှတာမို့ ထိခိုက်၊ သေကြေ၊ ပျက်စီးရတာတွေ ရှိခဲ့ပေမယ့်လည်း ထို သေဆုံးသူ၊ နစ်နာသူ ၀န်ထမ်းများကို ဌာနနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနမှ မည်သို့မျှ ပံ့ပိုးမှု၊ ထောက်ပံ့ကူညီမှုတွေ မရရှိ ခဲ့ကြကြောင်း သိရှိခဲ့ရပါတယ်။

“ရထားလမ်းသစ် ဖွင့်ပွဲတွေမှာ မြန်မာ့မီးရထားက ၀န်ထမ်းများနဲ့ ရထားဝန်ကြီး ဌာနမှ အရာရှိကြီး များမှာ သစ်လွင်တဲ့ ၀တ်စုံတွေနဲ့ တက်ကြွ ပြုံးရွှင်စွာ ကျင်းပနိုင်ခဲ့ ကြပါတယ်။ သူတို့ရဲ့ နောက်ကွယ်မှ က.ပ.ရ ရဲ့ အောက်ခြေ ၀န်ထမ်း များမှာတော့ အလဲလဲ အပြိုပြိုဘ၀များနဲ့ နစ်နာ ဆုံးရှုံးမှုများစွာ ရှိနေခဲ့တာကို မည်သူကမှ မသိရှိခဲ့ကြဘူး” လို့ က.ပ.ရ ရဲ့ ကုန်စည် ပို့ဆောင်ရေး ဌာနခွဲမှ ၀န်ထမ်းတဦးက ဆိုပါတယ်။

ကုန်းလမ်း ပို့ဆောင်ရေး ဌာနရဲ့ ယာဉ်များဟာ တခေတ်သော အခါက “ဒဂုံ-မန်း”ဆိုပြီး အောင်မြင်ကျော်ကြားခဲ့ပေမယ့် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ အမီတာ့ မလိုက်နိုင်တော့ပါ။ ဒီလို ဆုတ်ယုတ်နေတဲ့ အခြေအနေမျိုးမှာ ကုန်းလမ်း ပို့ဆောင်ရေးရဲ့ ဌာနခွဲ အသီးသီး၊ ကဏ္ဍအသီးသီးမှာ “မိုးကျရွှေကိုယ်” တွေ ၀င်ရောက် နေရာယူလာ ကြပါတော့တယ်။ ထိုသူများဟာ တိုက်ခိုက်ရေးဘက်မှ အသွင်ပြောင်းလာသူများလာခဲ့ကြသူများ ပီပီ စစ်တပ်အုပ်ချုပ်ပုံ နဲ့ အုပ်ချုပ် စီမံလှုပ်ရှားပြီး သူတို့တွေက “နိုင်ငံအတွက်အလုပ်လုပ်ခဲ့ ပြီးပြီ၊ အခု အလုပ်က သူတို့အတွက်” လို့ ကြွေးကြော်ပြီး လှုပ်ရှားကြတာဟာ အခုမြင်တွေ့ရတဲ့အတိုင်း ကုန်းလမ်း ပို့ဆောင်ရေး ဌာနဆိုတာ အခွံကြီးပဲလို့ ပြောရပါတော့မယ်။

ဝန်ကြီးဌာန အနေနဲ့ အရှုံး ရှိလာတဲ့ ဌာနကို လုံးဝ ဖေးမပံ့ပိုးမှု မရှိတော့တာ တွေ့နိုင်ပါတယ်။ ခေတ်စနစ်နဲ့ အညီ ခေတ်ပေါ် အမြန်လမ်းပေါ်မှာ မောင်းနှင် ပြေးဆွဲနိုင်တဲ့ယာဉ် ကုန်းလမ်း ပို့ဆောင်ရေးဌာနမှာ ယခုထက်တိုင် မရှိသေးပါ။ ယခုတိုင် ဖြစ်ပေါ်နေတဲ့ ဆုံးရှုံးမှုတွေဟာ ယခင် အစိုးရ လက်ထက်က ဆုံးရှုံးခဲ့တာမျိုးလား၊ ဘယ်လို အခြေအနေတွေကြောင့် အရှုံးပေါ် နေရတာလဲ ဆိုတာကို စီစစ်ပြီးမှ ရလာတဲ့ အဖြေတွေကနေ ဖြေရှင်းဖို့ နည်းလမ်းကို ရှာပြီး မှန်ကန်တဲ့ နည်းစနစ်နဲ့ ဖြေရှင်းဖို့ လိုပါတယ်။ ဌာနက အရှုံးပေါ်တိုင်း လိုင်းထွက် ယာဉ်တွေဆီကပဲ ငွေကြေးစံနှုန်း သတ်မှတ်မှုကို တိုးမြှင့် ပါတယ်။ အဲဒီလို မကြာခဏ တိုးမြှင့်တောင်းခံနေတာ ကြာပါပြီ။ ဒီလို မကြာခဏ တိုးမြှင့်သတ်မှတ် နေတာကရော ဥပဒေချိုးဖောက်ရာ မဟုတ်ဘူးလားလို့ ၀န်ထမ်းဟောင်းတွေက ပြောကြပါတယ်။
ဌာနတွင်း လူကြီးတွေက ၀င်ငွေရတဲ့ နေရာတွေမှာလည်း စာရင်းအမှန် တွေကိုသာ ပြဖို့ အရေးကြီး ပါတယ်။

ဝန်ကြီးဌာန အနေနဲ့ ကြုံတွေ့နေရတဲ့ အရှုံးတွေကို လေ့လာဆန်းစစ်ပြီး ရရှိလာတဲ့ အဖြေကို သက်ဆိုင်ရာ ဌာနသို့ ပြန်လည် တင်ပြသင့်ပါတယ်။ ၀န်ထမ်းများနှင့် ပြည်သူတွေ ကိုလည်း ချပြပြီး ပွင့်လင်းမြင်သာစွာ အတည်ပြုပေး စေလိုပါတယ်။ ထိုသို့ ဆောင်ရွက်ရာမှာလည်း ၀န်ကြီးဌာနရဲ့ အရှုံးတွေကိုသာ ချပြတာမျိုး မဟုတ်ဘဲ ၀င်ငွေရရှိတဲ့ နေရာတွေရဲ့ စာရင်းအမှန်ကို ချပြဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်က အကျင့်ပျက်ခြစား အလုပ်တွေ မလုပ်ခဲ့ရင်တောင် ဒါတွေကို အရေး မယူခဲ့ရင် ခြစားတဲ့ အဖွဲ့ထဲမှာ ကိုယ်ပါတာနဲ့ အတူတူလို့ မှတ်ယူကြရမှာပါ။ ပျက်ကွက်မှု လျစ်လျူရှုမှု ပြုခဲ့ တာတွေကလည်း ပူးပေါင်းသလို ဖြစ်နေတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ အစိုးရယန္တရားအတွင်း အဂတိတရား ကင်းရှင်းရေး၊ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးအတွက် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သော ၉ ဦးပါ “လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ” ကို ၂၀၁၃ ခုနှစ် အစောပိုင်းက ဖွဲ့စည်းခဲ့ပါသေးတယ်။ ဒါပေမယ့် ထူးခြားထိရောက်တဲ့ အရေးယူမှုများရှိတယ်ဆိုတာ သတင်းအချက်အလက်များ သိပ်မသိရပါဘူး။

တာဝန်ရှိသူ အရာရှိတွေက ခြစားမှုမှာ မပါဝင်ပေမယ့် မိမိလက်အောက်က လူတွေ လုပ်နေတာကို သိရှိလျက်နှင့် မသိ သလိုနေတာ၊ အရေးယူဆောင်ရွက်မှု မလုပ်တာများဟာ နိုင်ငံနှင့် ပြည်သူ အပေါ် တာဝန်မဲ့ခြင်း ပါပဲ။ အဲဒီလိုပဲ သိရှိအောင်၊ မြင်သာအောင်၊ တင်ပြတိုင်ကြားတဲ့ ၀န်ထမ်းကို ဌာနမှ ထုတ်ပယ်တဲ့အထိ အရေးယူ ခြင်းဟာလည်း “အာဏာ အလွဲသုံးစား ပြုခြင်းထဲမှာ အကျုံးဝင်နေတယ်” လို့ ထုတ်ပယ်ခံ ၀န်ထမ်းတို့က ပြောဆိုကြပါတယ်။ လက်ရှိ အစိုးရ ၀န်ကြီးဌာနများရဲ့ အရှုံးတွေဟာ ပြည်သူကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေတာမျိုး မဖြစ်သင့်ပါ။
ဧရာဝတီ သတင်း

အပြည့်အစုံဖတ်ရန် --> http://www.myanmarcnn.com/2014/01/blog-post_5433.html#ixzz2po4QbnwN



နေပြည်တော်၊ နိုဝင်ဘာ ၁၃
နေပြည်တော်တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေး၌ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ မူရင်းလစာ ကျပ်သိန်း (၅၀)ကို ယခုတိုင် မယူသေးဘဲ လျှော့ပေါ့၍ ကျပ်(၁၅)သိန်းသာ (ယခင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်က အတိုင်း) ခံစားလျက် ရှိနေခြင်း၊ သမ္မတကြီးနှင့် အတူ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ ၀န်ကြီးချုပ် များသည်လည်း လစာများ လျှော့၍ ယူထားခြင်းသည် ခေတ်ကာလနှင့် လျော်ညီစွာ သန့်ရှင်းသော အစိုးရ ဖြစ်စေရေး အတွက် (လာဘ်ပေး၊ လာဘ်ယူ ပပျောက်ရန်) ထိုက်တန်သော လစာများ ဖြစ်သည့် ကျပ်သိန်း (၅၀)၊ (၃၀)၊ (၂၀)တို့ကို ဥပဒေနှင့် အညီ ပေးအပ်ထားပြီး ဖြစ်၍ ဥပဒေပါအတိုင်း ယူရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သတိပေး ပြောကြားချက် နှင့်အတူ သမ္မတကြီး၏ ဆန္ဒကို သိရှိရန်အတွက် လွှတ်တော် အစည်းအဝေး ၁၅ မိနစ်ခန့် ရပ်နား၍ လာရောက် ဖြေဆိုသော ဒုတိယ ၀န်ကြီးကို သမ္မတထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်း စေခဲ့ကြောင်း သိရှိရသည်။
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များအတွက် နိုဝင်ဘာ(၁၁)ရက် အမျိုးသားလွှတ်တော်၌ ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးဇုန်လှယ်ထန်း၊ ဦးဝင်းနောင်၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးဂျွန်ခမ်းတို့က အကြံပြု ဆွေးနွေးခဲ့ကြပြီး အစိုးရအဖွဲ့မှ ဘဏ္ဍာရေး ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက လာရောက် ဖြေကြားခဲ့သည်။ ဆွေးနွေးချက်များအပြီး – …
အစိုးရ ဒုတိယ၀န်ကြီးက- ““လေးစားအပ်ပါသော အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျာ။ ဒီဖြည့်စွက်ချက်နဲ့ ပတ်သက်လို့ ဘဏ္ဍာရေး ၀န်ကြီးဌာနရဲ့ ကိုယ်စား ကျွန်တော် အနည်းငယ် ပြောလိုပါတယ်။ ဖြည့်စွက်ချက်မှာက နိုင်ငံတော် သမ္မတရဲ့ လစာကို ၁၅ သိန်းဆိုပြီးတော့ သတ်မှတ် ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ အကြံပြု တင်ပြစရာ ရှိပါတယ်။ နံပါတ်(၁) အချက်ကတော့ နိုင်ငံတော်သမ္မတဆိုတာ သမ္မတရာထူးကို institution တစ်ခုအနေနဲ့ သဘောထားရမှာ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ပေါ် မူမတည်ဘဲနဲ့ နောင်လည်း ဒီဟာ ဥပဒေ ဆက်ပြီးတော့ ရှိသွားမှာ ဖြစ်ပါတယ်။ နံပါတ် (၂) အချက်ကတော့ နိုင်ငံတော် သမ္မတဟာ နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်တယ် ဆိုတဲ့ အကြောင်းကို ဘယ်သူကမှ အငြင်းမပွားပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း ဒီအချက်က အထင်အရှား ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ် (၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနောင် ဆွေးနွေးတဲ့ အထဲမှာလည်း ဒါတွေ ပါသွားပါတယ်။ နိုင်ငံတော် အကြီးအကဲ ဆိုတာဟာ နိုင်ငံတော်ရဲ့ မျက်နှာစာပဲ ဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲဆိုတာ နိုင်ငံတော်ရဲ့ မျက်နှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့အဆင် တန်ဆာလည်းဖြစ်ပါတယ်။ သို့အတွက်ကြောင့် နိုင်ငံတော် အကြီးအကဲရဲ့ လစာကို ကျွန်တော်တို့ စဉ်းစားတဲ့ အခါမှာ အခြားနိုင်ငံတွေမှာ နိုင်ငံတော် အကြီးအကဲများ ရတဲ့ လစာတွေထက် အလယ်အလတ် တန်းထက်ကို နိမ့်သွားမယ် ဆိုရင် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာပိုင်း ထိခိုက် သွားစေမှာဖြစ်ပါတယ် ဒါဒုတိယ အချက်ပါ။ တတိယ အချက် အနေနဲ့ကတော့ နိုင်ငံတော်သမ္မတရဲ့ လစာကို ၁၅ သိန်း သတ်မှတ်ထားခြင်းသည် ကျွန်တော်တို့ အပြင် စီးပွားရေး လောကမှာ အလယ်အလတ်တန်းစား ကုမ္ပဏီတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယ အထွေထွေ မန်နေဂျာတို့တောင်မှ တစ်လကို ၁၅ သိန်း ရနေပါတယ်ခင်ဗျာ။ ဒါကြောင့်မို့လို့ ၁၅ သိန်း သတ်မှတ် ခြင်းဟာ အဂါရ၀ ပြုသလို သဘောများ ဖြစ်နေမလားတောင် စိုးရိမ်မိပါတယ်။ နောက်တစ်ချက်ကလည်းပဲ နိုင်ငံတော် သမ္မတရဲ့လစာနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီး တာဝန်ကို လက်ခံတဲ့အချိန်မှာ ဥပဒေမှ ပေးထားတဲ့ သိန်းငါးဆယ်တောင် မယူပါဘူး။ သို့သော် အရင်အစိုးရရဲ့လစာတွေကို လောလောဆယ် —- မိန့်ကြား ထားတာ ရှိပါတယ်။ ဆိုတော့ အဲဒါကိုလည်း ကျွန်တော်တို့ ထည့်ပြီး စဉ်းစားသင့်ပါတယ်။ အခြေအနေနဲ့ အချိန်အခါ တိုင်းပြည် စီးပွားရေး ကောင်းလာရင် ဆက်ပြီးတော့ နဂိုအတိုင်း ယူမယ်ဆိုတဲ့ သဘောမျိုး ပြောသွားတာလည်း ရှိပါတယ်။ နောက်တစ်ချက်ကလည်း နိုင်ငံတော် သမ္မတရဲ့ လစာကို ၁၅ သိန်း အစားပေါ့ ဒီ့ထက် လူရိုသေ၊ ရှင်ရိုသေဖြစ်အောင် ကျွန်တော်တို့ သိန်း ၄၀ လောက် သတ်မှတ်မယ် ဆိုရင် လည်းပဲ နိုင်ငံတော်သမ္မတသည် သန်းခြောက်ဆယ်မှာမှ တစ်ဦးတည်းသာရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ တစ်ဦး တည်းသာရှိတဲ့ ရာထူးလည်း ဖြစ်ပါတယ်။ သို့အတွက် သိန်း ၄၀ သို့မဟုတ် သိန်း ၃၀ သင့်တော်တဲ့ ပမာဏ သတ်မှတ်မယ် ဆိုရင်လည်းပဲ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေမှာ ပြောပလောက်အောင် ကြီးကြီးကျယ်ကျယ်ကြီး ဘာမှ ကုန်ကျသွားဖွယ်ရာ မရှိပါဘူး။ ဒါကြောင့်မို့လို့ နိုင်ငံတော် သမ္မတရဲ့ လစာကို တစ်လ ၁၅ သိန်း သတ်မှတ်မယ့် အစား သင့်တော်တဲ့ ပမာဏ သိန်း ၄၀ တို့၊ သိန်း ၃၀ တို့ စသည်ဖြင့် သတ်မှတ် သင့်ပါကြောင်း တင်ပြ ဆွေးနွေး အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်””ဟု ပြန်လည် ဖြေကြားသည်။
ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ““ဒီကိစ္စနဲ့ ပတ်သက်လို့ မူလသိန်း ၅၀ ပြဋ္ဌာန်းထားတယ်။ ကျွန်တော်ကတော့ သိန်း ၅၀ သဘောတူ ပါတယ်။ ဥပဒေ ဘယ်လိုပဲရှိရှိ မယူတဲ့ အခါကျတော့ ဥပဒေနဲ့ မညီဘူး ဖြစ်နေတယ်။ ဆယ့် ငါးသိန်းပဲ ယူမယ်ဆိုလို့ ဆယ့်ငါးသိန်း ဥပဒေက ပြဋ္ဌာန်းပေးထားတာ ဖြစ်တယ်။ ဆိုတော့ အခုလည်း သိန်း ၄၀၊ သိန်း ၃၀ စဉ်းစားမယ့်အစား သိန်း ၅၀ ပဲ ထားမယ် ဆိုရင်လည်း ရတယ်။ သို့သော် ယူရမှာ ဖြစ်ပါတယ်။ ဥပဒေမှာ ရှိပြီးတော့မှ မယူဘူး ဆိုရင်တော့ ဥပဒေကို ဆန့်ကျင်တဲ့ သဘော ဖြစ်ပါတယ်။ မလိုက်နာ တဲ့သဘော ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဒုဝန်ကြီး ဘယ်လို ပြောမလဲ””၊ အစိုးရ ဒုတိယ၀န်ကြီးက- ““လွှတ်တော်အနေနဲ့ တိုက်တွန်းမယ် ဆိုရင် လွှတ်တော်သည် အများပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်တာ ဖြစ်တဲ့အတွက် လွှတ်တော် အနေနဲ့ သမ္မတကြီးကို တိုက်တွန်းမယ် ဆိုရင်တော့ ဒါအများပြည်သူရဲ့ ဆန္ဒသဘောကို ဖော်ဆောင်တာ ဖြစ်တဲ့အတွက် သမ္မတကြီးအနေနဲ့ လက်ခံမယ်လို့ ကျွန်တော်တော့ ထင်ပါတယ် ခင်ဗျ””၊ ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က- ““ဥပဒေ ပြဋ္ဌာန်းပြီးရင်တော့ တိုက်တွန်းစရာ မလိုတော့ဘူး ထင်ပါတယ်။ — ””အစိုးရ ဒုဝန်ကြီးက- ““ဟုတ်ကဲ့ပါ။ တိုက်တွန်းတာ မဟုတ်ပါဘူး။ အများပြည်သူ ဆန္ဒကို ထင်ဟပ်တဲ့ သဘောဆိုရင်တော့ …””၊ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က““သမ္မတကို ပြန်မေးလိုက်လေ””၊ အစိုးရ ဒုဝန်ကြီးက ““ဟုတ်ကဲ့ပါ””၊ ဥက္ကဋ္ဌ ဦးခင်အာင်မြင့်က- ““ဥပဒေသိန်း ၅၀ သဘောတူတယ်။ သိန်း ၁၀၀ ဆိုလည်း သဘောတူတယ်။ ယူဖို့ပဲ လိုတယ်။ ဥပဒေမှာ မည်ကဲ့သို့ပင် ပြဋ္ဌာန်းစေကာမူ အုပ်ချုပ်မှု အမိန့်ညွှန် ကြားချက်ကြီး တစ်ခုနဲ့ ကျွန်တော်တို့ ယူတယ်ဆိုတာက အဓိပ္ပာယ် မရှိဘူး””၊ အစိုးရ ဒုဝန်ကြီးက ““ဟုတ်ကဲ့ပါ သမ္မတကြီးကို ကျွန်တော် ပြန်အစီရင် ခံလိုက်ပါ့မယ်””၊ ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က- ““အဲဒါဆိုရင် ဒီလိုလုပ်ပါ ၁၅ မိနစ်စောင့်မယ် ဆယ့်ငါးမိနစ် အတွင်းမှာ ခင်ဗျား အတည်ပြုချက် ပြန်တောင်းပါ။ ဆယ့်ငါးမိနစ် စောင့်မယ်။ ခင်ဗျား ပြောတာ ကျွန်တော် သဘောတူတယ်။ သိန်း ၁၀၀ လည်း သဘောတူတယ်။ သိန်း ၅၀လည်း သဘောတူတယ်။ နိုင်ငံတော် အထွတ်အထိပ် တစ်ယောက်ပဲ ရှိတာ။ သိန်း ၅၀ ဆိုတာ ဥပဒေ ပြဋ္ဌာန်းပြီးသား ဖြစ်ပါတယ်။ နယကရဲ့ ပြဋ္ဌာန်းချက်။
(ပြင်ချင်တယ်ဆိုရင်လည်း သိန်း ၅၀ မဟုတ်ရင် သိန်း ၄၀၊ သိန်း၃၀)
မပြင်ချင်ပါဘူး။ ဥပဒေနဲ့အညီ ဖြစ်သွားအောင်၊ ဥပဒေလွဲနေလို့၊ ဥပဒေနဲ့ မကိုက်ညီလို့။ ကျွန်တော်တို့ ဥပဒေနဲ့ ညီသွားအောင် လုပ်ပေးတဲ့ သဘော မပြင်ချင်ပါဘူး။ ဥပဒေက ဘယ်လို ပြဋ္ဌာန်းပြဋ္ဌာန်းဆိုရင် ဥပဒေကို မလိုက်နာရာ ရောက်မှာ စိုးလို့သာ ၁၅ သိန်းဆိုပြီး လုပ်ပေးတာ။ တကယ်က အထွတ်အထိပ်ပုဂ္ဂိုလ် သိန်း ၁၀၀ ဆိုရင်လည်း သဘောတူတယ်။ အဲဒီအဖြေပဲ ယူမယ်၊ ဘယ်လောက်ယူမလဲ။ ဆယ့်ငါးသိန်းပဲ ယူမယ်ဆိုလို့ ဆယ့်ငါးသိန်းပဲ လုပ်ပေးခြင်းအားဖြင့် သမ္မတသည် ဥပဒေနဲ့အညီ ဖြစ်သွားတယ်။ သမ္မတရဲ့ ညွှန်ကြားချက် ကလည်း ဥပဒေနဲ့ အညီ ဖြစ်သွားမယ်။ ဥပဒေတစ်ခုကို ညွှန်ကြားချက် တစ်ရပ်က ကျော်လွန်တာ မျိုးမရှိဘူး။ ပယ်ဖျက် နိုင်ခြင်းလည်းမရှိဘူး။ ဥပဒေကို လွှတ်တော်ကလည်း ဥပဒေ အနေနဲ့ ပြန်ပြင်ပေးရမယ်။ ဒီကိစ္စက ကြာပြီ ကျွန်တော်တို့လည်း သဘောပေါက်တယ်။ စစချင်းတည်းက သဘောပေါက်တယ်။ ပြည်သူတိုင်းက ဥပဒေနားလည် လို့လည်း သဘောပေါက်လို့ ဝေဖန်ကြတယ်။ ဥပဒေရှိရဲ့သားနဲ့ ဒီလိုလုပ်တာ ဥပဒေ လိုက်နာခြင်း မရှိဘူး။ အဲဒါတင်ပြဖို့ ဖြစ်ပါတယ်””၊ အစိုးရ ဒုဝန်ကြီးက -““ဥပဒေမှာကလည်း ရှောင်ရန်နဲ့ ဆောင်ရန် သဘောမျိုးတွေ ပါပါတယ်ခင်ဗျ။ ဒီလို မသတ်မှတ်နဲ့ ဆိုတာကတော့ ဥပဒေကို မလိုက်နာလို့ မရတဲ့ သဘောပါပဲ။ သို့သော် မိမိကို ပေးတဲ့ အခွင့်အရေးအပေါ် အဲဒီအခွင့်အရေးတွေကို ကိုယ်က စေတနာနဲ့ တခြား အကြောင်းကြောင့် လျှော့ယူတာ ဆိုရင်လည်းပဲ ဥပဒေကို မလိုက်နာတဲ့ သဘောဆိုပေမဲ့လည်း ဒါဟာ ဥပဒေကို ဖောက်ဖျက်တယ်လို့တော့ ပြောလို့မရပါဘူး””၊ ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က- ““မဟုတ်ဘူး။ ဥပဒေ စကားလုံးမှာ သိန်း ၅၀ ထက် မပိုသော လစာကို ယူနိုင်မည် ဆိုရင်တော့ လုပ်လို့ရတယ်။ သိန်း ၅၀ ယူရမည် ဆိုရင်တော့ သိန်း ၅၀ ပဲ။  ခုနသိန်း ၅၀ ထက် မပိုသော လစာချီးမြှင့်ငွေကို ခံစားနိုင်မယ် ဆိုရင်တော့ ဘယ်လောက်ပဲ ယူယူရတယ်။ အခုက အဲလို မဟုတ်ဘူး သိန်း ၅၀ အတိအကျ ပြဋ္ဌာန်းထားတယ်။ ဒုတိယ၀န်ကြီး ပြန်ပြီးတော့ confirmation လုပ်မယ် ဆိုရင် ၁၅ မိနစ် စောင့်မယ် မေးကြည့် လိုက်ပါ။ ဘယ်လောက် ယူမလဲ။ ဥပဒေနဲ့အညီ သွားစေချင်တာပဲ။ ကြည်ဖြူပါတယ်။ သဘောတူပါတယ်။ သို့သော် ယူရမယ်။ ကျွန်တော်တို့ အခု မိနစ် ၂၀ လောက် လွှတ်တော်ကို ခဏရပ်နားမယ်””ဟူ၍ လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့မှ ဒုတိယ၀န်ကြီးတို့ အပြန် အလှန် ပြောကြား ခဲ့ကြသည်။
လွှတ်တော် ပြန်လည် စတင်၍ သမ္မတ ဦးသိန်းစိန်ကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းမှုအား ဒုတိယ၀န်ကြီးက ဖြေကြားရာတွင် လွှတ်တော်၏ ဆန္ဒအတိုင်းသာ လိုက်လျောမည် ဖြစ်ကြောင်း၊ လွှတ်တော် အနေဖြင့်မူ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မူရင်းလစာဖြင့် ယူရန်အတွက် ပြည်ထောင်စု အဆင့်တွင် မဏ္ဍိုင်ကြီး ၃ ရပ် တန်းတူညီတူ လုပ်ဆောင်နေကြရာ လစာနှုန်းထားများလည်း တန်းတူညီတူ ခံစားခွင့် ရှိသင့်ကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေနှင့် တွက်ချက်ပြီး အစိုးရအဖွဲ့မှ လွှတ်တော်သို့ တင်ပြ၍ အတည်ပြုပေးမည် ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်ထောင်စု ၀န်ကြီး တစ်ဦးကဲ့သို့ အဆင့်ရှိကြောင်း၊ အဘယ်ကြောင့် ဆိုသော် အုပ်ချုပ်ရေး တာဝန်ကဲ့သို့ပင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဥပဒေပြုရေး တာဝန်မှာ လွန်စွာကြီးလေး လှကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီတွင် ကိုယ်ရေး အတွင်းရေးမှူး တစ်ယောက် ပညာတတ်လူငယ်၊ လွှတ်တော်လုပ်ငန်း စိတ်ဝင်စားသူ၊ ဥပဒေနှင့် ဆက်စပ်သူ (ရှေ့နေချိန်ဘာကဲ့သို့) တစ်ဦး ထားရှိသင့်ကြောင်း၊ ကိုယ်စားလှယ်များ အတွက် တယ်လီဖုန်း၊ ဖုန်းဘေလ်များလည်း နိုင်ငံတော်မှ ချီးမြှင့်သင့်ကြောင်း၊ သို့မှသာ မဏ္ဍိုင်ကြီး သုံးရပ် အပြန်အလှန် ထိန်းညှိရာ၌ တန်းတူညီတူ ရှိမည်ဖြစ်ကြောင်း၊ လွှတ်တော်၏ သဘောထားကို အစိုးရအဖွဲ့သို့ ပြန်လည် တင်ပြရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သတိပေး ထည့်သွင်း ပြောကြားခဲ့သည်။
 နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့တွင် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော်သို့ တင်ပြခဲ့သော ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့က လက်ရှိ ဘဏ္ဍာရေး အခြေအနေအရ ထိုက်သင့်တဲ့ နှုန်းထားတွေ ပြုစုပြီးတော့ လွှတ်တော်ကို တင်ပြဖို့ လိုကြောင်း၊ ဒါကြောင့်မို့လို့ နောက်လွှတ်တော် section ကျမှ ဒီဥပဒေကြမ်းများကို ဆွေးနွေးဆုံးဖြတ်ဖို့ ရွှေ့ဆိုင်း ခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတသည် နိုင်ငံ၏ အထွတ်အထိပ် ခေါင်းဆောင်ဖြစ်ပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် နိုင်ငံတော် ဒုတိယ သမ္မတ အဆင့်များလည်း ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ရုံး တာဝန်ရှိသူ တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။


ဒီလောက်ရှက်စရာကောင်းတာကို အရေးမယူကြသေးဘူးလား ပြည်သူများထံမှ ရောက်ရှိလာသည့် လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်သော တိုင်ကြားစာ ၁၀၀၀၀ ကျော်အနက် ရာခိုင်နှုန်း ၉၀ ကျော်မှာ တရားရေးဝန်ထမ်းများအား တိုင်ကြားခြင်းဖြစ်

၂၀၁၁ ခုနှစ် မတ်လက အစိုးရသစ်တာဝန်ယူပြီးနောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စု တရားသူကြီးချုပ်(၀ဲမှ တတိယမြောက်)နှင့် တရားသူကြီးများကို မှတ်တမ်းဓာတ်ပုံတွင် တွေ့ရစဉ်(Photo:MNA)
ပြည်သူများထံမှ ရောက်ရှိလာသည့် တိုင်ကြားစာ ၁၀,၀၀၀ ကျော်အနက် ရာခိုင်နှုန်း ၉၀ ကျော်မှာ တရားရေးဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်မှုများအား တိုင်ကြားခြင်းဖြစ်ဟု လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ဇန်န၀ါရီ  ၁၀ ရက်တွင် ပြောကြားသည်။


"ကျွန်တော်တို့ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီကို ဒီနေ့(ဇန်န၀ါရီ ၁၀)ရက်အထိ ပြည်သူတွေထံကနေ တိုင်ကြားစာပေါင်း ၁၀၀၀၀ ကျော် ရောက်ရှိနေပါတယ်။အဲဒီ ၁၀၀၀၀ ကျော်အနက်က ရာခိုင်နှုန်း ၉၀ ကျော်က တရားသူကြီးတွေ အကျင့်ပျက်လာဘ်စားလို့ တိုင်ကြတာတွေဖြစ်ပါတယ်။ တရားစီရင်ရေးကဏ္ဍမှာ ငွေများတရားနိုင်ဖြစ်နေတာတွေ မတရားစီရင်ခြင်းခံရလို့ တိုင်တာတွေများတယ်။ နောက်ပိုင်းဥပဒေအရာရှိတွေကိုပါ တိုင်ကြားလာကြတာတွေရှိတယ်။ ဥပမာပြောရရင် လာဘ်ယူပြီး လူသတ်မှု ၃၀၂ ကို လူသေမှု ၃၀၄ ပြောင်းတပ်ပေးတာမျိုးတွေ။ အာမခံမပေးရတဲ့အမှုတွေကို အာမခံပေးလို့ရတဲ့ ပုဒ်မပြောင်းတပ်တာမျိုးတွေ။ အဲဒါမျိုးတွေနဲ့ပတ်သက်ပြီး တရားသူကြီးတွေကို တိုင်တယ်။ တချို့တိုင်စာတွေမှာ တရားသူကြီးတွေနဲ့ ရဲနဲ့ပေါင်းပြီး မတရားလုပ်တယ်ဆိုတာတွေ တိုင်တယ်။ ကျွန်တော်တို့တိုင်ကြားစာတွေကို ပြန်လည်စိစစ်ပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးနေပါတယ်"ဟု ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားသည်။



ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင် တရားရင်ဆိုင်ခဲ့ရသော မူးယစ်ဆေးဝါးမှုတစ်ခုတွင် အမှု၏ အဓိကတရားခံမဟုတ်သော အမျိုးသမီးတစ်ဦးအား အမိန့်ချမှတ်ရာ၌ အနိမ့်ဆုံးပြစ်ဒဏ်ကျခံစေရန် ငွေကျပ် ၁၅ သိန်း လာဘ်ငွေပေးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။



ဧရာဝတီတိုင်းဒေသကြီးတွင် တရားသူကြီးတောင်းဆိုသော ငွေကျပ် ၁၀ သိန်းအား မပေးနိုင်၍ တရားစွဲဆိုသောအမှုကို ပလပ်လိုက်သော ကိစ္စတစ်ခုရှိခဲ့ပြီး နစ်နာသူကာယကံရှင်က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ တိုင်ကြားစာတစ်စောင် ရေးသားပေးပို့ခဲ့သည်။



ရန်ကုန်တိုင်းဒေသကြီးအတွင်း သိန်း ၁၅၀၀ တန်လာဘ်စားမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦး....က အမှုသည်ထံမှ လာဘ်ငွေ ကျပ်သိန်း ၁၅၀၀ ကို လက်ခံရယူခဲ့ခြင်းအား လာဘ်ပေးသူအမှုသည်က တိုင်ကြားရာမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။



အနောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး၏ ဖြစ်စဉ်မှာ ၎င်း၏ဇနီးသည်က အမှုသည်ထံမှ ကျပ်သိန်း ၁၅၀၀ လာရောက်ရယူခဲ့ခြင်းကို စီစီတီဗွီကင်မရာမှတစ်ဆင့် အထောက်အထား ရယူနိုင်ခဲ့သောကြောင့် အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။



"လာဘ်ပေးလာဘ်ယူအမှုတွေနဲ့ ပတ်သက်ရင်တော့ ရန်ကုန်က အများဆုံးဖြစ်ပါတယ်။ ပြီးရင် မန္တလေးကအများဆုံးဖြစ်ပါတယ်။ စီးပွားရေးကောင်းတဲ့တိုင်းတွေက လာဘ်ပေးလာဘ်ယူမှု တော်တော်များပါတယ်။ ရန်ကုန်တိုင်းမှာလည်း ငွေများ တရားနိုင်၊ လာဘ်ပေးလာဘ်ယူမှုတွေ အားကောင်းနေဆဲဖြစ်ပါတယ်"ဟု သူရဦးအောင်ကိုက ပြောကြားသည်။



"ကျွန်တော့်ဆီကိုလည်း တရားသူကြီးတွေ လာဘ်စားမှုနဲ့ပတ်သက်ပြီး တိုင်ကြားစာတွေရောက်သလို၊ သူရဦးအောင်ကို ကော်မတီကို ဒီလောက်ပမာဏများများ တိုင်ကြားစာတွေရောက်လာတဲ့အတွက် သူရဦးအောင်ကိုအနေနဲ့ သက်ဆိုင်ရာကို မေးခွန်းမေးသင့်တယ်။ ဒါတွေဖြေရှင်းပေးဖို့ လွှတ်တော်က အဆိုပြုသင့်တယ်။ ဒါမျိုးတွေကာကွယ်ဖို့ ဥပဒေကြမ်းတွေ ပြုစုသင့်တယ်။ ကျွန်တော် တရားစီရင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးခွန်းတွေမေးရင် စာအိတ်နဲ့ပိတ်ပြီး ကြယ်ပွင့်မပြမေးခွန်းအဖြစ် ပြန်ဖြေပေးလေ့ရှိတယ်။ အဲဒီလိုမျိုးဖြေကြားချက်တွေကို မီဒီယာတွေကနေတစ်ဆင့် ပွင့်ပွင့်လင်းလင်း အသိပေးဖို့လိုပြီလို့ ထင်ပါတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။
-See more at: http://news-eleven.com/politic/

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!